နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မဟီဒေါတက္ကသိုလ်တို့ ပူးပေါင်းပြီး မြန်မာကျောင်းသားများအား ပညာသင်ဆု ပေးမည်


ကိုကိုအောင် | တနင်္လာနေ့၊ သြဂုတ်လ ၁၂ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၀၄ မိနစ်

နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မဟီဒေါတက္ကသိုလ်တို့ ပူးပေါင်းပြီး မြန်မာကျောင်းသားများအား ဘွဲ့လွန်နှင့် ပါရဂူဘွဲ့များအတွက် ပညာသင်ဆုများ ပေးအပ်သွားမည်ဖြစ်သည်။

ဇီဝသိပ္ပံဘာသာရပ်များ၊ လူမှုသိပ္ပံ၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းဆိုင်ရာ လေ့လာမှုများနှင့် ဂေဟဗေဒဘာ သာရပ်များအတွက် ပညာသင်ဆုများကို အပြည့်အ၀ ပေးအပ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသူများ အနေဖြင့် ထိုင်းနိုင်ငံ၏ နာမည်ကျော် မဟီဒေါတက္ကသိုလ်တွင် ပညာဆည်းပူးနိုင်မည် ဖြစ်သည်။

ရွေးချယ်ခံရမည့် ကျောင်းသားများအနေဖြင့် မဟီဒေါတက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်းအတွက် နှစ်နှစ်သင်ကြား တက်ရောက်ရမည်ဖြစ်ပြီး၊ ပါရဂူဘွဲ့အတွက် သုံးနှစ်သင်ကြားရမည်ဖြစ်သည်။ ထို့အပြင် ပညာသင်ဆု အပြည့်အ၀ ရရှိမည့်အပြင်၊ အကယ်၍ ကျောင်းတက်စဉ်ကာလအတွင်း ကျောင်းသားများအနေဖြင့် မြန်မာ ပြည်တွင် သုတေသနများ ပြုလုပ်မည်ဆိုပါကလည်း ပြုလုပ်နိုင်မည့် အခွင့်အလမ်းများကိုလည်းရရှိမည် ဖြစ်သည်။

ပညာသင်ဆုများကို တက္ကသိုလ်များတွင် ပညာတက်ရောက် သင်ကြားတက်ရောက်နေသော ကျောင်းသားများ၊ အစိုးရအမှုထမ်းများနှင့် NGO များတွင် လုပ်ကိုင်နေသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။ အဆိုပါ ပညာသင်ဆုများအတွက် လူနည်းစုတိုင်းရင်းသားများနှင့် အမျိုးသမီးများအား ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပြီး ပညာဆည်းပူးမှု ပြီးဆုံးပါက မြန်မာပြည်သို့ ပြန်လာပြီး တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

စိတ်ပါဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါ ၀က်ဘ်ဆိုဒ်တွင် ၀င်ရောက်လေ့လာနိုင်သည်။ http:// www.grad.mahidol/ac/th/grad/evaluation/sch/home.php?main_index=general.php

Mizzima - News in Burmese

ရန်ကုန်-နေပြည်တော်ပွဲ ဆိုးသွမ်း ပရိသတ် ၁၂ ဦးကို ပုဒ်မ ၆(၁) ဖြင့် အရေးယူ

ရန်ကုန်၊ သြဂုတ် ၁၁

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ ဖွင့်ပွဲ ပိတ်ပွဲ ကျင်းပမည့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် ရန်ကုန်နှင့် နေပြည်တော် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ထိုင်ခုံ များကို ဖျက်ဆီးခဲ့သည့် ဆိုးသွမ်း ပရိသတ် ၁၂ ဦးကို ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေ ပုဒ်မ ၆-၁ ဖြင့် အရေးယူ မည် ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ် အမှတ် ၅ ရဲစခန်းမှ ရဲအုပ် နေမျိုးသူရိန် က ပြောကြားသည်။

