လူနာနှင့် ဆရာဝန်အကြားက သံသယကို ဖြေရှင်းမည့် ကြားခံအဖွဲ့ ဖွဲ့တော့မည်


လူနာနှင့်ဆရာဝန်အကြား ဖြစ်ပေါ်လျှက်ရှိသော သံသယများကို ညှိနှိုင်းပေးမည့်ကြားခံ ဆရာဝန်အဖွဲ့ ဖွဲ့စည်း သွားမည်ဟု မြန်မာနိုင်ငံဆရာဝန်အသင်း စီမံခန့်ခွဲမှုဌာန အတွင်းရေးမှူး ဒေါက်တာမြင့်ဦးက ဇွန် ၁၉ ရက်တွင် မဇ္ဈိမကိုပြောသည်။

ရန်ကုန်ရှိ မြန်မာနိုင်ငံဆရာဝန်များအသင်း အဆောက်အအုံတွင် ပြုလုပ်သည့် ''ဆေးလောကစီမံခန့်ခွဲမှုနှင့် လူသားဆန်သော ဆေးပညာ၊ ဆေးလောက၌ ကျင့်သုံးရေး'' ဟု အမည်ရသည့် ဖိုရမ်တက်ရောက်နေစဉ် ၎င်းက ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။

''(လူနာတွေက) သူတို့ကို ကုသတဲ့ ဆရာဝန်အပေါ်မှာ သူတို့ရဲ့ထင်မြင်မှုတွေ၊ ဆေးရုံနဲ့ပတ်သက်ပြီး သူတို့ရဲ့ ခံစားမှုတွေကအစနာက်ဆုံး သူတို့ဘဝဒဏ်ရာဒဏ်ချက်တွေကို နားလည်ပြီး နှစ်သိမ့်နိုင်တဲ့အထိ လုပ်သွားမှာပါ။ ဒီကနေ ဆရာဝန်တွေအားလုံး လူသားဆန်တဲ့ကုသမှုတွေ ကျင့်သုံးလာမယ်ဆိုရင် အခုဖြစ်နေတဲ့ လူနာနဲ့ ဆရာဝန်ကြားက မယုံကြည်မှုတွေကို ပြန်ပြီး တိုက်ဖျက်နိုင်မယ်'' ဟုလည်း ဒေါက်တာမြင့်ဦးက ပြောသည်။

ဆရာဝန် ၁ဝဝ ကျော် တက်ရောက်ပြီး သုံးရက်ကြာပြုလုပ်သည့် ယခုဖိုရမ်သည် ဇွန် ၁၉ တွင် ပြီးဆုံးပြီဖြစ်ပြီး ဖိုရမ်ပြီးသည်နှင့် အဆိုပါ ကြားခံဆရာဝန်အဖွဲ့ကို ဖွဲ့]့စည်းရန် အမြန်ဆုံးဆောင်ရွက်တော့မည်ဖြစ်သည်ဟု သူက ဆိုသည်။

ထိုအဖွဲ့ဝင် ဆရာဝန်များက ပုဂ္ဂလိက ဆေးရုံအုပ်များထံခွင့်တောင်းပြီး လူနာများကို တွေ့ဆုံဆွေးနွေးသွားမည်
ဖြစ်သလို အစိုးရဆေးရုံများက ဖိတ်ခေါ်ပါကလည်း ဆောင်ရွက်ပေးသွားမည်ဟု သူက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ဆရာဝန်များ၏ ကုသမှုနှင့်ပတ်သက်ပြီး ပြည်သူများအကြား ဝေဖန်မှုများရှိနေသလို၊ မီဒီယာများ ကလည်း ထောက်ပြမှုများ ဆောင်ရွက်လာပြီးနောက်တွင် ဆရာဝန်များအသင်းက ထိုကိစ္စကို ပြေလည်စေရေး အတွက် ယခုလိုကြိုးပမ်းလာခြင်းလည်း ဖြစ်သည်။

မိသားစုကျန်းမာရေးစောင့်ရှောက်မှု အတိုင်ပင်ခံဆရာဝန်ကြီး သီတဂူ ဒေါက်တာ စိုးမြင့်ကလည်း ကျွန်တော်တို့ လုပ်မှာက ဘယ်ဆရာဝန်မဆို လူနာရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက လူနာရဲ့စိတ်ပိုင်းဆိုင်ရာကိုပါ သိရှိဖို့
ဆေးထိုးပြီးပိုက်ဆံယူယုံမကဘဲ လူနာရဲ့ လူသားဆန်တဲ့ခံစားမှုတွေကိုပါ ကုသနိုင်တဲ့ ဆရာဝန်တွေဖြစ်လာအောင် ကျွန်တော်တို့ မျှော်မှန်းတာပါ'' ဟု မဇ္ဈိမကိုပြောသည်။

၂ဝဝ၉ ခုနှစ် အောက်တိုဘာက ဖြစ်ပွားခဲ့သော ဆယ်တန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည်ကို ဆရာဝန်ကြီးတစ်ဦးက ကုသပြီးနောက် သေဆုံးသွားခဲ့သဖြင့် ထိုဖြစ်ရပ်နောက်ပိုင်း မြန်မာနိုင်ငံမှဆရာဝန်များ၏ ကုသမှုများနှင့် ပတ်သက်၍ ပြည်သူများနှင့် မီဒီယာများတွင် ဝေဖန်မှုများဖြစ်လာခဲ့သည်။

ထို့ပြင် ယခုနှစ် မေ ၁၆ ရက်ကလည်း ဟင်္သာတမြို့နယ်အတွင်းရှိ ဆေးရုံတစ်ရုံတွင်မီးဖွားသည့် အမျိုးသမီးတစ်ဦး၏ ဝမ်းဗိုက်ထဲတွင် ချုပ်ကြိုးကျန်ခဲ့သော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သဖြင့် ဝေဖန်မှုများ ထပ်ဖြစ်လာခဲ့ပြီး ထိုခွဲစိတ်မှုကို တာဝန်ယူသည့် ဆရာဝန်ကို စုံစမ်းမှုများဆောင်ရွက်နေသည်။

အတိုင်ပင်ခံဆရာဝန်ကြီး သီတဂူ ဒေါက်တာ စိုးမြင့်က မြန်မာနိုင်ငံဆရာဝန်သင်းသည် ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် ကတည်းက ကမ္ဘာ့ဆရာဝန်များအဖွဲ့ဝင် ဖြစ်ခဲ့ပြီဖြစ်သဖြင့် မြန်မာနိုင်ငံဆေးလောကတွင် လူအခွင့်အရေးနှင့် လူသားဆန်သော ဆေးကုသမှုများ ပေါ်ပေါက်လာရန် လိုအပ်ကြောင်း၊ ဆရာဝန်များ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ
မြှင့်တင်ရန်လိုအပ်ကြောင်း မှတ်ချက်ပြုသည်။

mizzimaburmese

ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေးကို ခုတုံးလုပ်ကာ နိုင်ငံရေး လုပ်နေခြင်း မဟုတ်ဟု RCSS/SSA ဥက္ကဋ္ဌဆို


ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး လုပ်ငန်းများကို အစိုးရ၊ တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်နေခြင်းမှာ ခုတုံးလုပ် နိုင်ငံရေး လုပ်နေခြင်း မဟုတ်ဟု RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဇွန် ၁၈ ရက်က မန္တလေးမြို့ ရှမ်းတိုင်းရင်းသားများ သာရေးနာရေး အသင်းတွင် ရှမ်းတိုင်းရင်းသားများနှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရာတွင် ပြောကြားသည်။
အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရခြင်းမှာ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး အမှန်ပပျောက်ေ လေိုသည့် ရည်ရွယ်ချက်သာ ဖြစ်ကြောင်းနှင့် ထာဝငြိမ်းချမ်ရေးအတွက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရေးအတွက် လက်တွဲဆောင်ရွက်၍ရသော အရာများမှစ၍ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောကြားသည်။
ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရာတွင် မည်သည့်အကြောင်းများကြောင့် ထိရောက်မှု မရှိပါသနည်းဟူသော မေးခွန်းကို "တပ်မတော်ပိုင်း ခေါင်းဆောင်တွေက ကျွန်တော်တို့ မူးယစ်ဆေးဝါး တိုက်ဖျက်လိုတဲ့ ရည်မှန်းချက်ကို အမြင်သဘောထား ကွဲလွဲနေလို့ပါ" ဟု ဒုတိယဗိုလ်ချုပ်ကြီးက ပြန်လည်ဖြေကြားသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများတွင် လာဘ်စားမှုများနှင့် ပတ်သက်၍ "ကျွန်တော်တို့မှာ သက်သေမရှိလို့ မပြောနိုင်ပါဘူး" ဟု ပြန်လည်ဖြေကြားသည်။
ရှမ်းပြည်နယ်အတွင်း ဘိန်းအစားထိုး စိုက်ပျိုးရန် ထောက်ပံ့မှုများ မရှိသဖြင့် ပြီးခဲ့သည့်နှစ်နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ပြန်လည်များပြား လာသည်ဟု မန်ပန်ဌာနေ ပြည်သူ့စစ်အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်မွန်က မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
RCSS/SSA အဖွဲ့ အနေဖြင့် လက်ရှိတွင် နိုင်ငံရေးပါတီ ဖွဲ့မည်မဟုတ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်၍ ထွက်ပေါ်လာသော ရလဒ်များအပေါ် မူတည်ကာ ပါတီဖွဲ့စည်းရန် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
RCSS/SSA အဖွဲ့အနေဖြင့် သမ္မတနှင့် တွေ့ဆုံအပြီး အပြန်တွင် မန္တလေးရှိ ရှမ်းတိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ရှမ်းတိုင်းရင်းသား ၅၀ ကျော် တက်ရောက်ခဲ့သည်။ ထို့နောက် ညနေပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မလေးရောက် မြန်မာများသို့ ဖုန်းခေါ်ဆိုခွင့် ယခုလကုန်အထိ အခမဲ့ပေးမည်


