(၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ကျင်းပပြီးပါက အားကစားကွင်း၊ အားကစားရုံများနှင့်အားကစားရွာတို့ကို အသုံးပြု၍ အားကစားတက္ကသိုလ်တစ်ခုဖွင့်လှစ်ရန်စီစဉ်

ပို့စ်တင်ချိန် - 11/14/2013 10:45:00 AM


မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပပြီးစီးပါက နောက်ပိုင်းကာလများတွင် တည်ဆောက်ထားရှိပြီး ဖြစ်သည့် အားကစားကွင်း၊ အားကစားရုံများနှင့် အားကစားရွာတို့ကို အသုံးပြုပြီး အားကစား တက္ကသိုလ်တစ်ခု ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက နိုဝင်ဘာ ၁၃ ရက်တွင် ပြည်သူ့လွှတ်တော်၌ ပြောကြားသည်။

ဝက်လက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်၏ "မြန်မာ့အားကစား တိုးတက်မြင့်မားရေးအတွက် နေပြည်တော်ရှိ အားကစားကွင်း/ရုံများအား အကျိုးရှိရှိ မည်သို့ ဆက်လက် အသုံးချသွား မည်နှင့် အမျိုးသား အားကစားပြိုင်ပွဲများနှင့် ကျောင်းသား အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပရန် အစီအစဉ် ရှိ၊ မရှိ"မေးခွန်း ကို ပြန်လည်ဖြေကြားရာတွင် ၀န်ကြီးက ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် စီမံချက် ရေးဆွဲကာ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် လက်ရှိ တည်ဆောက်ထားပြီးဖြစ်သော အားကစားကွင်း၊ အားကစားရုံနှင့် အားကစားရွာတို့အား အသုံးပြုပြီး အားကစားနည်းများအလိုက် အကယ်ဒမီကျောင်း၊ လေ့ကျင့်ရေး စခန်းများအဖြစ် ထားရှိ အသုံးပြုကာ သင်တန်းများ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ၀န်ကြီးက ပြောကြားသည်။

ထို့အပြင် နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ (Sports Complex) အတွင်း နိုင်ငံတကာ အားကစားပြိုင်ပွဲများ၊ ပြည်တွင်း အားကစားပြိုင်ပွဲများ လက်ခံကျင်းပခြင်း၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လက်ရွေးစင် ကစားသမားများကို စခန်းသွင်း လေ့ကျင့်ခြင်းများ ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားသည်။

၁၉၉၂၊ ၁၉၉၄ နှင့် ၁၉၉၇ ခုနှစ်များတွင် ကျင်းပခဲ့သည့် အမျိုးသား အားကစားပွဲတော်ကိုလည်း လေးနှစ်တစ်ကြိမ် ပြန်လည် ကျင်းပနိုင်ရေးအတွက်လည်း အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကျောင်းအားကစားပြိုင်ပွဲများနှင့် ပတ်သက်၍ အဆင့်မြင့်ပညာ၊ အခြေခံပညာ အဆင့်အလိုက် အားကစားပြိုင်ပွဲများကို ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ အဆင့်ဆင့်၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်းက ပြောကြားသည်။
Eleven Media Group