ယင်းပြိုင်ပွဲ၌ ပရိသတ်များ၏ ဖျက်ဆီးမှုကြောင့် ထိုင်ခုံ ၁၅၀ ကျော် ပျက်စီးခဲ့သည့်အတွက် ပြိုင်ပွဲ ကျင်းပရေး ကော်မတီက တရားလိုပြု တိုင်ကြားခဲ့သောကြောင့် သံသယရှိသူများကို သြဂုတ်လ ၈ ရက်နေ့က စတင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ၏ နောက်ဆုံးပွဲ ဖြစ်ခြင်းကြောင့် ဆုပေးပွဲ အခမ်းအနားပါ ကျင်းပနိုင်ရန် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ရာ ပရိသတ် သုံးသောင်းဆံ့သည့် ယင်းကွင်း သို့ နေပြည်တော် ပရိသတ် နှစ်သောင်းခန့်နှင့် ရန်ကုန် ပရိသတ် နှစ်ထောင်ကျော် လာရောက် ကြည့်ရှုရာ ရန်ကုန် ယူနိုက်တက် အသင်း ပယ်နယ်တီ ပစ်ဒဏ်ဘော ရခဲ့ခြင်းကို ကျေနပ်မှု မရှိသည့် ပရိသတ် များက ကွင်းလယ်ဒိုင်နှင့် ကစားသမားများကို ရန်ပြုရာမှ ကွင်းအတွင်းရှိ ထိုင်ခုံများကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ပရိသတ်များအပြင် နှစ်ဖက်အသင်း တာဝန်ရှိသူများပါ ခိုက်ရန် ဖြစ်ပွားခဲ့ရာ ပါဝင်ခဲ့သူများကို အရေးယူမည်ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက ပြောကြား သည်။

ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ပြည်ထောင်စုဖလား ပြိုင်ပွဲ ကျင်းပစဉ် ပြည်ထဲရေး ဝန်ကြီးဌာနက လုံခြုံရေး တင်းကျပ်ခဲ့ပြီး ယခုပြိုင်ပွဲ တွင် ပုဂ္ဂလိက လုံခြုံရေး ဝန်ထမ်းများသာ ထားရှိခဲ့သောကြောင့် အားကစား ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တို့မှာ ဝေဖန်မှု ခံခဲ့ရသည်။
The Voice Weekly

ပရိသတ်တွေသိချင်နေတဲ့ ဆိုတေးရဲ့ကျန်းမာရေးအခြေအနေ


ယာဉ်မတော်တဆမှုကြောင့် မန္တလေးပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံ ယူနေတဲ့ အဆိုတော်ဆိုတေးရဲ့ ကျန်းမာရေး အခြေ အနေမှာ တိုးတက်ကောင်းမွန်နေတယ်လို့ သိရပါတယ်။ ဆိုတေးကျန်းမာရေးအခြေအနေနဲ့ပတ် သက်ပြီး သူ့ရဲ့ပရိသတ် တွေကလည်း စိုးရိမ်ပူပန်နေကြပါတယ်။ လတ်တလောမှာ အဆိုတော်ဆိုတေး ကွယ်လွန်သွားပြီဆိုတဲ့ သတင်း တွေထွက်ပေါ်နေတာ ကြောင့် ဆိုတေးကို အနီး ကပ် ပြု စုစောင့်ရှောက်နေတဲ့ အဒေါ် ဖြစ်သူ ဒေါ်ချိုကို ဆက်သွယ်မေးမြန်းရာ မှာတော့ "အပြင်မှာ ပြောနေကြတာတွေက မဟုတ်ပါဘူး။ဆိုတေးက သတိပဲမရသေးတာ ပါ။စကားတော့ မပြောနိုင်သေးပါဘူး။ပါးစပ်မှာ ပိုက်ကတပ်ထားတုန်းပဲ။ခါတိုင်း ထက်စာရင် လက်တွေလှုပ် တယ်၊ခေါင်းလှုပ် တယ်။ခေါင်းလှုပ်တယ်ဆိုပေမယ့် သတိရ တယ်လို့လည်း ပြောလို့မရသေး ဘူး။ဖြစ်ဖြစ်ချင်းထက်စာရင် တော်တော် အခြေအနေတိုးတက်လာပါတယ်" လို့ ပြော ပါတယ်။ အပြင်မှာပြောနေကြတဲ့ ကောလာ ဟလများကြောင့် ဆိုတေးကျန်းမာရေး အခြေအနေကို စိတ်ပူကာ အားလုံးက ဆိုတေး မိသားစုများအား ဖုန်းဆက်မေး နေကြပြီး မိုးလင်းကတည်းက ဒီ သတင်း တွေကို ပြန်လည်ဖြေရှင်းနေရတယ်လို့ ဆိုတေးရဲ့အဒေါ်ဖြစ် သူ ဒေါ်ချိုကပြော ပါတယ်။

