ပန်းကြာဝတ်မှုန် ဇာတ်ကားနှင့်ပတ်သတ်ပြီး စင်ရော်မောင်မောင်သို့ အိတ်ဖွင့်ပေးစာ

ပို့စ်တင်ချိန် - 7/03/2013 09:41:00 AM


ကိုစင်ရော်၊ ခင်ဗျားဟာလေ မိုက်တာမှ တော်တော်လေးကို မိုက်တယ်ဗျာ။ အရင်းမရှိ၊ အဖျားမရှိ မိုက်တယ် ပြောနေတာ ဘာပါလိမ့်လို့ ကို စင်ရော်တွေးနေရင် ဘာကို ပြောနေတာ လဲဆိုတာ ကျွန်တော်ရှင်းပြမယ်။
ကိုစင်ရော် ဖိတ်လို့ ပန်းကြာ ဝတ်မှုန် VIP ရှိုးပွဲကို ၁၂.၆.၂ဝ၁၃ က သမ္မတရုံမှာ သွားကြည့်ပြီး ပြန် အလာမှာ ပန်းကြာဝတ်မှုန် နဲ့ ခင်ဗျား အပေါ် ကျွန်တော့်ရဲ့ ခံစားချက် ကို ပြောတာဗျ။ ကျွန်တော်လည်း ရုပ်ရှင် ပြီးမှပဲ ကိုစင်ရော်နဲ့ မန္တလေး အကြောင်း ဟိုရောက်၊ ဒီရောက် စကားပြောတော့မယ်လို့ စဉ်းစား လိုက်မိပြီး နှစ်ပေါင်း များစွာ မရောက် ခဲ့တဲ့ သမ္မတရုံရဲ့ထိုင်ခုံမှာ ထိုင်လိုက်ပြီး ရုပ်ရှင် ကြည့်လိုက်ပါတယ်။ စကြည့် ကတည်းက ပန်းကြာဝတ်မှုန် ဇာတ် ကားထဲမှာ လုံးလုံးကို နစ်မျောလွင့်ပါ သွား မိပါတော့တယ် ကိုစင်ရော်ရယ်။
ခင်ခင်ထူး နဲ့ နေဝင်းမြင့်ဆိုတာ က ကျွန်တော့်ရဲ့ အသည်းစွဲ စာရေး ဆရာတွေလေ။ ကျွန်တော့် ဖေးဗရိတ် ခင်ခင်ထူး ရဲ့ဝတ္ထုနဲ့ နေဝင်းမြင့် ရဲ့ ဇာတ်ညွှန်း ကလည်း ရှယ် ပဲ။ အဲဒီ ပန်းကြာဝတ်မှုန် ဝတ္ထုနဲ့ ဇာတ်ညွှန်းကို ခင်ဗျား ဘယ်လိုများ ခံစားတင်ပြ လိုက်ပါလိမ့်လို့ တွေးမိတယ်။ ခင်ဗျား ရဲ့ ပန်းကြာဝတ်မှုန် ကိုကြည့်ပြီး ကျွန် တော် တကယ့်ကို အကြီးအကျယ် ဟတ်ထိ ခံစားမိတယ်ဗျာ။ ရုပ်ရှင်ပြီးသွားမှာကို ကျွန်တော်ကြောက်နေ တယ်။ သိပ်ကိုကျေနပ်မိတယ်။
ဒီရုပ်ရှင် ကတော့ မကြည့် မဖြစ် ကြည့်ရမယ့် ရုပ်ရှင် ဇာတ်ကားဖြစ် နေတယ်လို့ ခံစားမိတော့ ဌာနက လူ အားလုံးကို ပန်းကြာဝတ်မှုန် ရုံတင် တဲ့နေ့မှာ ငါလက်မှတ် ဝယ်ပြီး အားလုံး ကို ရုပ်ရှင်ပြမယ်လို့ ပြောလိုက် တော့ ကျွန်တော်နဲ့အတူ VIP ရှိုးကို ကြည့်တဲ့ တပည့်ရေးချယ်က “ဆရာကြီး.. သမီး ပန်းကြာဝတ်မှုန် မကြည့်တော့ဘူး” လို့ပြောပါတယ်။ အဲဒါနဲ့ ကျွန်aတ်ာက ကျွန်တော့်တပည့်ဖြစ်တဲ့ လူစီကို