Facebook ပေါ်တွင် အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော်ရေးသားသည့် အီရန်လူငယ်(၈)ဦး ထောင်ဒဏ်များ ချမှတ်ခံရ

ပို့စ်တင်ချိန် - 7/14/2014 08:27:00 PM


Facebook ပေါ်တွင် အစိုးရ ဆန့်ကျင်ရေးဆိုင်ရာ ရေးသားလှုံ့ဆော်မှုများအတွက် အီရန်လူငယ်
 (၈)ဦးကို ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း
သိရှိရသည်။

ဇူလိုင် (၁၄)ရက်တွင် အီရန်တရားရုံးတစ်ခုက အမည်ဖော်မပြသော လူငယ်(၈)ဦးကို ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ၎င်းတို့သည် အမျိုးသား လုံခြုံရေးကို ထိပါးခြင်း၊ အစိုးရ ဆန့်ကျင်ရေး ဝါဒဖြန့်မှုများ လုပ်ဆောင်ခြင်း၊ အီရန်နိုင်ငံ ခေါင်းဆောင်များ၏ ဘာသာရေးဆိုင်ရာ စံနှုန်းတန်ဖိုးများကို စော်ကားခြင်းတို့အတွက် ပြစ်ဒဏ်ချမှတ် ခံရခြင်းဟု ဆိုသည်။

တဟီရန်၊ ယာ့ဇ်၊ ရှီရက်ဇ်၊ အေဘာဒန်၊ ကာမန်မြို့များမှ လူငယ်များသည် ထောင်ဒဏ် (၁၁)နှစ်မှ (၂၁)နှစ်ထိ အသီးသီး ပြစ်ဒဏ်ချမှတ် ခံခဲ့ရပြီး အဆိုပါ စီရင်ချက်များကို အယူခံဝင်ရန် တရားရုံးက ခွင့်ပြုထားကြောင်းလည်း သိရသည်။

အီရန်အစိုးရသည် Twitter နှင့် Facebook တို့ကဲ့သို့ Social Media ဝက်ဘ်ဆိုက်များပေါ်တွင် အစိုးရကို ဆန့်ကျင်ခြင်း၊ ဘာသာရေးကို ဆန့်ကျင်ခြင်းစသော ရေးသားဖြန့်ဝေမှုများအား လိုက်လံစိစစ် အရေးယူလေ့ ရှိသည်။ အီရန်သမ္မတ ဟူစိန်ရိုဟာနီသည် မိမိကိုယ်ကိုယ် အစွန်းမရောက်သူ တစ်ဦးဟု ကြေညာကာ လူမှုရေး၊ ယဉ်ကျေးမှုနှင့် မီဒီယာ ကဏ္ဍများတွင် ယခင်ထက် လွတ်လပ်ခွင့် ပေးအပ်သွားမည်ဟူသော ကတိဖြင့် ကွန်ဆာဗေးတစ်တို့ကို အနိုင်ရလာသူ ဖြစ်သည်။

သို့သော်လည်း ၎င်း၏ အစိုးရအဖွဲ့သည် ရှေးရိုးစွဲ ဝါဒီများနှင့် ကွန်ဆာဗေးတစ်တို့၏ အတိုက်အခံ ပြုမှုများကြောင့် တရားစီရင်ရေး အပါအဝင် အရေးပါသော အပြောင်းအလဲများကို လက်တွေ့ အကောင်အထည်ဖော်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်။ မေလအတွင်းကလည်း အီရန်တွင် အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော် ရေးသားမှုများအတွက် လူ(၈)ဦးကို ထောင်ဒဏ် (၇)နှစ်မှ နှစ်(၂၀)ထိ ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရှိရသည်။

_Ref: Channelnewsasia
7Day News Daily