မလေးရှား ပျက်ကျလေယာဉ် ဒုံးကျည်စထိမှန်ကြောင်း Black Box မှတ်တမ်းတွေ ပြသ

ပို့စ်တင်ချိန် - 7/29/2014 10:11:00 AM



ယူကရိန်းနိုင်ငံအရှေ့ပိုင်းက မလေးရှားလေယာဉ်ပျက်ကျသွားတဲ့နေရာနားတ၀ိုက်က တချို့နယ်မြေတွေကို ရုရှားလိုလားတဲ့ သူပုန်တွေဆီကနေ တနင်္လာနေ့မှာ ပြန်ပြီးတော့ သိမ်းယူနိုင်လိုက်တယ်လို့ ယူကရိန်းစစ်တပ်က ပြောလိုက်ပါတယ်။

ဒါ့အပြင် မလေးရှားလေယာဉ်မှတ်တမ်းတွေအရ လေယာဉ်ဟာ Shrapnel ဒုံးကျည်နဲ့ တိုက်ခိုက်ခံလိုက်ရတာဖြစ်တယ်လို့ ယူကရိန်းက ပြောလိုက်ပါတယ်။

ယူကရိန်းတပ်တွေဟာ ရုရှားနယ်စပ်နားမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကို ထိုးစစ်တွေဆင်နေတဲ့တချိန်တည်းမှာပဲ ယူကရိန်းစစ်တပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Andriy Lysenko က ကိယဗ်မြို့တော်မှာ တနင်္လာနေ့က ပြောကြားလိုက်တာဖြစ်ပါတယ်။

လေယာဉ်ပျက်ကျသွားတဲ့နားမှာ တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် နိုင်ငံတကာစုံစမ်းစစ်ဆေးသူတွေဟာ အဲဒီနားတ၀ိုက်မှာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ သူတို့ရဲ့ အစီအစဉ်တွေကို ၂ ရက်ဆက်တိုက်ဖျက်ခဲ့ရပါတယ်။

လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းကို လေ့လာသုံးသပ်နေတဲ့ ဗြိတိန်နိုင်ငံက စုံစမ်းစစ်ဆေးသူတွေကတော့ Shrapnel ဒုံးကျည်ထိခဲ့တာလို့ Lysenko ပြောတာနဲ့ ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပေးပြောကြားခဲ့ခြင်းမရှိဘဲ ဒီစုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေတဲ့ ဒတ်ခ်ျ စုံစမ်းစစ်ဆေးသူတွေကလည်း ဒါကို အတည်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)