တိုးတိုးတိတ်တိတ် နဲ့ ရေးချယ် ဘာဖြစ်လို့ ပန်းကြာ ဝတ်မှုန် မကြည့်aတာ့ဘူး လို့ပြောတာ လဲလို့ မေး ကြည့်လိုက်ပါတယ်။ “ရေးချယ် ဒီနေ့ မနက် ဆရာကြီးနဲ့ အတူ ပန်းကြာဝတ်မှုန် ရုပ်ရှင်ကို ကြည့်ပြီး သူတော်တော် ခံစား သွားရတယ်။ အဲဒီ ရုပ်ရှင်က သူ့ရဲ့ စိတ်ကို သိပ်လှုပ်ရှား ရိုက်ခတ်သွားတော့ သူ ပန်းကြာဝတ်မှုန်ကို ထပ်မကြည့်ရဲတော့ဘူး” လို့ လူစီက ပြောပါတယ်။ စင်ရော်မောင်မောင် ရဲ့ တင်ပြချက်က သိပ်ကောင်း လွန်း တာကြောင့် ရေးချယ် သိပ်ခံစား သွားရတယ်တဲ့။ ဒါကြောင့် သူ ပန်းကြာဝတ်မှုန် ကို နောက်တစ်ခါ မကြည့်ရဲတော့တာတဲ့။ သူတို့ တစ်တွေ ပန်းကြာ ဝတ်မှုန် ဇာတ်ကား ကို ကြည့်ပြီး ဘယ်လောက်တောင် ခံစား ရတယ် ဆိုတာကို ကျွန်တော်ကိုယ်ချင်း စာနားလည်မိပါတယ် ကိုစင်ရော်ရယ်။
ပန်းကြာဝတ်မှုန် ဘာလို့ ဒီ လောက်ကောင်းသလဲ ဆိုတော့ အဓိက ခံစားတင်ပြတဲ့ ကိုစင်ရော် ရဲ့ အနုပညာ စွမ်းပကားကြောင့်ဖြစ် သလို ကိုစင်ရော် နဲ့ အတူ တွဲဖက်ပါဝင် တဲ့ ပရိုဂျူဆာ၊ ဓာတ်ပုံ၊ အသံ၊ တေးဂီတ၊ ခေတ်မီ ရုပ်ရှင်ရိုက်ကူးရေး စနစ် တွေကြောင့် ဆိုတာကိုလည်း ကျွန်တော် သဘောပေါက် မိပါတယ်။ ကျွန်တော် ပန်းကြာ ဝတ်မှုန် ကို စွဲလမ်းနစ်မျော သွားရတဲ့ နောက်ထပ် အကြောင်း တစ်ခု ကတော့ သရုပ်ဆောင်တွေပါ။ အဓိက ပါဝင် သရုပ်ဆောင်သွားတဲ့ နိုင်းနိုင်း နဲ့ သက်မွန်မြင့်ဟာ တကယ့် ကို အသက်ပါ၊ သဘာဝကျ၊ အပိုအလို မရှိ ကောင်းမှ ကောင်းပဲ။ နိုင်းနိုင်းရဲ့ ပန်းကြာဝတ်မှုန် ထဲက သရုပ်ဆောင်ပုံ ဟာ ကျွန်တော့် ရင်ထဲမှာ စွဲသွားစေ ပါတယ်။ သက်မွန်မြင့် ကလည်း အရင် ကျွန်တော်ကြည့်ဖူးတဲ့ ကားတွေထဲက သက်မွန်မြင့် နဲ့မတူ တစ်မူထူးပြီး သရုပ်ဆောင်တာ ကောင်းလှပါတယ်။ သူတို့နဲ့အတူ ပါဝင် သရုပ်ဆောင်သွား တဲ့ ရဲအောင်၊ ဖြိုးငွေစိုး၊ မင်းထက် ကျော်ဇင်၊ စည်သူမောင်၊ ကျော်ကျော်  ပိုင်မှူး၊ မေကဗျာ၊ သင်းသင်းယုလှိုင်၊ သီရိရှင်းသန့်၊ ဟေမာန်အောင် အောင်၊ ခင်လေးနွယ်၊ မေချိုသော်၊ အောင်အောင် (မြင်စိုင်းသား) တို့က လည်း သူ့နေရာနဲ့သူ အကွက်ကျကျ ဆိုသလို သရုပ်ဆောင်သွားကြတာဗျ။
