သွားကြားထိုးတန် စူးရာကနေ HIV ကူးစက် တတ်ပါသလား(ဗဟုသုတအနေဖြင့် ဖတ်ထားသင့်သည်)

ပို့စ်တင်ချိန် - 1/01/2013 06:30:00 AM




မေး။ ။ HIV ပိုက သွားကြားထိုးတန်ကို တက်နင်းမိပြီး ဆူးရာကနေ ကူးစက်တတ်ပါသလား ... HIV ပိုးဟာ အပြင်မှာ ဘယ်လောက်ထိ အသက်ရှင်နိုင်ပါသလဲ .. သိချင်လို့ပါ... ကျွန်တော် သွားကြားထိုးတန်တစ်ခုကို တက်နင်းမိပြီး ဆူးခဲ့ပါတယ် ... စိတ်ထဲမှာ သွားကြားထိုးတံဆိုတော့ စိုးရိမ်မိလို့ပါ ... ဘယ်လိုလူက ထိုးတဲ့ သွားကြားထိုးတံမှန်း မသိတော့ ဘာရောဂါ ပါမယ်ဆိုတာ မသိနိုင်လို့ပါ ... အထူးသဖြင့် HIV ပိုးပါမှာ စိုးရိမ်မိနေလို့ပါ .. ကျေးဇူးပြုပြီး ပြန်ဖြေပေးပါ ခင်ဗျာ ...

ဖြေ။ ။ HIV ပိုးက သွားကြားထိုးတံမှာ အသက်ရှင်နေထိုင်ဖို့ အလွန်မှ ခဲယဉ်းတယ်လို့ ဆိုပါရစေ။ HIV ပိုးက လူ့ခန္ဓာကိုယ် အပြင်ဘက်မှာ အသက် ဘယ်လောက်ရှင် နေနိုင်သလဲ ဆိုတာကို အခုချိန် အထိ ပညာရှင်တွေက အတိအကျ မပြောပြနိုင်သေး ပါဘူး။

ဘာကြောင့်လဲဆိုတော့ HIV ပိုးက လူ့ကိုယ်ပြင်ပမှာ ဘယ်လို ကြားခံ ပတ်ဝန်းကျင် အခြေအနေနဲ့ ရှိနေသလိုဆိုတာ မူတည်ပါတယ်။ ဥပမာ HIV ပိုးပါတဲ့ သွေးတစ်စက်က ကားလမ်းမပေါ် ကျတယ်ဆိုပါစို့။ ဒါဆိုရင် ဒီသွေး တစ်စက်က ပြင်ပ အပူချိန်ကြောင့် အမြန်ခြောက်သွားရင် ပိုးလည်း သေသွားနိုင် ပါတယ်။ အဲဒီသွေးက အဲယားကွန်းရှိတဲ့ အခန်းထဲမှာ ကျနေတယ် ဆိုရင်တော့ အခန်းက အေးနေတော့ သွေးလဲ ခဲနေနိုင်ပြီး ပိုးအတွက် အသက်ရှင်ဖို့ အချိန်နည်းနည်း ပိုရမှာပါ။ HIV ပိုးက အေးခဲထားတဲ့ သွေး ခဲတွေ၊ သွေးအိတ်တွေမှာ ရက်ပိုင်းအထိ အသက်ရှင်နေနိုင်ပါတယ်။ အထူးသဖြင့် သွေးဘဏ်တွေမှာပေါ့။ ဒီတော့ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး ပိုးရဲ့ ရှင်သန်မှုကို မှန်းဆရလို့ HIV ပိုးရဲ့ ကိုယ်ပြင်ပက သက်တမ်းကို အခုအထိ မတွက်ပြနိုင်သေးတာပါ။

မိတ်ဆွေမေးတဲ့ ဥပမာက သွားကြားထိုးထံ အကြောင်း စဉ်းစားကြည့်ရအောင်။ သွားကြားထိုးတံမှာ HIV ပိုးပါတဲ့ သွေးတွေ စွန်းတယ်ဆိုပါစို့။ ဒီသွားကြား ထိုးတံက လမ်းပေါ်မှာ ကျနေရင်၊ သို့မဟုတ် ထိုင်ခုံမှာ ကျနေတယ် ဆိုရင် မိနစ်ပိုင်းအတွင်း ဒီသွေးက ခြောက်သွားနိုင်ပါတယ်။ သွားကြား ထိုးတံကလည်း အရွယ်သေးတော့ သွေးခြောက်တာလည်း မြန်နိုင်ပါတယ်။ သွေးခြောက်သွားရင် အထဲက HIV ပိုးလည်း အသက်ရှင်ဖို့ မလွယ်တော့ ပါဘူး။ ဒါကြောင့် သွားကြားထိုးတံကို ဆူးရင် HIV ပိုး ကူးဖို့ဆိုတာ အလွန်မှ ဖြစ်ဖို့ ခဲယဉ်းတဲ့ ကိစ္စပါ။ ဒီလောက်ဆို ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...

လမင်းကို

[မေးသူရဲ့ ဆက်လက် ပြောကြားချက်] ကျေးဇူး အရမ်းတင်ပါတယ် ခင်ဗျာ။ ကျွန်တော ဆူးခဲ့တဲ့ သွားကြားထိုးတံက လမ်းဘေး ပလက်ဖောင်း အုပ်ခုန်ပေါ်မှာပါ ခင်ဗျာ။ နေကလဲ ၁၂ ၀န်းကျင်နေ ဆိုတော့ တော်တော် ပူပါတယ်။ ဒီကနေ့ ကျွန်တော် အဲဒီ သွားကြားထိုးတံကို သွားရှာဖွေခဲ့ ပါတယ် သူက ခါးလည်က ကြိုးနေတယ်ဆိုတာ သတိထားမိတော့ လွင့်ပစ်မိတဲ့နေရာမှာပဲ ပြန်တွေ့ပါတယ်။ သွေးစလဲ မတွေ့ရ ပါဘူး။ ဟောင်းလဲ တော်တော် ဟောင်းနေပြီဆိုတော့ ယ္ခု ဆရာပြောပြပုံနဲ့ဆို လုံးဝ မဖြစ်နိုင်တော့ဘူးလို့ တွေးမိတဲ့အတွက် စိတ်လဲ ရှင်းသွားပါပြီခင်ဗျာ။ အလုပ်ထဲလဲ စိတ်နှစ်လို့ ရသွားပါပြီခင်ဗျာ။
By HIM
Myanmaalinn