အရမ်းလှလွန်းလို့ မျက်နှာကို အက်စစ်နှင့် အပက်ခံရသူ


သူမ၏ နာမည်ကတော့ ကက်တီပီပါ ဖြစ်ပြီး အသက်ကတော့
၂၆ နှစ်ပါ။ အမေရိကန် နိုင်ငံသူလေးပေါ့။ သူမဟာ ကိုယ်ခန္ဓာ အချိုးအစား လှပရုံတင်မက မျက်နှာလေး ကလည်း အလွန်ပင် ချစ်စရာကောင်း ပါတယ်။ သူမ၏ ပုံစံကို အားကျတဲ့ မိန်ကလေးတွေ အလွန်များတယ် ဆိုပါတော့။

တစ်နေ့မှာတော့ သူမ၏ဟာ အလုပ်ကိစ္စတစ်ခု အတွက် အပြင်ကို
သွားပါတယ်။ ထိုအချိန် ဘယ်သူမှန်း မသိတဲ့သူ တစ်ယောက်က
သူမ၏ မျက်နှာကို အက်စစ်နဲ့ ပက်လိုက်ပါတယ်။ သူမဟာ
သေလုမတတ် ခံစားခဲ့ရတဲ့ အပြင် သူမ၏ မျက်နှာတစ်ခုလုံးလည်း ရစရာ
မရှိအောင် ဖြစ်သွားပါ တော့တယ်။


Kyaw Lin Naing ( MM Social Sky)

ပထွေးဖြစ်သူရိုက်နှက်၍ သုံးနှစ်ကလေးသေဆုံး



နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက်(သပြေ-၂) အဆောင်ရှေ့ တောအုပ်အတွင်း တရားမဝင် နေထိုင် လျက်ရှိသော တဲစု၌ ပထွေးဖြစ်သူက မယားပါ သားဖြစ်သူကို ရိုက်နှက်ရာမှ သေဆုံးမှုဖြစ်ပွားကြောင်း သိရ သည်။ ဖြစ်စဉ်မှာ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ခုတင်(၁၀၀၀)ဆေးရုံကြီးမှ ဩဂုတ် ၂၇ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် သေဆုံးသူ အသက် သုံးနှစ်အရွယ် ကလေးငယ်တွင် မသင်္ကာဖွယ်ရာ ဒဏ်ရာများ တွေ့ရှိ သဖြင့် ဓမ္မတာ အတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် လာရောက်စစ်ဆေးပါရန် အမှတ်-၃ နယ်မြေရဲစခန်းသို့ အကြောင်းကြားသဖြင့် စခန်းမှူး ရဲအုပ်ထွန်းထွန်းဦးနှင့်အဖွဲ့သွား ရောက်စစ်ဆေးခဲ့ရာ ဓမ္မတာအတိုင်း သေဆုံးခြင်း မဟုတ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။

သို့ဖြစ်၍ သေဆုံးသူမောင်ကောင်း ရာဇာ၏ မိခင် မသန်းသန်းမြင့်(ခ)အငယ်မ ဈေးရောင်းလုပ်ကိုင်သူနှင့် ပထွေးဖြစ်သူ စိုးသူ ဆိုင်ကယ် ကယ်ရီမောင်းနှင်သူတို့အား ခေါ်ယူ စစ်ဆေးရာ ပထွေးဖြစ်သူ ရိုက်နှက် ကိုင်ပေါက်၍ သတိ လစ်မေ့ မြောနေသော ကလေးငယ်အား အပူအပုပ်များပြီး တက်သွားသည်ဟု အကြောင်းပြ၍ ဆေးကုသမှုခံယူရန် ခုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်စဉ်လမ်း၌ သေဆုံး မှုဖြစ်ပွားခဲ့သည်။

အဆိုပါသေဆုံးမှုနှင့် ပတ်သက်၍ မိခင်မသန်းသန်းမြင့်မှ သက်သေ လိမ်လည်ထွက်ဆိုသဖြင့်(အမှတ်-၃) နယ်မြေ ရဲစခန်း၏ သေမှုသေခင်း အမှတ် ၁/၂၀၁၃ အရ စခန်းမှူး ရဲအုပ် ထွန်းထွန်းဦးမှ အမှုလက်ခံ စစ်ဆေးခဲ့ရာ ပထွေးဖြစ်သူ စိုးသူ၏ဝန်ခံထွက်ဆိုချက်အရလည်းကောင်း၊ မိခင်မသန်းသန်းမြင့်၏ သက်သေအမှန် ထွက်ဆိုချက်အရ လည်းကောင်း ကလေးငယ်မှာ ဓမ္မတာအတိုင်းသေဆုံး ခြင်းမဟုတ်၍ပုဒ်မ ၃၀၂ သို့ပြောင်း လဲ စစ်ဆေးဆောင်ရွက်လျက် ရှိ ကြောင်း သိရသည်။

(ကျော်သူရ)

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း

ကွန်ပျူတာ ကြာကြာ အသုံးပြုသူများ ဖြစ်နိုင်သော ရောဂါ နှင့် ကာကွယ်နည်း



ကွန်ပျူတာကို နေ့စဉ် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာ အသုံးပြုသူ များ ဖြစ်နိုင်ချေရှိတဲ့ ရောဂါ များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ Decreasing eyesight

ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့အတွက် အမြင် အာရုံကြောတွေ အားနည်းလာပါတယ်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။

၂။ Muscle weakening
ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ပါတယ်။ လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု မရှိတဲ့အတွက် အဓိက ကြွက်သားတွေ လုပ်ဆောင်ချက် နှေးကွေးလာတတ်ပါတယ်။

၃။ RSI (Repetitive strain injury)
ကွန်ပျူတာရှေ့ထိုင်တဲ့အခါ ခန္ဓာကိုယ်ပုံစံကို မပြောင်းလဲပဲ အလုပ်လုပ်နေ ရမှုကြောင့် အမြဲတမ်းအသုံးပြုနေရတဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲ လာတတ်ပါတယ်။ ဥပမာ-လည်ပင်နာခြင်း၊ ခါးနာခြင်း၊ ခန္ဓာကိုယ် လှုပ်ရှားတိုင်း နေရာတစ်ခုတည်းက အမြဲနာကျင်နေတတ်ခြင်း မျိုးတို့ ဖြစ်ပါတယ်။

၎။ Menal side effects

ကွန်ပျူတာကို ကြာရှည်စွာ အသုံးပြုရတဲ့အတွက် တကယ့်အပြင် လူမှုဆက်ဆံရေးမှာ ပြောင်းလဲမှုတွေ ရှိလာ ပါတယ်။ Facebook, G-talk တို့လို ဘယ်လောက် ဆိုရှယ်ဝဘ်ဆိုဒ်, ကွန်ရက်တွေသုံးသုံး တကယ့်အပြင် လူမူကွန်ရက်နဲ့ Face to Face ပြောဆိုဆက်ဆံရတာ မဟုတ်တဲ့အတွက် လုပ်ငန်းခွင်၊ ပေါင်းသင်း၊ ဆက်ဆံရေးတွေမှာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဂိမ်းအဆော့များတဲ့သူတွေ ပိုပြီး သတိထားရမယ့် အချက် ဖြစ်ပါတယ်။ အချိန်ကြာကြာ အသုံးပြုတဲ့အခါ အာရုံဟာ အရာဝတ္ထုတစ်ခုတည်းမှာ စုစည်းနေတတ်ပြီး ယင်းအရာဝတ္ထုရဲ့ ပြောင်းလဲမှုအလိုက် စိတ်က ပြောင်းလဲနိုင်တဲ့အတွက် ဖြစ်ပါတယ်။

၅။ Back Problems
ခါးနာတာကတော့ ဖြစ်ကိုဖြစ်မယ့် ရောဂါဝေဒနာပါ။ ဘယ်လောက် သက်တောင့်သက်တာ ဖြစ်တဲ့ ထိုင်ခုံနဲ့ပဲ ထိုင်ထိုင် ကွန်ပျူတာရှေ့မှာ ထိုင်ပြီးအလုပ်လုပ်တဲ့သူတွေ

အတွက် ကြောရိုးတစ်လျှောက်ဟာ နာကျင်တတ် ပါတယ်။ အသက်အရွယ်ငယ်တုန်းက မသိသာပေမယ့် ၄၀ ကျော်နောင်းပိုင်းကာလမှာ ကျောရိုးကိုက်ခဲ တဲ့ ဝေဒနာဟာ ကြီးမား တဲ့ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။

ကာကွယ်နည်း
ပထမ တစ်ချက်ဖြစ်တဲ့ အမြင်အာရုံအတွက်တော့ ကွန်ပျူတာကို ကြာကြာဆိုက်ကြည့်ပြီး မိနစ် ၂၀၊ နာရီဝက် တိုင်း ဖန်သားပြင် မဟုတ်တဲ့ အခြားတစ်နေရာတစ်ခုခုကို ကြည့်ရှုသင့်ပါတယ်။ မျက်တောင်ခတ်ပေး ရပါမယ်။ နည်းနည်းခပ်ဝေးဝေး အရာဝတ္ထုတစ်ခုခုကို စိုက်ကြည့်ရပါတယ်။ ၄၅ မိနစ်ကြာတစ်ခါ ပြုလုပ်လည်း ရပါတယ်။

နံပါတ်၂ ကြွက်သား အားနည်းမှုနဲ့ နံပါတ် ၃ RSI အတွက်ကတော့ အားကစားအနည်းငယ်လုပ်ပေးခြင်းနဲ့ အိပ်ခြင်းဖြစ်ပါတယ်။ အိပ်ခြင်းဆိုတာ ခြေလက်၊ကြောရိုးများကို ဆန့်ပြီး အိပ်တာမျိုးကို ဆိုလိုပါတယ်။ အားကစားက ကြွက်သားတွေကို သန်မာလာစေပြီး အိပ်စက်ခြင်းက ခန္ဓာကိုယ်ကြွက်သားတင်း မာနေမှုတွေ ကို လျော့ချပေး ပါတယ်။

Mental side effect အတွက်ကတော့ ပေါင်းသင်းဆက်ဆံရေးတွေ၊ လုပ်ငန်းခွင်တွေမှာ မလစ်ဟင်းဖို့၊ အာရုံများများ စိုက်ရတဲ့ Program, ဂိမ်းတို့မှာ နားနားပြီး အသုံးပြု၊ လုပ်ဆောင်၊ ဆော့ကစား ပေးဖို့ ဖြစ် ပါတယ်။