ခိုင်ဝေလွင်
Popular Journal

Google မိုးပျံဘောလုံး အင်တာနက် စီမံချက် ဘီလ်ဂိတ်စ် ဝေဖန်


ကာလီဖိုးနီးယား၊ သြဂုတ် ၁၁

ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် မိုးပျံ ဘောလုံးများ လွှတ်တင်ထားပြီး ထိုဘောလုံးများ မှ တစ်ဆင့် အင်တာနက် ရရှိစေရန် ပြုလုပ်ပေးမည် ဆိုသည့် Google ၏ Project Loon ကို အလှမ်း ကျယ်လွန်းသော စီမံချက် တစ်ခုအနေနှင့် Microsoft ကုမ္ပဏီကို တည်ထောင်ခဲ့သူ ဘီလ်ဂိတ်စ်က ဝေဖန်လိုက်ကြောင်း ABC သတင်းတွင် ဖော်ပြထားသည်။

Google ကုမ္ပဏီသည် နယူးဇီလန်နိုင်ငံတွင် အင်တာနက် အသုံးပြုနိုင်ရန် ပစ္စည်း ကိရိယာများ တပ်ဆင်ထားသော မိုးပျံ ဘောလုံးများကို လွှတ်တင်ပြီး လက်တွေ့ စမ်းသပ်ခဲ့သကဲ့သို့ ယခုအခါ ကယ်လီဖိုးနီးယား ပြည်နယ် တွင်လည်း စမ်းသပ်ခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ယခု လွှတ်တင်ထားသော မိုးပျံ ဘောလုံးများတွင် စွမ်းအင်အတွက် နေရောင် မှ တစ်ဆင့် ရရှိ သုံးစွဲနိုင်ရန် ဘက်ထရီများကို တင်ဆောင် ပေးလိုက်ပြီး၊ မိုးပေါ်သို့ လွှတ်တင်ထားရသည့် အဓိက အချက်မှာ အင်တာနက်ကို ကျယ်ပြန့်စွာ ဖမ်းယူ ရရှိနိုင်စေရေးဖြစ်ကြောင်း Google က ရှင်းလင်း ထားသည်။

ဘီလ်ဂိတ်ကမူ ယင်းသို့ Google ၏ လုပ်ဆောင်နေချက်များနှင့် ပတ်သက်ပြီး မိမိအနေနှင့် စိတ်မဝင်စားကြောင်း၊ ငှက်ဖျား ဖြစ်နေသူ တစ်ဦးကို အင်တာနက် သွားကြည့်ခိုင်းရန် အဆင်ပြေမည် မဟုတ်ကြောင်း၊ ဝမ်းလျှောနေသူ တစ်ဦးကိုလည်း အင်တာနက်အကြောင်း ပြောနေ၍ အဆင်ပြေမည် မထင်ကြောင်း၊ မိမိ အနေနှင့် ဒစ်ဂျစ်တယ် တော်လှန်ရေးကို ယုံကြည်သူ ဖြစ်သော်လည်း လူတိုင်း ကျန်းမာရေး အခြေခံ ရရှိစေရေး အတွက် ကျောင်းတိုင်းတွင် အင်တာနက် ရရှိရေး ဆောင်ရွက်ပေးရန် ကိုသာ စိတ်ဝင်စားကြောင်း၊ ဝင်ငွေ နည်းပါးသည့် နိုင်ငံများတွင် ငှက်ဖျားနှင့် အခြားရောဂါများ တိုက်ဖျက်ရေးက အင်တာနက်ထက် အရေးကြီးကြောင်း အင်တာဗျူး တစ်ခုတွင် ပြောကြားသွား ခဲ့သည်။

ဂိတ်သည် Bill & Melinda Gates ဖောင်ဒေးရှင်းကို ထူထောင်ပြီး ကမ္ဘာ့ ပညာရေးနှင့် ကျန်းမာရေး လုပ်ငန်းများကို အထူး ဆောင်ရွက်နေသူ ဖြစ် သည်။ အထူးသဖြင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးကို စုစုပေါင်း ဒေါ်လာ ၂ ဘီလီယံခန့် အကုန်ခံကာ ဆောင်ရွက်နေသကဲ့သို့ AIDS ရောဂါ တိုက်ဖျက်ရေး အတွက်လည်း ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ အကုန်အကျခံ ထောက်ပံ့နေသူ တစ်ဦး ဖြစ်သည်။
The Voice Weekly

