ဒီမိုကရေစီ ပုံရိပ်သစ်

ပို့စ်တင်ချိန် - 7/29/2014 05:50:00 PM



မကြာသေးမီ ရက်များအတွင်းကမ္ဘာ့ဖလားဘောလုံးပွဲနှင့် အပြိုင် ကျွန်တော်တို့၏အာရုံကို ဖမ်းစားလှုပ်ခတ်စေသော ပွဲတစ်ခုရှိခဲ့ပါသည်။ အခြားမဟုတ်ပါ။ အင်ဒိုနီးရှားနိုင်ငံ၏ ရွေးကောက်ပွဲ ဖြစ်ပါသည်။ ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ကျွန်တော်တို့ အားပေးသည့် အသင်းတွေက မှန်းသည့်အတိုင်းဖြစ်မလာသဖြင့် စိတ်ပျက်ရသည့်တိုင် အဆိုပါ ရွေးကောက်ပွဲတွင် လူထုခေါင်းဆောင်တစ်ဦး အနိုင်ရရှိခဲ့သည့်အတွက်မူ အားတက်ပျော်ရွှင်ရပါသည်။

အာဏာရှင် ဆူဟာတို ပြုတ်ကျအပြီး ၁၆ နှစ်အကြာမှာ ကျင်းပသည့် အဆိုပါ သမ္မတရွေး ကောက်ပွဲကလည်း ကမ္ဘာ့ဖလား ဘောလုံးပွဲလိုပင် ပြိုင်ဆိုင်မှု ပြင်း ထန်ခဲ့သည်။ သို့သော် ဒီမိုကရေစီ စံနှုန်းတွေအောက်မှာ ပြိုင်ဆိုင်မှု၊ ငြင်းခုံမှုတွေက ငြိမ်းချမ်းစွာ ဖြစ် ပေါ်နေခြင်းမျှသာ။ ယခုနှစ် ရွေး ကောက်ပွဲတွင် သမ္မတလောင်း များအဖြစ် ဂျကာတာမြို့တော်ဝန် ဂျူကိုဝီဒိုဒိုနှင့် အာဏာရှင် ဆူဟာတို၏ သားမက်၊ ဗိုလ်ချုပ်ကြီး ဟောင်း ပရာဘိုဝို ဆူဘီယန်တိုတို့အပြိုင် အရွေးခံကြခြင်း ဖြစ်သည်။

ဂျကာတာမြို့တော်ဝန် ၀ီဒိုဒိုသည် သူ၏ရိုးရှင်းသော နေမှု ထိုင်မှုဘ၀၊ ပြည်သူ၏ အကျိုးအ တွက် စွမ်းစွမ်းတမံ ဆောင်ရွက် တတ်မှု၊ လာဘ်ပေးလာဘ်ယူ ကင်းမှုစသော ပုဂ္ဂိုလ်ရေးသန့်စင် မှုများကြောင့် လွန်ခဲ့သည့် နှစ်အ နည်းငယ်မှစ၍ စာနယ်ဇင်းများ တွင် ထင်ရှားခဲ့သည်။ လူချစ်လူ ခင်လည်း များသည်။ ထို့ကြောင့် ရွေးကောက်ပွဲတွင် လူထုက သူ့ အား အသည်းကြားက မဲတစ်ပြား ဖြင့် အနာဂတ်အင်ဒိုနီးရှား၏ သမ္မတအဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ ကော်မ ရှင်ကလည်း ၀ီဒိုဒိုအနိုင်ရကြောင်း အတည်ပြုကြေညာသည်။

သို့သော် ပြိုင်ဘက် ဗိုလ်ချုပ် ကြီးဟောင်း ပရာဘိုဝီက ၀ီဒိုဒို၏ လူများက ရွေးကောက်ပွဲတွင် မသမာမှုများ ပြုလုပ်ခဲ့သည်ဟူ သော စွပ်စွဲချက်ပေါ်လာသည်။ ထိုသို့သော ဗိုလ်ချုပ်ကြီးဟောင်း ၏ စွပ်စွဲမှုများကြောင့် အင်ဒိုနီးရှား ရွေးကောက်ပွဲမှာ လှုပ်ခတ်သွားရ ခြင်း ဖြစ်သည်။ လက်ရှိသမ္မတ ယူရိုယူနိုကမူ သမ္မတလောင်းနှစ် ဦးအနေဖြင့် ရွေးကောက်ပွဲ ကော် မရှင်၏ တရားဝင် မဲရလဒ်ကို အ သိအမှတ်ပြုလက်ခံရန် ကြေညာ ထားသော်လည်း ဖွဲ့စည်းပုံတရား ရုံးတွင် အမှုရင်ဆိုင်ခဲ့ရသေးသည်။ သို့သော် အဖြေမှာ ထင်ရှားပြီး ဖြစ်ပါသည်။ ပရိဘောဂလုပ်ငန်းရှင်တစ်ဦး ဖြစ်ခဲ့ဖူးသော ၀ီဒိုဒိုသည် အင်ဒိုနီးရှား၏ ပထမဆုံးအရပ်သားစစ်စစ် သမ္မတဖြစ်လာမည်။