မလေးရောက် မြန်မာများကို ဖုန်း ဆက်သွယ်လိုပါက ယခုလကုန်အထိ အခမဲ့ ခေါ်ဆိုခွင့်ပေးမည်ဟု VMG TELECOMS ကုမ္ပဏီမှ သိရသည်။အခမဲ့ ဖုန်းခေါ်ဆိုခွင့်ကို Y-Talk Calling Center များမှ တစ်ဆင့်ဆောင် ရွက်ပေးသွားမည်ဖြစ်ပြီး မည်သူမဆို မလေးရှားမှ မြန်မာများအား နေ့စဉ် နံနက် ၉ နာရီမှ ည ၁ဝ နာရီအထိ အခမဲ့ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်သည်။”အကြောင်းအမျိုးမျိုးကြောင့် မလေးမှာ ရှိတဲ့မြန်မာတွေ သူတို့ မိသား စုနဲ့ ဖုန်းပြောဆိုနိုင်ဖို့အတွက် အလှူ သဘောမျိုးနဲ့ ကူညီပေးတာပါ။ ဒီအစီ အစဉ်က လုပ်ပေးတာ ၃ ရက်လောက်ပဲ ရှိပါသေးတယ်”ဟု VMG TELECOMS မှ မဖြိုးမီမီရှိန်က ပြောသည်။အခမဲ့ ဖုန်းခေါ်ဆိုနိုင်မည့်နေရာ များမှာ ဗဟန်းမြို့နယ်ရေတာရှည်လမ်းသစ်ရှိ့ Y-Talk Calling Center နှင့် ကျောက်မြောင်း သတိပဌာန်လမ်းရှိ့  Y-Talk Calling Center တို့ ဖြစ်သည်။
”ဖုန်း ခေါ်ဆိုဖို့အတွက် ဆိုင်က ဝန်ထမ်းတွေ ဆောင်ရွက်ပေးမှာပါ။ ဆိုင် တစ်ဆိုင်မှာဖုန်း ၁ဝ လုံး အခန်း ၁ဝ ခန်း ထားပေးထားတယ်။ နှစ်ဆိုင်ပေါင်း အလုံး ၂ဝ ရှိပါတယ်။
ကြိုက်သလောက် ဖုန်းပြောနိုင်ပါတယ်” ဟု ၎င်းက ဆက် ပြောသည်။Y-Talk စနစ်တွင် ပုံမှန်ကောက် ခံသည့် နိုင်ငံခြားခေါ်ဆိုခမှာ မလေးရှား နိုင်ငံဆိုလျှင် တစ်မိနစ် ၅၁ ကျပ် ကောက် ခံကြောင်း သိရသည်။VMG TELCOMS Y-Talk ဖုန်းခေါ်ဆိုသည့် စနစ်ကို မြန်မာ့ဆက် သွယ်ရေးနှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီတို့ ပူးပေါင်းဝန်ဆောင်မှု ပေးခြင်း ဖြစ်ပြီး လက်ရှိတွင် Y-Talk စနစ်ကို ရတနာပုံတယ်လီပို့ ဝက်ဘ်ပို့တယ်နှင့် မိုဘိုင်းဖုန်း၊ ကိုယ်ပိုင်ကွန်ပျူတာများတွင် ငွေဖြည့်ကတ်ဝယ်၍ အသုံးပြုနိုင်ကြောင်း သိရသည်။
Popular Myanmar

အမျိုးသမီးပရိသတ်တွေကြား ရေပန်းစားနေတဲ့အိုင်ရင်းဇင်မာမြင့်ရဲ့သီချင်း


မယ်လိုဒီဝေါလ် သီချင်းဆိုပြိုင်ပွဲမှာကတည်းက ပရိသတ် အားပေးမှုရရှိခဲ့တဲ့ တေးသံရှင်အိုင်ရင်းဇင်မာမြင့်က မြင့်မြတ်၊ ကောင်းကောင်းတို့နဲ့ စုပေါင်းထွက်ရှိထားတဲ့ စီးရီး အတွဲခွေထဲက “နှလုံးသားအရင်းအနှီး” သီချင်းဟာ အမျိုးသမီးပရိသတ်တွေကြားထဲမှာ ရေပန်းစားနေပါတယ်။ ဒီသီချင်းနဲ့ပတ်သက်ပြီး အိုင်ရင်းဇင်မာမြင့်က “နှလုံးသားအရင်းအနှီး” သီချင်းကို ကိုဖိုးတုရေးပေးတာ အိုင်ရင်းက အဲဒီသီချင်းလေးကောင်းတယ်။ အိုင်ရင်း ဆိုရင်ကောင်းမလားမသိဘူးလို့။ ဒီတော့ အဲဒီသီချင်းကို အကြမ်းဆိုဖို့ပေးတော့ အကုန်လုံးက ကောင်းတယ်။ အိုင်ရင်းအသံနဲ့ လိုက်ဖက်မှု ရှိတယ်ဆိုလို့ အဲဒီသီချင်းကိုဆိုဖြစ် သွားတာ။ အဲဒီလောက်ထိ အောင်မြင်မယ်လို့ လုံးဝမထင် ထားခဲ့ဘူး။ ရွေးချယ်မှုလည်း မှန်ခဲ့တာပေါ့နော်။ အဲဒီသီချင်းက အမှတ်တမဲ့ကနေ ဘဝမှတ်တိုင်တစ်ခုထိဖြစ်စေခဲ့ပါတယ်။ နယ်တွေသွားရင် အိုင်ရင်းဇင်မာမြင့် ဆိုတာနဲ့ “နှလုံးသား အရင်းအနှီး” သီချင်းကို အလုအ ယက်တောင်းဆိုကြတယ်”  လို့ ပြောပါတယ်။
အိုင်ရင်းဇင်မာမြင့်က “ယိမ်းလိုက်” ဆိုတဲ့ တစ်ကိုယ်တော် စီးရီးကိုထွက်ရှိထားသူဖြစ်ပြီး “ယိမ်းလိုက်” အခွေမှာ အားစိုက်ထားပုံကို ” အိုင်ရင်းစိတ်ကြိုက်လုပ်ထားတာ။ အကောင်းဆုံးဖြစ်အောင် လုပ်ထားတာ။ ဒီအခွေကို ပရိသတ်လက်ခံအားပေးတယ်လို့ ကြားရတော့ ကြိုးစားရကျိုးနပ်ပါတယ်။ အမှန်တော့ ပရိသတ်က အိုင်ရင်းကို အသိအမှတ်ပြုစေချင်ရုံသက်သက်ပါ။
ပထမဆုံးတစ်ကိုယ်တော်ခွေမှာ ပေါက်မြောက်အောင်မြင်ဖို့ဆိုတာ နည်းတဲ့အကြောင်းတရားမဟုတ်ဘူးလေ။ တော်တော်ခက်ခဲပါတယ်။ အိုင်ရင်းကံကောင်း တယ်လို့ ပြောရမယ်။ မန္တလေးမြို့မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေကအစ တစ်မြို့လုံးလိုလိုမှာ ဖွင့်နားထောင်ကြတယ်ဆိုတဲ့ အသံကြား တော့အတိုင်း ထက်မသိဝမ်းသာ ရတယ်။ အိုင်ရင်းကအခု ဒုတိယ အခွေအတွက်ပြင်ဆင်နေတယ်။ ပထမအခွေ “ယိမ်းလိုက်” အောင်မြင်သလို ဒုတိယအခွေကိုလည်း ဒီ့ထက်အောင်မြင်စေချင်တယ်။ သီချင်းတွေထပ်ပြီး အိုင်မသွားချင်ဘူး။ တချို့ပထမခွေမှာအောင်မြင်သလောက် ဒုတိယခွေမှာ ငုပ်သွားတာ တွေရှိတယ်။ အဲဒါကိုတော့အိုင်ရင်းကြောက်တာ အမှန်ပဲ။ လာမယ့် ၂ဝ၁၄ လောက်မှာ ထွက်နိုင်အောင် ကြိုးစားမယ်။ အခုက အတွဲခွေအနေနဲ့ အိုင်ရင်းရယ်၊ ဇမ်နူးရယ်၊ ချမ်းချမ်းရယ် သုံးယောက်ပေါင်း အတွဲခွေအတွက် လည်း ပြင်ဆင်နေတယ်။ ဒီ့ပြင် Group ခွေအနေနဲ့ အမျိုးသမီးများနေ့အတွက် ရည်ရွယ်တဲ့အခွေထဲမှာလည်း ပါဝင်သီဆိုထားတယ်”လို့ပြောတဲ့ အိုင်ရင်းဇင် မာမြင့် က ရော့ခ်ဂီတဘက်ကို ကြိုက်တာပိုအား သန်လာတယ်လို့လည်းဆိုပါတယ်။
Pop, R & B ကိုလည်း ကြိုက်တယ်။ ရော့ခ်ဂီတဘက်ကို ပိုအားသန်လာတာက အခုမှမဟုတ်ပါဘူး။ကြာပါပြီ။ အခုလိုမျိုး IC နဲ့တွဲ ပြီး ဆိုရတဲ့အခါ ပိုပြီးစိတ်ဝင်စား လာတယ်။ အတွေ့အကြုံပိုရလာတယ်။ IC အဖွဲ့သားတွေကလည်းသင်ပြပေးပါတယ်။ ဝမ်းသာအားရကြိုဆိုကြတယ်။ ဒီအတွက်ပိုလို့ အားရှိလာခဲ့တယ်။ ပရိသတ် လက်ခံအားပေးတဲ့ အဆိုတော်တစ်ယောက်ဖြစ် အောင်ဥာဏ်စွမ်းရှိသလောက် ကြိုးစားသွားမယ်။ ပရိသတ်တွေလည်း အိုင်ရင်းရဲ့ နောက်ထွက် လာမယ့်အခွေတွေ ကို စောင့် ပြီးအားပေးပါဦး။ ပရိသတ်ရဲ့အသံကို အမြဲနားစွင့်နေပါတယ်” လို့ယိမ်းလိုက်အခွေပိုင်ရှင် အိုင်ရင်းဇင်မာမြင့် က ပြောပါတယ်။
M ဘွယ်
ပေါ်ပြူလာ မြန်မာ