Back Problems အတွက်ကတော့ ကြောရိုးကို ပျော့ပြောင်းစေမယ့် အားကစားတစ်ခုခု လုပ်ပေးခြင်း၊ ကြောရိုးဆန့် အိပ်ခြင်းတို့ ပြုလုပ်ပေးရ မှာ ဖြစ်ပါတယ်။ အားကစားကတော့ ရေကူးတာမျိုး၊ ဘတ်စကတ်ဘော ဆော့တာမျိုးတို့ ဖြစ်ပါတယ်။ အလွယ်ဆုံးကတော့ အကြောဆန့်ခြင်း ဖြစ်ပါတယ်။ ဒါက အချိန်သီးသန့်ပေးစရာ မလိုပဲ နေရာတိုင်းမှာ အဆင်ပြေသလို လုပ်ဆောင်နိုင်ပါတယ်။

myawady

မိကျောင်းတစ်ကောင်၏ အမဲလိုက်ခံရသူတစ်ဦးကို ကယ်တင်နိုင်ခဲ့


ဩစတြေးလျ နိုင်ငံတွင် မိကျောင်းတစ်ကောင်၏ ချောင်းမြောင်း စောင့်ဆိုင်းနေမှုကြောင့် သီတင်း(၂)ပတ်ကြာ ပိတ်မိနေသူ တစ်ဦးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။ နယူးဇီလန် နိုင်ငံမှ လာရောက် လည်ပတ်သော ကမ္ဘာလှည့် ခရီးသွားသည် ဩစတြေးလျ အနောက်ပိုင်းတွင် အပျော်တမ်း ကယပ်လှေစီးရန် ရောက်ရှိလာခြင်း ဖြစ်သည်။ ထို့နောက် ၎င်းသည် ကျွန်းငယ်လေး တစ်ခုပေါ်တွင် ရှိနေခဲ့ပြီး ဩစတြေးလျ ကမ်းခြေသို့ ပြန်ရန် ပြင်ဆင်ချိန်တွင် ကြီးမားသော မိကျောင်းတစ်ကောင်၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်လာရသည်။ ၎င်းသည် ကယပ်လှေပေါ် ပြန်တက်ကာ ကျွန်းပေါ်မှ ထွက်ခွာရန် ပြင်ဆင်သည်နှင့် အဆိုပါ ရေမုဆိုး သားစား သတ္တဝါကြီးက လှည့်ပတ် ချောင်းမြောင်းနေသဖြင့် သောင်တင် ပိတ်မိနေခြင်းဟု ကယ်ဆယ်ရေးဝန်ထမ်း ဒွမ်မက်လီယော့ဒ်က ABC သတင်းဌာနသို့ ပြောကြားသွားသည်။
မက်လီယော့ဒ်နှင့် အဖွဲ့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဂါဗန်နာ ကျွန်းပေါ်တွင် ထွန်းညှိထားသည့် အချက်ပြမီးကို တွေ့ရှိပြီးနောက် သောင်တင်နေသူကို ကယ်တင်နိုင်ခဲ့သည်။ သတင်းများက ပါးနပ်ကြမ်းကြုတ်လွန်းသည့် မိကျောင်းကြီးနှင့် ခြောက်ခြားဖွယ်ရာ အမဲလိုက်ခံရသည့် အတွေ့အကြုံကို ဖြတ်သန်းရင်ဆိုင်ရသူ နယူးဇီလန်သား၏ အမည်ကို ဖော်ပြခြင်း မရှိချေ။ "သူပြောပြတာတော့ မိကျောင်းကြီးက ပေ(၂၀)လောက် ရှိတယ်တဲ့။ ပထမတော့ သူက ကမ်းခြေဘက် လှေလှော်ပြီး ပြန်လာမလို့ပဲ။ ဒါပေမဲ့ လမ်းမှာတင် မိကျောင်းကြီးရဲ့ အာရုံကို မဆွဲဆောင်ဘဲ ပြန်လာဖို့ကတော့ မဖြစ်နိုင်မှန်း သဘောပေါက်သွားလို့ မပြန်ရဲတာပါ"ဟု မက်လီယော့ဒ်က ဆိုသည်။
၎င်းက "သူက လှေနဲ့ ခဏတော့ ထွက်လာသေးတယ်။ ဒါပေမဲ့ လှေနားမှာ မိကျောင်းကြီးက ချောင်းမြောင်းနေတာကို သိလာတော့ ကြောက်လန့်ပြီး ကျွန်းဆီ ပြန်သွားတာပါ"ဟုလည်း ရှင်းပြခဲ့သည်။ မက်လီယော့ဒ်က မိမိကိုယ်တိုင်လည်း အဆိုပါ မိကျောင်းကို မြင်ဖူးကြောင်း ဝန်ခံခဲ့သည်။ "တစ်နေ့ ကျွန်တော့်လှေနားက ရေမျက်နှာပြင်ပေါ်မှာတင် အဲဒီကောင်ကြီးကို တွေ့လိုက်ပါတယ်။ ကျွန်တော့်လှေကို ကျော်သွားတာ သိပ်မြန်တာပဲ။ ပြီးတော့ အနည်းဆုံး ပေ(၂၀)လောက် အသာလေးရှိတယ်"ဟု မက်လီယော့ဒ်က ပြောကြားခဲ့သည်။ ၎င်းက နယူးဇီလန်သား ကမ္ဘာလှည့် ခရီးသည် အသက်မသေခဲ့ခြင်းသည် ကံကောင်းလွန်းကြောင်း မှတ်ချက်ပြုခဲ့သည်။ "မိကျောင်းတွေဟာ ကမ်းခြေနားမှာ သူတို့ရဲ့ သားကောင်တွေကို ချောင်းမြောင်းတဲ့ အလေ့အထက နည်းသွားပါပြီ။ ဒါပေမဲ့ အရမ်း သက်တမ်းရင့်ပြီး ပါးနပ်တဲ့ အကောင်ကြီးတွေမှာတော့ ဒီလိုလုပ်ရပ်မျိုး ရှိနေတုန်းပဲ။ ပြောရရင် သူတို့က လွယ်ကူတဲ့ အစာမျိုးကို ချောင်းနေတာပေါ့။ ဒီလူ အသက်ရှင်နေတာ အင်မတန် ကံကောင်းတာပါ"ဟု ဝါရင့် ကယ်ဆယ်ရေးသမား မက်လီယော့ဒ်က ရှင်းပြသွားသည်။

Planet

ဆေးမလို သဘာဝ အလျောက် ဝိတ် မြန်မြန်လျော့နည်း




ကျန်းမာရေးအတွက် ဘာဆေးမှ စားစရာ မလိုပဲ တကယ် ဝိတ်ချလို့ရပါတယ်။ သို့ပေမယ့် အောက်ဖော်ပြပါ နည်းလမ်းများကို လုပ်နိုင်ဖို့ တော့ လိုအပ်ပါလိမ့်မယ်။

၁။ အသီး နဲ့ အရွက်ကို နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ပုံမှန် ပါဝင်ဖို့ လိုအပ်ပါလိမ့်မယ်။ ကယ်လိုရီဓာတ် နည်းတဲ့ အစားအစာများ၊ သဘာဝ အက်ဆစ်ဓာတ်များတဲ့ အစားအစာမို့ အဆီတွေကို တိုက်ဖျက်ရာမှာ အင်မတန် အရေးပါတဲ့အစားအစာများ ဖြစ်ပါတယ်။

၂။ အငံဓာတ် များတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ အငံတင် မကပဲ အဆီအဆိမ့် ဓာတ်အရမ်းများတဲ့ အစားအစာများက ဝိတ်မြန်မြန် တက်စေ ပါတယ်။

၃။ နို့ထွက် အစားအစာများ ဖြစ်တဲ့ ချစ်၊ ထောပတ်နဲ့ နို့မလိုင် များက အမှန်တကယ် ရှောင်သင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ အသား ၊ ဟင်းရွက်မဟုတ် အစားအစာ များကလည်း ဝိတ်မတက်ရန် ရှောင် စား၊ လျော့စားဖို့လိုအပ်ပါတယ်။

၎။ ဟင်းခတ်အမွေးအကြိုက်များဖြစ်တဲ့ နံနံ၊ ကြက်သွန်၊ ဂျင်းနဲ့ အခြား ဟင်း ခက်၊ ဟင်းသီးဟင်းရွက်တို့ဟာလည်း ဝိတ်ကျဖို့ အထောက်အကူပြုတဲ့ အစားအစာ များဖြစ်တာမို့ နည်းလမ်းအမျိုးမျိုးနဲ့ စားသုံးနိုင်ပါတယ်။ (ဥပမာ- ဂျင်းပြုတ်ရည် ပုံမှန်သောက်သုံးပေးခြင်း၊ ဂျင်းစိမ်းဟင်းရည်၊ နံနံပင် ဟင်းရည်များ ချက်ပြုတ်စားသောက်ခြင်း)

၅။ ကြက်ဟင်းခါးသီး၊ ဒန့်သလွန်သီးတို့ဟာဆိုရင်လည်း ကာဘွန်ဟိုက်ဒရိတ် ဓာတ်အင်မတန် များတဲ့ အစားအစာများ ဖြစ်ပြီး အဆီပိုဖယ်ရှားဖို့အတါက် အထောက်အကူပြုတာမို့ ဝိတ်ချတဲ့ ဆေးအချို့ တွေမှာ တောင် ထည့်သွင်း အသုံးပြုတတ်တယ်လို့ သိရပါတယ်။

၆။ ဝိတ်မြန်မြန် ကျစေတဲ့ နောက်တစ်နည်းက ပျားရည်သောက်ခြင်းပါ။ မနက်အိပ်ယာထတိုင်း လက်ဘက်ရည်ဇွန်းတစ်ဇွန်းစာ ပျားရည်ကို လက်ဖက်ရည်ခွက်အရွယ် ထဲ ထည့်ပြီး ရေပူ (ရေနွေး)နဲ့ ဖျော်သောက် ရမှာ ဖြစ်ပါတယ်။ ယင်းကဲ့သို့ မနက်တိုင်း ပုံမှန် သောက်သုံး ခြင်းဖြင့်လည်း ဝိတ်ကျနိုင်ပါတယ်။

၇။ ဂေါ်ဖီထုပ် (မုန်လာထုပ်) လို့ခေါ်တဲ့ Cabbage ကလည်း ကာဘွန်ဟိုက်ဒရိတ်ဓာတ် (သဘာဝရေဓာတ်) များတဲ့ အစားအစာ ဖြစ်ပြီး နည်းမျိုးစုံ ချက်ပြုတ်စားသောက်ခြင်းဖြင့် ဝိတ်ကျစေပါတယ်။