အင်ဒိုနီးရှား နိုင်ငံရှိ မြန်မာ သံရုံးအား ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့သူ နှစ်ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး ရမိခဲ့ ………


ဂျကာတာ သြဂုတ် ၁၁

အင်ဒိုနီးရှား အကြမ်းဖက် နှိမ်နင်းရေး ရဲတပ်ဖွဲ့သည် ၂ဝ၁၃ ခုနှစ် မေလက အင်ဒိုနီးရှား နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ကိုဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ နှစ်ဦးအား သြဂုတ် ၉ရက်က ဖမ်းဆီးရမိ ခဲ့ကြောင်း သြဂုတ် ၁၁ ရက်တွင် သတင်းထုတ်ပြန် ခဲ့သည်။

ရဲတပ်ဖွဲ့သည် ကိုရမ်ကျမ်းစာရွတ် အသင်းအတွက် ဘဏ္ဍာငွေ ကောက်ခံသူဖြစ်သော အိုင်ပူးလ်ခေါ် မူဟာမက် စိုင်းဖူလ် ဆာဖာနီ အားယိုဂျကာတာ မြို့တွင်းရှိ တည်းခိုခန်း တစ်ခု၌ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းသည် အနောက်ဂျာဗာ ပြည်နယ်ရှိ Salak တောင်ကုန်းတွင် လေ့ကျင့်မှု များ ပြုလုပ် စဉ်က ပါဝင်ခဲ့ဖွယ် ရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် အိုင်ပူလ်၏ အကြမ်းဖက် ကွန်ရက် အဆက်အနွှယ်ဖြစ်သော ဘာယူဒွီ အာဒီယန်တို ကိုလည်း ဖမ်းဆီး ထိန်းသိမ်း ထားပြီးဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် ၂ဝ၁၃ခုနှစ် မေလက ဖမ်းဆီးရမိခဲ့သည့် အဖွဲ့ခေါင်းဆောင် ရိုဟာဒီတို့ လေးဦး နှင့်အတူ မြန်မာ သံရုံး ကို တိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မိမိထံတွင် ခဲတံ၊ ဘောလ်ပင် စာရွက်စာတမ်းများမထားရ


အင်းစိန်ထောင် ကြိုးတိုက်က ရင်ခွဲတိုက်အမျိုးအစားပါ။ တိုက်ခန်း ပေါင်း ၃ဝ စီပါတဲ့ တိုက်တန်းလျားနှစ်ခု မျက်နှာ ချင်းဆိုင်ထားတာ။ အခန်းနေ အကျဉ်းသားတွေဟာ တစ် ဖက်နဲ့တစ်ဖက် မျက်နှာချင်းဆိုင် မြင်နေရတော့ ဆိတ်ကွယ်ရာ မရှိဘူးပေါ့။ လုံခြုံရေးလည်း ပို ကောင်းတယ်။ ဒီလို လုံခြုံရေး ကောင်းတဲ့တိုက်ကနေမှ အုတ် ရိုး အထပ်ထပ် ဖောက်ထွက်
လွတ်မြောက်သွားခဲ့တဲ့သူ နှစ်ဦး ရှိခဲ့တယ်။

တစ်ယောက်က အောင်ရွှေ ဆိုတဲ့ သေဒဏ်ကျအကျဉ်းသား တစ်ဦး။ ရွှေကျင်ကျောက်ကြီး ဘက်ကကျတာ။ စစ်တပ်ထဲမှာ လုပ်တုန်း ရွှေကျင်တဲ့သူတွေ ဆီကို လိုင်းကြေး သွားတောင်း
ရာက ပစ်ခတ်မှုတွေဖြစ်ပြီး အရပ်သားသုံးယောက်သေခဲ့ရ တယ်။ ဒီအမှုကို ဘီဘီစီတို့ ဗီအိုအေတို့ကအော်လို့ သူသေ ဒဏ်ကျတာပါဆိုတဲ့သူ။ စာ မတတ်ဘူး။ နိုင်ငံရေးသမားတွေ ကိုမုန်းတဲ့သူ။ နောက်တစ်ဦးက လွင်ဦး။ ၁ဝ တန်းအထိ ပညာသင် ဖူးတယ်။ အေဘီအက်(စ်) ဒီအက်(ဖ်)အဖွဲ့ကနေ ရန်ကုန် ထဲကို ဗုံးတွေသယ်တာကို ကူ ညီလို့ နိုင်ငံတော်ပုန်ကန်မှုနဲ့
သေဒဏ်ကျနေတာ။

