အကြမ်းဖက်သမားတွေ လက်ပိုင်ကြည့်နေရင် ကြီးမားတဲ့ ပဋိပက္ခနဲ့ကြုံတွေ့ရနိုင်

ပို့စ်တင်ချိန် - 8/21/2013 04:37:00 PM


မြန်မာနိုင်ငံအနေနဲ့ မွတ်ဆလင် ဆန့်ကျင်ရေး လှုံ့ဆော်တာတွေကို ကိုင်တွယ်အရေးယူရမှာဖြစ်ပြီး၊ ဘာသာရေး အကြမ်းဖက်တာတွေ အပေါ်လက်ပိုက်ကြည့်နေတတ်တဲ့ အစဉ်အလာကိုလည်း တိုက်ဖျက်ရမှာဖြစ်ကြောင်း၊ ဒီလိုမဟုတ်ရင်တော့ ကြီးမားတဲ့ ကပ်ဘေးအဆင့် ပဋိပက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရဖွယ်ရှိကြောင်း အမေရိကန် အခြေစိုက် PHR ခေါ် လူ့အခွင့်အရေးအဖွဲ့က သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်းလက်ရှိအခြေအနေဟာ ငြိမ်သက်နေပုံရပေမယ့် သင့်တော်လုံလောက်တဲ့ စုံစမ်းစစ်ဆေးမှု မရှိတာ၊ ပြဿနာရဲ့အကြောင်းရင်းတွေကို မကိုင်တွယ်တာတွေကြောင့် နောက်ထပ် ပဋိပက္ခတွေပေါ်ပေါက်လာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်၊ ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို ဘေးမဲ့ပေးထားသလို ဖြစ် နေတာကလည်း ဒီ့ထက်ကြီးမားတဲ့ရာဇ၀တ်မှုကြီးတွေ ဆက်လက်ပေါ်ပေါက်အောင် လမ်းခင်းပေးနေတာ ဖြစ် ပါတယ်၊

ဒီအနေအထားတွေကို မပြုပြင်ရင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကပ်ဘေးအဆင့် ပဋိပက္ခ အကြီးစားကြီးတွေ ပေါ်ပေါက်လာနိုင်တယ် လို့ PHR အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လက မိတ္တီလာမြို့မှာ အစ္စလမ်ကျမ်းစာသင်ကျောင်းတစ်ကျောင်းက ကျောင်းသားတွေနဲ့ဆရာတွေ (၂၀) ကျော်အပါအ၀င် မွတ်စလင်အများအပြား သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ပေါ်ပေါက်ခဲ့ပြီးတဲ့နောက်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana က ဒီ အကြမ်းဖက် မှုကို လုံခြုံရေးတပ်ဖွဲ့တွေက ဟန့်တားရှင်းလင်းဖို့နှောင့်နှေးနေတာဟာ ဒီဖြစ်ရပ်မှာ အာဏာပိုင်တွေ ပါဝင် ပတ်သက်နေဖွယ်ရှိတယ်ဆိုတာ ပြသနေတယ်လို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။

မစ္စတာ Quintana ရဲ့ မှတ်ချက်ကို သမ္မတ ဦးသိန်းစိန် က ငြင်းဆိုခဲ့ပါတယ်။ PHR လူ့အခွင့်အရေးအဖွဲ့ကလည်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ တိုက်ရိုက်အမိန့်ပေးတာတွေ၊ ရန်ပုံငွေ ထောက်ပံ့တာတွေ နဲ့ပတ်သက်ပြီး အထောက်အထား နည်းပါးလှပေမယ့် ပဋိပက္ခတွေအတွင်း ကျူးလွန်ပုံပုံစံ တွေကိုကြည့်ရင် ရဲဘက် နဲ့ စစ်ဘက်ဟာ အမိန့်အတိုင်း လိုက်နာခဲ့ကြတတယ်ဆိုတာ ပြောနိုင်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို အပြစ်တဲ့နေရာမှာလည်း ဖမ်းဆီးခံရသူတွေထဲမှာ မွတ်ဆလင် အရေအတွက် ပိုများပြီး၊ သူတို့ကို ချမှတ်တဲ့ ထောင်ဒဏ်တွေကလည်း ပိုပြီးကြီးလေးတယ်လို့ PHR အဖွဲ့ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး William Davis က ဘန်ကောက်မြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
RFA Burmese