၈။ အားကစား ပြုလုပ်ခြင်းပါ။ အားကစား ပြုလုပ်ခြင်းကလည်း အင်မတန် အရေးကြီးပါတယ်။ အစားကတော့ နည်းလမ်းကျအောင် စားသုံး ပေမယ့် လေ့ကျင့်ခန်း အားကစားမလုပ်ပဲ ထိုင်နေရင် အလကား ပါပဲ။ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊ ကြက်တောင်ရိုက်ခြင်း အစရှိ သဖြင့် မိမိနှစ်သာရာ အားကစား တစ်ခုကို ရွေးချယ်ပြီး တစ်စိုက် မက်မက် ကစားခြင်းဖြင့်လည်း ဝိတ်ကျစေပါတယ်။

၉။ နောက်တစ်ခုကတော့ သံပုရာရည်ပါ။ သံပုရာရည်မှာတောင်မှ ရေနွေးတဲ့ ဖျော်တဲ့ သံပုရာရည်က အဆီကျဖို့ ပိုမို အထောက်အကူ ပြုပြီး ပျားရည်နဲ့လည်း ရောစပ် သောက်သုံး နိုင်ပါတယ်။ မနက် အိပ်ယာထတိုင်း သောက်ခြင်းဖြင့် ဝိတ်ကျ စေနိုင် ပါတယ်။

၁၀။ အစားလျော့စားခြင်းပါ။ အစား ကို ပုံမှန်စားတဲ့ နှုန်းထက် တတ်နိုင် သလောက် လျော့ဖို့လိုပါတယ်။ လိုတာထက် ပိုလျော့တာမျိုး မဟုတ် ပါဘူး။ လိုအပ် သလောက်သာ စားသုံးခြင်းသာ ဖြစ်ပြီး သရေစာ စားသုံးမှုကို ရှောင် ရှား ရပါမယ်။ ထမင်းစားတဲ့ အချိန် တစ်ချိန်နဲ့ တစ်ချိန် နီးစပ်နေမှု ကို ရှောင် ပြီး အနည်းဆုံး လေးနာရီလောက်တော့ ခြားရ မှာ ဖြစ်ပါတယ်။ ညစာ စားသုံးမှုနေရာ မှာ အသီးအရွက်နဲ့ သစ်သီးဖျော်ရည် သောက် သုံးခြင်းဖြင့် လည်း ဝိတ်ကျစေတဲ့အပြင် အသားအရည်ပါ လှပလာစေနိုင်ပါတယ်။

-
အောင်ခမ်း (ရိုးရာလေး)

ကွာလာလမ်ပူမြို့လယ်ကောင်တွင် မြန်မာဆိုင်တန်းအနီး ဖုန်းဝယ်သူနှင့် ရောင်းသူပြဿနာများဖြစ်ပွား

မလေးရှားနိုင်ငံ  ကွာလာလမ်ပူမြို့ အတွင်း စက်တင်ဘာ ၂ ရက် ညနေ ၆ နာရီက  မြန်မာဆိုင်တန်း 1+3D ရှေ့တွင်  အသစ် ဖွင့်ထားသော   ဖုန်းအရောင်းဆိုင်မှ   လိမ်ညာကာ  ဖုန်းရောင်းသဖြင့် ဖုန်းဝယ်သူနှင့်ရောင်းသူ ပြဿနာ များ ဖြစ်ပွားခဲ့ရာ ရဲများရောက်လာခဲ့ကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများ၏ဆက်သွယ် သတင်းပေးပို့ချက်အရ သိရ  သည်။

ကွာလာလမ်ပူ မြို့လယ်ကောင်တွင် မြန်မာနိုင်ငံသားများမှ မြန်မာကုန်ပစ္စည်းမျိုးစုံ   ဖွင့်လှစ်ရောင်းချနေသော ဆိုင်များ ၅၀  ကျော်ရှိ နေကြောင်းနှင့် အခြားနိုင်ငံခြားသား များမှ ဖွင့်လှစ်ရောင်းချနေကြသော ဆိုင်များလည်း   ရှိကြောင်း သိရပြီး ယခု လက်ရှိဖမ်းဆီးနေသော Enforcement 6P ၏     စီမံချက် (အော်ပရာစီ) OPS 6P အရ တရား မဝင်နိုင်ငံခြား သားများ ဖမ်းဆီးလျက်ရှိသည့်နေရာတွင်   ယင်းကဲ့သို့သော နိုင်ငံခြားသားများ   ဖွင့်လှစ်ထားရှိ သော ဆိုင်များ မှ ပြဿနာများဖြစ် ပေါ်ရခြင်းသည်  အလုပ်လုပ်ကိုင်နေကြ သော အခြားသူများအတွက်လည်း စိတ်အနှောင့်အယှက်များ   ဖြစ်စေရကာ ၎င်းတို့အတွက်အကြောင်းမဲ့ ဖမ်းဆီးခံရမည်ဆိုလျှင်  နစ်နာကြရပါကြောင်းဖြင့် မလေးရှားေ ရာက် မြန်မာနိုင်ငံသားများက သုံးသပ် ပြောကြားခဲ့သည်။  

(စိုးဝင်း-MLA)

[email protected]

အိန်ဂျလိနာ ဂျိုလီကို သဘောကျပြီး ဖိုက်တင် ကျင့်ခဲ့ရသူ ချစ်သုဝေ


အိုင်တောသူ၊ ယူမြို့သား’ ဇာတ်ကားကို ရိုက်ကူး နေတဲ့ ချစ်သုဝေက ဒီဇာတ်ကားမှာ အန်ဂျလီနာ ဂျိုလီကို သဘောကျပြီး ဖိုက်တင်ကို ဝါသနာ ပါတဲ့ ကောင်မလေး အဖြစ် သရုပ်ဆောင် ထားပါတယ်။ ဟာသ ဇာတ်လမ်းေ တွ ရိုက်တာ နည်းတဲ့ ချစ်သုဝေက ဒီဇာတ်လမ်းကို လက်ခံတုန်းက ဟာသ ဇာတ်လမ်း ပဲဖြစ်တဲ့အတွက် အဆင်ပြေမယ် ဆိုပြီးရိုက်ခဲ့ပေမယ့် တကယ်ရိုက်တဲ့ အချိန်မှာတော့ ဟာသ အက်ရှင်ဇာတ် လမ်းမျိုးဖြစ် တာကြောင့် မှတ်မှတ် ရရဖြစ်ရတဲ့ ဇာတ်လမ်းဖြစ်ကြောင်း ပြောပါတယ်။ ရိုက်ကွင်း ပေါ်မှာလည်း အထိအခိုက်များ ခဲ့တယ် ဆိုတဲ့ ချစ်သုဝေက..

“ဒီဇာတ်ကားက ပင်ပန်းတယ်။ အထိ အခိုက်လည်း များတယ်။ သန်လျင်မှာ ဖိုက်တင် ခန်းတွေလည်း ရိုက်ရတယ်။ တစ်သက်လုံး လေ့ကျင့်ခန်းလည်း မလုပ်ခဲ့တဲ့ သူဆိုတော့ ဒီတစ်ပတ်လုံးက ကိုယ်တွေ လက်တွေ ကိုက်ခဲနေ တာပဲ။ အိမ်ပြန်ရင် လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်ဘူး။ ဒါပေမဲ့ ပျော်စရာကြီး။ လူကြမ်းမင်း သားတွေနဲ့ ဒါရိုက်တာက ဖိုက်တင် သင်ပေးတယ်။ ထရီဇာလည်း ကြိုးကြိုး စားစားနဲ့ သူတို့သင်ပေးတဲ့ အကွက် ကလေးတွေကို မိမိရရလေး လိုက်နိုင် အောင် လုပ်တယ်။ မှတ်မှတ်ရရ ကားပေါ်က နေခုန်ချ လိုက်တာ ထိခရုံးပင်ပေါ်တ ည့်တည့် ခုန်ချတယ်။ ထိခရုံးပင် ဆိုတော့ ခြေထောက်ထဲ ဆူးဝင် သွားတယ်။

ဒီဇာတ်ကားက အမှတ်တရ များတယ်။ ယုန်လေးက ထရီဇာ့တံခါး ကိုလာ ခေါက်တော့ ယုန်လေးကို သတ်ပြီး ယုန်စွပ် ပြုတ်လုပ်တိုက်တဲ့ အခန်းဆိုရင် ယုန်လေးကို နားရွက်ကနေ ချီရတာ တအား သနားတော့ တအား ငိုလိုက်ရတယ်။ ယုန်လေးကို နားရွက် ကနေဆွဲမတာ သူ့သဘာဝလို့ ဒါရိုက်တာက ပြောတယ်။ ယုန်လေးက မနာဘူး။ နားရွက် ကနေဆွဲရတယ်။ ဒါပေမဲ့ ယုန်တွေရဲ့ အခံကိုက သူတို့ က ကြောက်တတ်၊ ထိတ်လန့် တတ် တော့ ထရီဇာ ဆွဲလိုက်တဲ့ အချိန်မှာ သူတို့ တုန်နေတာက သူတို့ဖီလင် က ကိုယ့်ဆီကူးပြီး တအား ဝမ်းနည်းခဲ့ရတယ်” လို့ တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ ချစ်သုဝေက ပြောပါတယ်။

ချစ်သုဝေက ဇာတ်ကားရိုက်ဖို့ အတွက် လိုအပ်တဲ့ အဝတ်အစားတွေကို စက်တင်ဘာ ၁ရက်ကနေ ၃ရက်အထိဘန်ကောက်မှာသွားဝယ် မှာဖြစ်ကြောင်း ပြောပါတယ်။ ဗီဒီယို ဇာတ်ကားတွေကို ဆက်တိုက် ရိုက်ကူးဖြစ်နေပြီး မီးအိမ် ကဗျာ ဗီစီဒီအ တွက်လည်း ရိုက်ကူးဖြစ်သလို ဒုတိယ တစ်ကိုယ်တော် အခွေ အတွက်လည်း သီချင်းတွေ စုနေပြီဖြစ်ကြောင်း သိရပါတယ်။ ဒီအခွေ ထဲမှာ ကလေးတွေနဲ့ဆိုင်တဲ့ သီချင်းတချို့၊ လူမှုရေးနဲ့ဆိုင်တဲ့ သီချင်းတချို့လည်း ပါဝင်မှာဖြစ်ကြောင်း ချစ်သုဝေကပြော ပါတယ်။

ခိုင်ဝေလွင်
Popular

မလေးရှားတွင် အဖမ်းခံ မြန်မာ ၅၀၀ ကျော်သွားပြီ

မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသော မြန်မာ အလုပ်သမား အရေအတွက် ၅၀၀ ကျော်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