ခေတ်ကာလက စစ် ထောက်လှမ်းရေးတွေ ကြီးစိုးနေတဲ့အချိန်။ ကြိုးသမား တစ် ယောက်အတွက် တစ်နေ့လုံး မှာမှ ဂန်ဖလားသွန်ဖို့၊ ရေချိုးဖို့၊ ဟိုအခန်းဒီအခန်းပြေးပြီး စကားစမြည်ပြောဖို့ အခန်း အပြင်ကို ၁၅ မိနစ်ပဲထွက်ရ တယ်။ ကျန်တဲ့ အချိန် ၂၃ နာရီ ၄၅ မိနစ်ကို ၈ ပေ ၁၂ ပေ အခန်းထဲနေပေတော့။ ထိုင် လိုက်၊ ထလိုက်၊ အခန်းပတ် လျှောက် လိုက်၊ ရှေ့တည့်တည့် က သံတိုင်တွေကို လက်နှစ် ဖက်နဲ့ ကျစ်ကျစ်ပါအောင် ဆုပ် ကိုင်ထားပြီး အတွေးမဲ့ မျက်လုံး တွေနဲ့ ဟိုကြည့်၊ ဒီကြည့်၊ စိတ် တွေကို ဟိုးအဝေးကြီးပေးလွှင့် လိုက်၊ ဝင်သက်ထွက်သက်ကို ပြန်အာရုံဝင်စားလိုက်၊ ဟိုဘက် ခန်း၊ ဒီဘက်ခန်း အော်ဟစ်ပြော ဆိုလိုက်နဲ့ ဘဝကို နေဖြစ် အောင်သာနေပေတော့။

ထောင်စည်းကမ်းတွေ အများကြီးထဲကမှ လွင်ဦးလို နိုင်ငံရေး သမားတစ်ယောက် အတွက်အရေးကြီးဆုံးစည်း ကမ်းက..

" မိမိထံတွင် ခဲတံ၊ ဘောလ် ပင်၊ စာရွက်စာတမ်းများမထားရ" ဆိုတဲ့ စည်းကမ်း။ စာရွက် တစ်ရွက်မိသွားလို့ အရိုက်ခံရတာ ခါးချည့်သွားတဲ့သူရှိတယ်။

အင်္ဂလိပ်အဘိဓာန်အပိုင်းအစတစ်ခုနဲ့ ထောင် ၇ နှစ်ထပ်တိုး သွားဖူးတဲ့ နိုင်ငံရေးအကျဉ်းသားရှိတယ်။

သေဒဏ်ကျအကျဉ်းသား တစ်ဦးအတွက် စာဖတ်ဖို့လိုသေးလား။ သံခြေကျင်းတွေ၊ ဒေါက်တွေ၊ အလုံပိတ်အခန်း တွေနဲ့ရင်းပြီး စာဖတ်သင့်ပါ့ မလား။ စာအုပ်တစ်အုပ်မိတာနဲ့ မီးခိုးကြွက်လျှောက် စစ်ကြော ရေးတွေ လုပ်ဦးမှာ။သွင်းပေးတဲ့ဝန်ထမ်းလည်း ထောင်ကျဦးမယ်။ သူ့မိသားစုလည်း ခိုကိုးရာမဲ့ဖြစ်သွားမယ်။ ကိုယ့်ကြောင့်နဲ့ တိုက်တစ်လုံး ပိုက်စိပ် တိုက်
တလာစီခံရမယ်။

လွင်ဦးတစ်ယောက် စာမဖတ်တော့ဘူး။ တရားထိုင်တယ်၊ ပုတီးစိပ်တယ်။ ဒီလိုနဲ့ နှစ်တွေ၊လတွေကို "ဘဝကို နေလို့ရသလောက်အပြည့်နေမယ်" ဆိုတဲ့စိတ်နဲ့ပဲ ဖြတ်သန်း လာလိုက်တာ။တစ်ည ကုလားအဘိုးကြီး တစ်ယောက်ကို အိပ်မက်မက် တယ်။ ထောင်ဆိုတာ ကိုလိုနီ ခေတ်က ကုလားဝါဒါကြီးတွေ အုပ်ချုပ်တာ။ ဒီကုလားကြီးက မဟတ္တမဂန္ဒီကို
တွေ့ဖူးတယ်တဲ့။