အသက်မပြည့်သေးတဲ့ မြန်မာမိန်းကလေးတွေကို ပြည့်တန်ဆာလုပ်ဖို့ လူကုန်ကူး


Video



အသက်မပြည့်သေးတဲ့ မြန်မာမိန်းကလေးတွေကို ပြည့်တန်ဆာလုပ်ဖို့ လူကုန်ကူးသူတွေကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။ ဦးအံ့ဘုန်းမြတ် သတင်းပေးပို့ထားပါတယ်။ ရိုက်ကူး - ကိုဂျိုး

ဂဏန်းမပါ ကြိုတင်ငွေဖြည့် ကတ်များ E-lite ဆိုင်များတွင် လဲလှယ်နိုင်



မိုဘိုင်း ကြိုတင်ငွေဖြည့်ကတ် အချို့တွင် ငွေဖြည့်သွင်းမည့် ဂဏန်းများ မပါရှိက E-lite ဆိုင်များမှ ဖြေရှင်း ပေးမည်ဟု ယင်းကုမ္ပဏီမှ သိရ သည်။

လက်ရှိတွင် MPTတံဆိပ်ဖြင့် ဈေးကွက်ထဲ၌ ရောင်းချလက်ရှိသည့် ကြိုတင်ငွေဖြည့်ကတ်အချို့တွင် ငွေ ဖြည့်သွင်းရမည့် ခဲခြစ်ရာ နေရာများတွင် မည်သည့်ဂဏန်းမှ ပါဝင်ခြင်း မရှိဘဲ MPT စလုံးများသာ ပါရှိပြီး
ငွေဖြည့် သွင်း မရသည့် ပြဿနာများ ပေါ်ပေါက် လျက်ရှိသည်။

''တစ်သောင်းတန် ဂျီငွေဖြည့်ကတ် ဝယ်လိုက်တာပါ။ ငွေဖြည့်မလို့ ခဲခြစ် တော့ ဘာမှ မပါဘူး။
ဝယ်တဲ့ဆိုင်ကို သွားပြောတော့ ကျွန်မတို့နဲ့ မဆိုင်ဘူး။ ကုမ္ပဏီကို သွားပြောပါ။ လိပ်စာပေးမယ် ပြောတယ်။
ကုမ္ပဏီက ဘယ်မှာရှိမှန်း တောင်မသိဘူး''ဟု အင်းတကော်မြို့နယ် မှ ကိုမင်းထွန်းက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ငွေဖြည့်ကတ်များ ထုတ်လုပ်သည့် E-lite Tech ကုမ္ပဏီမှ ကိုဒေးဗစ်က ငွေဖြည့်ကတ်များ ထုတ်ရာတွင် ကတ် တွင် ပါရှိသည့် ဂဏန်းများအား ခဲအုပ်ရ ကြောင်း၊ ယင်းနောက် MPT Seal တံ ဆိပ်ရိုက် ရကြောင်း ယခုဖြစ်နေသည့် ကတ်များ၌ ငွေဖြည့်သွင်းမည့် ဂဏန်း
များ မပါရှိခြင်းမှာ မူလခဲအုပ်ထားသည့် နေရာအား ဒုတိယအကြိမ် ခဲထပ်မံအုပ် ခြင်းကြောင့် ဖြစ်ကြောင်း ပြောသည်။

ဆက်လက်၍ ၄င်းက ၄င်းငွေဖြည့် ကတ်များမှာ ငွေဖြည့်သွင်းနိုင်သေးသည်ဟုဆိုကာ သုံးစွဲသူ ပြုလုပ်ပါက ပျက်စီးသွားနိုင်ကြောင်းပြောသည်

လဲလှယ်လိုသူများအနေဖြင့် မင်းဓမ္မလမ်းရှိ E-lite ရုံးသို့ သွား
ရောက်အကြောင်းကြားလျှင် လဲလှယ်မှု ပြုလုပ်နိုင်ကြောင်း ၄င်းက ပြောသည်။

အောင်ဇော်

Popular Myanmar News Journal

ခြေချောင်းလေးများ ဖြူဖွေး လှပ စေချင်လား


ခြေချောင်းလေးများ ဖြူဖွေး လှပနေစေမည့် အိမ်တွင်း ဂရုစိုက်မှု နည်းလမ်းများ
ခြေထောက်ဆေးပါ
ရေနွေးနွေးလေးနဲ့ ခြေထောက်ကို စိမ်ထားပြီး ဆေးကြော ပေးတာဟာ သက်သောင့်သက်သာ ရှိသလို ပင်ပန်းမှုတွေလည်း ပြေစေကာ၊
ရေလောင်းပြီး ခြေထောက် ဆေးတာထက် ပိုပြီး ခြေထောက်ကို သန့်စင် စေနိုင်ပါတယ်။ ပြီးရင် Foot Cream တစ်မျိုးကို လိမ်းပေးပါ။ ဒါဟာ ခြေထောက် ခြောက်သွေ့ အက်ကွဲတာနဲ့ အရေပြား ပွန်းပဲ့မှုတွေကို သက်သာ စေပါတယ်။ အလုပ်က ပြန်လာပြီး ညစာစားပြီးလို့ တီဗီကြည့်ရင်း အပန်းဖြေနေချိန်မှာ ခြေထောက် စိမ်ထားပေးလို့ ရပါတယ်။

ခြေချောင်းကြား ကြေးချွတ်ပါ

ရေချိုးချိန်မှာ ခြေချောင်း ကြားလေးတွေကို ကြေးချွတ် သန့်စင်ပေးဖို့ အရေးကြီးပါတယ်။ ခြေထောက်နဲ့ ကွက်တိဖြစ်တဲ့ ဖိနပ်မျိုးတွေစီးပြီး အမြဲတမ်း အပြင်ထွက်ရတဲ့ အခါမျိုးမှာ သင့်ခြေချောင်း ကြားထဲမှာ ချွေး၊ သဲ၊ မြေမှုန့်တွေကြောင့် အညစ်အကြေးတွေ ရှိနေ တတ်ပါတယ်။ တစ်မိနစ်လောက် ဘရပ်ရှ်နဲ့ခပ်ဖွဖွ ပွတ်တိုက် ကြေးချွတ် ပေးသင့်ပါတယ်။ ဒါဟာ ခြေထောက် အနံ့ထွက်တာနဲ့ ခြေထောက်ကြားမှာ ဖြစ်တတ်တဲ့ အရေပြား ရောဂါတချို့ကို သက်သာ စေနိုင်ပါတယ်။

ဖိနပ်ဝယ်တဲ့အချိန် မှန်ပါစေ

ဖိနပ်ဝယ်တော့မယ် ဆိုရင် ညနေခင်းပိုင်းမှာ ဝယ်ပါ။ ဖိနပ်ကို စီးကြည့်လိုက်လို့ သက်သောင့်သက်သာ ရှိပြီး လမ်းလျှောက်ရတာ အဆင်ပြေမယ် ဆိုရင်တော့ သင့်အတွက် ဖိနပ်ကောင်း တစ်ရန်ပါပဲ။