မလေးရှား ပြည်ထဲရေး ၀န်ကြီး Datuk Seri Dr Ahmad Zahid Hamidi ကိုးကားပြီး မလေး သတင်းဌာနများက ဖေါ်ပြရာတွင် တနင်္ဂနွေနေ့ နံနက်စတင်ခဲ့သော တရားမ၀င် နိုင်ငံခြားသားများ ဖမ်းဆီးရေး စီမံချက်အတွင်း ဖမ်းဆီးခံရသူ နိုင်ငံခြားသား အလုပ်သမား အရေအတွက်မှာ စုစုပေါင်း ၂၄၃၃ ဦးရှိကြောင်း ဖေါ်ပြသည်။

ယမန်နေ့ တနင်္လာနေ့ ညနေထိ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား အရေအတွက်မှာ ၅၅၅ ဦးရှိသွားပြီ ဖြစ်သည်ဟု မလေးရှားက လာသော သတင်းများတွင် ဖေါ်ပြသည်။

ဖမ်းဆီးခံရသူ နိုင်ငံခြား အလုပ်သမားများထဲတွင် မြန်မာမှာ ဒုတိယ အများဆုံး ဖြစ်ပြီး အင်ဒိုနီးရှားမှာ ပထမဖြစ်သည်။ ဖမ်းဆီးခံရသော အင်ဒိုနီးရှား အလုပ်သမား အရေအတွက်မှာ  ၇၁၇ ဦးရှိသည်။

မြန်မာနောက်မှ တတိယ အများဆုံး အဖမ်းခံရသော အလုပ်သမားများမှာ ဘင်္ဂလာဒေခ်ျ့က ဖြစ်ပြီး စုစုပေါင်း ၃၈၇ ဦးရှိကြောင်း သိရသည်။

ယခု စီမံချက်မှာ ပုံမှန်ပြုလုပ်နေကျ မဟုတ်ဘဲ အထူး အစီအစဉ်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ယခု စီမံချက်သည် ယခုနှစ်ကုန်သည် အထိ  ပြီးဆုံးမည် မဟုတ်ကြောင်း မလေးအာဏာပိုင်များက ပြောသည်။

ယခုစီမံချက်တွင် မလေးရှားနိုင်ငံမှ ၀န်ထမ်းပေါင်း ၂၂၀၇ ဦး ပါဝင် လုပ်ကိုင်နေသည်ဟု သိရသည်။

(နိရဉ္စရာ- ၃ စက်တင်္ဘာ ၂၀၁၃)


အများသုံးရေကူးကန်၊ မြစ်၊ ပင်လယ်စတဲ့ ရေထဲမှာ ရေးကူးတာဟာ ခန္ဓာကိုယ်ကို ဘက်တီးရီးယားပိုး၊ အညစ်အကြေး၊ အမှိုက်သရိုက်တွေနဲ့ တိရစ္ဆာန် ကပ်ပါးပိုးတွေနဲ့ ထိတွေ့နိုင်ခြေများစေပါတယ်။ တချို့ သူတွေ အတွက် ဒီလိုထိတွေ့မှုကြောင့် ဘယ်လိုနောက်ဆက်တွဲ ပြဿနာမျိုးမှ မရစေနိုင်ပေမယ့် တချို့ ရေကူးသူတွေအတွက်တော့ ယားယံခြင်း၊ အရေပြားနီမြန်းခြင်း၊ အဖုပေါက်ခြင်းစတဲ့ ဓာတ်မတည့်မှု တွေကို ဖြစ်စေနိုင်ပါတယ်။

၁။ ရေချိုးခြင်း

ရေးကူးပြီးချိန်မှာ သန့်စင်တဲ့ ရေနဲ့ ချိုးပေးတာဟာ ယားယံခြင်းနဲ့ ရောင်ရမ်းနီမြန်းခြင်းကို သက်သာစေပါ တယ်။ ရေပန်းအောက်မှာထိုင်ပြီး ရေချိုးပေးတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ချိုးရေထဲမှာ ဆားခါး(Epson Salt) ထည့်ပြီး ချိုးပေးရင် ယားယံတာနဲ့ အရေပြားနီမြန်းတာတွေကို သက်သာစေနိုင် ပါတယ်။ အိပ်ရာမဝင်ခင် ရေချိုးတာဟာ ညဘက်မှာ ယားယံခြင်းမဖြစ်အောင် ကာကွယ်တဲ့အတွက် ကောင်း ကောင်း အိပ်မောကျစေပါတယ်။

၂။ ဟစ်စတာမင်းတားဆေးဝါး

ရေကူးပြီး ယားယံတာဟာ ရေထဲက ပိုးမွှားတွေနဲ့ ထိတွေ့မိတာကို တုံ့ပြန်တာ ဖြစ်ပါတယ်။ ယားယံတာနဲ့ အရေပြားနီမြန်းရောင်ရမ်းတာကို ထိန်းချုပ်နိုင်ဖို့ အကောင်းဆုံးနည်းက မိမိဘာသာဝယ်လို့ရတဲ့ Antihistamine ဆေးဝါးမှီဝဲ တာပဲ ဖြစ်ပါတယ်။ ဆေးဝါးကို ဆေးဝါးကျွမ်းကျင်သူရဲ့ ညွှန်ကြားချက်အရ သောက်ပါ။ ဓာတ်မတည့်တဲ့ အရေပြားပြဿနာတွေဟာ ရက်အနည်းငယ်အတွင်း သိသိသာသာ ပျောက်ကင်းသွားမှာပါ။

၃။ အယားပျောက်ဆေးခရင်မ်

ဆားရေချိုးတာ၊ ဆေးသောက်တာနဲ့ တွဲပြီး အယားပျောက်ဆေးခရင်မ် (Anti-itch Cream) လိမ်းပေးနိုင် ပါတယ်။ Calamine လိုရှင်းဟာ ရေကူးပြီး ယားယံနေတဲ့ အရေပြားကို အယားပျောက်ကာ အေးမြသွား စေမှာပါ။

၎။ မကုတ်ပါနှင့်

ရေကူးပြီး အရေပြားယားတာကို မကုတ်မိဖို့က သိပ်တော့မလွယ်ပါဘူး။ ဒါပေမဲ့ စိတ်ကို ထိန်းချုပ်ပြီး မကုတ်မိ အောင်နေပါ။ ကုတ်တာဟာ အရေပြားကို စုတ်ပြဲသွားစေပြီး အရေပြားပိုးဝင်တဲ့ ပြဿနာကို ဖြစ်ပေါ် စေပါတယ်။ မကုတ်မိအောင် လက်သည်းတွေကို ခပ်တိုတိုညှပ်ပေးပါ။ လိုအပ်ရင် လက်အိတ် ဝတ်ပြီး မကုတ်မိအောင် ကာကွယ်ထားနိုင်ပါတယ်။

Ref: Good Health

လာဘ်စားတာသေချာရင် တိုင်ပါ ထိရောက်စွာ အရေးယူမည်

 ဌာန ဆိုင်ရာများမှ ဝန်ထမ်းများအနေ ဖြင့် အကျင့်ပျက်ခြစားမှုများနှင့် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ် ကြောင်း သက်သေအထောက်အ ထား ခိုင်လုံစွာဖြင့် တင်ပြလာပါက ရန်ကုန်တိုင်းဒေသကြီးအစိုးရက ထိရောက် စွာ အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ ဝန်ကြီး ဦးဉာဏ် ထွန်းဦးက စက်တင်ဘာ ၁ရက် တွင် စထရင်းဟိုတယ်၌ ရန်ကုန် တိုင်းမ်သတင်းစာနှင့် သီးသန့်တွေ့ ဆုံစဉ် ထုတ်ဖော်ပြောကြားလိုက် သည်။

ယင်းကဲ့သို့ တိုင်ကြားရာတွင်  တိုင်ကြားသူ၏ အမည်၊ နေရပ် လိပ်စာအပြင် တိုင်ကြားမည့်ဌာန ဆိုင်ရာ၊ ဝန်ထမ်းနာမည်တို့နှင့် တကွ လာဘ်ပေးလာဘ်ယူမှုများ နှင့် မသမာမှုများပြုလုပ်သည့်အ ကြောင်းအရာများကို သက်သေ အထောက် အထား ခိုင်လုံစွာဖြင့် တင်ပြရမည်ဖြစ်ကြောင်း သိရ သည်။ ဝန်ကြီးဦးဉာဏ်ထွန်းဦးက ''ဘယ်ဌာနဆိုင်ရာက ဝန်ထမ်းကို မဆို တိုင်ကြားလို့ရတယ်။ ဒါပေ မဲ့ မှန်ကန်ဖို့တော့လိုတယ်။ အ ထောက်အထားခိုင်ခိုင်လုံလုံနဲ့ တိုင်ကြားရင် ဘယ်လိုဌာ နဆိုင် ရာက ဝန်ထမ်းကိုမဆို အရေးယူ မှာပါ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို လာရောက်တိုင် ကြားနိုင်ပါတယ်''ဟု ပြောသည်။

လွန်ခဲ့သည့်တစ်လခန့်အ တွင်းက ပြည်တွင်းအခွန်များဦး စီးဌာန ရန်ကုန်နှင့် မန္တလေးမြို့များ မှ အကြီးတန်းအရာရှိများနှင့် ဝန် ထမ်းစုစုပေါင်း ၁ရဦးခန့်ကို လာဘ် ပေးလာဘ်ယူမှုဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရမှ တာဝန် မှရပ်စဲခဲ့ ကြောင်း၊ ယင်းမှာလည်း အဆိုပါဌာန၏အောက်ခြေဝန် ထမ်းများမှ တိုင်ကြားခဲ့၍ဖြစ် ကြောင်း သိရသည်။ တရားလွှတ်တော်ရှေ့နေ ဦးသိန်းအောင်က ''ဒီလိုမျိုးဌာန ဆိုင်ရာက ဝန်ထမ်းတွေကို တိုင် ကြားလို့ရတယ်ဆိုတာ အရင်က တည်းကပါ။ ဒါပေမဲ့ ဒီခေတ်မှာ တော့ တိုင်ရင် အနည်းနဲ့အများ တော့ ထိရောက်မှုရှိတယ်လို့ ယူဆ လို့ရတယ်''ဟု ပြောသည်။