" ကောင်လေး..ထောင် က လွတ်ချင်လား" လို့ အဘိုး ကြီးက လွင်ဦးကို အိပ်မက်ထဲမှာ မေးတယ်။

"လွတ်ချင်တယ်" လို့ လွင်ဦးက တိုတိုတုတ်တုတ်ပဲ။
" ဒါဆို နေပါ။ မနက်ဖြန် သေတော့မှာလို့တွေးပြီး ဘဝကိုနေပါ။ သင်ယူပါ၊ ဘယ်တော့ မှမသေတော့ဘူးလို့တွေးပြီး ပညာကိုသင်ယူပါ။ ဒါဆို ဘဝကတောင် လွတ်မြောက်သွားနိုင်တယ်" လို့ ကုလားအဘိုးကြီး က ပြောပြီး ပျောက်သွားတယ်။ လွင်ဦးလန့်နိုးလာတယ်။

အိတ်ဆောင်အင်္ဂလိပ် အဘိဓာန်တစ်အုပ်ကို ထောင်ထဲသွင်းဖို့ မဟာဗျူဟာတစ်ရပ် ဆွဲရတယ်။ အထဲနဲ့ အပြင်နဲ့ ချိတ်ဆက်ဖို့ ဝန်ထမ်းတစ်ဦးကိုစည်းရုံး။ စာအုပ်ရောက်လာ တော့
အပိုင်းလိုက်၊ အပိုင်းလိုက်ဆုတ်ဖြဲ။ ကိုယ်ဖတ်မယ့်အပိုင်းကို အခန်းထဲက တစ်နေရာမှာဝှက်။ ကျန်တာတွေကို ပလတ်စတစ်နဲ့ သေချာထုပ်။

တိုင်ပတ်ပတ်လည်မှာ တောင်ယာ လုပ်တဲ့ အကျဉ်းသားတွေထဲက ယုံကြည်ရမယ့်တစ်ယောက်ကို ရေချိုးလမ်းလျှောက်ချိန်မှာ ဝှက်ယူသွားပြီး သိမ်းခိုင်းထား။ မြေကြီးထဲ မြှုပ်ထား။

တကယ်တော့ စာမဖတ်တာ ငါးနှစ်လောက်ရှိပြီ။ ဒါ ပထမဆုံး ဖတ်တာပဲ။

A တဲ့။ A is.. တဲ့။ A is the first letter တဲ့။ A is the first letter of တဲ့။ A is the first letter of English alphabet တဲ့။လွင်ဦးတစ်ယောက် လက်ရှိ သေဒဏ်ကျအကျဉ်း သားဘဝကို ခဏလောက်မေ့သွားပါပြီ။

ခရီးတစ်ခုထွက် လိုက်တဲ့ခံစားမှု။ သတိပြန်လည်လာတော့ အခု ခံစားလိုက်ရတဲ့ ထူးဆန်းမှုနောက်ကို..လိုက် ဖို့ကလွဲလို့ တခြားဘာမှမသိတော့ဘူး။ လွတ်မြောက်မှုဆီ သို့...။ ဒီနောက်ပိုင်းမှာတော့ အဲဒီ အင်္ဂလိပ်အဘိဓာန်လေး ကိုပဲ အပိုင်းလိုက်၊ အပိုင်းလိုက်
ဖတ်နေပါတော့တယ်။သူ့မျက်နှာ ဟာဝင်းပလာလိုက်တာ တကယ့် ခရီးသည်တစ်ဦးလိုပါပဲလား။ ဒါပေမဲ့ လျှောက်ရမယ့် လမ်း ဟာ အဝေးကြီးရှိသေးတယ်ဆို တာ သူသိပါတယ်။

ဒါကြောင့်စစ်အာဏာရှင် စနစ်တိုင်းကစာအုပ်ကို ကြောက်ကြတာ။ သူတို့က ပြည်သူလူထု ရဲ့ရုပ်ပိုင်းကိုရော၊ စိတ်ပိုင်းကိုရော အကျဉ်းချထားစေချင်တာ။ လူ့ရဲ့ရုပ်ခန္ဓာဟာ ရွေ့
လျားလို့မရရင် စိတ်ဟာ အာရုံ တစ်ခုနောက်ကို ကျက်စားတော့ တာပဲ။