နေရောင်ကာခရင်မ်ကို သုံးပါ

သင့်ခြေထောက်ဟာ တခြား ခန္ဓာကိုယ် အစိတ်အပိုင်း တွေထက် နေရောင်ခြည်ရဲ့ထိခိုက်မှုကို ခံရလေ့ ရှိပါတယ်။ ခြေစွပ်ဝတ်ရတဲ့ ဖိနပ်မျိုးနဲ့၊ ဖိနပ် အပိတ်တွေကို ဝတ်ဆင်သူ ဆိုရင်တော့ ပြဿနာ မရှိပေမယ့်၊ ဖိနပ်အပွင့်မျိုးတွေ စီးသူဆိုရင်တော့ နေရောင်ကာတဲ့ ခရင်မ်တစ်မျိုး လိမ်းပေးဖို့ လိုပါတယ်။

ကြေးချွတ်သန့်စင်ပါ

ဈေးကွက်ထဲမှာ အရေပြားကြေးချွတ် သန့်စင်တဲ့ ပစ္စည်းတွေ စုံလို့ပါပဲ။ သင့်အသားအရေ၊ အရေပြားနဲ့ သင့်တော်တဲ့ ပစ္စည်းတစ်မျိုးကို သုံးပြီး ပုံမှန်ခြေ ဖနောင့်၊ ခြေချောင်းတွေနဲ့ ခြေသ လုံး နေရာတွေ အထိ ကြေးချွတ်ပေးပါ။ ဒါဟာ သင့်အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှား ပေးနိုင်တဲ့ အပြင် အရေပြား ကိုလည်း ချောမွေ့နေစေပါတယ်။

ခြေသည်းကို ဂရုစိုက်ပါ

အရမ်းရှည်လွန်းတဲ့ လက်သည်းဟာ သိပ်ပြဿနာ မရှိပေမယ့် ခြေသည်း ကတော့ အရမ်း ရှည်လွန်းရင် ပိုထိခိုက် လွယ်ပါတယ်။ ဒါကြောင့် ပုံမှန်ညှပ်ပေးဖို့ လိုပါတယ်။ ခြေသည်းထောင့် နေရာတွေကို မှန်မှန်ညှပ်ပြီး ကြေးတွေထုတ်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် ရေချိုးပြီးချိန်နဲ့ ခြေထောက် ဆေးကြောသန့်စင်ပြီးချိန်မှာ ခြေသည်းညှပ်ပါ။

ကျန်းမာပါစေ

လှပပြီး ကျန်းမာတဲ့ ခြေထောက် ဖြစ်ဖို့ကတော့ လေ့ကျင့်ခန်း လုပ်ဖို့လည်း လိုပါတယ်။ လမ်းလျှောက်တဲ့ လေ့ကျင့်ခန်း ကတော့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံးပါ။ လေ့ကျင့်ခန်း ပြုလုပ်ရာမှာ သုံးတဲ့ ဖိနပ်ကလည်း အရမ်းကျပ်လွန်း၊ ချောင်လွန်းတာမျိုး မဟုတ်ဘဲ ခြေဖဝါး၊ ခြေချောင်း လေးတွေနဲ့ ဖိနပ်ကြားမှာလေဝင်၊ လေထွက်ရအောင်တော့ ချောင်နေသင့်ပါတယ်။

Foot Spray သုံးပါ

ခြေထောက်ကိုဖျန်းတဲ့ စပရေးကို သုံးပေးတာဟာ ဖိနပ်ပေါက်တာနဲ့ ခြေထောက် ချွေးနံ့ကို သက်သာ စေပါတယ်။ ခြေထောက်အပိတ် ဖိနပ်တွေကိုပြင်ပ လေဝင်လေထွက် ကောင်းတဲ့ နေရာမျိုးမှာ သိမ်းဆည်းပေးပါ။ သံလွင်၊ လီမွန်စတာ တွေပါဝင်တဲ့ Foot Spray မျိုးဟာ အရေပြား ထဲကို စိမ့်ဝင်မှုအား ပိုကောင်းပါတယ်။

သန့်ရှင်းစေပါ

ခြေထောက် ညစ်ပေနေတိုင်း ဆပ်ပြာသုံးပြီး ခြေချောင်းနဲ့ ခြေသည်းကြားတွေကို ပွတ်တိုက် သန့်စင်ပေးပါ။ မနက်တစ်ကြိမ်နဲ့ ညအိပ်ရာဝင်ခါနီး တစ်ကြိမ်တော့ ပုံမှန် သန့်စင်ပေးပါ။

ရေဓာတ်ဖြည့်ပါ

ရေဓာတ် (Moisturize) ပါဝင်တဲ့ ခရင်မ်တစ်မျိုးကို သင့်လက်ဖဝါးနဲ့ ခြေဖဝါးတွေကို ပုံမှန် လိမ်းပေးပါ။ ခရင်မ် မလိမ်းခင် အရေပြားပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပေးရင် ရေဓာတ် စိမ့်ဝင်မှု ပိုပြီး ကောင်းမွန် စေပါတယ်။

ပြန်လည် လန်းဆန်းပါစေ

ပုံမှန် ရေနွေးနွေးနဲ့ မသန့်စင်နိုင်ရင်တောင် တစ်ပတ် တစ်ကြိမ်လောက်တော့ ရေနွေးနွေးနဲ့ စိမ်ပေးပြီး သွေးလည်ပတ်မှု အတိုင်း နှိပ်နယ်ပေးပါ။ တစ်လလုံး ခြေသည်းနီး ဆိုးတာမျိုး မလုပ်ဘဲ တစ်လမှာ ရက်အနည်းငယ် လောက်တော့ ခြေသည်းကို အားဖြည့်ပေးတဲ့ ခြေသည်းနီ မျိုးတွေ ဆိုးပေးပါ။ မြက်ခင်းနဲ့ သဲပြင်လို နေရာမျိုးတွေမှာ ဖိနပ်မစီးဘဲ လမ်းလျှောက် ပေးတာဟာ သင့်ခြေဖဝါးတွေကို သက်သောင့် သက်သာ ဖြစ်စေပါတယ်။

ဖိနပ်အမြင့်ကြီးတွေ ရှောင်ပါ

ဒေါက်ဖိနပ် တွေက သင့်ကို အရပ်ပိုမြင့်စေပြီး စမတ်ကျ စေတာတော့ မှန်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေ လမ်းအများကြီး လျှောက်ရမယ်ဆိုရင်တော့ နှစ်လက်မဒေါက်လောက်ပဲ စီးသင့် ပါတယ်။ ကြာရင် သင့်ခြေထောက်ကို သာမကဘဲ ခါးကိုပါ ထိခိုက် စေနိုင်တာကြောင့်ပါ။

လက်သည်းဖျက်ဆေး ကောင်းကောင်း သုံးပါ

အရက်ပြန် တစ်မျိုးတည်း ပါဝင်တဲ့ လက်သည်း ဖျက်ဆေးမျိုးကို မသုံးပါနဲ့။ ဒါဟာ လက်သည်းအရောင် တောက်ပမှုနဲ့ သဘာဝ လက်သည်း အရောင်ကို မွဲခြောက် သွားစေပါတယ်။ ဒါကြောင့် အကောင်းဆုံး Nail Polish Remover ကို ရွေးချယ်ပါ။

နှိပ်နယ်ပေးပါ

ပုံမှန်ခြေထောက် နှိပ်နယ် ပေးတာကြောင့် သွေးလည်ပတ်မှု ကောင်းစေတာကြောင့် ခြေထောက် ရောင်ရမ်းမှု တွေကို သက်သာ စေပါတယ်။

ခြေသည်းအလှပြင်ပါ

ပုံမှန် ညှပ်ပေးတာကတော့ ပုံမှန် သန့်စင်မှုတွေပါပဲ။ ပိုပြီး တောက်ပြောင်ပြီး ဆွဲဆောင်မှုရှိတဲ့ ခြေသည်း အရောင်လေး ဖြစ်နေဖို့ကတော့ ခြေသည်းကို အလှဆင်ပေးဖို့ လိုပါတယ်။ ခြေထောက် သန့်စင်ပြီးချိန်မှာ ကြိုက်နှစ်သက်တဲ့ အရောင်လေး ဆိုးပေးနိုင်သလို ပုံစံဒီဇိုင်းမျိုး ပုံဖော်ပြီး အလှဆင်ပေးပါ။ ဖော်ပြပါအချက်တွေကို ပုံမှန်ပြုလုပ်ပေးရင်း ကျန်းမာတဲ့ ခြေထောက် လှလှလေးကို ပိုင်ဆိုင် နိုင်ကြပါစေ။

နန္ဒာမ( By လမင်းလေး Good Healthy )
မြ၀တီ

ရုပ်ရှင်မင်းသားဘောလုံးပွဲ ဘာပြဿနာတွေ တက်နေသလဲ


ပုသိမ်မြို့မှာ ဒီလ ၉ ရက်နေ့က ရုပ်ရှင်မင်းသားတွေနဲ့ ၀ါရင့်ဘောလုံးသမားတွေရဲ့ ဘောလုံးပွဲမှာ ဒီပွဲကရလာတဲ့ ကွင်းဝင်ကြေးအားလုံးကို ပုသိမ်က မိဘမဲ့ကျောင်း ၆ ကျောင်းကို လှူဒါန်းမယ်လို့ ပွဲမကျင်းပမီကတည်းက ကြေညာထားပေမယ့် ဘောလုံးပွဲပြီးသွားခဲ့ချိန်မှာ အဲဒီလို မဟုတ်ခဲ့ဘူးလို့  ပွဲ ဖြစ်မြောက်ရေး လိုက်ပါကူညီပေးခဲ့တဲ့ ပုသိမ်မြို့ခံ ကိုသက်ဆွေက ပြောပါတယ်။

