ဗိုလ်ချုပ်ရုပ်ရှင်ကြောင့် မြန်မာတွေ တစ်သက်လုံး ဂုဏ်မငယ်စေရဘူး

ပို့စ်တင်ချိန် - 8/06/2014 08:45:00 AM



မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရိုက်ကူးမယ့် “အောင်ဆန်း” ရုပ်ရှင်ကား ရိုက်ကူးရေးဟာ မစတင်နိုင်ဘဲ အချိန်တွေကြာမြင့်ခဲ့ပါတယ်။ လာမယ့် ဖေဖော်ဝါရီ ၁၃ရက်မှာ ဗိုလ်ချုပ်ရဲ့မွေးနေ့ နှစ် ၁ဝဝပြည့်မယ့် ရာပြည့်အတွက် ရည်စူးရိုက်ကူးမယ့် ဒီဇာတ်ကား ဘယ်တော့တကယ်စတင်နိုင်မှာလဲ။

ဗိုလ်ချုပ်ရုပ်ရှင် စတင်ရိုက်ကူးမယ့်ရက်ကို အများပြည်သူတွေကို ဆွဲဆောင်မှုရှိစေဖို့အတွက် ရုပ်ရှင်ကားထဲက အကောင်းဆုံး ဇာတ်ဝင်ခန်းတစ်ခန်းကို ပထမဆုံးရိုက်ကူးထုတ်လုပ်ပြီး တစ်နိုင်ငံလုံးကို တပ်လှန့်အသိပေးမယ်လို့ လူရွှင်တော် ဇာဂနာက သြဂုတ် ၃ရက်နေ့က ပြောဆိုခဲ့ပါတယ်။ ဘယ်ဇာတ်ဝင်ခန်းကို စရိုက်မလဲဆိုတဲ့ အသေးစိတ်ကိုတော့ သြဂုတ် ၉ရက်နေ့နောက်ပိုင်းမှ အသေးစိတ်ပြောမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။



ဗိုလ်ချုပ်ရုပ်ရှင်ကို အချိန် ၂နှစ် ၃နှစ်အတွင်း အပြီးသတ်ရိုက်ကူးဖို့ဆိုတာ စိတ်ကူးယဉ်ဆန်ပေမယ့် လာမယ့်နှစ် ဗိုလ်ချုပ်ရဲ့ ရာပြည့်မွေးနေ့အမီ ပိတ်ကားပေါ်တင်နိုင်ဖို့ မဖြစ်မနေ ကြိုးစားကြမယ်ဆိုတဲ့စိတ်နဲ့ လုပ်ဆောင်နေပြီး ပြည်တွင်းက အနုပညာသမားတွေနဲ့ချည်း ရိုက်ကူးမှာမို့ မြန်မာလူမျိုးတွေ ဒီကားကြောင့် တစ်သက်လုံး ဂုဏ်မငယ်စေရဘူးလို့ ဇာဂနာက အာမခံလိုက်ပါတယ်။

မြန်မာ့သမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို နှစ်အတန်ကာ ဖျောက်ဖျက်ထားပြီး ဗိုလ်ချုပ်မရှိခဲ့သယောင် ဖန်တီးထားတဲ့ အခြေအနေတွေကြောင့် နိုင်ငံ့ဖခင်ကြီးနဲ့ပတ်သက်တဲ့ သမိုင်းအထောက်အထား၊ မှတ်တမ်းအဖြစ် ချန်ထားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီကို ၂ဝ၁၁ ဒီဇင်ဘာ ၃ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ကနဦး စတင်ဖွဲ့စည်းခဲ့ပြီး ကော်မတီရုံးခန်းကိုတော့ ၂ဝ၁၂ ဖေဖော်ဝါရီ ၁၃မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ပြည်ပ ရုပ်ရှင်ပညာရှင်တွေကို တာဝန်ပေး ရိုက်ကူးစေမယ်ဆိုတဲ့ မူလရည်ရွယ်ချက်ဟာ ဒီကော်မတီရေးသားတဲ့ ဇာတ်ညွှန်းဟာ ရုပ်ရှင်မဆန်ဘဲ မှတ်တမ်းကားဆန်တာကြောင့် နိုင်ငံတကာ ကျွမ်းကျင်သူတွေက ရိုက်ကူးဖို့ မဖြစ်တော့လို့ ကော်မတီဝင်တွေနဲ့ပဲ ရိုက်တော့မယ်ဆိုတဲ့အခြေ ရောက်ခဲ့ပါတယ်။

အနုပညာအရ ပရိသတ်စိတ်ဝင်စားအောင် Drama ဆန်ဆန် ရိုက်တာထက် သမိုင်းဆိုင်ရာ နှုန်းစံတန်ဖိုးအရ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပင်ကိုထူးခြားတဲ့ စရိုက်တွေပေါ်အောင် ရိုက်ချင်တာကြောင့် နိုင်ငံတကာက လက်ခံနိုင်တဲ့ ရုပ်ရှင်ကားဖြစ်လာဖို့ စိန်ခေါ်မှုက သိပ်ကြီးမားပါတယ်လို့ မင်းထင်ကိုကိုကြီးက ပြောပါတယ်။

kamayut media