ပြည်သူသန်းပေါင်း ၁၃၀ က မဲပေးခဲ့ကြသော အင်ဒိုနီးရှား၏ ရွေးကောက်ပွဲမြင်ကွင်းနှင့် အရပ် သားစစ်စစ်တစ်ယောက် သမ္မတ အဖြစ် တင်မြှောက်ခံရခြင်းက ဖိနှိပ်ချုပ်ချယ်မှုနှင့် နိုင်ငံရေး ရှေ့ မတိုး နောက်မဆုတ် ဖြစ်နေသည့် ကမ္ဘာ့နိုင်ငံအချို့မှ ပြည်သူများ အတွက် အားတက်စေသည့် ပုံရိပ်တစ်ခု ဖြစ်နိုင်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်ကကော ဘယ်လိုလဲ။

နိုင်ငံရေးလေ့လာသူ အများ အပြားကပင် မြန်မာ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှာ အင်ဒိုနီးရှား ပုံစံကို နမူနာယူထားသည်ဟု ကောက်ချက်ချလေ့ရှိသည်။ အမှန်လည်း မြန်မာနှင့် အင်ဒိုနီး ရှားတို့မှာ သမိုင်းကံကြမ္မာချင်း ဆင်တူကြသည်။ နှစ်နိုင်ငံလုံးက ကိုလိုနီဖြစ်ဖူးသည်။ မြန်မာက အင်္ဂလိပ်ကိုလိုနီ၊ အင်ဒိုနီးရှားက ဒတ်ခ်ျ(နယ်သာလန်)၏ ကိုလိုနီ၊ ပြီးတော့ နိုင်ငံတွင်း တိုင်းရင်းသား လူမျိုးစုတွေ များပြားတာချင်းမှာ လည်း တူသည်။ အင်ဒိုနီးရှားတွင် တိုင်းရင်းသား လူမျိုးပေါင်း ၃၀၀ နီးပါးရှိသည်။ ကိုလိုနီ လက် အောက်ခံဘ၀မှ လွတ်လပ်ရေးရ သည့် နှစ်ချင်းကလည်း သိပ်မကွာ၊ မြန်မာက ၁၉၄၈၊ အင်ဒိုနီးရှားက ၁၉၄၉ တွင် လွတ်လပ်သော အ ချုပ်အခြာ အာဏာပိုင်နိုင်ငံ ဖြစ် လာသည်။ ဒုတိယကမ္ဘာစစ်အ တွင်း မြန်မာ၏ လွတ်လပ်ရေးအ တွက် သခင်အောင်ဆန်းက ဂျပန် နှင့် ပူးပေါင်းခဲ့ဖူးသလို လွတ်လပ် သော အင်ဒိုနီးရှားနိုင်ငံ၏ ပထမ ဆုံးသမ္မတဖြစ်လာမည့် ဆူကာနို ကလည်း သူ၏အမိနိုင်ငံလွတ် လပ်ရေးအတွက် ဂျပန်နှင့်လက် တွဲခဲ့သော ဖြစ်ရပ်တွင်လည်း ဆင် တူသည်။