 ဒေသတွင်း မိဘမဲ့ကလေးတွေအတွက် ရန်ပုံငွေရှာတဲ့  ဒီပွဲကို ရုပ်ရှင်သရုပ်ဆောင် ရာဇာနေ၀င်း၊ မိုးယံဇွန်၊ ကျော်ကျော်ဗို၊ မြင့်မြတ်၊ ဇာနည်၊ မင်းသွေး၊ မင်းခန့်၊ ဇာတ်မင်းသား ဖိုးချစ် အစရှိတဲ့သူတွေ ပါဝင်တဲ့  ဘိုင်စကုပ်မင်းသားများအသင်းနဲ့ ပုသိမ်မြို့က ဧရာဝတီ Old Stars (ဧရာဝတီတိုင်းလက်ရွေးစင်ဟောင်းများ) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။

“ဘောလုံးပွဲ မစမီကတည်းက ဒီပွဲကရလာတဲ့ ကွင်းဝင်ကြေးအားလုံးကို မိဘမဲ့ကလေးတွေကို လှူဒါန်းပါ့မယ်လို့ ပွဲစီစဉ်သူ ကိုရဲမြင့်ထွန်းက ကတိပေးထားတာ ရှိပါတယ်။ တကယ်တမ်း ပွဲလည်းပြီးသွားရော မူလပြောထားသလိုမဟုတ်တော့ဘဲ သူတို့လှူချင်တဲ့ ကျောင်းတကျောင်းကို သူတို့အစီအစဉ်နဲ့ပဲ လှူချင်သလောက် လှူသွားတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ပုသိမ်မြို့ခံတွေ မကျေနပ်ကြဘူး” လို့ သူက ပြောပါတယ်။

ပုသိမ်မြို့မှာ အစိုးရအသိအမှတ်ပြု မိဘမဲ့ဂေဟာ ၂ ခုရှိပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖွင့်လှစ်ထားတဲ့ မိဘမဲ့ဂေဟာ ၄ ခု၊ စုစုပေါင်း ဂေဟာ ၆ ခု ရှိပါတယ်။

ဘာသာအားဖြင့်တော့ ဗုဒ္ဓဘာသာဂေဟာ ၃ ခု၊ ခရစ်ယာန်ဂေဟာ ၂ ခုနဲ့ အစ္စလာမ်ဂေဟာ ၁ ခု လို့ တွက်နိုင်ပါတယ်။

ဒီဂေဟာတွေမှာ မိဘမဲ့ ကလေး စုစုပေါင်း ၅၀၀ ကျော်ကို ကျွေးမွေး စောင့်ရှောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ကလေးအများစုကတော့ နာဂစ်မုန်တိုင်းကြောင့် မိဘမဲ့ဖြစ်လာကြသူတွေပါ။



“ဒီပွဲကျင်းပတာ ကျနော်တို့ ရှုံးပါတယ်။ ကုန်ကျတာက ခန့်မှန်းခြေ သိန်း ၆၀ လောက်ရှိတယ်။ တကယ်တမ်းကျတော့ ငွေက အဲဒီလောက် ပြန်မရဘူး။ လက်မှတ်အတုက အစောင် ၁၀၀ လောက်မိတယ်။ ဘောလုံးအကယ်ဒမီဘက်ကနေ ကွင်းထဲကိုကျော်ဝင်ကြတာတွေ ရှိတယ်။ ကွင်းပေါက်တယ်ပေါ့။ အဲတော့ ငွေကထင်ထားသလို မရတော့ဘူး” လို့ ပွဲစီစဉ်သူ ကိုရဲမြင့်ထွန်းက ပြောပါတယ်။

“ကန်သုံးဆင့် မိဘမဲ့ကျောင်းကို လှူတယ်ဆိုတာကလည်း အစိုးရ အသိအမှတ်ပြုကျောင်း ဖြစ်တဲ့အတွက်ပါ။ ကျန်တဲ့ကျောင်းတွေက အစိုးရအသိအမှတ်ပြု မဟုတ်တော့ လှူဖို့အဆင်မပြေဘူးလေ” လို့  ကိုရဲမြင့်ထွန်းက ဆက်ပြောပါတယ်။

ဒီပွဲ အရှုံးပေါ်တယ် ဆိုတဲ့ ပြောဆိုချက်ကို လက်မခံသူများထဲမှာ ကိုသက်ဆွေ ဆိုတဲ့ ဒေသခံတဦးလည်း ပါဝင်ပါတယ်။

“ရှုံးတယ်ပြောရအောင် ဒါက ကန်ထရိုက်ယူတဲ့ပွဲမှ မဟုတ်တာ။ နဂိုကတည်းက ဘောလုံးပွဲကို စပွန်ဆာတွေနဲ့ကျင်းပမယ်။ ကွင်းဝင်ကြေးကို ကလေးတွေအတွက် အကုန်လှူမယ်လို့ ကတိပြုထားပြီးသားလေ။ ပွဲပြီးကာမှ ရှုံးတယ်၊ မလှူတော့ဘူးဆိုတာက လက်ခံနိုင်စရာ မရှိပါဘူး” လို့ ပွဲဖြစ်မြောက်ရေး ကူညီပေးခဲ့တဲ့ ကိုသက်ဆွေက ပြောပါတယ်။



“အဲဒီနေ့က ကွင်းထဲမှာ လူ ၃,၅၀၀ လောက်ရှိတယ်။ လက်မှတ်အတုရော လူတိုးတာ မခံနိုင်လို့ ကွင်းဖွင့်ပေးလိုက်ရတဲ့လူရောပေါင်းလိုက်ရင် လူ ၁,၅၀၀ ပဲထား။ အနည်းဆုံး လက်မှတ် ၂,၀၀၀ တော့ ရောင်းရမှာပါ။ အခုက လက်မှတ်ဘယ်လောက် ရိုက်နှိပ်တယ်။
လက်မှတ် ဘယ်လောက် ရောင်းရတယ်ဆိုတာတောင် ကျနော်တို့ကို အတိအကျမပြောဘူး။
ငွေစာရင်းရှင်းတမ်းလည်း မထုတ်ပေးဘူး။ တကယ်ရှုံးတယ်ဆိုရင် ကျနော်တို့မြို့ခံတွေ နားလည်လက်ခံနိုင်အောင် ငွေစာရင်းရှင်းတမ်းထုတ်ပေးရမှာပေါ့” လို့  ကိုသက်ဆွေက ဆက်ပြောပါတယ်။

ဌာနဆိုင်ရာတွေကလည်း ပွဲဖြစ်မြောက်ရေးအတွက်   ကြော်ငြာဘုတ်တွေ အခမဲ့ထောင်ခွင့်၊ ဘောလုံးကွင်း အခမဲ့ငှားရမ်းခွင့်ရအောင် ၀ိုင်းဝန်း ကူညီပေးခဲ့ကြပါတယ် တဲ့။

လက်မှတ် ၁ စောင်ကို ၂,၀၀၀ ကျပ်နှုန်းနဲ့ ရောင်းချတာဖြစ်တဲ့အတွက် စောင်ရေ ၂,၀၀၀ ရောင်းရမယ်ဆိုရင် မိဘမဲ့ကလေးတွေအတွက် ရန်ပုံငွေ ကျပ်သိန်း ၄၀ လောက် ရရှိမှာပါ။

ဘောလုံးပွဲအတွက် စပွန်ဆာကြေး သိန်း ၃၀ လောက် ရရှိခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

အသေးစိတ်ပြောရရင်  မြန်မာဘီယာက စပွန်ဆာ ကျပ် ၁၀ သိန်းကျော်၊ V စီးကရက်က ၅ သိန်း နဲ့ ပုသိမ်မြို့က စီးပွားရေးလုပ်ငန်း ၆ ခုက စပွန်ဆာ ကျပ် ၁၅ သိန်း တို့ ဖြစ်ပါတယ်။

အခုက ပွဲအတွက် ကုန်ကျတာက သိန်း ၆၀။
ကလေးတွေအတွက် လှူသွားတာက ၆ သိန်း။
၁၀ ဆ ၁ ဆ ကွာခြားပါတယ်။ ဆင်ဖိုးထက် ချွန်းဖိုးကြီးဆိုသလိုများ ဖြစ်နေမလားလို့ ဆိုသူက ဆိုပါတယ်။

၉ ရက်နေ့က ကျင်းပတဲ့ မိဘမဲ့ကလေးများ ရန်ပုံငွေဘောလုံးပွဲကို ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင် တက်ရောက်အားပေးခဲ့ပြီး တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲတွေလည်း လာရောက်အားပေးခဲ့ကြပါတယ်။



ဘာသာပေါင်းစုံက ကလေးတွေအတွက်လုပ်တဲ့ပွဲဖြစ်လို့ ခရစ်ယာန်နဲ့ အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေပါ ဘောလုံးပွဲကို လာရောက်အားပေးကြပါတယ်။

