ရွှေတိဂုံ ပုံစံတူစေတီ မိတ္ထီလာတွင် တည်

ပို့စ်တင်ချိန် - 8/05/2013 03:03:00 PM


မန္တလေး၊ သြဂုတ် ၎

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ငွေကျပ် သိန်း ၆၀၀၀ ခန့် အကုန်အကျခံကာ မဟာရန်မျိုးအောင် ရွှေတိဂုံစေတီတော် ပုံစံတူ စေတီ တည်ထားလျက် ရှိကြောင်း ယင်းစေတီ ဦးဆောင် တည်နေသည့် သာသနဝေပုလ္လ ပရိယတ္တိ စာသင်တိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ကောဝိဒက The Voice သို့ မိန့်ကြားသည်။

“ဉာဏ်တော် အမြင့် ၇၄ ပေ ဖြစ်ပါတယ်။ ခုနစ်ရက် သားသမီးတွေ ကြည်ညို ကုသိုလ် ပွားနိုင်အောင် ရည်ရွယ်ပြီး တည်ထားခြင်း ဖြစ်ပါတယ်” ဟု ဆရာတော် ဘဒ္ဒန္တ ကောဝိဒက ထပ်မံ မိန့်ဆိုသည်။

ယင်း မဟာရန်မျိုးအောင် ရွှေတိဂုံ စေတီတော် ပုံစံတူ စေတီကို ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က စတင် ပန္နက်တင်ပြီး အများပြည်သူ ကောင်းမှုနှင့် တည်ထားခြင်းဖြစ်ကာ ပြီးစီးရန် အချိန် ၂ နှစ်ခန့် ကြာမြင့် နိုင်ကြောင်း ဆရာတော်ထံမှ သိရှိရသည်။

ယင်းစေတီကို မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် သာသန ဝေပုလ္လ ပရိယတ္တိ စာသင်တိုက်အတွင်း တည်ထားပြီး အလျင်အမြန် ပြီးစီးရန် အလှူငွေများ လိုအပ်လျက် ရှိကြောင်း အလှူငွေများ လှူဒါန်းလိုပါက ပဓာန နာယက ဆရာတော် ဦးကောဝိဒ ဖုန်း ၀၉-၂၂၀၁၂၄၈၊ ရေခါး ဆရာတော် ဦးနန္ဒဓဇ ၀၉-၂၂၀၁၈၈၁၊ ဦးကျော်အေး (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်) ၀၉- ၂၀၂၆၅၆၁ တို့ထံ ဆက်သွယ်နိုင်ကြောင်း အဆိုပါ တာဝန်ရှိသူများက ဆိုသည်။

ယင်းစေတီ တည်ဆောက်နေသော သာသနာဝေပုလ္လပရိယတ္တိ စာသင်တိုက် တွင် စာသင်သား သံဃာ ၃၀၀ ခန့် ရှိကြောင်း ယင်းကျောင်းတိုက် ဝါဆို သံဃာ စာရင်းများအရ ထပ်မံ သိရှိရသည်။
The Voice Weekly