ဟိုတယ်သို့ အမျိုးသမီးခေါ်အိပ်မိသူ ငွေကျပ် ၈၈ သိန်းဖိုးအခိုးခံရ

ပို့စ်တင်ချိန် - 8/01/2013 11:42:00 AM


ဇော်ဇော်ထွေး

ဟိုတယ်ခန်းအတွင်း အမျိုးသမီးတစ်ဦးအား ခေါ်ယူအိပ်စက်ရာမှ ကျပ် ၈၈ သိန်းတန်ဖိုးရှိ အသုံးဆောင် ပစ္စည်းနှင့် ငွေများခိုးယူခံရသဖြင့် ဇူလိုင်လ ၂၉ ရက်က ဗဟန်းရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

တိုင်တန်းသူသည် အသက် ၃၉ နှစ်အရွယ် ကုန်သည်တစ်ဦးဖြစ်ပြီး မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူဖြစ် ကြောင်း၊ ဇူလိုင် ၂၆ ရက်တွင် ဆရာစံလမ်းရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်စဉ် ယင်းဟိုတယ်မှ ဧည့်ကြိုကို အမျိုးသမီးခေါ်ခိုင်းသဖြင့် အသက် ၁၈ နှစ် အရွယ် မိန်းကလေးတစ်ဦးကို ခေါ်ပေးခဲ့ကြောင်း ကာယကံရှင်က ရဲကိုထွက်ဆိုထားပါသည်။

ထိုနေ့ည မိန်းကလေးနှင့်သူအတူတူ အိပ်ခဲ့ကြပြီး နံနက်သုံးနာရီခန့်တွင် အိပ်ပျော်သွားခဲ့သည်ဟု ရဲကို ၎င်းကဆက်လက်ထွက် ဆိုထားသည်။
နံနက်မိုးလင်း အိပ်ရာနိုးချိန်တွင်သူနှင့် အတူအိပ်ခဲ့သည့် မိန်းကလေးမှာမရှိတော့ဘဲ သူပိုင်ပစ္စည်းများ လည်းပျောက်ဆုံးနေခဲ့ကြောင်း ရဲဌာနတွင် တိုင်တန်းထားသည်။

ပျောက်ဆုံးနေသည့် ပစ္စည်းများမှာ အိုင်ဖုန်းတစ်လုံး၊ အိုင်ဖုန်းဖိုက်တစ်လုံး၊ စိန်များ တပ်ဆင်ထားသည့် ဆွစ်ဇာလန်နိုင်ငံထုတ် သိန်းခြောက်ဆယ်တန် လက်ပတ်နာရီတစ်လုံး၊ ပိုက်ဆံအိတ်အတွင်းမှ ငွေခြောက် သိန်းတို့ဖြစ်ပြီး စုစုပေါင်းတန်ဖိုး ၈၈ သိန်းရှိကြောင်း ရဲဌာနတွင် ကာယကံရှင်ကအသေးစိတ် ထွက်ဆိုထားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ဗဟန်းရဲစခန်းက အမှုအမှတ်(ပ)၂၉၅/၁၃ဖြင့် အမှုဖွင့်ထားပြီး ပစ္စည်းများခိုးသူ အဖြစ် စွပ်စွဲခံထားရသူ အမျိုးသမီးငယ်ကို ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းလျှက်ရှိသည်ဟု ရဲဌာန ကထုတ်ပြန်သည်။
Mizzima - News in Burmese