ရေမြင့်ပြီး မမြင့်လာတဲ့ကြာက ရေနဲ့ထိပြီး ပုပ်သွားမှာပါဆိုတဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)

ပို့စ်တင်ချိန် - 7/24/2014 09:22:00 AM


အနုပညာလောကမှာ အချိန်ကြာမြင့်စွာ အောင်မြင်တဲ့ ဒါရိုက်တာ တစ်ယောက်အနေနဲ့ ရပ်တည်လာခဲ့သူ ဒါရိုက်တာ မောင်မျိုးမင်းဟာ ရုပ်ရှင် အပြင် သဘင်ပိုင်းမှာလဲ နှင်းဆီအဖွဲ့တို့နဲ့အတူ သူတတ်နိုင်တဲ့ဘက်က ပရိသတ်တွေအတွက် သူ့အနုပညာဖန်တီးမှုတွေကို ချပြပေးခဲ့သူပါ။ သူနဲ့တွေ့ဆုံခိုက် သိချင်တာလေးတွေ မေးမြန်းဖြစ်တဲ့အခါ

ခုရိုက်နေတဲ့ကားလေးက။

ရက်ရက်စက်စက်တဲ့။ ဘာလို့လဲဆိုတော့ ရက်စက်တတ်တဲ့ လူတွေအကြောင်းကို ရိုက်ထားတာ။ အကုန်လုံး တစ်ကားလုံးကြည့်ပြီးရင်တော့ ရက်ရက်စက်စက် ကိုဖြစ်သွားမှာ။ ၀တ္ထုကသိုးဆောင်းရဲ့ ၀တ္ထုလေးကို အခြေခံပြီးတော့ ဇာတ်လမ်းပြန်လည်တည်ဆောက်ထားတာပါ။

ဒီကားလေးရဲ့ထူးခြားမှုနဲ့ ပရိသတ် ကို ဖော်ပြချင်တာက ဘာများဖြစ်မလဲ။

အဲဒါကတော့ အိုက်တင်ဖြစ်လိမ့်မယ်။ ဒီကားထဲမှာ မိုးဟေကို ကို မမြင်ဖူးတဲ့ အိုက်တင်နဲ့ တွေ့ရမယ်။ အဓိက ပြချင်တာကတော့ မိန်းကလေးတွေမှာ တစ်ခါတစ်ရံ မိခင်စိတ် ပြင်းပြတဲ့ရောဂါမျိုး ရှိတတ်တယ်။ ဥပမာ ကိုယ့်ထက်ငယ်တဲ့သူမျိုးကို ဂရုစိုက်ချင်တာ၊ ပျိုးထောင်ပေးချင်တာ၊ ဖွံ့ဖြိုးစေချင်တာ အဲ့လိုစိတ်ကလေးတွေရှိတယ်။ အဲ့လိုစိတ်ကလေးတွေကို အခွင့်ကောင်းယူတဲ့သူက ယူလို့ရှိရင် ကိုယ်က နောက်ဆုံး လူပါပါသွားတဲ့အပြင် အားနာပြီး ကိုယ်လုပ်ထားတဲ့ဟာလေးကို ပျက်သွားမှာစိုးလို့ မပြောရက်ပဲနဲ့ နေလိုက်တဲ့ဟာလေးက ကိုယ့်ကို ဒုက္ခပေးတာလေးကို ပြချင်တာပေါ့။ တကယ်တော့ အားနာခြင်းရဲ့ အကျိုးသက်ရောက်မှုကို ပြချင်တာပေါ့။ မိန်းကလေးတော်တော်များများက အားနာတတ်တယ်လေ။ နဂိုရှိရင်းစွဲ ခင်မင်မှုလေး ပျက်သွားမှာစိုးလို့ သူတို့က အပြစ်မယူရက်ဘူး။ ယောကျာ်းတွေအနေနဲ့ကလဲ ဘာကိုပြချင်တာလဲဆိုတော့ တခြားလူတစ်ယောက်ကို အခြေအနေ အကြောင်းကြောင်းကြောင့် မှားလို့ရတယ်။ ဓားပြတိုက်တာတို့၊ အတင်းအဓမ္မလုပ်တာတို့ဘာတို့ပေါ့။ ခွင့်လွှတ်လို့ရတယ်။ ဒါပေမဲ့ ကိုယ့်ကို ချစ်တဲ့အတိုင်း တခြားတစ်ယောက်ကို ချစ်ပြီး တုံ့ပြန်နေလို့ရှိရင် ခွင့်လွှတ်လို့မရဘူး။

တခြားကားတွေနဲ့ ကွဲပြားတဲ့အနုပညာဖန်တီးမှုက။

အိုက်တင်ပိုင်းက လုံးဝထူးဆန်းတယ်။ မနေ့ကဆို ကိုယ်အရမ်းချစ်တဲ့ မိန်းမက တခြားတစ်စိမ်းယောကျာ်းတစ်ယောက်နဲ့ ချစ်တင်းနှောနေတဲ့ ဗီဒီယိုကို ပြန်ရိုက်ပြီးကြည့်ရတာ ဘယ်လိုမှကို မခံစားနိုင်ဘူး။ မတ်တပ်ကနေ ပြုတ်ကျတော့မလိုလို အိုက်တင်မျိုးတွေ ပြေတီဦးလုပ်ရတယ်။

