ကမ်းဝေးငါးဖမ်းခြင်းမပြုရန် မုန်တိုင်းသတိပေး

ပို့စ်တင်ချိန် - 8/01/2013 06:10:00 PM


ရန်ကုန်၊ ဇူလိုင် ၃၁

အိန္ဒိယနိုင်ငံ ကိုလ်ကတ္တတားမြို့ အနောက်တောင်ဘက် မိုင် ၂၄၀ အကွာ ပင်လယ်ပြင်ကို ဗဟိုပြုဖြစ်ပေါ်နေသော မုန်တိုင်းငယ်ကြောင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်တွင် ကမ်းဝေး ငါးဖမ်းလှေများ ငါးဖမ်းခြင်းမပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။

အဆိုပါမုန်တိုင်းသည် အဝါရောင်အဆင့် ဖြစ်ပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ခြင်းမရှိ သော်လည်း မုန်တိုင်းငယ်၏ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်တွင် လေတိုက်နှုန်းမှာ တစ်နာရီမိုင် ၄၀အထိ တိုက်ခတ်နိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။

မုန်တိုင်းအရှိန်ကြောင့် ကမ်းဝေး ငါးဖမ်းလှေများကို ကမ်းကပ်ခိုင်းသည့် သတိပေးချက်များ ထွက်ပေါ်သော်လည်း ပင်လယ်ထွက်ဖမ်းသည့် လှေများလည်း ရှိကြောင်း ရခိုင်ပြည်နယ် စစ်တွေမြို့မှ
ပင်လယ်ငါးဖမ်းလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
"ကမ်းခိုကြတာ အစီး ၂၀ လောက် တော့ တွေ့တယ်။ ဒီတစ်ကြိမ်တော့ သိပ် စိုးရိမ်စရာမရှိဘူး ထင်တယ်။ လေတိုက်နှုန်း က တစ်နာရီ ၄၀ ဆိုတော့ ဒီဘက်က လူတွေက သိပ်မမှုကြတာလည်း ပါတယ်" ဟု ၄င်းကဆိုသည်။

ပြီးခဲ့သည့် မေလ ဒုတိယပတ်အတွင်း ကလည်း မဟာစင် ဆိုင်ကလုန်းမုန်တိုင်း ကြောင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ အလုပ်အကိုင်ပျက်ကာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည်။
The Voice Weekly