အင်ဒိုနီးရှားနှင့် မြန်မာတို့၏ သမိုင်းဖြတ်သန်းမှု တူညီခြင်းမှာသည်လောက်နှင့် မရပ်တန့်သေး ပါ။ လွတ်လပ်ပြီးစ ပြည်တွင်းရေးရှုပ်ထွေးမှုများကို ရင်ဆိုင်ရပုံချင်း မှာလည်း တူကြသည်။ အဆိုပါ ပြည်တွင်းရေးအရှုပ်အရှင်းများကို အကြောင်းပြ၍ အရပ်သား အစိုးရ ထံမှ စစ်တပ်က အာဏာသိမ်းယူ ပုံချင်းမှာလည်း သိပ်မကွာ။ မြန်မာပြည်မှာ ဗိုလ်ချုပ်ကြီး နေ၀င်းခေါင်းဆောင်သည့် စစ်တပ်က ၂ မတ် ၁၉၆၂ မှာ အာဏာသိမ်းသလို အင်ဒိုနီးရှားတွင် တပ်မတော်အရာရှိအချို့က အာဏာကို သိမ်းယူပြီး ဗိုလ်ချုပ်ကြီးဆူဟာတိုက သမ္မတဆူကာနို၏ လက်ထဲမှ အာဏာကိုရယူဆုပ်ကိုင်ခဲ့သည်။

မြန်မာနိုင်ငံမှာတော့ ၁၉၈၈ ခုနှစ်တွင် အာဏာရှင်ဗိုလ်ချုပ် ကြီးများ အစိုးရကို ဆန့်ကျင်သည့် လူထု အရေးတော်ပုံ ဖြစ်ပွား သည်။ သို့သော် အာဏာရှင်စနစ် ၏ အပေါ်ယံအဆောက်အအုံဖြစ် သည့် အစိုးရအဖွဲ့ကိုသာ ဖြုတ်ချ နိုင်ခဲ့ပြီး မျိုးဆက်သစ် စစ်အာဏာရှင်စနစ်၏ ခါးသီးမှုကို ဆက် လက်ခံစားခဲ့ရသည်။ အင်ဒိုနီးရှား မှာ အာဏာရှင်ကို ဆန့်ကျင်သည့် လူထုအုံကြွမှုက မြန်မာထက် ဆယ်နှစ်တိတိ နောက်ကျပြီး ၁၉၉၈ ခုတွင်မှ ပေါ်ပေါက်သည်။ သို့သော် မြန်မာနှင့် ခြားနားသည် မှာ အင်ဒိုနီးရှားက ဆူဟာတိုကို ဖြုတ်ချအပြီး ဒီမိုကရေစီသို့ စော စီးစွာ တစ်ရစ်ချင်းပြန်လည်လှမ်း တက်နိုင်ခြင်း ဖြစ်သည်။

သို့ဖြင့် အာဏာရှင် ဆူဟာ တိုပြုတ်ကျအပြီး ၁၃ နှစ်နီးပါး အ ကြာမှာ အင်ဒိုနီးရှားတွင် စစ်တပ် ထဲကလည်း မဟုတ်၊ နိုင်ငံရေးမျိုးရိုး အဆက်အနွှယ်ထဲကလည်း မဟုတ်သည့် သာမန်အရပ်သား တစ်ယောက်ကို လူထုက ရွေးချယ်တင်မြှောက်နိုင်သွားပြီ။ မြန်မာကတော့ ဒီနေရာမှာ အင်ဒိုနီးရှားထက် ဆယ်နှစ်ကျော်ကြာ နောက် ကျနေပြီး အခုမှ ဒီမိုကရေစီသို့ သွားမည်ဟု ပြောနေတုန်း။ ထိုသို့သွားရာတွင် လွန်ခဲ့သည့် ၁၃ နှစ်၊ ဆူဟာတိုအလွန် အင်ဒိုနီးရှားမှာ ကျင့်သုံးခဲ့ဖူးသည့် လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို အလိုအလျောက် ပါဝင်နိုင်ခွင့် နမူနာယူကာ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ထည့်ထားသည်။

ပြီးတော့ အင်ဒိုနီးရှား၏ ဒီမို ကရေစီသို့ ချီတက်စ ကနဦးနှစ် များကအတိုင်း အာဏာရှင်စနစ် ၏ လောင်းရိပ်များကိုလည်း သိ သိသာသာ ဖန်တီးထားသည်။ ထို့ ကြောင့် လက်ရှိမြန်မာ့နိုင်ငံရေး၏ ဒီမိုကရေစီအသွင်ပြောင်းလဲရေး ဖြစ်စဉ်အတွင်း တပ်မတော်နှင့် တပ်မတော်သားဟောင်းများ၏ စွက်ဖက်ဖန်တီးမှုများနှင့် လုံးလား ထွေးလားဖြစ်နေခြင်း ဖြစ်သည်။ ဤသည်မှာ လွန်ခဲ့သည့် ၁၃ နှစ် က အင်ဒိုနီးရှား၏ ဒီမိုကရေစီပြု ပြင်ရေးနေ့ရက်များနှင့် သိပ်မကွာ ပေ။ သို့သော် အင်ဒိုနီးရှားက အဆိုပါ နိုင်ငံရေး ရှုပ်ထွေးမှု၊ စနစ် ဟောင်းနှင့် စနစ်သစ်အားပြိုင်မှု ကို ရည်ရွယ်ချက်ရှိရှိဖြင့် တရွေ့ ရွေ့ ကျော်လွှားသွားနိုင်ခြင်းဖြစ် ပြီး လက်ရှိမြန်မာနိုင်ငံရေးက တော့ ၀င်္ကပါထဲမှာ တ၀ဲလည် လည် ဖြစ်နေဆဲ။