သမ္မတကြီးအနေနဲ့လဲ သူဖက်က လုပ်ပေးနိုင်တဲ့ အပိုင်းလေးတွေကို ပြောဆိုဆွေးနွေးထားတော့ ဦးမျိုးတို့အနေနဲ့ကျတော့ရောဘယ်လိုမျိုး ကြိုးစားသွားမလဲ။

ရေမြင့်ရင်တော့ ကြာမြင့်မှာပေါ့ သမီးရယ်။ အဓိကက ရေအရင်မြင်ဖို့ပဲ လိုပါတယ်။ အဲ့ဒီတော့ ရေအရင်မြင့်အောင် စောင့်လိုက်ပါဦး။ ရေမြင့်ရင်တော့ ကြာအလိုလိုကို မြင့်လာမှာပါ။ အဲ့ဒါက စိတ်ပူစရာမလိုတဲ့ဟာပါ။ အဲဒီတော့ ရေမြင့်ပြီး မမြင့်လာတဲ့ကြာဟာ ရေနဲ့ထိပြီး ပုပ်သွားမှာပါ။

၁၂ ရက်နေ့တုန်းက သမ္မတ ကြီး မိန့်ကြားသွားတဲ့အပေါ်မှာရော ကျေနပ်မှုရှိရဲ့လား။

မိန့်ကြားသွားတဲ့ဟာကို ဦးမျိုး ခုထက်ထိ နားမထောင်ရသေးပါဘူး။ မအားလို့ပါ။

မှော်ဝင်သမန်းကြား ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သတ်ပြီး ဦးမျိုးကြိုးစားထားမှုလေးကိုလဲ ပြောပြပေးပါဦး။

အဲ့ဒီကားကို ကားကိုယ်တိုင် ဆက်နေတယ်။ ပြီးရင် special effect တွေထည့်မယ်။ ကိုယ်တိုင်ကြီးကြပ်ပြီး ကိုယ်တိုင်လုပ်သွားမှာပါ။ ဒီဇာတ်ကားမှာလဲ သမားရိုးကျ အိုက်တင်ထဲက ကွဲထွက်တာတွေကို မြင်ရမှာပါ။

ရုပ်ရှင်ရုံတွေနည်းနေတဲ့တွက် ရုံမှာ လာကြည့်တဲ့ပေါ်မှာ ယုံကြည်မှု အားနည်းတယ်လို့ပြောကြတဲ့ ပရိသတ်တွေကိုရောဘာများပြောချင်ပါလဲ။

သူတို့ပြောတာလဲမှန်ပါတယ်။ တီဗီမှာ HD နဲ့ပေါ်နေတာ ခလုတ်နှိပ်လိုက်ရင် အိမ်မှာထိုင်ကြည့်လို့ရနေတဲ့ဟာကို ရုံမှာ ပိုက်ဆံပေးပြီးကြည့်တဲ့ကားက အဲ့လောက်မှမကောင်းရင် ဘယ်သူကလာကြည့်မှာလဲ။ နောက်ခေါင်မိုးပေါက်ရင်ခေါင်မိုးဖာ၊ ကြမ်းပေါက်ရင် ကြမ်းဖာ၊ နံရံပေါက်နံရံဖာ မရတော့ဘူးသမီး။ အမြစ်ကလှန်ပြီးအုတ်မြစ်ကအစ ပြန်ဆောက်မှရတော့မယ်။

ခုနောက်ပိုင်းမှာ ဦးစားပေးရိုက်ဖြစ်သွားမဲ့ ဇာတ်အိမ်ပုံစံတွေက ဘာတွေများဖြစ်မလဲ။

ဒီအချိန်မှာ အရင်ကပေးမရိုက်တဲ့ကားတွေကို ခုရိုက်ခွင့်ရတဲ့တွက် အရင်ကပေးမပြတဲ့ဟာတွေကို ခုပေးပြတဲ့တွက် အဲ့ဒါတွေကိုပဲ ဦးစားပေးရိုက်သွားမယ်။ အရင်က ပြခွင့်မရဘူးလေ။ ခု ပြခွင့်ရတဲ့တွက် ရအောင်ပြသွားမယ်။

အကယ်ဒမီကရော ဦးမျိုး ဘယ်လို ယုံကြည်ထားလဲ။

အဲ့ဒါကတော့ ပရိသတ်တွေ ဆုံးဖြတ်ပေးပါလိမ့်မယ်။ ပါဝင်တဲ့သူတွေအားလုံးကတော့ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။

ဦးမျိုးရဲ့ ပရိသတ်တွေကိုရော ပြောချင်တာများ ရှိသေးလား။

မပြောတော့ပါဘူး သမီးရယ်။ သူတို့ကပြောတာကို နားထောင်ချင်တာမဟုတ်ဘူး။ ရိုက်ပြတာကြည့်ချင်တာဖြစ်တဲ့တွက် ရိုက်ပဲပြပါတော့မယ်။

Trend Myanmar