ရုပ်ရှင်ကို စကြည့်လိုက်ကတည်း က ရုပ်ပုံတွေ ကြည်ရှင်းပြီး High Definition ပဲ။ အသံတွေကလည်း တော်တော်ကို ပီပြင်ပြီး ခြေလှမ်းသံ၊ သစ်ရွက်ကြွေသံ ၊ လေတိုးသံ၊ လှိုင်း ပုတ်သံတွေ ဟာလည်း အရင်တုန်းက ကျွန်တော် ကြည့်ခဲ့ဖူး၊ သိခဲ့ဖူးတဲ့ မြန်မာ ဇာတ်ကားတွေနဲ့မတူ ဘယ်လို ကောင်းနေမှန်း မသိဘူးဗျာ။
 မြင်ကွင်းတွေ ရွေးထားတာက လည်း မန္တလေးသား ကျွန်တော့်ရဲ့ နှလုံးသားကို ကိုင်လှုပ်သလို စွဲ ဆောင်နိုင်ခဲ့ပါတယ်။ နောက် ကျွန်တော် ကြိုက်တာ ရှိသေးတယ်ဗျ။ အဲဒါ ကတော့ မြင်ကွင်းတွေ၊ ရိုက်ကွက် တွေမှာ သူ့နေရာနဲ့ သူ နောက် က ဖန်တီး ထားတဲ့ အသံတွေ၊ ဂီတတွေ၊ သီချင်းတွေက ဘယ်လိုပြော ရမှန်း မသိ လောက်အောင် ကြိုက်တယ်ဗျာ။
ဒီလိုအနုပညာ နောက်ခံ ဖန်တီး မှုတွေ နဲ့အတူ ပန်းကြာဝတ်မှုန် ဇာတ်ကားကို ခင်ဗျား ခံစားတင်ပြ တာက သိပ်မိုက်လွန်းတယ်။ ကျွန် တော် ကိုယ်တိုင် ရုပ်ရှင်ထဲမှာ ဇာတ် ကောင်တွေ နဲ့အတူ ပါသွားသလို ခံစားရပြီး အိပ်မက် မက်နေသလား၊ ရုပ်ရှင်လား၊ တကယ်လား ဘာမှကို မသိ ဘဲခံစားမိခဲ့တယ်ဗျာ။ ပန်းကြာ ဝတ်မှုန် ဇာတ်ကား ကြီး ကို ကြည့်နေရင်း နဲ့ ဒီဇာတ်ကားက တော့ လက်ရှိ မြန်မာကားတွေရဲ့ အဆင့်ကို ကျော်လွန်ပြီး မြန်မာ့ ရုပ်ရှင် သမိုင်းမှာ ခေတ် တစ်ခေတ်ကို ရောက်အောင် ကိုစင်ရော် ဖန်တီး လိုက်ပြီလို့ ပြောချင်စိတ်တွေ တဖွား ဖွားပေါ်လာပါတယ်။ ရုပ်ရှင်ပြီး တော့ ဒီ ဇာတ်ကားဟာ ဘာလို့ဒီ လောက်တောင် အရောင်အသွေး၊ အသံတွေ အဆင့်မြင့် တာလဲလို့ မေးကြည့်လိုက်တော့မှ ကိုစင်ရော်က Sound System၊ Music၊ Sound Effect တွေအားလုံးကို နောက်ဆုံး ပေါ် Digital 5.1 စနစ် နဲ့ ထုတ်လုပ် ထားတယ် ဆိုတာ သိရပါတော့တယ် ကိုစင်ရော်ရယ်။
