စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း အဆင့်မြင့် စက္ကူစက်ရုံ (သာပေါင်း) အား နှစ် ၃၀ စာချုပ်ဖြင့် ထိုင်းကုမ္ပဏီက အမေရိကန်ဒေါ်လာ ၈၀ ဒသမ ၅ သန်းဖြင့် တင်ဒါအောင်

ပို့စ်တင်ချိန် - 11/14/2013 10:37:00 AM

နိုဝင်ဘာ ၁၃ ရက်က စက်မှုဝန်ကြီးဌာနတွင် ပြုလုပ်သည့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ကြေညာပွဲအား တွေ့ရစဉ်

စက်မှုဝန်ကြီးဌာန စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း အဆင့်မြင့် စက္ကူစက်ရုံ(သာပေါင်း) အား နှစ် ၃၀ စာချုပ်ဖြင့် ထိုင်းနိုင်ငံ Double A ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၈၀ ဒသမ ၅ သန်းဖြင့် တင်ဒါ အောင်မြင် သွားကြောင်း နိုဝင်ဘာ ၁၃ ရက်က စက်မှုဝန်ကြီး ဌာနတွင် ပြုလုပ်သည့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီကြေညာပွဲမှ သိရသည်။

အဆင့်မြင့် စက္ကူစက်ရုံ (သာပေါင်း)အား အကျိုးတူ ပူးပေါင်းလုပ်ဆောင်ရန် စက်တင်ဘာလမှ အောက်တိုဘာလအထိ အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ရာ ပြည်တွင်းပြည်ပကုမ္ပဏီ ၁၀ ခုမှ စိတ်ဝင်စားခဲ့ပြီး ကုမ္ပဏီငါးခုမှ တင်ဒါတင်သွင်းခဲ့ရာ ကုမ္ပဏီငါးခုအနက် နှစ်ခုမှာ ပြည့်စုံမှုမရှိ၍ ကုမ္ပဏီသုံးခုသာ ရွေးချယ်ခဲ့ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသိန်းအောင်က "ဒီစက်ရုံဟာ နိုင်ငံတော်အတွက် အင်မတန် အရေးကြီးပါတယ်။ တန်ဖိုးရယ်၊ ၀န်ထမ်းအင်အား အများဆုံး စက်ရုံတစ်ရုံ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်လို့ နိုင်ငံတော်ကဏ္ဍ တဖြည်းဖြည်းလျှော့ချဖို့ အစီအမံတွေနဲ့ ပြုပြင်ပြောင်းလဲရေးကို သွားနေတဲ့ အတွက်ကြောင့် ဒီစက်ရုံအနေနဲ့ မဖြစ်မနေ ပုဂ္ဂလိကဘက်ကို လွှဲပြောင်းမယ်ဆိုတာ ကိုလည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပြီးသလို လွှတ်တော်မှာလည်း အကြိမ်ကြိမ် ရှင်းလင်းပြီး ဖြစ်ပါတယ်။ နိုင်ငံတော်အကျိုးနဲ့ ရေရှည်အကျိုးကို ကြည့်ပြီး တကယ်လုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ပေါင်းစပ်ပြီးတော့ ဒီစက်ရုံကို ငှားရမ်းသွားမှာ ဖြစ်ပါတယ်"ဟု ဆိုသည်။

Double A ကုမ္ပဏီ၏ အဆင့်မြင့် စက္ကူစက်ရုံ(သာပေါင်း)စက်ရုံငှားရမ်းခမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၀ သန်းဖြစ်ပြီး တစ်နှစ်ငှားရမ်းခ၏ ငါးရာခိုင်နှုန်းအား နှစ်နှစ်လျှင်တစ်ကြိမ် တိုးမြှင့်ပေးသွားမည် ဖြစ်ပြီး ၀န်ထမ်းလစာနှင့် ကုန်ကျစရိတ်များအား ငှားရမ်းစာချုပ် ချုပ်ဆိုပြီးသည်နှင့် ကျခံသွားမည်၊ တိုးချဲ့ရင်းနှီးမှုအဖြစ် တစ်နှစ်လျှင် တန်သုံးသိန်းကျ စက်ရုံအသစ်တစ်ရုံ တည်ဆောက်သွားမည် ဖြစ်သည်။

Double A ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဇော်လွင်က "နိုင်ငံတော်အတွက်ရယ်၊ ဒေသခံတွေရဲ့ အကျိုးစီးပွားကို တိုးတက်အောင် ဆောင်ရွက်ပါမယ်။ ၀န်ထမ်းလစာ စရိတ်တွေ ရရှိဖို့၊ ဒေသခံတွေ အလုပ်အကိုင်ရဖို့ လုပ်ရမှာဖြစ်ပါတယ်။ ပြည်တွင်းမှာ အားပေးမယ့်သူတွေက ရှိပြီးသားပါ" ဟု ဆိုသည်။

စက္ကူစက်ရုံ (သာပေါင်း)အား တင်ဒါတင်ထားသည့် ကုမ္ပဏီသုံးခုအနက် Bamboo World သည် ငှားရမ်းခများသော်လည်း ခိုင်မာသော အထောက်အထားနှင့် အစီအမံများတွင် အားနည်းချက်ရှိခြင်း၊ ယခုအောင်မြင်သော ကုမ္ပဏီအနေဖြင့် JK Paper ထက် ငှားရမ်းခ ပိုမိုခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုနှင့် စက်ရုံဝန်ထမ်းများသာမက ဒေသခံများအတွက်ပါ ဖန်တီးပေးနိုင်သည့် အစီအမံများ ရှိကြောင်း သိရသည်။
Eleven Media Group