ကျော်မြတ်ဇံ
Yangon Times

မျက်မမြင်၊ စိတ်မနှံ့သောသားကို ဖခင်က ဂူထဲ၌ သံကြိုးဖြင့်ခတ်ထား



ဖခင်ဖြစ်သူက ဘဝဆုံးနေ သောသားဖြစ်သူအား ဂူနေလူ ဘဝရောက်ရပုံကို ပြောပြခဲ့သည်။ ၎င်းအား တရုတ်ပြည် အလယ် ပိုင်းဒေသ၌ အဝတ်မပါဘဲ သံ ကြိုးဖြင့် ခတ်ထားခြင်းဖြစ်သည်။
အသက်၂၆နှစ်ရှိ ချန်ရှန်း တောင်၏ လွမ်းဆွေးဖွယ်ရာများ ကို အံ့အားသင့်စရာရုပ်ပုံများက ဖော်ပြနေပေသည်။ ချန်မှာ မွေး လာကတည်းက မျက်စိမမြင် စိတ် မနှံ့ဖြစ်ခဲ့ရသည်။ သူ့အား ခြေချင်း ဝတ်၌ သံကြိုးဖြင့် ချည်နှောင်ကာ ဟီနန်ပြည်နယ်မှ ဝေးလံသီခေါင် သည့် ချန်လင်းကျေးရွာရှိ ဂူသို့ ခေါ်လာခဲ့သည်။ သူ၏ဓာတ်ပုံကို တွေ့မြင်ရသူများက မခံမရပ်နိုင် ဖြစ်၍ ရိုင်းစိုင်းသောအပြုအမူ ဖြစ်သည်ဟု ပြောခဲ့ကြသည်။
အသက်၇ဝရှိ ဒက်ချန်ယွန် ချောင်သည် သူ၏နေအိမ်ဆုံးရှုံး သွားပြီးနောက် သူ၏သားကို စွန့် ပစ်ခဲ့သည်။ သူသည် သူ့သမီးထံ ၌ သွားနေခဲ့သည်။ ''ကျွန်တော့်မှာ ကိုယ်ပိုင် အိမ်မရှိဘူး။ ကျွန်တော့်သားကို ဘယ်အိမ်မှာ သွားထားရမလဲ။ ဒီလိုလုပ်တာဟာ ကျွန်တော် အကောင်းဆုံးလုပ်ပေးနိုင်တာပဲ။ ကျွန်တော် အစာနဲ့ရေပေးဖို့ သူ့ ဆီကို တစ်နေ့သုံးကြိမ်လာပါတယ်။ ဒါမှ သူ အစာနဲ့ရေရနိုင်မှာဖြစ် တယ်''ဟု ဖခင်ဖြစ်သူကပြောသည်။
''သံကြိုးနဲ့ချည်ထားတာက လဲ သူထွက်မပြေးနိုင်အောင်လို့၊ သူ အန္တရာယ်မဖြစ်နိုင်အောင်လို့ ပါ။ ကျွန်တော်က ငွေကြေးတတ် နိုင်သူမဟုတ်လို့ သူ့ကို ကုသပေး ဖို့ ဆရာဝန်လဲ မခေါ်နိုင်ပါဘူး။ သူ့မှာ သွားစရာလဲဘယ်မှမရှိဘူး။ ကျွန်တော် သူ့ကို ဒီလိုပုံစံနဲ့မကြည့် ရက်ပါဘူး။ ဒါပေမဲ့ ရွေးစရာနည်း လမ်းမရှိလို့ ဒီလိုလုပ်ရတာပါ''ဟု ယွန်ချောင်က ထပ်လောင်းပြော ခဲ့သည်။
''သူက အဝတ်လဲမဝတ်နိုင် ဘူး။ သံကြိုးနဲ့ ချည်မထားခဲ့ရင် သူလျှောက်ပြေးနေပြီး သူ့ကိုထိ ခိုက်နိုင်ပါတယ်''ဟု သူကဆိုသည်။
ချန်ရှန်းတောင်၏ ဓာတ် ပုံများ လူမှုရေးမီဒီယာများ၌ပေါ် လာသောအခါ တရုတ်ဝေဖန်သူ တို့ တုန်လှုပ်သွားခဲ့ကြသည်။ ထိတ် လန့်သွားခဲ့ကြသည်။ ''ဒါဟာ သူ့အဖေနဲ့ သူတို့ရွာက အကောင်း ဆုံး လုပ်ပေးနိုင်တာလား''ဟု လည်း မေးခဲ့ကြသည်။
''တကယ်လို့ ရှန်းတောင် ဟာ ဝက်တစ်ကောင်၊ ဒါမှမဟုတ် နွားတစ်ကောင်ဖြစ်နေရင်တောင် ဒီထက်ကောင်းကောင်းလုပ်ပေး သင့်ပါတယ်''ဟု ပြောသည်။
Yangon Media Group

ကိုရီးယားတွင်ကွမ်းစားသုံးမှုလျှော့ချရေး လူထုလှုံ့ဆော်ပွဲစတင်


ကိုရီးယား နိုင်ငံ ဘူဖျောင်းမြို့တွင် မြန်မာ တို့စားသုံးသည့်ကွမ်းသွေးများ မညစ်ပတ်စေရေးနှင့် ကွမ်းစား သုံးမှုလျှော့ချရေးအတွက် ပညာ ပေးလှုံ့ဆော်သည့် ကွမ်းကမ်ပိန်း ကို ယနေ့နံနက်ပိုင်းတွင် စတင် ပြုလုပ်နေပြီဖြစ်သည်။
မြန်မာစင်တာက ကမကထ ပြု၍ မြန်မာနိုင်ငံသားများ ပူး ပေါင်းပါဝင်သည့် ကွမ်းကမ်ပိန်း ပြုလုပ်ရာတွင် မြန်မာများကျင် လည်ရာဝန်းကျင်ရှိ ညစ်ပတ်နေ သော ကွမ်းသွေးများကို ဆေး ကြောခြင်း၊ လူမြင်ကွင်းများတွင် ပိုစတာ စတေကာများကပ်ခြင်း၊ လက်ကမ်းစာရွက်ဝေခြင်းတို့ကို လူအင်အား ၄ဝခန့်ဆောင်ရွက် ကြခြင်းဖြစ်သည်။
''မြန်မာတွေကွမ်းစားတာ ကို အပြစ်မပြောလိုပေမယ့် စည်း ကမ်းမရှိ ကွမ်းတံတွေးထွေးတာ ကတော့ အတော်ဆိုးပါတယ်။ ကွမ်းက မြန်မာတွေပဲစားတာဆို တော့ ပြောစရာဖြစ်တာပေါ့'' ဟု အင်ချွန်းမြို့တွင် နေထိုင်သူတစ်ဦး က ပြောသည်။
ဘူဖျောင်းမြို့တွင် မြန်မာ စားသောက်ဆိုင် ၁ရဆိုင်ရှိသည့် အနက် ကွမ်းရောင်းသည့်ဆိုင်ငါး ဆိုင်ခန့်ရှိပြီး ယာပြီးသား ကွမ်း ရှစ်ယာခန့်ပါသည့် အထုပ်လိုက် ရောင်းခြင်းများနှင့် မယာရသေး သည့် အမယ်စုံပါသည့် ကွမ်းအ ထုပ်လိုက်ရောင်းခြင်းများရှိကြောင်း သိရသည်။ ကွမ်းယာကို သွားရင်း လာရင်း အလွယ်တကူစားပြီး ကွမ်း သွေးကို အလွယ်တကူထွေးကြ သည့်အတွက် သစ်ပင်ရင်း၊ မြောင်း ပေါက်ဝနှင့် ချောင်ဖြစ်သည့်နေ ရာများတွင် ကွမ်းသွေးနီရဲရဲ အ ကွက်များ အများဆုံးဖြစ်ပေါ်လျက် ရှိပြီး လမ်းတစ်လျှောက် နီရဲနေ တတ်သဖြင့် ဘူဖျောင်းစာတိုက် ဘေးလမ်းကို 'လမ်းနီလေး'ဟု ပင် မြန်မာတွေက ခေါ်ဝေါ်ကြ သည်အထိဖြစ်သည်။
''လုပ်သင့်တယ်။ ဒါကို ကို ရီးယားမှာတင်မကဘူး။ မြန်မာ ပြည်မှာလဲလုပ်သင့်တယ်။ အခြား မြန်မာတွေရှိတဲ့နိုင်ငံတွေမှာလဲ လုပ်သင့်တယ်။ ဒီကွမ်းက အတော် ကို အရုပ်ဆိုးတဲ့အပြင် ကျန်းမာ ရေးနဲ့လဲမသင့်လျော်ဘူး။ ဒါကြီး ကို အားလုံးပြုပြင်သင့်ပြီ။ ဘုန်း ကြီးတို့ကျောင်းမှာလဲ အမြဲပြော ဆိုနေရတယ်။ ဆေးကြောနေရ တယ်။ အားလုံး အသိကလေးနဲ့ ဆင်ခြင်သင့်တယ်''ဟု ဘူဖျောင်း မြို့ မြန်မာ့ဗုဒ္ဓသာသနာပြုကျောင်း မှ ဝေါဆရာတော်က မိန့်သည်။
ယနေ့လုပ်သည့် ကွမ်းကမ် ပိန်းတွင် ဘူဖျောင်းမြို့ ဘူတာ မြောက်ဘက်ခြမ်းကို အဓိကထား ၍ နံနက်ပိုင်း၊ ညနေပိုင်းနှစ်ချိန် ခွဲ၍ပြုလုပ်ရာ ကွမ်းသွေးကွက် များ အကုန်အစင်နီးပါးသန့်ရှင်း နိုင်ပြီး လက်ကမ်းစာရွက် ၂၀၀၀ ကျော် ဝေငှနိုင်ခဲ့သည်။
''တချို့က စာရွက်ပေးတာ ကိုမယူဘူး။ ကျွန်တော်ကွမ်းမစား ဘူးဗျလို့ ပြန်ပြောတယ်။ ကိုယ် ကွမ်းမစားတာနဲ့ ဒီကိစ္စ ငါနဲ့မ ဆိုင်ဘူးလို့လုပ်တာကတော့ မဖြစ် သင့်ဘူးထင်တယ်။ အခုကမ်ပိန်း လိုက်လုပ်နေတဲ့သူတွေက ကွမ်း စားနေသူတွေမှမဟုတ်တာ။ ဒါ ဟာ အားလုံးနဲ့ဆိုင်တယ်။ ကိုယ် မလုပ်ပေမယ့် ကိုယ့်ပတ်ဝန်းကျင် ဖြစ်ပျက်နေတာကို ဝိုင်းဝန်းဟန့် တားဖို့ပြုပြင်ဖို့ အားလုံးမှာ တာ ဝန်ရှိတယ်လို့ထင်တယ်''ဟု ကမ် ပိန်းတွင်ပါဝင်သည့် ကိုဇေယျာ အောင်က ပြောသည်။
ဒုတိယအကြိမ်လှုပ်ရှားမှု ကို ကောက်သစ်စားပွဲတော် (ချု ဆော့ပိတ်ရက်)စက်တင်ဘာ ၁၉ ရက်တွင် ဘူဖျောင်းမြို့နှင့်ပူချွန်း မြို့များ၌ ကျန်းမာရေးဆိုင်ရာပညာ ပေးမှုနှင့် ကွမ်းစားသုံးမှုလျှော့ချ နိုင်ရန် ပြုလုပ်သွားမည်ဖြစ်သည်။