အဲ့ဒီစိတ်ဟာ စာအုပ် နဲ့တွေ့တဲ့အခါ စာအုပ်ထဲကို အတင်းတိုးဝင်တော့တာပဲ။ နယ်ပယ်အသစ်တွေ၊ စကားလုံး
အသစ်တွေ၊အတွေးအခေါ် အသစ်တွေ၊ အခက်အခဲ အသစ် တွေကိုတွေးရင်းတွေးရင်း အာရုံ ခရီးတွေကို တစ်သွားတည်းသွား နေတော့တာပါပဲ။ ထမင်းစား ဖို့လည်း သတိမရဘူး။

ထိုင်နေ လား၊ ရပ်နေလားလည်း မသိ ဘူး။ ကိုယ့်ကိုယ်ကိုယ်ကိုရော၊ ဘဝကိုရော မေ့သွားလိုက်တာ။ နောက်ဆုံးစိတ်ဓာတ် တော်လှန် ရေး တောင် ဖြစ်သွားနိုင်တာ ကို...စစ် အာဏာရှင်ကသိ တယ်။ ဂျာမန် ပြည်သူတွေနဲ့ စိတ်တွေကို အကျဉ်းချဖို့ ဟစ် တလာက သူနဲ့မတည့်တဲ့ စာအုပ်တွေကို မီးပုံရှို့ဖူးတယ်။ အတွေးပုလိပ်တဲ့။ ဒီနိုင်ငံမှာ လည်း ဒီလိုပါပဲလား။
ဆင်ဆာ ဘုတ်ဆိုတဲ့ ဝါဒါတွေရှိတယ်။

လွင်ဦးတစ်ယောက် စာ ဖတ်နေတာ ကို အောင်ရွှေတွေ့သွားတယ်။ စောင့်ကြည့်နေ တာကြာပါပြီ။ ဒီလူစာဖတ်နေတာကို သိတယ်။ လွင်ဦးကို ကြည့်ရတာ တစ်နေ့ထက် တစ် နေ့ ပိုတည်ငြိမ်လာသလိုပဲ။ ဒါ ကို သိချင်တယ်။ အခုတော့ သူ စာဖတ်နေတာ လက်ပူးလက် ကြပ်မိပြီ။

" ဟေ့လူ ဘာတွေဖတ်နေတာလဲ" လို့ အောင်ရွှေက မေး တော့ လွင်ဦး အာရုံပျက်သွား တယ်။ ထိတ်လန့်လာတယ်။ သွားချွန်ရင်ဘယ်နှယ့်လုပ်မလဲ။ ဒီလွတ်လပ်မှုဆီသွားနေတဲ့ ခရီး။

အကျဉ်းပြန်ကျတော့မယ်။ " ဒီတော့ လွတ်မြောက်မှု ကို အောင်ရွှေကိုလည်း ဝေမျှပေးနိုင်ရင်" ဆိုတဲ့ အဖြေတစ်ခုပဲရ တယ်။

" လာ ကိုအောင်ရွှေ ခင်ဗျားကိုကျွန်တော်ကဗျာ တစ်ပုဒ် ရွတ်ပြမယ်။ ဒီကဗျာကို တိုက်ခန်းနံရံမှာ။ အဘ ဦးသော်ကရေးခဲ့တာ။ အင်္ဂလိပ်စာဆိုတစ်ယောက်ရဲ့ ကဗျာလို့ ပြောကြတယ်။

အင်္ဂလိပ်လိုရော၊ မြန်မာလိုရော ရေးထားတယ်။ အင်္ဂလိပ်လိုက

" Stone walls do not a prison make,
nor iron bars a cage;
Minds innocent and quiet take that for an hermitage " တဲ့ ...

