ရှမ်းပြည်နယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တရားမ၀င်သစ်များ သယ်ဆောင်သည့် ယာဉ်များအား Mobile Team များဖြင့် ရှာဖွေတားဆီးမည်

ပို့စ်တင်ချိန် - 11/14/2013 10:45:00 AM


ရှမ်းပြည်နယ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တရားမ၀င်သစ်များ သယ်ဆောင်သည့် ယာဉ်များအား Mobile Team များဖြင့် ရှာဖွေတားဆီးမည်ဟု ပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။
နိုဝင်ဘာ ၁၃ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဆောင်ဆီ မေးမြန်းသည့် မြန်မာ့သစ်များသည် ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စု လမ်းမကြီးတွင် နေ့စဉ်ဖြတ်သန်း၍ သယ်ယူပို့ဆောင်နေခြင်းအား စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်ရန် ရှိ၊ မရှိ မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
   
ဦးဆောင်ဆီက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်တွင်  သစ်များ သယ်ဆောင်သွားသည်မှာ လစဉ်ကားအစီး ၁၀၀ နှင့် ၂၀၀ ကြားအထိ ရှိနိုင်ပြီး နောင်ချိုမှ လားရှိုးမြို့နယ် တန့်ယန်း လမ်းခွဲအထိ အကျင့်ပျက် ၀န်ထမ်းအချို့နှင့် ပူးပေါင်းကာ ဥပဒေမဲ့ သယ်ဆောင်ကြခြင်း ဖြစ်ကြောင်း၊ အများစုမှာ တရုတ်ပြည်သို့ ရောက်ရှိမည်ဟု ယူဆကြောင်း၊ ၎င်းတို့အား စဉ်ဆက်မပြတ် ကြပ်မတ် ဆောင်ရွက်ရန် လိုကြောင်း ပြောကြားခဲ့သည်။
   
ဦးဝင်းထွန်းက ပြန်လည်ဖြေကြားရာတွင် ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စု လမ်းမကြီးပေါ်တွင် သစ်များ သယ်ယူပို့ဆောင်နေခြင်းသည် အကြောင်းအရာ ငါးခုဖြစ်နိုင်ကြောင်း၊ တရားမ၀င်သစ်များ သယ်ဆောင်သည့် ကားများလည်း ဖြစ်နိုင်ကြောင်း၊ သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး ထိုဗဟိုကော်မတီအနေဖြင့် နယ်စပ်ထွက်ပေါက် လမ်းများတွင် Mobile Team များတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေသအုပ်ချုပ်ရေးအဖွဲ့၊ UMFCCI နှင့် သတင်းမီဒီယာများ စသည်တို့ဖြင့် ဖွဲ့ စည်းထားကြောင်း၊ ယခုအခါတွင် Mobile Team ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့က ကြီးကြပ်ကွပ်ကဲပြီး တရားမ၀င် ကုန်သွယ်မှုများကို စိစစ် ရှာဖွေတားဆီးခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
Eleven Media Group