Yangon Media Group

ရှပ်ပြေးနှင့် ပဲ့ထောင်တိုက် အမျိုးသမီးတစ်ဦး ပျောက်ဆုံး

ကန်ကြီး ထောင့်မြို့နယ်အပိုင် ရှမ်းငူကျေး ရွာအနီးမှ ငဝန်မြစ်ထဲတွင် ခရီး သည်တင် ရှပ်ပြေးသင်္ဘောနှင့် စက်တပ်ပဲ့ထောင်လှေတို့ တိုက်မိ ရာ ပဲ့ထောင်တွင်ပါလာသည့် အ မျိုးသမီးတစ်ဦး ရေထဲပြုတ်ကျ၍ ပျောက်ဆုံးနေကြောင်း သိရသည်။
ပုသိမ်ခရိုင် ငပုတောမြို့ နယ် သင်္ကန်းကုန်းကျေးရွာမှ ပု သိမ်မြို့သို့ပြေးဆွဲသော နဒီရွှေစင် အမည်ရှိ ရှပ်ပြေးခရီးသည်တင် သင်္ဘောနှင့် သာပေါင်းမြို့နယ် ကျောက်စရစ်ကုန်းကျေးရွာမှ အိမ် မဲမြို့သို့သွားရန် မောင်းနှင်လာ သည့် စက်တပ်ပဲ့ထောင်လှေတို့ တိုက်မိခြင်းဖြစ်ပြီး စက်လှေပေါ် တွင်ပါရှိသူများထဲမှ မချိုချိုအေး ၂၅နှစ်(ဘ)ဦးဘကျိုး၊ ကျောက် စရစ်ကုန်းကျေးရွာ သာပေါင်းမြို့ နယ်နေသူမှာ မြစ်အတွင်းပြုတ် ကျပြီး ပျောက်ဆုံးလျက်ရှိသည် ဟုသိရသည်။
ရေယာဉ်မောင်း (ဆလင်) ဦးဝင်းကို ၃၂နှစ် (ဘ)ဦးစိန်မောင် မောင်းနှင်လာသော နဒီရွှေစင် ခရီးသည်တင်ရှပ်ပြေးသင်္ဘောပေါ် တွင် ခရီးသည် ၄ဝကျော်ခန့်လိုက် ပါလာသည်ဟုသိရပြီး ဦးတီတွတ် (ခ)သားငယ် အိမ်မဲမြို့နေသူ မောင်းနှင်လာသော ပဲ့ထောင်စက် လှေပေါ်တွင်လိုက်ပါလာသည့် ခရီး သည်ငါးဦးအနက် မောင်ကောက ဖော ၁၆နှစ်(ဘ)ဦးဘီရှီ အိမ်မဲ မြို့နယ်နေသူမှာ နဖူး၊ ပါး၊ ရင် အုံ၊ ဒူးခေါင်းတို့တွင် ပေါက်ပြဲဖူး ရောင်၍ နာကျင်ဒဏ်ရာများရရှိ သည်ဟုသိရပြီး မချိုချိုအေး တစ် ဦးတည်းသာ ရှပ်ပြေးသင်္ဘောနှင့် တိုက်မိစဉ် ပဲ့ထောင်ပေါ်မှရေထဲ သို့ပြုတ်ကျကာ ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု အဆိုပါပဲ့ထောင် တွင်ပါလာသူများ၏ ပြောပြချက် အရ သိရသည်။
စက်လှေနှင့် ရှပ်ပြေးသင်္ဘော တိုက်မိသည့် မြစ်ကမ်းအနီး ရှမ်း ငူကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းကို ဆက်သွယ်မေးမြန်း ရာတွင် ''စက်လှေနဲ့ ရှပ်ပြေးသင်္ဘော တိုက်တာ ကျွန်တော်တို့ရွာဘေး က ငဝန်မြစ်ထဲမှာပါ။ ချက်ချင်းပဲ ရွာကလူတွေထွက်ပြီး ကူညီပါတယ်။ ရေထဲရောက်နေတဲ့ယောက်ျား လေးဦးကိုတော့ ကယ်လိုက်နိုင် တယ်။ အမျိုးသမီးတစ်ဦးကိုတော့ ရှာမတွေ့တော့ဘူး''ဟုဆိုသည်။
ရှပ်ပြေးသင်္ဘောပိုင်ရှင် ဦး မျိုးမင်းထက်၊ ရေယာဉ်မောင်း ဦးဝင်းကိုနှင့် ပဲ့ထောင်စက်လှေ ပေါ်တွင်လိုက်ပါလာသည့် ဦးဘီရှဲ အပါအဝင် ဩဂုတ် ၂၉ရက်အ ထိ ပုသိမ်မြို့ အသည်ကြီးမြို့မ ရဲစခန်းတွင် ခေတ္တထိန်းသိမ်းထား ပြီးနောက် ကန်ကြီးထောင့်မြို့ နယ်၊ ကံရွာရဲစခန်းသို့ လွှဲပြောင်း ပေးခဲ့သည်ဟုသိရပြီး ကံရွာရဲစခန်း မှ ရှပ်ပြေးယာဉ်မောင်း ဦးဝင်းကို နှင့် ပဲ့ထောင်စက်လှေမောင်း ဦးတီတွတ်(ခ)သားငယ်တို့ကို ဩ ဂုတ် ၃ဝရက်က(ပ) ၁၆/၂၀၁၃ ပုဒ်မ ၂၈၀၊ ၃၃၇၊ ၃၀၄(က)တို့ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။

Yangon Media Group

မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးတွင် စကားများရာမှ ရဲအုပ်ဖြစ်သူအား ဒုရဲအုပ်က သေနတ်ဖြင့် ပစ်သတ်


မန္တလေးပြည်သူ့ ဆေးရုံကြီးရှေ့တွင် သေဆုံးသူအား ပို့ဆောင်သင်္ဂြိုဟ်ရန် စောင့်ဆိုင်းသူများအား တွေ့ရစဉ်
မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးတွင် စက်တင်ဘာ ၂ ရက် ည ၁၁ နာရီခန့်က ရဲအုပ်ဖြစ်သူအား ဒုရဲအုပ်က သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရဲအရာရှိအချို့၏ ပြောကြားချက်များအရ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂ ရက်ညက တာဝန်မှူး တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ် သိန်းသန်းစိုးသည် ရဲအုပ်ဦးမောင်တင့် တာဝန်ထမ်းဆောင်နေသည့် ဒုစရိုက်နှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး (တာဝန်မှူးရုံးခန်း)အတွင်းသို့ ရောက်ရှိလာခဲ့ပြီး အပြန်အလှန် အချင်းများကြရာမှ ဒုရဲအုပ် သိန်းသန်းစိုးက ရဲအုပ်ဖြစ်သူအား သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့ရာ ရဲအုပ်မှာ ၀ဲဘက်နားထင် ပေါက်ထွက်ဒဏ်ရာဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ရဲအရာရှိအချို့၏ ပြောပြချက်များအရ သိရသည်။
"ဖြစ်သွားတာက ည ၁၁ နာရီကျော်အချိန် ဒုစရိုက်နှိမ်နင်းရေး ရဲတပ်ဖွဲ့ တာဝန်မှူး ရုံးခန်းအတွင်းမှာ ဖြစ်ခဲ့တာ။ အဲဒီနေ့ညက တာဝန်မှူးကျတာက ဒုရဲအုပ် သိန်းသန်းစိုးပါ။ အပြင်က ပြန်ရောက်လာတဲ့ ဒုရဲအုပ်နဲ့ ရဲအုပ်ဖြစ်သူတို့ ရုံးခန်းအတွင်းမှာ စကားများကြရာကနေ ဒုရဲအုပ်က ရဲအုပ်ဖြစ်သူကို သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နောက်မှာရဲအုပ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ကျူးလွန်သူ ဒုရဲအုပ် သိန်းသန်းစိုးကိုတော့ ရဲစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အရေးယူ လုပ်ဆောင်သွားမှာပါ" ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောဆိုခဲ့သည်။
အဆိုပါ ရဲအုပ်ဖြစ်သူကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဒုရဲအုပ် သိန်းသန်းစိုးအား ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၈) ရဲစခန်း၌ ထိန်းသိမ်းထားပြီး ပုဒ်မ (၃၀၂) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဒုရဲအုပ်ဖြစ်သူက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးသွားခဲ့ရသည့် ရဲအုပ်ဦး မောင်တင့် (အသက် ၄၉ နှစ်)အား စက်တင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မန္တလေး ပြည်သူ့ဆေးရုံကြီးမှ အေးရိပ်ငြိမ်သုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

Eleven

ငါးပိတွင် ဓာတ်မြေသြဇာပါသည့်ဂယက်ကြောင့် ရောင်းအား ၈၀ ရာခိုင်နှုန်း ကျဆင်း

စားသုံးသူဈေးကွက်အတွင်းသို့ ၀င်ရောက်လာသောငါးပိများတွင် ဓာတ်မြေသြဇာအသုံးပြုထားသည် ဆိုသည့် သတင်းများကြောင့် ငါးပိရောင်းလိုအားမှာ ၈၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း ငါးပိ၊ ငါးခြောက်၊ ငံပြာရည် အသင်းဖြစ်မြောက်ရေးကော်မတီနာယက ဦးမောင်မောင်သိန်းက မဇ္ဈိမသို့ ပြောသည်။

“အရင်တုန်းကဆိုရင် ငါးပိဿာရောင်းရရင် အခုလေးပိဿာပဲရောင်းရတော့ ရောင်းအားက အရမ်းကျ သွားတယ်”ဟု ဦးမောင်မောင်သိန်းက ဆိုသည်။

ဓာတ်မြေသြဇာကို ငါးပိတွင် အသုံးပြုထားသည်ဆိုသည့်သတင်းများကြောင့် ရန်ကုန်မြို့ရှိဆိုင်များတွင် ရောင်းအား များ ရုတ်တရက်ကျဆင်းသွားသည်ဟု ဦးမောင်မောင်သိန်းက ဆက်လက်ပြောသည်။

ရောင်းအားကျသွားပြီး ရောင်းဈေးမှာမူ ပုံမှန်အတိုင်းပင်ရှိကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