ဆူဟာတိုအလွန် အင်ဒိုနီး ရှား၏ သမ္မတအဖြစ် နှစ်များစွာ ထမ်းဆောင်ခဲ့သူ ဆူစီလိုဘန် ဘန်း ယူရိုယူနိုမှာလည်း ဗိုလ်ချုပ် ကြီးဟောင်း တစ်ယောက်ဖြစ်ပါ သည်။ သို့သော် လက်ရှိမြန်မာ၏ ဒီမိုကရေစီအစိုးရနှင့် ကွာခြား ချက်မှာ ယူရိုယူနိုက အမှန်တ ကယ် ဒီမိုကရေစီသို့ အင်ဒိုနီးရှား ကို ချီတက်စေခဲ့တာဖြစ်ပြီး ယခင် စစ်အာဏာရှင် အမူအကျင့်များ နှင့် လမ်းခွဲထွက်နိုင်ခြင်း ဖြစ် သည်။ ပြီးတော့ လွှတ်တော်ထဲမှာ ထည့်ထားသည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း၏ အခန်းကဏ္ဍကို လည်း တဖြည်းဖြည်းနှင့် သိသိ သာသာ လျှော့ပေါ့ဖယ်ရှားပစ်နိုင် ခဲ့သည်။ အင်ဒိုနီးရှားဖွဲ့စည်းအုပ် ချုပ်ပုံမှာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က နိုင်ငံတော်အာ ဏာကို အချိန်မရွေး သိမ်းယူနိုင် ခြင်းလည်း မပါပါ။ အရပ်သား တစ်ယောက်ကို သမ္မတမဖြစ်စေ နိုင်ရန် ရည်ရွယ်ကန့်သတ်ချက် မျိုးလည်း မရှိ။ သမ္မတက စစ်ရေး အမြင်ရှိစရာလည်း မလို။

ဒီနေ့ မြန်မာကို ဒီမိုကရေစီ အသွင်ပြောင်းနေသည့် ဗိုလ်ချုပ် ကြီးဟောင်းများ၏ အစိုးရအဖွဲ့က ကော ထိုသို့ ဟုတ်ပါရဲ့လား။ ဖွဲ့ စည်းပုံအခြေခံဥပဒေကို သူတို့ စိတ်ကြိုက်ရေးဆွဲ ပြဋ္ဌာန်းခဲ့သည်။

နိုင်ငံရေးစင်မြင့်တွင် ယခင်ကလို စစ်ယူနီဖောင်းဝတ်များ မမြင်ရ တော့သော်လည်း အရပ်သား တစ်ဖြစ်လဲ ဗိုလ်ချုပ်ကြီးများက မြန်မာနိုင်ငံရေးတွင် လွှမ်းမိုးနေဆဲ ရှိသေးသည်။ ပြီးတော့ လွတ်လပ် စွာ ပြောဆိုရေးသားခွင့်၊ စီတန်း လှည့်လည်ခွင့်စသော အခြေခံလူ့အခွင့်အရေးများကို ကန့်သတ်ထားပြီး အတိုက်အခံ၏ နိုင်ငံရေးတွင် ပါဝင်ခွင့်ဘောင်ကိုလည်း ချုပ်ကိုင်ထားသည်။ ဒီမိုကရေစီသို့ရွေ့လျားစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေအချို့ကို ပြင်
ဆင်နိုင်ရေးအတွက် လူထုနှင့်အတိုက်အခံက အင်တိုက်အားတိုက် တောင်းဆိုနေသည့်တိုင် အစိုးရဘက်က လိုလားသည့် စိတ်ဆန္ဒ မပြသေးပါ။

