အစိုးရပိုင် မြေအဖြစ် သတ်မှတ်ခံထားရသော နေအိမ်အား တာဝန်ရှိသူများက ၀င်ဖျက်၍ ရွှေ့ပြောင်းခိုင်း

ပို့စ်တင်ချိန် - 7/03/2013 09:45:00 AM

                        ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် နေအိမ်အား တာဝန်ရှိသူများမှ ရွေ့ဖျက်မှု ပြုလုပ်နေစဉ်
အစိုးရပိုင် မြေအဖြစ် သတ်မှတ်ခံထားရသော မုံရွာမြို့ အိုးဘိုတောင်ကွက်သစ် မြ၀တီရပ်ကွက် နယ်မြေ (၆) ရှိ ဦးရွှေရ (ခ) ကျောက်ခဲနေထိုင်သည့် အိမ်အမှတ် ၆၊ ၁၄၉ နေအိမ်ဝင်းကို ဇူလိုင် ၂ ရက် နံနက် ၉ နာရီခွဲ ခန့်က ဒေသအာဏာပိုင်များ သဘောတူညီမှုဖြင့် နေအိမ်ရွှေ့ဖျက်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ "မနက်ပိုင်းမှာ မုံရွာမြို့က မြို့မိမြို့ဖ ဦးလှဟန်နဲ့အဖွဲ့  ရောက်လာပြီး နေအိမ်ဖျက်ဖို့ လာညှိပါတယ်။ ရွှေ့ရမယ့် နေရာကလည်း တောင်ဘက်နားမှာလို့ သိရတယ်။ အိမ်ကို သူတို့ဆောက်ပေးမယ်လို့ ပြောပါတယ်။ အိမ်ဆောက်ဖို့အတွက် သစ်လည်းချပေးမယ်လို့ ပြောတယ်။ ရေဘုံပိုင်လည်း တူးပေးမယ်။ အဖေ့ကိုလည်း ထောင်ကလွှတ်ပေးမယ်လို့လည်း ပြောပါတယ်။ ကျွန်တော်လည်း အိမ်မှာတစ်ယောက်တည်းရှိလို့  အစ်မတိုင်ပင်ရဦးမယ်လို့ ပြောပေမယ့် သူတို့က သဘောမတူရင် ပြန်သွားမှာလို့ ပြောခဲ့ပါတယ်။ နောက်တော့ မနက် ၉ နာရီခွဲလောက်မှာပဲ စည်ပင်၊ မီးသတ်အဖွဲ့တွေနဲ့ အိမ်ဖျက်ကြတယ်။ အဖေ့မှာက သွေးတိုးရှိတော့ ထောင်ထဲမှာ ကျန်းမာရေးအတွက် ပူပန်မိတယ်" ဟု နေအိမ်ရွှေ့ဖျက်နေသည့် အိမ်ပိုင်ရှင် ဦးကျောက်ခဲ၏ သားဖြစ်သူ ကိုဇင်မျိုးအောင်က ပြောကြားသည်။
ဇူလိုင် ၁ ရက်က အထက်မြန်မာပြည် မြေနှင့်အခွန် နည်းဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေ ၆၉ (၂) အရ အလုပ်နှင့်ထောင်ဒဏ် တစ်လ ကျခံရစေရန် မုံရွာမြို့နယ် တရားရုံးက အမိန့်ချမှတ်ခံရသူ ဦးကျောက်ခဲတွင် ဇနီးဖြစ်သူ ဒေါ်ခင်ရီ၊ သမီးမညိုမာနှင့် သားဖြစ်သူ ဇင်မျိုးအောင်တို့ သုံးဦးရှိကြောင်း သိရသည်။
အိမ်ကို သူတို့ဆောက်ပေးမယ်လို့ ပြောပါတယ်။ အိမ်ဆောက်ဖို့အတွက် သစ်လည်းချပေးမယ်လို့ ပြောတယ်။ ရေဘုံပိုင်လည်း တူးပေးမယ်။ အဖေ့ကိုလည်း ထောင်ကလွှတ်ပေးမယ်လို့လည်း ပြောပါတယ် . . . . .
မုံရွာမြို့ အိုးဘိုတောင်ကွက်သစ် မြ၀တီရပ်ကွက် နယ်မြေ ၆ ရှိ ဦးရွှေရ (ခ) ကျောက်ခဲနေထိုင်သည့် အိမ်အမှတ် ၆၊ ၁၄၉ နေအိမ်ဝင်းကို အစိုးရပိုင် မြေနေရာ ဖြစ်သဖြင့် ၁၅ ရက်အတွင်း ဖယ်ရှားပေးရန်နှင့် ဖယ်ရှားခြင်း မပြုပါက အထက်မြန်မာပြည် မြေနှင့်အခွန်နည်း ဥပဒေ ၆၉ (၂) အရ တရားရုံးတွင် တရားစွဲဆို ခံရမှာဖြစ်ကြောင်း ပြီးခဲ့သည့် မေ ၃၁ ရက်က ကော်လိတ္တော် အရာရှိခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ (မုံရွာ) လက်မှတ်ဖြင့် အကြောင်းကြားစာ စတင်ရောက်လာကြောင်း သိရသည်။

Eleven