ထမင်းဆိုင်အချို့တွင်လည်း ငါးပိရည်ကို အသုံးမပြုတော့ဘဲ ငံပြာရည်ချက်များကို သုံးတော့ကြောင်းကို ဆရာစံလမ်း တွင် ထမင်းဆိုင်ဖွင့်လှစ်ထားသည့် အသက် ၅၀ ခန့်အရွယ်အမျိုးသမီးတစ်ဦးက “ဂျာနယ် တွေမှာ ပါကတည်းက ဆိုင်မှာ လုံးဝ ငါးပိရည်မသုံးတော့ဘူး။ ငံပြာရည်တို့ ဘာတို့ကိုပဲ သုံးတော့တယ်” ဟု ဆိုသည်။

တောင်ဒဂုံမြို့နယ်ရှိ အိမ်ရှင်မတစ်ဦးဖြစ်သည့် မချိုက ဆင်းရဲသားများတွင် အားပြုစားနေရသည့် ငါးပိရည်ကို မသမာမှုပြုသည့်အတွက် စားစရာပင်မရှိတော့ဟု ခံစားရကြောင်းနှင့် ကိုယ်တိုင်လုပ်ရောင်းသည့် သူများထံတွင် ၀ယ်စားကြောင်း “မျက်နှာသိ ငါးပိပဲဝယ်တော့တယ်”ဟု ပြောသည်။

စက်မှုဇုန်လုပ်ငန်းရှင်များက ငါးပိကို ဓာတ်မြေသြဇာအသုံးပြုထုတ်လုပ်ခြင်း လုံးဝမရှိကြောင်း၊ ဈေးဈေး ပေါပေါနှင့် နယ်မှလာရောင်းချပါက သတိထားသင့်ပြီး စားသုံးသင့်ကြောင်း ဦးမောင်မောင်သိန်းက အကြံပြုပြောသည်။

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ယခုလောလောဆယ်တွင် ဓာတ်မြေသြဇာ အသုံးပြု ထားသည်ဟု ယူဆရသော ငါးပိများကို စစ်ဆေးရန် အစားအသောက်နှင့်ဆေးဝါးစစ်ဆေးရေး ဦးစီးဌာနသို့
ပေးပို့ထားပြီး စက်တင်ဘာ ၃ရက်မှ စတင်ကာ ငါးပိလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ရန်ကုန် တိုင်းဒေသကြီးရှိ ငါးပိ လုပ်ငန်းများကို သွားရောက်စစ်ဆေးတော့မည်ဖြစ်ကြောင်း ရှင်းပြသည်။

“ဒါတွေကို စစ်ဆေးပြီးသွားရင် တံဆိပ်တွေသတ်မှတ်ပြီး ဘယ်ဟာက စားသုံးသင့်တယ်၊ ဘယ်ဟာက မစားသုံး သင့်ဘူးဆိုတာတွေကို ထုတ်ပြန်သွားမယ်”ဟု ဦးဗအုပ်ခိုင်က ဆိုသည်။

ဧရာဝတီတိုင်းဒေသမှထွက်ရှိသော ငါးပိများတွင် ငါးများကို လျင်မြန်စွာနူးစေရန်အတွက် ဓာတ်မြေသြဇာ အသုံးပြု ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု ၎င်းက ပြောသည်။

mizzimaburmese

အညှီအဟောက်တွေနဲ့ စည်းကားခဲ့တဲ့ VMA ညရဲ့ ပုံရိပ်များစုစည်းမူ

ခုတလောအင်တာနက်စာမျက်နှာပေါ်မှာ ပြန်နှံ့နေတဲ့ VMA ဂီတဖျော်ဖြေပွဲနဲ့
ဆုပေးပွဲဆိုရင် ထပ်ပြီးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။

ဒါကြောင့် ဖျော်ဖြေမူပုံရိပ်တွေနဲ့ ဝတ်စားဆင်ယဉ်မူဒီဇိုင်းများကိုစုစည်း
တင်ဆက်ပေးမှာဖြစ်ပြီး သတင်းကြီးနေတဲ့ မိုင်လေးဆိုင်းရက်စ်နှင့် ထုံးစံအတိုင်း ပုရိသအကြိုက် ဖျော်ဖြေတဲ့ လေဒီဂါဂါတို့ရဲ့ ပုံရိပ်တွေကို
မြင်တွေ့ရမှာပါ။

Taylor Swift နဲ့ Selena Gomez တို့ကတော့ ပုံမှန်ပွဲတက်တဲ့ ဒီဇိုင်းနဲ့မြင်
တွေ့ခဲ့ရပြီး ကျန်အဆိုတော်တွေရဲ့ ပုံရိပ်များကိုစုစည်းတင်ဆက်ပေးလိုက်
ပါတယ်။
တင်ဆက်ပေးထားသော ရုပ်ပုံများမှာ၊ဖက်ရှင်အသားပေးရုပ်ပုံများနှင့်
နာမည်ကျော်ဖျော်ဖြေထားသောရုပ်ပုံများကိုစုစည်းထားခြင်းဖြစ်သည်။
နဂိုမူရင်းပုံရိပ်များကိုသာတင်ဆက်ပေးထားတာဖြစ်တဲ့အတွက် မိမိကိုယ်ကို
ဆင်ယှဉ်ကြည့်ရှုရန် ကြိုတင်အသိပေးအပ်ပါသည်။






























from myawady

တဖက်ယာဉ်ကြောသိုရောက်ရှိပြီး ယာဉ်(၂)စီးတိုက်မိသဖြင့် ခရီးသည်တင်ယာဉ်တိမ်းမှောက်

၂.၉.၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန် ကြည့်မြင်တိုင်မြို့နယ်နေ
ယာဉ်မောင်း ပိုင်ဝင်းသန်း (ဘ)ဦးလွင်မောင်အေး မောင်းနှင်လာသော
ဗ/---- ဟိုင်းလတ်ဖြူ/အစိမ်း၊ သာယာဝတီ-ရန်ကုန် ခရီးသည်တင်
ယာဉ်သည် ရန်ကုန်မှတိုက်ကြီးဘက်သို့ ပြည်လမ်းအတိုင်း
မောင်းနှင်လာစဉ် မှော်ဘီ မြို့နယ်၊ ကုလားကုန်းကျေးရွာအနီးအရောက်
တွင် တဖက်ယာဉ်ကြောသို့ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ မရမ်းကုန်းမြို့နယ်နေသူ အောင်ကျော်စိုး မောင်းနှင်လာသည့် BB/---- ကရီးနား(အဖြူ)အငှား ယာဉ်အား ၀င်ရောက်တိုက်မိပြီး ဗ/----ခရီးသည်တင်ယာဉ်မှာယာဘက်သို့တိမ်းမှောက်သွားခဲ့ပါသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ပိုင်ဝင်းသန်းမှာ ယာဘက်တံခါး ဘောင်နှင့်ညှပ်၍အခင်းဖြစ် နေရာတွင်သေဆုံးသွားခဲ့ပြီး ၎င်း၏ယာဉ်ပေါ်ပါခရီးသည်များတွင်ဒဏ်ရာ အသီးသီးရရှိခဲ့ရာ (၈)ဦးမှာ မှော်ဘီဆေးရုံတွင်(မစိုးရိမ်ရ)အဖြစ်လည်းကောင်း၊ အမည်မသိအမျိုးသား (၁)ဦးမှာရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ်လည်းကောင်း၊ အတိုက်ခံရသည့်
BB/--- အငှားယာဉ်မောင်း အောင်ကျော်စိုးနှင့် ယာဉ်ပေါ်ပါခရီးသည် (၁)ဦးတို့တွင်လည်း ဒဏ်ရာများ ရရှိခဲ့၍ မှော်ဘီဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်လည်းကောင်း ဆေးကုသမှုခံယူလျက်ရှိ
ကြသဖြင့် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ပိုင်ဝင်းသန်း(သေဆုံး)အား
မှော်ဘီမြို့မရဲစခန်း ယာဉ်(ပ) ၅၇/၂၀၁၃၊ ပုဒ်မ ၃၀၄-က/၃၃၈ ဖြင့်
အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

ရဲဇာနည်

အနှိပ်ခန်းအား ဖမ်းဆီးအရေးယူ

၁-၉-၂၀၁၃ ရက်နေ့ ၂၀၄၅ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ကမာရွတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ရွှေမာလာရိပ်မွန်ရှိ ဃမပျအေူ တွင် တရားမ၀င် အနှိပ်ခန်းဖွင့်လှစ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူဝင်ရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ဆိုင်မန်နေဂျာ ရဲဇော်ဦး(၁၉)နှစ်နှင့် ၀ါးခယ်မမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာနေ ဧည့်ကြို မောင်စန်းထက် (၁၉)နှစ်တို့အားတွေ့ရှိရပြီး အမျိုးသား ၉ ဦးအား နှိပ်ပေးနေသူ တွံတေးမြို့၊ ပြတသိုက်ကျေးရွာနေ မသော်ဇင်(၁၉)နှစ်ပါ ၉ ဦး၊ နှိပ်ရန်စောင့်နေသူ ကမာရွတ်မြို့နယ်၊ (၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ ရွှေမာလာရိပ်မွန်နေ အေးမြအောင်(ခ)ပန်းအိ(၁၉)နှစ်ပါ ၆ ဦးနှင့် ကောင်တာစားပွဲ အံဆွဲအတွင်းမှ အနှိပ်သမ အမည်နှင့်ဝင်/ထွက်ချိန်များရေးမှတ်ထားသော ဗလာစာအုပ်(၁)အုပ်၊ ဘော့ပင်(၁)ချောင်း၊ ဂဏန်း ပေါင်းစက်(၁)လုံး၊ ရရှိငွေ(၃၆၃၀၀ိ/-)၊ ဧည့်စာရင်းတိုင်ကြားထားသောစာရွက် ၃ ရွက်၊ ခေါင်းအုံး ၇ လုံး၊၊ မွေ့ယာ ၇ ခုတို့အားသိမ်းဆည်းရမိခဲ့သောကြောင့် ရဲဇော်ဦးပါ(၁၇)ဦးအား ကမာရွတ်မြို့မရဲစခန်း ပြစ်မှုပုဒ်မ ၁၈၈ အရ က/ခပုံစံဖြင့် မြို့နယ်တရားရုံးသို့ဦးတိုက်လျှောက်ထားခဲ့ရာ ရာကြီးမှုအမှတ် (၄၃၂/၁၃)ဖြင့် လက်ခံစစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

myawady

ထမင်းဆိုင်တွင် ထမင်းကြော်စားစဉ် စကားများပြီး လူသတ်မှုဖြစ်

ပဲခူးမြို့ ရွှေမော်ဓောဘုရားတောင်ဘက်မုခ်အနီး သနပ္ပင်လမ်းရှိ ထမင်းဆိုင်တစ်ဆိုင်တွင် စက်တင်ဘာ ၁ ရက် ည ၁၁ နာရီ မိနစ် ၄၀ က ထမင်းကြော်စားနေသူချင်း ရေနွေးအိုးယူသည့် ကိစ္စကို အကြောင်းပြု၍ စကားများရာမှ လူသတ်မှု တစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပဲခူးမြို့ နန်းတော်ရာရပ်ကွက် ရွှေအောင် ရွေး(၁)လမ်းနေ ယာဉ်မောင်း ဦးမိုးဇော်(ခ)ဇော်မင်းထွေး (၃၄)နှစ်သည် စက်တင်ဘာ ၁ ရက် ည ၁၁ နာရီ မိနစ် ၄၀ တွင် ရွှေမော်ဓောဘုရား တောင်ဘက်မုခ်အနီး သနပ္ပင်လမ်းရှိ “မယု” ထမင်းဆိုင်၌ ယာဉ်နောက်လိုက် စိုးသူမြတ်၊ ယာဉ်အမှတ် ဆ/---မှ ယာဉ်မောင်း မင်းသိန်း ထွန်း (ခ) ချန်ဒူးဝမ် မြို့တွင်း ကြီးရပ်ကွက် ပဲခူးမြို့နေသူနှင့် ၎င်း၏ယာဉ်နောက်လိုက် စန်းကိုဦး အလင်းရောင် (၁)လမ်း နန်းတော်ရာရပ်ကွက်နေ သူတို့နှင့်အတူ ထမင်း ကြော် စားနေကြသည်။