ပရိတ်သတ်ဆိုရင်လည်း ပုသိမ်၊ ငပုတော၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျောင်းကုန်း စတဲ့မြို့တွေကပါ လာရောက်အားပေးခဲ့ကြလို့ ဘောလုံးကွင်းထဲမှာ လူတွေ ပြည့်ကြပ်နေပြီး ဘောလုံးပွဲလာကြည့်တဲ့လူပေါင်း အနည်းဆုံး ၃,၅၀၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

“ဘောလုံးပွဲက စည်စည်ကားကားနဲ့ အောင်မြင်ပြီးသွားကာမှ လှူဒါန်းတဲ့အချိန်ကျတော့ ပုသိမ်က ဌာနဆိုင်ရာအကြီးအကဲတွေ၊ မြို့မိမြို့ဖတွေ၊ ပွဲဖြစ်မြောက်ရေး ကူညီပေးသူတွေ၊ ကျနော်တို့ Old Stars အသင်းကလူကြီးတွေ ဘယ်သူမှ မပါဘူး။ ဘယ်သူ့ကိုမှလည်း မတိုင်ပင်ဘူး။ ဖိတ်လည်း မဖိတ်ဘူး။ သူတို့လုပ်ချင်သလို လုပ်သွားတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ အတော်လေး စိတ်မကောင်းဖြစ်မိပါတယ်” လို့ Old Stars အသင်းနည်းပြ ဦးဝင်းသိန်းက ပြောပါတယ်။



ရန်ပုံငွေဘောလုံးပွဲကရရှိတဲ့ ငွေကြေးကို လာရောက် လှူဒါန်းပါတယ်လို့ အမည်တပ် ခဲ့ခြင်း မဟုတ်ဘဲ ရုပ်ရှင်သရုပ်ဆောင် မြင့်မြတ်နဲ့ ရဲမြင့်ထွန်း (ခေါ်) ရဲလေး တို့ ၂ ဦး နာမည်တပ်ပြီး ငွေလှူခဲ့တာဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။

“ကျနော်တို့က ကလေးတွေ ရန်ပုံငွေရပါစေတော့ဆိုပြီး ကိုယ့်ထမင်း ကိုယ်စားပြီး ကန်ပေးတာပါ။ ကျနော်တို့ Old Stars အသင်းအတွက် ပွဲစဉ်စီသူတွေ တပြားတချပ်မှ ကုန်ကျခြင်း မရှိပါဘူး။ ဘာသာပေါင်းစုံက မိဘမဲ့ကလေးတွေကို လှူပါ့မယ်လို့ ကြေညာထားပြီးကာမှ ဗုဒ္ဓဘာသာကျောင်းတကျောင်းပဲ ကွက်ပြီး လှူသွားတယ်။ အဲတော့ မြို့ခံဘာသာခြားတွေနဲ့ တွေ့တဲ့အခါ ကျနော်တို့က ဘယ်လိုမျက်နှာပြရမလဲ။ ခင်ဗျားတို့က ပြောတော့တမျိုး လုပ်တော့တမျိုး ဆိုပြီး အပြောခံရမယ့်ကိန်းဖြစ်နေပြီ” လို့ Old Stars အသင်းရဲ့ အတွင်းရေးမှူး ဦးအောင်သိန်းက ပြောပါတယ်။

ရုပ်ရှင်မင်းသားများဘောလုံးပွဲရဲ့ နောက်ဆက်တွဲအဖြစ်အပျက်တွေကို ပုသိမ်က  တိုင်း/ခရိုင်/မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတွေကပါ သိရှိသွားပြီး စိတ်မကောင်း ဖြစ်နေကြောင်း သူတို့နဲ့ နီးစပ်သူတွေထံက သိရှိရပါတယ်။

ပုသိမ်မြို့ခံပွဲစဉ်သူတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး အများပြည်သူသိရှိနိုင်ရန်အတွက်  သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်သွားမယ်လို့လည်း ပြောပါတယ်။

ဆလိုင်း သန့်စင်

နန်းဆုရတီစိုး ခွဲစိတ်ပြုပြင်ထားသလား


ဒီရက်ပိုင်း သတင်းထောက်တွေ တကောက်ကောက်လိုက်တာခံရမှာကတော့ သရုပ်ဆောင် အဆိုတော် နန်းဆုရတီစိုး ဖြစ်ပါလိမ့်မယ်။
နန်းဆုရတီစိုး ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ကို ခွဲစိတ်ပြုပြင်ထားတယ် ဆိုတဲ့ သတင်းတပုဒ် အွန်လိုင်းမှာ မနေ့က တက်လာပါတယ်။
ဒီသတင်းအပိုင်းအစကို အတည်ပြုချက်ယူဖို့ ကာယကံရှင်ကို ဖုန်းတဂွမ်ဂွမ် ဆက်ကြဖွယ် ရှိပါတယ်။
လာမယ့်ရက်ပိုင်းအတွင်း ထွက်လာမယ့် ဂျာနယ်များမှာလည်း ဒီအကြောင်း သေချာပေါက် ဖော်ပြထားမှာပါ။

(မကြာသေးခင်က ရိုက်ကူးပြီး စာနယ်ဇင်းများမှာ ဖော်ပြခဲ့တဲ့ပုံတချို့ကို ဒီစာစု ထိပ်ဆုံးမှာ စုစည်း ဖော်ပြလိုက်ပါတယ်။ သူ့ဖေ့စ်ဘုတ်ကနေ ယူပါတယ်)

အလှအပအတွက် ဒီလို ခွဲစိတ်ပြုပြင်တယ် ဆိုတဲ့ သတင်း မှန်ကန်တယ် ဆိုရင်တော့  ၁၉၈၇ ခုနှစ်ဖွား နန်းဆုရတီစိုးက
မြန်မာပြည်က အထင်ကရများထဲမှာ ပထမဆုံးခွဲစိတ်ပြုပြင်သူ ဖြစ်လာဖွယ် ရှိပါတယ်။

သိပ်မကြာသေးခင်အချိန်အထိတော့ သူက မြန်မာပြည်က အထင်ကရများထဲမှာ ပထမဆုံး ဘော်ဒီဂတ် ထားရှိသူ ဖြစ်ခဲ့ပါတယ်။
သူ့မေမေနဲ့ စိတ်အခန့်မသင့်ဖြစ်ပြီး အဒေါ်အိမ်မှာသွားပုန်းရာကနေ မေမေက ရဲစခန်းမှာ လူပျောက်အမှုဖွင့်ပါတယ်၊ အဲဒီနောက်တော့ အမျိုးသမီး ဘော်ဒီဂတ်တယောက် ရှာပေးခဲ့တယ်လို့ ဆိုပါတယ်။

လောလောဆယ်ဆယ် နန်းဆု ဖေ့ဘုတ် http://www.facebook.com/nansu.yatisoe.1 မှာတော့ ခွဲစိတ်ပြုပြင်တယ် မပြင်ဘူး ဆိုတာနဲ့ ပတ်သက်ပြီး ဘာမှ ရေးမထားပါ။
ဖခင်များနေ့ အမှတ်တရ ပုံနဲ့ ရေးသားချက်တချို့ကိုပဲ ဖတ်ရမှာ ဖြစ်ပါတယ်။


ဟိုတုန်းက နန်းဆုဓာတ်ပုံများ

သဇင် ပွင့်ပွင့်လင်းလင်း ပြောပြထားတဲ့ ဖာရုပ်သီချင်းအကြောင်း


မြေအောက် ဂီတလောကမှာ အထင်ကရ ဟစ်ဟော့ပ် အဆိုတော်တဦးဖြစ်တဲ့ YAK  သဇင် ရဲ့ သီချင်းတပုဒ် နာမည်က ဖာရုပ် ဖြစ်ပါတယ်။

ဒီသီချင်းက ဘာကို ရည်ရွယ်တာလဲ။

 “ကျမတို့ကို ဝေဖန်ထားတဲ့ သူတွေက စပွန်ဆာ ယူထားတဲ့သူတွေချည်းပဲ ဖြစ်နေတယ်။ ဒါ သူတို့ရဲ့ ကိုယ်ရေး ကိုယ်တာပဲလေ။
 ကြိုက်တဲ့သူနဲ့ ကြိုက်သလို နေလို့ရတယ်။ ဒါပေမယ့် ကျန်တဲ့ ရိုးရိုးသားသားနဲ့ ကြိုးစားနေတဲ့ သူတွေကို မနှိမ်သင့်ဘူး၊ .....
အဲဒီမှာ ကျမ အိုင်ဒီယာတခု ရသွားတာ။ ..... သူတို့ရဲ့ မှားနေတာတွေကို ပြန်ပြီးတော့ မြင်စေချင်တာ။ အဲဒီလိုမျိုးနဲ့ ပတ်သက်ပြီးတော့ ဒီသီချင်းကို ကျမတို့ ဆိုဖြစ်တာပါ” လို့ ပြောပြပါတယ်။