အပေါ်ယံအားဖြင့် မြန်မာ နှင့် အင်ဒိုနီးရှားမှာ စစ်တပ်က နိုင်ငံရေးမှာ လွှမ်းမိုးပုံချင်း၊ ဒီမိုက ရေစီသို့ သွားပုံချင်းမှာ ကျွမ်းကျင် သူများ အကဲဖြတ်သလို တူညီမှု ရှိသယောင် ထင်ရသော်လည်း နိုင်ငံရေးတွင် ပါဝင်ဦးဆောင်သူ များ စေတနာနှင့် ပန်းတိုင်သို့ ချီ တက်ပုံခြင်းမှာ ကွဲပြားပါသည်။ ဆိုခဲ့သည့်အတိုင်း အင်ဒိုနီးရှား က ဒီမိုကရေစီကို တစ်နေ့တခြား ရင့်ကျက်အောင် စွမ်းဆောင်နိုင် ခဲ့သော်လည်း မြန်မာက ဒီမိုက ရေစီ ပြုပြင်ပြောင်းလဲရေးလုပ် မည်ဟု ကြွေးကြော်အပြီး ငါးနှစ် နီးပါး ကြာလာသည့် ယခုအခါမှာ သိပ်ပြီး မရေရာပါ။ အများစိုးရိမ် သလို နောက်ကြောင်းမပြန်သော် လည်း ရှေ့သို့ တိုးတက်ခြင်း မရှိ ပါချေ။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ရေး ပြောင်းလဲမှုဖြစ်စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ သော အရပ်သားတစ်ယောက် ကို သမ္မတမဖြစ်နိုင်အောင် ကန့် သတ်ထားခြင်း၊ စစ်တပ်က နိုင်ငံ ရေးတွင် နက်ရှိုင်းစွာ ပါဝင်ပတ် သက်နေဦးမည့် လက္ခဏာရှိခြင်း၊ ရွေးကောက်ပွဲမဲပေးစနစ်ကို နိုင် သူအကုန်ယူစနစ်မှ အချိုးကျ ကိုယ်စားပြုစနစ်သို့ ပြောင်းလဲရန် စိုင်းပြင်းနေခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်း ရေးရရှိရန် မရေရာသေးခြင်း၊ လူထု၏ လွတ်လပ်စွာ ဆန္ဒထုတ် ဖော်ခွင့်အပါအ၀င် စာနယ်ဇင်း များ၏ လွတ်လပ်သော အရေး အသားများအပေါ် တည်ဆဲဥပဒေ တွေနှင့် ခြိမ်းခြောက်ခံနေရခြင်း စသည်တို့ရှိနေပါသည်။

မည်သို့ဖြစ်စေ ‘‘ဒီမိုကရေစီ ဘာမှားနေသလဲ’’ဟု အီကော် နောမစ် မဂ္ဂဇင်းက မေးခွန်းထုတ် ရေးသားရသည်အထိ အာရပ်နွေ ဦးနိုင်ငံများတွင် ဒီမိုကရေစီထူ ထောင်ရေး မအောင်မမြင်ဖြစ်နေ ချိန်၊ အချို့တိုင်းပြည်များတွင် စစ်
တပ်က အာဏာသိမ်းမှု လှိုင်း ဂယက်များ ရှိနေချိန်မျိုးတွင် အင် ဒိုနီးရှားရွေးကောက်ပွဲရလဒ်က ကမ္ဘာကြီးအတွက် အားတက်စ ရာ ဖြစ်ရသည်။ ဒီမိုကရေစီစနစ် အောက်တွင် ပြည်သူလူထုအနေ ဖြင့် သူတို့ကို အုပ်ချုပ်မည့် ခေါင်း ဆောင်အား သူတို့ကိုယ်ပိုင်ဆန္ဒ ဖြင့် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိ ကြောင်း၊ လူထုထောက်ခံပါက နိုင်ငံသားတစ်ဦးအနေဖြင့် မည် သူမဆို သမ္မတဖြစ်နိုင်ကြောင်း အာဏာနှင့် ကိုယ်ကျိုးစီးပွားအ တွက် ဒီမိုကရေစီ ပုံဖျက်နေကြ သူများရှိနေသော ကမ္ဘာကြီးကို အင်ဒိုနီးရှားက သက်သေပြလိုက် ခြင်း ဖြစ်ပါသည်။

7daydaily