ထိုစဉ် ယာဉ်အမှတ် ၄က/---တိုယိုတာနက်ပြာရောင် အမှတ်(၅) ယာဉ်လိုင်းမှ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်(အမည် မသိ)တို့ရောက်ရှိလာပြီး ထမင်းကြော်စားကြရာ မင်းသိန်းထွန်း(ခ)ချန်ဒူးဝမ်က ရေနွေးအိုးထယူရာ ၄က/---ယာဉ်မောင်း က “မင်းဘာထလုပ်တာလဲ”ဟု မေးသဖြင့် ချန်ဒူးဝမ်က ရေနွေးအိုးထယူကြောင်း ပြောရာမှ တစ်ယောက်တစ်ခွန်း စကားများကြစဉ်၎က/--- ယာဉ်မှ ယာဉ်နောက်လိုက်ဖြစ်သူက အရိုးအသွား တစ်ထွာခန့်ရှိ ဓားဦးချွန်ဖြင့် ချန်ဒူးဝမ်အား ထိုးသည်ဟုဆိုသည်။

ချန်ဒူးဝမ် ဝဲဘက်ရင်ဘတ်၊ ရင်ဘတ်အောက်၊ ယာမျက်လုံးအပေါ်တို့တွင် ထိုးသွင်းဒဏ်ရာတစ်ချက်စီရ ရှိစဉ် စိုးသူမြတ်က ထဆွဲရာ စိုးသူမြတ်ကိုဓားဖြင့် ဆက်လက် ထိုးသဖြင့် ၎င်း၏ယာလက်မောင်း၌ ပြတ်ရှဒဏ်ရာတစ်ချက် ရရှိသွားပြီး ၄က/---ယာဉ်မှာ ပြန်လည်ထွက်ခွာသွားသည်။ဒဏ်ရာများရရှိထားသော ချန်ဒူးဝမ်နှင့် စိုးသူမြတ်တို့အား ပဲခူးဆေးရုံပို့ဆောင်ခဲ့ရာ မင်းသိန်းထွန်း (ခ) ချန်ဒူးဝမ်မှာ ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးမိုးဇော်(ခ)ဇော်မင်းထွေးက ပြစ်မှုကျူးလွန်ပြီး ရှောင်တိမ်းသွားသူ ၄က/--- အမည်မသိ ယာဉ်နောက်လိုက် (စိစစ်ဆဲ)ကို စုံစမ်းဖော်ထုတ်၍ ဥပဒေအရအရေးယူပေးပါရန် ပဲခူးမြို့မရဲစခန်းသို့ လာရောက်တိုင် တန်းသဖြင့် (ပ)၅၀၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆ အရ အမှုဖွင့်ပြီး စခန်းမှူး ဒုရဲမှူးလှသိန်းက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

(နေထက်ဝင်း)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

အသက်မပြည့်သေးသည့် ကလေးကို ရဲတပ်ဖွဲ့ထဲ သွင်းဟုဆို

အသက်မပြည့်သေးသည့် ကလေးတစ်ဦးကို ရဲတပ်ဖွဲ့သို့ အသက်လိမ်ပြီးသွင်းခဲ့သည်ဟု အဆိုပါကလေး၏ မိခင်က စက်တင်ဘာ ၂ ရက်တွင် မဇ္ဈိမကိုပြောသည်။

အဆိုပါကလေးမှာ အသက် ၁၆ နှစ်အရွယ်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးမှဖြစ်ကာ ကျောက်တံတားရဲစခန်းမှ အသက်လိမ်ပြီး ရဲတပ်ဖွဲ့အတွင်းသွင်းခဲ့သည်ဟု လက်ရှိရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့်
မောင်ကျော်ခိုင်လင်း၏ မိခင်ကမဇ္ဈမကိုပြောသည်။

၎င်းသည် ယခုနှစ်ဇန်န၀ါရီလအတွင်းက မိခင်ဖြစ်သူနှင့်စိတ်ဆိုးပြီး အိမ်မှထွက်သွားကာ လက်ရှိအချိန်တွင် မင်္ဂလာဒုံ မြို့နယ်၊ ပျဉ်းမပင်ရဲတပ်ရင်း အမှတ် (၈) တွင် တာဝန်ထမ်းဆောင်နေသည်ဟု မိခင်ဖြစ်သူက ဆိုခြင်းဖြစ်သည်။

မိခင်ဒေါ်အေးအေးခိုင်က “ကလေးက အသက် ၁၆ နှစ်ပဲရှိသေးတယ်။ ကလေးက ကျွန်မကိုစိတ်ကောက်ပြီး အိမ်ကနေထွက်သွားတာ။ ရန်ကုန်ရောက်ပြီး သွားစရာ၊ နေစရာမရှိတော့ ဒေါ်လာရောင်းတဲ့သူက ရဲထဲ ၀င်မလားလို့
မေးပြီး ရဲထဲသွင်းလိုက်တာ။ ကျောက်တံတားရဲစခန်းက ပညာရေးနဲ့အသက်လိမ်ပြီး ရဲထဲသွင်း လိုက်တာ” ဟု ပြောသည်။

မောင်ကျော်ခိုင်လင်းသည် ယခုနှစ်ဇန်န၀ါရီလက အိမ်ပေါ်မှဆင်းသွားပြီး ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေ သည်ဟု မေလကအကြောင်းကြားခဲ့ကြောင်း မိခင်ကပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ မိခင်က နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း (ILO)၊ ပညာရေးဝန်ကြီးဌာန၊ သမ္မတရုံးနှင့် ရဲစခန်းတို့တွင် တိုင်ကြားထားပြီးဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့ လသာရဲစခန်းက မိခင်ဖြစ်သူကို ခေါ်တွေ့ခဲ့ပြီး ဒေါ်အေးအေးခိုင်က “ဒီနေ့ (စက်တင်ဘာ ၂ ရက်) လသာရဲစခန်းကို လာတာက ကျွန်မတိုင်စာတင်လိုက်တဲ့အတွက် လသာရဲစခန်းက
ခေါ်တွေ့တာ။ စစ်ချက်ယူပြီး အထက်ကို ပြန်တင်ပေးမယ်။ သူတို့ကခေါ်မေးလို့ လာပြောပြပြီး ကလေးကို
ပြန်ထုတ်မယ်။ အသက်မမီတဲ့ ကလေးကို ရဲထဲသွင်းတယ်ဆိုတာ ခွင့်ပြုချက်လည်းမရှိဘူး” ဟု ပြောသည်။

အသက်လိမ်ပြီး ရဲတပ်ဖွဲ့သို့ သွင်းသည်ဟု စွပ်စွဲခံရသော ကျောက်တံတားမြို့နယ် ရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ်
မေးမြန်းခဲ့ရာ ကလေး၏ဆန္ဒအရ ၀င်ခြင်းဖြစ်ပြီး ကလေးကအသက် ၁၈ နှစ်ပြည့်ပြီဆိုသောကြောင့် ရဲတပ်ဖွဲ့သို့ သွင်းခဲ့ခြင်းဖြစ်ကြောင်းပြောသည်။ အဆိုပါဖြစ်ရပ်ကြောင့် ရဲတပ်ဖွဲ့သို့သွင်းခဲ့သူ နယ်ထိန်းနှင့် ရဲနှစ်ဦးကို အသက်မပြည့်ဘဲ ရဲတပ်ဖွဲ့သို့သွင်းသောကြောင့် အရေးယူဆောင်ရွက်မှုများပြုလုပ် မည်ဟုလည်း ဆိုသည်။

ကျောက်တံတားရဲစခန်းမှ တာဝန်ရှိတစ်ဦးက “သူ့ဆန္ဒအရ၀င်လာလို့ ကျွန်တော်တို့က သတ်မှတ်ချက်နဲ့ ကိုက်ညီလို့ ထည့်ပေးလိုက်တယ်။ ကောင်လေးက ဗန္ဓုလပန်းခြံနားမှာ ယောင်လည်လည် ဖြစ်နေတော့ နယ်ထိန်းကတွေ့ပြီး မင်းရဲထဲဝင်မလားပြောမှာပေါ့။ သူ့အမေကလည်း ဆက်သွယ်မှုမရှိဘူးလေ။ သူ့ကို လည်း အိမ်ပြေးမှန်း မသိဘူး” ပြောသည်။

မောင်ကျော်ခိုင်လင်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့ အ.ထ.က (၁) တွင် ဒသမတန်း တက်ရောက်
နေသော ကျောင်းသားဖြစ်သည်။ ၎င်းပျောက်ဆုံးနေသည့် ကာလတွင် လူပျောက်အမှုဖွင့် ထားခဲ့သည်။

ကလေးမိခင်ကို ခေါ်ယူမေးမြန်းခဲ့သည့် လသာရဲစခန်းမှ ရဲအုပ်ဦးထိန်ဝင်းက “ အမေခေါ်ပြီး မေးကြည့်တာပါ။ ကျွန်တော်တို့က ဘာမှလုပ်ပေးလို့ မရပါဘူး” ဟုပြောသည်။

မောင်ကျော်ခိုင်လင်းသည် ဧရာဝတီ တိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ခြောက် ရပ်ကွက်၊ မြလေးလမ်း၊ အမှတ် ၈၃ တွင် မိဘများနှင့်အတူ နေထိုင်သူဖြစ်သည်။

mizzimaburmese