လူနာနှင့် ဆရာဝန်အကြားက သံသယကို ဖြေရှင်းမည့် ကြားခံအဖွဲ့ ဖွဲ့တော့မည်

ပို့စ်တင်ချိန် - 6/20/2013 05:16:00 PM


လူနာနှင့်ဆရာဝန်အကြား ဖြစ်ပေါ်လျှက်ရှိသော သံသယများကို ညှိနှိုင်းပေးမည့်ကြားခံ ဆရာဝန်အဖွဲ့ ဖွဲ့စည်း သွားမည်ဟု မြန်မာနိုင်ငံဆရာဝန်အသင်း စီမံခန့်ခွဲမှုဌာန အတွင်းရေးမှူး ဒေါက်တာမြင့်ဦးက ဇွန် ၁၉ ရက်တွင် မဇ္ဈိမကိုပြောသည်။

ရန်ကုန်ရှိ မြန်မာနိုင်ငံဆရာဝန်များအသင်း အဆောက်အအုံတွင် ပြုလုပ်သည့် ''ဆေးလောကစီမံခန့်ခွဲမှုနှင့် လူသားဆန်သော ဆေးပညာ၊ ဆေးလောက၌ ကျင့်သုံးရေး'' ဟု အမည်ရသည့် ဖိုရမ်တက်ရောက်နေစဉ် ၎င်းက ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။

''(လူနာတွေက) သူတို့ကို ကုသတဲ့ ဆရာဝန်အပေါ်မှာ သူတို့ရဲ့ထင်မြင်မှုတွေ၊ ဆေးရုံနဲ့ပတ်သက်ပြီး သူတို့ရဲ့ ခံစားမှုတွေကအစနာက်ဆုံး သူတို့ဘဝဒဏ်ရာဒဏ်ချက်တွေကို နားလည်ပြီး နှစ်သိမ့်နိုင်တဲ့အထိ လုပ်သွားမှာပါ။ ဒီကနေ ဆရာဝန်တွေအားလုံး လူသားဆန်တဲ့ကုသမှုတွေ ကျင့်သုံးလာမယ်ဆိုရင် အခုဖြစ်နေတဲ့ လူနာနဲ့ ဆရာဝန်ကြားက မယုံကြည်မှုတွေကို ပြန်ပြီး တိုက်ဖျက်နိုင်မယ်'' ဟုလည်း ဒေါက်တာမြင့်ဦးက ပြောသည်။

ဆရာဝန် ၁ဝဝ ကျော် တက်ရောက်ပြီး သုံးရက်ကြာပြုလုပ်သည့် ယခုဖိုရမ်သည် ဇွန် ၁၉ တွင် ပြီးဆုံးပြီဖြစ်ပြီး ဖိုရမ်ပြီးသည်နှင့် အဆိုပါ ကြားခံဆရာဝန်အဖွဲ့ကို ဖွဲ့]့စည်းရန် အမြန်ဆုံးဆောင်ရွက်တော့မည်ဖြစ်သည်ဟု သူက ဆိုသည်။

ထိုအဖွဲ့ဝင် ဆရာဝန်များက ပုဂ္ဂလိက ဆေးရုံအုပ်များထံခွင့်တောင်းပြီး လူနာများကို တွေ့ဆုံဆွေးနွေးသွားမည်
ဖြစ်သလို အစိုးရဆေးရုံများက ဖိတ်ခေါ်ပါကလည်း ဆောင်ရွက်ပေးသွားမည်ဟု သူက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ဆရာဝန်များ၏ ကုသမှုနှင့်ပတ်သက်ပြီး ပြည်သူများအကြား ဝေဖန်မှုများရှိနေသလို၊ မီဒီယာများ ကလည်း ထောက်ပြမှုများ ဆောင်ရွက်လာပြီးနောက်တွင် ဆရာဝန်များအသင်းက ထိုကိစ္စကို ပြေလည်စေရေး အတွက် ယခုလိုကြိုးပမ်းလာခြင်းလည်း ဖြစ်သည်။

မိသားစုကျန်းမာရေးစောင့်ရှောက်မှု အတိုင်ပင်ခံဆရာဝန်ကြီး သီတဂူ ဒေါက်တာ စိုးမြင့်ကလည်း ကျွန်တော်တို့ လုပ်မှာက ဘယ်ဆရာဝန်မဆို လူနာရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက လူနာရဲ့စိတ်ပိုင်းဆိုင်ရာကိုပါ သိရှိဖို့
ဆေးထိုးပြီးပိုက်ဆံယူယုံမကဘဲ လူနာရဲ့ လူသားဆန်တဲ့ခံစားမှုတွေကိုပါ ကုသနိုင်တဲ့ ဆရာဝန်တွေဖြစ်လာအောင် ကျွန်တော်တို့ မျှော်မှန်းတာပါ'' ဟု မဇ္ဈိမကိုပြောသည်။

၂ဝဝ၉ ခုနှစ် အောက်တိုဘာက ဖြစ်ပွားခဲ့သော ဆယ်တန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည်ကို ဆရာဝန်ကြီးတစ်ဦးက ကုသပြီးနောက် သေဆုံးသွားခဲ့သဖြင့် ထိုဖြစ်ရပ်နောက်ပိုင်း မြန်မာနိုင်ငံမှဆရာဝန်များ၏ ကုသမှုများနှင့် ပတ်သက်၍ ပြည်သူများနှင့် မီဒီယာများတွင် ဝေဖန်မှုများဖြစ်လာခဲ့သည်။

ထို့ပြင် ယခုနှစ် မေ ၁၆ ရက်ကလည်း ဟင်္သာတမြို့နယ်အတွင်းရှိ ဆေးရုံတစ်ရုံတွင်မီးဖွားသည့် အမျိုးသမီးတစ်ဦး၏ ဝမ်းဗိုက်ထဲတွင် ချုပ်ကြိုးကျန်ခဲ့သော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သဖြင့် ဝေဖန်မှုများ ထပ်ဖြစ်လာခဲ့ပြီး ထိုခွဲစိတ်မှုကို တာဝန်ယူသည့် ဆရာဝန်ကို စုံစမ်းမှုများဆောင်ရွက်နေသည်။

အတိုင်ပင်ခံဆရာဝန်ကြီး သီတဂူ ဒေါက်တာ စိုးမြင့်က မြန်မာနိုင်ငံဆရာဝန်သင်းသည် ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် ကတည်းက ကမ္ဘာ့ဆရာဝန်များအဖွဲ့ဝင် ဖြစ်ခဲ့ပြီဖြစ်သဖြင့် မြန်မာနိုင်ငံဆေးလောကတွင် လူအခွင့်အရေးနှင့် လူသားဆန်သော ဆေးကုသမှုများ ပေါ်ပေါက်လာရန် လိုအပ်ကြောင်း၊ ဆရာဝန်များ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ
မြှင့်တင်ရန်လိုအပ်ကြောင်း မှတ်ချက်ပြုသည်။

mizzimaburmese