Air Bagan လေယာဉ် မတော်တဆမှုတွင် ပါဝင်သည့် အမေရိကန်နိုင်ငံသား နှစ်ဦးက ဦးတေဇနှင့် ကုမ္ပဏီ ငါးခုအား ရန်ကုန်မြို့ ၌ တရားစွဲကာ ကျပ်သိန်းပေါင်း တစ်သိန်း နစ်နာကြေးတောင်းသည့်အမှု စတင်စစ်ဆေး

ပို့စ်တင်ချိန် - 3/22/2014 12:39:00 PM

တရားစွဲဆိုခံရခြင်းနှင့် ပတ်သက်၍ ဦးတေဇ၏ facebook တွင် ဖော်ပြထားသည်ကို တွေ့ရစဉ်


Saturday, March 22, 2014

၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က ရှမ်းပြည်နယ်၊ ဟဲဟိုး လေဆိပ်အနီး Air Bagan လေကြောင်းလိုင်းမှ XY-AGC လေယာဉ် မတော်တဆမှု ဖြစ်ပွားရာတွင် ပါဝင်ခဲ့သည့် အမေရိကန်နိုင်ငံသားနှ စ်ဦးက ဦးတေဇနှင့် ကုမ္ပဏီငါးခုအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားစွဲဆိုခဲ့ရာ မတ် ၂၁ ရက်က စတင်စစ်ဆေးခဲ့ကြောင်း ထူးကုမ္ပဏီ တာဝန်ရှိသူများထံမှ သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၊ ရုံးအမှတ် ၇ တွင် အမှုကို စစ်ဆေးခြင်း ဖြစ်ပြီး စတင်ရုံးချိန်းသည့် မတ် ၂၁ ရက်တွင် ဦးတေဇမှ တရားရုံးသို့ လာရောက်ခဲ့ကြောင်း၊ သို့သော် တရားသူကြီး မအားလပ်၍ စစ်ဆေးကြားနာခြင်း မပြုခဲ့ရဘဲ ထပ်မံ ရုံးချိန်းခဲ့ကြောင်း သိရသည်။
Air Bagan လေကြောင်းလိုင်းမှ XY-AGC လေယာဉ် မတော်တဆမှု ဖြစ်ပွားရာတွင် ပါဝင်သည့် အမေရိကန်နိုင်ငံသား နှစ်ဦးဖြစ်သူ Mr.Allan Lokos နှင့် Mrs. Susanna Weiss တို့သည် မီးလောင်နေသော လေယာဉ်အတွင်း ပိတ်မိကာ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည့်အတွက် နစ်နာကြေးအနေဖြင့် ကျပ်သိန်းပေါင်း တစ်သိန်း နစ်နာကြေးရလိုကြောင်း တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
တရားစွဲဆိုရာတွင် Air Bagan Limited, Air Bagan Holding Pte.Ltd, Htoo Group of Companies, Htoo Trading Company Limited နှင့် Htoo Trading Group of Companies တို့ကို တရားစွဲဆိုထားခြင်းဖြစ်သည်။
ဦးတေဇ၏ Facebook စာမျက်နှာတွင် "မိမိနှင့် မိမိတည်ထောင်ပေးထားခဲ့သော Air Bagan ကုမ္ပဏီလီမိတက် အပါအ၀င် အခြားသက်ဆိုင်ခြင်း မရှိသော ကုမ္ပဏီများကိုပါ အမေရိကန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် မမှန်ကန်သော စွပ်စွဲချက်များဖြင့် တရားစွဲဆိုခဲ့ပါတယ်" ဟု ရေးသားထားခဲ့သည်။
အမေရိကန်နိုင်ငံသားနှစ်ဦး ဖြစ်သူ Mr.Allan Lokos နှင့် Mrs. Susanna Weiss တို့သည် မြန်မာနိုင်ငံတွင် ကျပ်သိန်းပေါင်း တစ်သိန်း နစ်နာကြေးရလိုမှု အတွက်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၀ သန်း နစ်နာကြေးရလိုမှုဖြင့် လည်းကောင်း တရားစွဲဆိုထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ခရီးသည်အဖြစ် လိုက်ပါရင်း သေဆုံးခဲ့ရသူ မနွယ်လင်းရှိန်၊ ဆိုင်ကယ်စီးရင်း သေဆုံးခဲ့ရသူ ဦးပြားတို့အတွက်လည်း အာမခံကြေးရရှိရန် ဆောင်ရွက်ဆဲ ဖြစ်ကြောင်းကိုလည်း ထူးကုမ္ပဏီ တာဝန်ရှိသူများက ပြောကြားသည်။
သို့သော် ထူးကုမ္ပဏီထံမှ စုံစမ်းသိရှိချက်အရ အာမခံကုမ္ပဏီဘက်က မြန်မာနိုင်ငံမှ အသက်သေဆုံးသည်အထိ နစ်နာခဲ့ရသူများအပေါ် ပေးလျော်လိုသည့် ငွေပမာဏမှာမူ အများဆုံးအဖြစ် အမေရိကန်ဒေါ်လာ ၂၅၀၀၀ ကျော်သာ ပေးလျော်လိုကြောင်း၊ နည်းပါးလွန်းသည့်အတွက် Air Bagan တာဝန်ရှိသူများက ထပ်မံတောင်းဆို ညှိနှိုင်းပေးလျက် ရှိသည်ဟု သိရသည်။
မြန်မာနိုင်ငံဘက်မှ အသက်သေဆုံးသည်အထိ နစ်နာခဲ့ရသူများမှာမူ အာမခံလျော်ကြေးငွေအဖြစ် အနည်းဆုံး ဒေါ်လာ ငါးသိန်းမှ အများဆုံး ဒေါ်လာတစ်သန်းခွဲ အထိသာ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။
ထူးကုမ္ပဏီ တာဝန်ရှိသူများ၏ ပြောကြားချက်အရ အဆိုပါအမေရိကန်နိုင်ငံသား နှစ်ဦးအတွက် မတော်တဆမှု စတင်ဖြစ်ပွားစဉ်ကစ၍ ဆေးကုသစရိတ် အပါအ၀င် အမေရိကန်နိုင်ငံသို့ ပြန်လည်ရောက်ရှိသည်အထိ အမေရိကန်ဒေါ်လာ သန်းချီ အကုန်ကျခံ စိုက်ထုတ်ခဲ့ရကြောင်း၊ အမေရိကန်နိုင်ငံသို့ ပြန်လည် ရောက်ရှိပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

EMG