YAK  သဇင် က ဧရာဝတီကို အဲဒီလို ပြောပြပါတယ်။

“တည့်ပဲ ဆော်မယ်ကွာ၊ တည့်မှ ထိတာ ဆိုပြီးတော့ ရေးလိုက်တာပါ။ ဒီသီချင်းနဲ့ ပတ်သက်ပြီး YAK က ရိုင်းရင် ရိုင်းသွားမယ်ပေါ့နော်။ ဒါပေမယ့် ဒါတွေဟာ တကယ့် အဖြစ်အမှန်တွေပါလို့ ပရိသတ်ကြီးကို သိစေချင်ပါတယ်” လို့ သဇင်က   ပြောပါတယ်။

ဒီသဇင်က YAK  သဇင် ဖြစ်ပါတယ်။
No အဖွဲ့ဝင်ဟောင်း သဇင် မဟုတ်ပါ။



စစ်တွေ ရဲတပ်ဖွဲ့မှ အချိန်မီ အရေးယူဆောင်ရွက်ခြင်း မရှိရာမှ ရခိုင်အဆိုတော် ဒိုးအ်ရီ ဇနီး သေဆုံးရခြင်းဖြစ်


ရခိုင်အဆိုတော်ဒိုးအ်ရီဇနီး မဥမ္မာထွန်း(၃၂)နှစ် အား ၁၇-၆-၂၀၁၃ နေ့ ညနေ ၆ နာရီခန့်တွင် စစ်တွေမြို့၊ ရူပမြောက်ရပ်ကွက်ရှိ ၄င်းတို့၏ အိမ်အနီးတွင် မျက်နှာချင်းဆိုင် နေအိမ်မှ မောင်တော(ခ) လပြည့် (၃၅)နှစ်(ဘ) ဦးသိန်းထွန်း မှ ဓားဖြင့် ထိုးသတ်ခဲ့သဖြင့် သေဆုံးခဲ့ရသည်။

အဆိုပါ မှုခင်း မဖြစ်ပွားမီ တစ်ရက်ခန့် ညနေပိုင်းတွင် ရခိုင် အဆိုတော် ဒိုးအ်ရီအိမ်၏ မျက်နှာချင်းဆိုင်အိမ် (တရားခံနေအိမ်)မှ မိသားစုဝင်များ ဖြစ်ကြသော ဒေါ်မြမြထွန်း၊ ဒေါ်စန္ဒာထွန်းနှင့် လူသတ်တရားခံ လဖြူသီး(ခ) မောင်တော(ခ)လပြည့်သည် ညနေ (၈)နာရီခန့်မှ စတင်ပြီး ညလုံးပေါက် ပြဿနာရှာပြီး ခြံစည်းရိုး နံရံများကို ဓားလက်နက်များဖြင့် ခုတ်ခဲ့ကြသည်ဟု ပတ်ဝန်းကျင်နေလူများမှ ပြောကြားခဲ့သည်။

ရပ်ကွက်ရှိ ပတ်ဝန်းကျင်လူများမှာ အဆိုပါလူများအား တားဆီးခဲ့သဖြင့် ရပ်တန့်ပြီး မိမိ အိမ်ပေါ်သို့ ပြန်လည် ၀င်ရောက်ခဲ့ကြသော်လည်း အိမ်ပေါ်မှာနေ၍ ၄င်းအိမ်(တရားခံအိမ်)မှ အမျိုးသမီးတစ်ဦးမှ ညလုံးပေါက် ဆဲဆိုနေကြောင်းနှင့် ”မနက်ဖြန် မင်းတို့ အပြင်ထွက်ရဲရင်ထွက်ကြည့် ထွက်တာ နဲ့အသေပဲ” ဟု ၄င်းအမျိုးသမီးမှ ကြိမ်းမောင်းခဲ့သည်ဟုသိရသည်။

၁၇-၆-၂၀၁၃ နေ့တွင် ကိုဒိုးအ်ရီတို့သည် ရပ်ကွက်အုပ်ချုပ်ရေးမှုးထံသို့ အကြောင်းကြားခဲ့ပြီး အမှတ်(၁) ရဲစခန်းသို့ တရားဝင် တိုင်တန်းခဲ့သောအခါ ရဲစခန်း တာဝန်ရှိသူများမှာ နောက်က လိုက်လာမည်ဟု ပြော၍ ၄င်းတို့ အိမ်ကိုပြန်လာခဲ့ကြသည်ဟု သေဆုံးသူ မဥမ္မာထွန်း၏ မိသားစု အသိုင်းအ၀ိုင်းက ပြောဆိုပါသည်။

၎င်းနောက် ညနေပိုင်း ၄ နာရီကျော် ၅ နာရီခန့်တွင် တရားခံ မောင်တော(ခ) လပြည့်မှာ ဓားထမ်းလျှက် သေဆုံးသူ မဥမ္မာထွန်းအိမ်ရှေ့တွင် အပြောင်းအပြန် လမ်းလျှောက်လျှက် ဆဲဆိုနေကြောင်းသိရသဖြင့် ရဲစခန်းသို့ ဖုန်းဆက်ပြီးအကူအညီလှမ်းတောင်းသော်လည်း ရဲစခန်းမှ လာမည်ဟု ပြောသော်လည်း မရောက်လာကြောင်း။ နောက်တစ်ကြိမ်ဖုန်းဆက်ပြီး အကြောင်းကြားရာတွင် ယူနီဖောင်းလှဲလှယ်နေသည်ဟု အကြောင်းပြန်ပြီး ဓားဖြင့် အထိုးခံရသည့် အချိန်ထိ လုံးဝ ရောက်မလာခဲ့ကြောင်းသိရသည်။

ဓားဖြင့်အထိုးခံရသည့်ဖြစ်စဉ်မှာ မဥမ္မာထွန်းသည် ရေမိုးချိုးပြီး ငါးဟင်း ၀ယ်ရန်ထွက်ချိန် နေအိမ်နှင့် ပေ ၅၀ ခန့်အကွာတွင် တရားခံမှာ ဓားနှင့် အသေအချာ မိမိရရ ထိုးသတ်သွားခဲ့ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ရရှိခဲ့သည့် ဓားဒါဏ်ရာများမှာ ဘယ်ညာရင်အုံနှစ်ခုစလုံး၊ ဘယ်ဘက်ရင်အုံ အပေါ်ဘက်ဖြင့် ညာလက်တွင် တစ်ချက်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူသတ်မှုဖြစ်စဉ်မှ တရားခံများဘက်မှ ပိပိရိရိကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု မိသားစု အသိုင်းအ၀ိုင်းများက ပြောပြပါသည်။

၁၇-၆-၂၀၁၃ နေ့လည်ပိုင်းမှ စတင်၍ တရားခံ မိသားစုများသည် နေအိမ်ကိုသေချာကျနစွာပိတ်ပြီး နေအိမ်မှလူများသည် ပြစ်မူ မကျူးလွန်မီ အချိန်ကပင် ရှောင်းတိမ်းခဲ့ကြောင်းသိရသည်။

မဥမ္မာထွန်းနေအိမ်သို့ တာဝန်ရှိသူများသည် အမှုဖွင့်တိုင်တန်းစဉ်ကပင် လာရောက်ခဲ့သော် (သို့မဟုတ်) ဖုန်းဖြင့် ပထမအကြိမ် တိုင်ကြားစဉ်(သို့မဟုတ်) ဖုန်းဖြင့် ဒုတိယ အကြိမ် တိုင်ကြားစဉ် ရောက်ရှိခဲ့သော် မဥမ္မာထွန်းသည် အကျိုးမဲ့ သေဆုံးရမည်မဟုတ်ကြောင်း ကျန်ရစ်သည့်မိသားစုဝင်များက ပြောဆို ခဲ့ကြပါသည်။

အရေးကြီး ကိစ္စဖြစ်သော်လည်း ရဲတပ်ဖွဲ့က အရေးယူ ဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် မဥမ္မာထွန်း အကျိုးမဲ့ သေဆုံးခဲ့ရခြင်းဖြစ်သဖြင့် သက်ဆိုင်ရာ အထက် အာဏာပိုင်များ အနေဖြင့် စစ်တွေရဲတပ်ဖွဲ့ ၏ တာဝန် လစ်ဟင်း ပေါ့လျော့မူ အပေါ် အမြန်ဆုံး စစ်ဆေး အရေးယူရန် စစ်တွေ မြို့လူထုက လိုလားနေကြောင်း သိရသည်။

မဥမ္မာထွန်း အသတ်ခံရမှုသည် စစ်တွေမြို့နယ် အတွင်း ဘင်္ဂလီများ၏ အကြမ်းဖက်မှု အရေးအခင်းအပြီး
အကြီးမားဆုံး ပြစ်မှု ကျူးလွန်မှုဖြစ်ကြောင်းသိရသည်။ ယခုအချိန်တွင် အဆိုပါ အမှုကို စစ်တွေမြို့ အမှတ်(၁)ရဲစခန်းတွင် (ပ)၀၄၀/၂၀၁၃ ပြစ်မှုပုဒ်မ ၃၂၆ အရ အဖွဲ့ဖွင့်ထားလျှက် ဒုရဲအုပ်ဇော်မြင့်ဦးမှ စစ်ဆေးလျှက်ရှိပြီး တရားခံအားဖမ်းဆီးနိုင်ရေးအတွက် မြိ့နယ်ရဲတပ်ဖွဲ့မှူးမှ စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

