မြန်မာနိုင်ငံမှ ပေးချေရန်ရှိသော ချေးငွေ ယူရို ၁ ဒသမ ၁ ဘီလျံအနက် သန်း ၅၅၀ ကျော်အား ပြင်သစ်ပယ်ဖျက်

ပို့စ်တင်ချိန် - 8/01/2013 01:33:00 PM


ပြင်သစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ ပေးချေရန် ရှိနေသော ကြွေးမြီ ယူရို ၁ ဒသမ ၁ ဘီလျံအနက် သန်း ၅၅၀ အား ပယ်ဖျက်ပေးလိုက်ကြောင်း ဇူလိုင် ၃၁ ရက်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ပြင်သစ်ကုန်သွယ်ရေးဝန်ကြီး Nicole Bricq က ပြောကြားသည်။

"ဒီနေ့မနက်မှာပဲ နေပြည်တော်မှာ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနနဲ့ နားလည်မှု စာချွန်လွှာ ရေးထိုးပြီးတော့ မြန်မာနိုင်ငံကနေပြီး ပြင်သစ်နိုင်ငံကို ပေးချေဖို့ရှိတဲ့ ကြွေးမြီ ၁ ဒသမ ၁ ဘီလျံထဲက ထက်ဝက်ဖြစ်တဲ့ သန်း ၅၅၀ ကို ပယ်ဖျက်ပေးလိုက်ပါတယ်။ ဒါဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာ မြန်မာနိုင်ငံနဲ့ ပထမဦးဆုံး စာချွန်လွှာ ရေးထိုးခြင်းပါပဲ။ ကျန်ရှိနေတဲ့ ကြွေးမြီတွေကိုတော့ အတိုးနှစ်ရာခိုင်နှုန်း ၀န်းကျင်နဲ့ သတ်မှတ်ပြီးတော့ ၁၅ နှစ်အတွင်းမှာ ပြန်လည်ပေးဆပ်နိုင်ဖို့ ကတိက၀တ် ပြုထားခဲ့ပါတယ်" ဟု ၎င်းကဆိုသည်။

ဇူလိုင် ၃၁ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ကိစ္စများနှင့် ပတ်သက်၍ ပြင်သစ်ကုမ္ပဏီများ အနေဖြင့် တာဝန်ယူမှု အပြည့်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်အတူ သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကျွမ်းကျင်မှုအတွက် လိုအပ်သော သင်တန်းများ ပေးသွားမည်ဖြစ်ကြောင်း၊

မြန်မာနိုင်ငံ လူ့အဖွဲ့အစည်း တိုးတက်မှုအတွက်သော် လည်းကောင်း၊ အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် အခွင့်အလမ်းများအတွက် လည်းကောင်း ပြင်သစ်နိုင်ငံ အနေဖြင့် ကူညီပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု ပြင်သစ်ကုန်သွယ်ရေး ၀န်ကြီးက ပြောကြားသည်။

Eleven Media Group