ခရီးသွားကဏ္ဍအတွက် လက်ရှိလုပ်ကိုင်နေသည့် Tourism Master Plan မှ အလုပ်အကိုင် တစ်သန်းခွဲခန့် ရရှိမည်

ပို့စ်တင်ချိန် - 11/30/2013 10:08:00 AM




(ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးအတွင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို တွေ့ရစဉ်)
လက်ရှိလုပ်ကိုင်မည့် ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (Tourism Master Plan) တွင် ခရီးသွားကဏ္ဍအတွက် အလုပ်အကိုင်တစ် သန်းခွဲခန့် ရရှိမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ ၂၀၁၂ ခုနှစ်အထိ ခရီးသွားလုပ်ငန်းများတွင် အလုပ်အကိုင်ရရှိမှုမှာ ၂၉၃၀၀၀ဦးခန့်သာ ရရှိထားကြောင်း၊ သို့သော် လက်ရှိရေးဆွဲ ပြီးစီးခဲ့ပြီးဖြစ်သော (Tourism Master Plan) ကို စတင် အကောင်အထည် ဖော်သည့်မှစပြီး ခုနှစ်နှစ်အတွင်း အလုပ်အကိုင်အခွင့်အလမ်း ၁၄၉၀၀၀၀ ခန့်ကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

"တစ်နိုင်ငံလုံးကိုခြုံပြီး လုပ်မယ့်စီမံကိန်းအတွက် အားလုံးအကောင်းဆုံး သက်ရောက်မှုရှိပါမယ်။ အဲဒီမှာ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် ရေးဆွဲပြီးစီးခဲ့ပြီး စတင်အကောင်အထည် ဖော်နေပါပြီ"ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှိုင်ဦးက ပြောကြားသည်။

ခုနစ်နှစ်တာ ကြာမြင့်မည့် စီမံကိန်းဖြစ်သော Tourism Master Plan တွင် ပါဝင်သော ပရောဂျက် ၃၈ ခုအနက် တစ်ခုဖြစ်သော လူ့စွမ်းအား အရင်းအမြစ်စီမံကိန်းကို စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း သိရသည်။

အာရှဖွံ့ဖြိုးရေးဘဏ်နှင့် နော်ဝေအစိုးရတို့မှ ထောက်ပံ့မည့် ဒေါ်လာသန်း ၅၀၀ ခန့်ကုန်ကျသော ခုနစ်နှစ်ကြာ စီမံကိန်းအတွက် လက်ရှိတွင်ဒေါ်လာ ၂၁၅ ဒသမ ၆ သန်း ရရှိထားကြောင်း သိရသည်။

ယင်းစီမံကိန်း အဓိကပါဝင်မည့် မဟာဗျူဟာ ခြောက်ခုတွင် မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် ထင်ရှားသော ခရီးသွားနေရာသစ်တစ်ခုအဖြစ် မြှင့်တင်ခြင်း၊ နိုင်ငံခြားသားများအတွက် အခြေခံအဆောက်အအုံ တိုးတက်လာရန်၊ အဆင့်အတန်း အရည်အသွေးမြင့်သော ခရီးစဉ်ဒေသများ တိုးတက်စေရန်၊ စီမံခန့်ခွဲမှုနှင့် စီမံကိန်းများရေးဆွဲရန်နှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရန်နှင့် အဖွဲ့အစည်းများ အင်အားတောင့်တင်းရန် ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်း ပြီးစီးသွားပါက နိုင်ငံခြားသား ခရီးသွားဧည့်သည်များထံမှ ၂၀၂၀ ပြည့်နှစ်တွင် ဒေါ်လာ ၁၀ ဘီလျံကျော်ထိ ရမည်ဖြစ်ကြောင်း Tourism Master Plan တွင် ဆက်လက် ဖော်ပြထားသည်။ ခရီးသွားများ၏ ၀န်ဆောင်မှုကို အဓိကတိုးမြှင့်မည့် ဒေသများမှာ ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ ကျိုက်ထီးရိုးနှင့် ငပလီကမ်းခြေ၊ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေတို့မှာလည်း Tourism Master Plan အရ အဆင့်မြှင့်တင်မှုတွင် ပါဝင်မည်ဖြစ်သည့်အပြင် ပူတာအို၊ မြိတ်ကျွန်းစု၊ နာဂလမ်း၊ နတ်မောက်တောင်နှင့် လွိုင်ကော်တို့ကိုလည်း အဆင်ပြေသွားရလွယ်သည့် ဒေသဖြစ်အောင် လုပ်ဆောင်မည်ဟုလည်း သိရသည်။


Eleven Media Group