ရုပ်ရှည်လှပသည့် ဘော်လီဘောမယ်လေး ပရော်ဖက်ရှင်နယ် ဘဝတွင် အကျပ်ရိုက်စရာများ ကြုံနေရ

ပို့စ်တင်ချိန် - 7/25/2014 06:53:00 PM


ကာဇက်စတန် နိုင်ငံမှ လူငယ်လက်ရွေးစင် ဘော်လီဘော အားကစားမယ်လေး တစ်ဦးသည် သူမ၏ ရုပ်ရည် အလှအပကြောင့် ပရော်ဖက်ရှင်နယ် နယ်ပယ်တွင် အကျပ်ရိုက်စရာများ ကြုံနေရကြောင်း သိရသည်။

အသက်(၁၈)နှစ်သာ ရှိသေးသည့် ဆာဘီနာ အယ်လ်တင်ဘီကိုဗာသည် ထိုင်ဝမ်တွင် အသက်(၁၉)နှစ်အောက် ချန်ပီယံရှစ် ဘော်လီဘော ပြိုင်ပွဲသို့ သွားရောက်မယှဉ်ပြိုင်မီက သူမကို သိရှိသူ နည်းပါးလှသည်။ သို့သော်လည်း ထိုင်ဝမ်ပရိသတ်များက သူမ၏ အလှအပကို သတိပြုမိသွားပြီး Facebookနှင့် Twitterကဲ့သို့ Social Mediaများတွင် ဓာတ်ပုံများ မျှဝေခဲ့ရာ ယခုအခါ သူမအကြောင်း စိတ်ဝင်စားသူ သန်းပေါင်း အတော်များများ ရှိလာပြီ ဖြစ်သည်။ အယ်လ်တင်ဘီကိုဗာ၏ ပရိသတ် အများစုသည် အရှေ့တောင် အာရှမှ ဖြစ်ကြသည်။

Social Mediaများတွင် သူမအနေဖြင့် သတင်းကြီးလွန်းခြင်းကြောင့် အသင်းဖော်များထံမှ ဝေဖန်မှုများ ထွက်ပေါ်လာသည်။ အယ်လ်တင်ဘီကိုဗာ၏ အသင်းဖော်များက ပရိသတ်များသည် ပွဲအပေါ် စိတ်မဝင်စားဘဲ မိန်းမလှလေးထံတွင်သာ အာရုံစိုက်နေခြင်းကို ကန့်ကွက်ခဲ့ကြသည်။ “အခုဆိုရင် ဘော်လီဘောပွဲမှာ ပရိသတ်တွေက ပွဲရလဒ်ကို လုံးဝ စိတ်မဝင်စားဘူး။ အယ်လ်တင်ဘီကိုဗာကိုပဲ လိုက်ကြည့်နေတော့တယ်”ဟု ကာဇက်စတန်တွင် ဩဇာကြီးမားသည့် Vesti သတင်းစာက ဖော်ပြခဲ့သည်။

ကာဇက်စတန် အသက်(၁၉)နှစ်အောက် အမျိုးသမီး လက်ရွေးစင် ဘော်လီဘော အသင်း၏ နည်းပြ နာလန်ဆာဒီကော့ဗ် ကိုယ်တိုင်ကလည်း အဆိုပါ အခြေအနေကို မလိုလားကြောင်း ဆိုသည်။ “ဒီလိုပုံစံနဲ့တော့ အလုပ်လုပ်လို့ မရဘူး။ ပရိသတ်တွေက ချန်ပီယံရှစ် ပြိုင်ပွဲကြီး တစ်ခုလုံးမှာ ပြိုင်ပွဲဝင် တစ်ယောက်တည်းကိုပဲ လူရာသွင်းတဲ့ သဘောမျိုး ဖြစ်နေတယ်”ဟု ဒီကော့ဗ်က ဝေဖန်ခဲ့သည်။ အဆိုပါ အခြေအနေများကြောင့် အယ်လ်တင်ဘီကိုဗာသည် အသင်းတွင် ချန်လှပ်ခံလာရနိုင်ကြောင်း ကောလာဟလများလည်း ထွက်ပေါ်နေသည်။

တရုတ်၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့တွင် လူပြောများနေသည့် မိန်းကလေးက သူမသည် အစောပိုင်းက ဂုဏ်ယူမိသော်လည်း ယခုအခါ ပရော်ဖက်ရှင်နယ် ဘဝအတွက် စိုးရိမ်စိတ် ဝင်လာမိကြောင်း ဝန်ခံခဲ့သည်။ ထို့ကြောင့် ပရိသတ်များ အနေဖြင့် သူမ၏ ဘော်လီဘော စွမ်းရည်ကိုသာ အာရုံစိုက် အားပေးပါရန်လည်း အယ်လ်တင်ဘီကိုဗာက ပန်ကြားခဲ့သည်။

“စစချင်းမှာတော့ ကျွန်မစိတ်ထဲမှာ ပျော်ရွှင် ဂုဏ်ယူနေမိတယ်။ ဒါပေမဲ့ အခြေအနေတွေက လွန်လွန်ကဲကဲ ဖြစ်လာတယ်လေ”ဟု သူမက ဆိုသည်။ အယ်လ်တင်ဘီကိုဗာက “အခုတော့ ကျွန်မအနေနဲ့ ဘော်လီဘောကိုပဲ အာရုံစိုက်ပြီး ကစားချင်ပါတယ်။ ကျွန်မကို ပရိသတ်တွေ အသိအမှတ်ပြု စိတ်ဝင်စားကြတာဟာ ဘော်လီဘော ကစားတဲ့ စွမ်းရည်ကြောင့်ပဲ ဖြစ်စေချင်တာပါ။ တခြားနည်းလမ်း တစ်ခုခုနဲ့ နာမည်မကြီးချင်ပါဘူး”ဟု ဖွင့်ဟသွားသည်။

7Day Daily