နိရဉ္စရာ သတင်းဌာန

တီဗီ ၁ နာရီကြည်တိုင်း အသက် ၂၂ မိနစ်တို


ထူးထူးခြားခြား လေ့လာ တွေ့ရှိချက် တစ်ခု ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံ၊ Yale တက္ကသိုလ်မှ ဆေးပညာရှင် များက စစ်တမ်းအရ ရှာဖွေ တွေ့ရှိ ထားခြင်း ဖြစ်ပါတယ်။
တီဗီကို တစ်နာရီ ပတ်လုံး ထိုင်ကြည့်တဲ့ အခါ ကိုယ်လက် လှုပ်ရှားမှုများ မရှိတဲ့ အတွက် အဆီ တက်စေပါတယ်။ ကိုယ်တွင်း ကယ်လိုရီလောင်ကျွမ်းမှု အားနည်းပြီး သွေးကြောပိတ်ခြင်း၊ သွေးကြောကျဉ်းခြင်း၊ Fatty acid တိုးခြင်းတို့ ဖြစ်စေပါတယ်။ တစ်နာရီပတ်လုံး ယင်းဖြစ်စဉ်များ ဆက်တိုက် ဖြစ်ရင် ကိုယ်တွင်း ဇီဝလောင်ကျွမ်းမှု စနစ် အလုပ် လုပ်ဆောင်မှု နှေးကွေးပြီး အကြော အားနည်းတာတို့၊ ဦးခေါင်းသို့ သွေးစီးမှု နှေးတဲ့ အတွက် ခေါင်းမူးတာတို့ ဖြစ်စေပါတယ်။
ဒါကြောင့် ဘာမှ မလှုပ်မရှုက်ပဲ တီဗီ ၁ နာရီ ထိုင်ကြည့် လိုက်ခြင်းဟာ ပျှမ်းမျှ အားဖြင့် တီဗီမကြည့်တဲ့ လူထက် ကျန်းမာရေး ကောင်းမွန်မှုက ၃၀ ရာခိုင်နှုန်းကျော် လျော့နည်းသွားပြီး အသက်နဲ့ တွက်လိုက်ရင် ၂၂ မိနစ်စာ အသက် လျော့သွား စေပါတယ်။ ဒါကြောင့် တစ်ရက်ကို ပျှမ်းမျှ ၆ နာရီ တီဗီ ကြည့်သူဟာ သာမန် လူတွေထက် ငါးနှစ်လောက် အသက် တိုတာကို လည်း လေ့လာ တွေ့ရှိခဲ့ပါတယ်။
ကွန်ပျူတာ အသုံးပြု အလုပ်လုပ်သူတွေထက် တီဗီကြည့်သူများ ပိုဖြစ်ပြီး ကွန်ပျူတာ အသုံးပြု လုပ်ကိုင် သူများကလည်း ကိုယ်လက် လှုပ်ရှားမှု ရှိရန် လိုအပ်တယ်လို့ ဆိုပါတယ်။ ရုံးချိန်ဆက်တိုင် ထိုင်ရာမှ မထ တည်တည် အလုပ်လုပ်ခြင်း ကလည်း တီဗီကြည့်သူနဲ့ မထူးမခြားနား ကျန်းမာရေး ချို့ ယွင်းလို့ အသက်တို နိုင်ကြောင်း သိရပါတယ်။
Ref: medic-facts
Aung Kham (TSJ team)
မြ၀တီ

မြန်မာ အလုပ်သမားများ ဌာနေပြန်ခွင့်အတွက် လာဘ်ယူမှုတွင် သံရုံးမှ ပါဝင်ပတ်သက်သည် ဆိုပါက ရာထူးမှ ထွက်ပေးသည်အထိ တာဝန်ခံနိုင်ကြောင်း မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပြောကြား

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ် မလေးရှားရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံနေစဉ်

မလေးရှားရောက် တရားမ၀င် မြန်မာအလုပ်သမားများ ဌာနေပြန်ခွင့်အတွက် လာဘ်ယူမှုများတွင် သံရုံးမှ ပါဝင်ပတ်သက်သည် ဆိုပါက ရာထူးမှ ထွက်ပေးသည်အထိ တာဝန်ခံနိုင်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်က ဇွန် ၁၈ ရက် ညနေပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
"ဒါနဲ့ပတ်သက်လို့ အာမခံတယ်။ သံရုံးဝန်ထမ်းတွေ ပိုက်ဆံယူတယ်ဆိုတာ ကျွန်တော်လည်း အဖြစ်မခံဘူး။ ဒီအချိန်မှာ သူတို့ဒုက္ခရောက်လို့ ပြန်တဲ့အချိန် ပိုဆိုးတာပေါ့။ ကျွန်တော်တို့ ၀န်ထမ်းတွေလည်း မှာထားပါတယ်။ ဖြစ်လာလို့ရှိရင် သံရုံးဝန်ထမ်းက ယူတယ်လို့ တိတိကျကျ စွပ်စွဲလို့ရှိရင် သံအမတ်ကြီးလည်း သံအမတ်ကြီး ရာထူးကနေ ထွက်သွားပါမယ်။ ကျွန်တော် အဲလောက်အထိ အာမခံတယ်။ ရဲရဲတင်းတင်း အာမခံပါတယ်။ သံရုံးက ပါတယ်ဆိုရင် ရာထူးက ထွက်သွားတဲ့အထိ တာဝန်ခံပါတယ်" ဟု ဦးတင်လတ်က ပြောကြားသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လိုသူ တရားမ၀င် အလုပ်သမားများ အနေဖြင့် မြန်မာသံရုံးမှ ထုတ်ပေးသော နိုင်ငံသားဖြစ်ကြောင်း အထောက်အထားနှင့် မလေးရှား လူဝင်မှု ကြီးကြပ်ရေး ဌာန၏ ဌာနေပြန်ခွင့် စိစစ်ခြင်း စသည့်အဆင့်နှစ်ဆင့်ကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားကို အခမဲ့ အနေဖြင့် နေချင်းပြီး ထုတ်ပေးလျက် ရှိနေပြီး မလေးရှား လူဝင်မှု ကြီးကြပ်ရေးမှ ခွင့်ပြုသော ဌာနေပြန်ခွင့်ကို ပုံမှန်အားဖြင့် သုံးလစောင့်ဆိုင်းရမည် ဖြစ်သည်။ သို့သော် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ဧရာဝတီ ဖောင်ဒေးရှင်း၏ တောင်းဆိုချက်အရ ရက်ပိုင်းအတွင်း ပြန်လိုသူများအတွက် သံရုံး၏ ကိုယ်စားလှယ်လွှဲ ထောက်ခံစာဖြင့် လျှောက်ထားမှုများ စတင်ပြီးချိန်တွင် ရက်ပိုင်းအတွင်း ပြန်နိုင်သူများ ရှိလာခဲ့သည်။ ထိုသို့ ပြန်ရန်အတွက်လည်း ငွေကြေးကုန်ကျမှုများ မရှိခဲ့ကြောင်း မြန်မာနိုင်ငံ ပြန်သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။
သို့သော် မြန်မာနိုင်ငံသို့ ရက်ပိုင်းအတွင်း ပြန်လိုသူ အရေအတွက် တိုးလာချိန်တွင် ပွဲစားများကို ကြားခံထားပြီး ရက်ပိုင်းအတွင်း ပြန်နိုင်ရန်အတွက် လာဘ်ပေးပြီး ဆောင်ရွက်နိုင်သည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။
"အရင်တုန်းက သုံးလကြာတာကို ဘာမှမပြောဘူး။ ဒီလိုပဲ စောင့်ခဲ့ကြတယ်။ အခုကျတော့ သူတို့မှာ စိုးရိမ်ပူပန် စိတ်လေးတွေနဲ့ ရက်ကြာရင် သူတို့မှာ အန္တရာယ်များ ဖြစ်မလားဆိုပြီး မြန်မြန်ပြန်ချင်တဲ့စိတ် ပေါ်လာတာကိုး။ အရင်က ဒီသုံးလ ဆိုတာကို ဘယ်သူမှ မပြောဘူး။ အခုမှ မြန်မြန်ပြန်ချင်တာတွေ ဖြစ်လာတယ်ဆိုတော့ သူတို့ကို (မလေးရှား) သွားပြီး စွပ်စွဲလို့လည်း မကောင်းဘူး။ မြန်မာပြည်မှာ လိုပေါ့။ လိုင်းရှိတယ်လေ။ အဲဒါတွေက သံရုံးနဲ့လည်း မဆိုင်ဘူး" ဟု ဦးတင်လတ်က ပြောကြားသည်။
မလေးရှား လူဝင်မှု ကြီးကြပ်ရေးရုံးသို့ သံရုံး၏ ကိုယ်စားလှယ် လွှဲစာဖြင့် ပေးပို့မည် ဆိုပါက အဆိုပါ ကိုယ်စားလှယ် လွှဲစာကို သံမှူးအဆင့်က လက်မှတ်ရေးထိုး ရသဖြင့် အလွယ်တကူ မရရှိနိုင်ကြောင်း သိရသည်။

Eleven Media