ဒီလိုဇာတ်ကားကြီးကို စွန့်စွန့်စားစား ငွေကုန်ကြေး ကျခံပြီး ထုတ်ရဲတဲ့ ချင်းတွင်း ရုပ်ရှင်ကိုလည်း ဒီ နေရာကနေ မှတ်တမ်းတင် ချီးမွမ်း လိုက်ချင်တယ်ဗျာ။ ပရိုဂျူ ဆာ ဒေါ်အေးစုကြည် ကိုလည်း ဒီလို ဇာတ်ကား အခံ့စား၊ အကောင်းစားကြီးတွေ ဆက်ထုတ်ပေးပါလို့ မေတ္တာရပ်ခံ လိုက်ချင်ပါသေးတယ်။ ကျွန်တော်သာ ဆုတွေပေး ခွင့် ရမယ်ဆိုရင် တော့ ပန်းကြာဝတ်မှုန် ဇာတ်ကားကြီး ကို ဇာတ်ကား၊ ဒါရိုက်တာ၊ ဓာတ်ပုံ၊ သရုပ်ဆောင် နိုင်းနိုင်း နဲ့ သက်မွန်မြင့်၊ အသံနဲ့ ဂီတဆုတွေကို ပေး လိုက် မိတော့ မှာပဲ ကိုစင်ရော်ရယ်။
ပန်းကြာဝတ်မှုန်လို တကယ့် နိုင်ငံတကာ အဆင့်မီ ဇာတ်ကားကြီး ကို ထုတ်လိုက်တဲ့ ကိုစင်ရော်တစ် ယောက် အနုပညာ လမ်းခရီးမှာ ဘာ အခက်အခဲတွေ၊ ဘယ်လို အတား အဆီးတွေကို ရင်ဆိုင်ရ၊ ရင်ဆိုင်ရ စိတ်ဓာတ် မကျဘဲ တစ်စိုက်မတ်မတ် ခွန်နဲ့အားနဲ့ ဆက်လျှောက်ဖို့ တိုက် တွန်းအားပေး ချင်သေးတယ်ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ ခင်ဗျားကို ချစ် တဲ့၊ ခင်ဗျား ခံစားတင်ပြချက်တွေကို သိပ်ပြီး နားလည် သဘောကျ လက်ခံ ပြီး ခံစား အားပေးတဲ့ ခင်ဗျားရဲ့ပရိသတ် ပြည်သူ လူထုကြီး ရှိနေ လို့ပါ။ ဒါကြောင့် ကိုစင်ရော် ရဲ့အနုပညာ လုပ်ဆောင်ချက်တွေကို ခင်ဗျားကို ချစ်တဲ့၊ အသိအမှတ်ပြု ထောက်ခံအား ပေးတဲ့ ပြည်သူတွေ အတွက်လို့ စိတ်ထဲမှာ စွဲပြီး ဆက်လုပ် သွားပါလို့ တိုက်တွန်းလိုက်ချင်ပါတယ်။
ကိုစင်ရော်တစ်ယောက် ထာဝရ အောင်မြင်ပါစေ။
ပါမောက္ခ ခင်မောင်ဝင်း (အသည်း)
မှတ်ချက်- ကျွန်တော် ဒီလောက်တောင် ပန်းကြာဝတ် မှုန် ရုပ်ရှင်ကို ဇာချဲ့ အမွှမ်း တင်နေတာဟာ ကိုစင်ရော် နဲ့ရင်းနှီးလို့၊ ကိုစင်ရော် က ဒါမှမဟုတ် တစ်စုံ တစ်ယောက်က ပန်းကြာဝတ်မှုန် အကြောင်း ရေးပေးပါ  ပြောလို့ရေး တာ လုံးဝမဟုတ်ပါ။ ကျွန်တော်ဟာ ဘယ်တော့မှ သူများပြောလို့ တစ်စုံ တစ်ခု အကြောင်း ရေးမယ့် သူတစ်ယောက် မဟုတ်ပါ။ ကျွန်တော့် ရင်ထဲမှာ ပန်းကြာဝတ်မှုန် ရုပ်ရှင် ဇာတ်ကားကြီးကို ကြည့်ပြီး တကယ့်ကို စိတ်ထဲမှာ ခံစားကျေနပ်၊ နှစ်သက် အားရမိလို့  မြန်မာ့ ရုပ်ရှင် အဆင့်အတန်း တိုးတက်ပြီး ကမ္ဘာ့ အလယ်မှာ ဝင်ရောက် နေရာယူနိုင်စေဖို့ ဆိုတဲ့ စိတ်တွေပေါ်လာလို့ ဒီစာကို ရေးဖြစ်တယ် ဆိုတာ အမှန် တကယ် ရိုးသား စွာပြောလိုက်ချင်ပါတယ်။

Popular Myanmar