နားမလည်ပေမယ့် နားထဲကို ဝင်သွားတယ်။ ဒီအသံဟာ အရသာရှိတယ်။ အောင်ရွှေရဲ့ ရီဝေနေတဲ့ မျက်လုံးတွေဟာ စိတ်ဝင်စားစရာတစ်ခုကို တွေ့ လိုက်ရလို့ အရောင်ထွက်လာ
သလိုပဲ။စိတ်တွေလည်း လှုပ်ရှား နေလိုက်တာ။

ဖင်စီခံထိနေတဲ့ နွားဆေးလိပ်တိုကို လက်တုန် တုန်နဲ့ ဖွာနေတယ်။ တစ်ချိန် တည်းမှာပဲ သူဟာ ကြောက်ရွံ့ နေတယ်။ လွင်ဦးလက်ထဲမှာ
က အင်္ဂလိပ်အဘိဓာန်အပိုင်း တစ်စ၊ ဒါကို ဝါဒါတစ်ယောက် ယောက်၊ ဒါမှမဟုတ် မလိုတဲ့ သူတစ်ဦးဦးကတွေ့ပြီး သွား ချွန်ရင် စမုံတုန်းသွားမယ်။ သူ ကိုယ်တိုင်ပဲ သွားချွန်လိုက်ရင် ကောင်းမလား။ မဟုတ်သေးပါ ဘူးလေ။ အတွေးတွေဟာ အောင်ရွှေ့ရင်ထဲမှာ တစ်လှပ်လှပ်နဲ့။

" ဒါနဲ့ မြန်မာလိုက ဘာလဲဗျ" ဆိုတဲ့မေးခွန်းကို အလို လိုမေးချလိုက်တယ်။ မြန်မာလိုက...

" ကျောက်နံရံဝိုင်း
ထောင်တံတိုင်းမမည်
သံတိုင်သံတန်း
အချုပ်ခန်းမပီ
စိတ်တွင်ဖြူစင်
ကျောင်းသိမ်ထင်ရ
တရားဓမ္မပင်
ရသေးသည်တဲ့" လို့

လွင်ဦးရဲ့ အဖြေနောက်မှာတော့ အောင်ရွှေသိလိုက်ပါပြီ။ ဘာကြောင့်လွင်ဦးဟာ လွတ်မြောက်တဲ့ ခရီးသည်တစ်ယောက်နဲ့ တူနေလဲဆိုတာ။

" ကိုလွင်ဦး ကျုပ်ကိုလည်းစာသင်ပေးဦးဗျ"

အဘဦးသော်က အမှတ်တရ
8:00 Am, 6 Aug

လက်ျာထွန်း
Popular Journal

ထိုင်းနိုင်ငံရေး တင်းမာမှုအပေါ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အထူး စိုးရိမ်


ဘန်ကောက်၊ သြဂုတ် ၁၁

ထိုင်းနိုင်ငံတွင် ပါလီမန် လွှတ်တော်တွင်း အစိုးရ ထောက်ခံသူများနှင့် ဆန့်ကျင်သူ အင်အားစုများ အကြား ထိပ်တိုက်တွေ့မှုနှင့် လမ်းမပေါ် ဆန္ဒပြမှုများကြောင့် ဖြစ်သော နိုင်ငံရေး တင်းမာမှုများနှင့် ပတ်သက်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက အထူးပင် စိုးရိမ်လျက် ရှိကြောင်း The Nation သတင်းစာက ရေးသား ဖော်ပြသည်။

ဖူထိုင်းပါတီ ဦးဆောင်သော အစိုးရက ဦးဆောင် ရေးဆွဲလျက်ရှိသည့် အငြင်းပွားဖွယ် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းနှင့် ပတ်သက်၍ လွှတ်တော်တွင်းနှင့် လွှတ်တော် ပြင်ပ၌ အစိုးရ လိုလားသူနှင့် ဆန့်ကျင်သူ များ ထိပ်တိုက် ပဋိပက္ခ ဖြစ်မှုအပေါ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတို့က စိုးရိမ်နေကြခြင်း ဖြစ်သည်။

“နိုင်ငံရေး တင်းမာမှုဆိုတာ စီးပွားရေး လုပ်ငန်းကြီးတွေနဲ့ စက်မှုလုပ်ငန်းတွေ အတွက် အမြဲတမ်း အနုတ် လက္ခဏာ ဆောင်စေတဲ့ အရာပဲ ဖြစ်ပါတယ်။ ထိုင်းတောင်ပိုင်းမှာ ပြည်တွင်း လုံခြုံရေး အက်ဥပဒေ ထုတ်ပြန်ထားတယ်၊ မြို့တော် ဘန်ကောက်က မြို့နယ် သုံးခုမှာလည်း အဲဒီ ဥပဒေ ထုတ်ပြန်ထား တယ်။ အဲဒါတွေ အားလုံးဟာ ထိုင်းနိုင်ငံရဲ့ အနုတ်လက္ခဏာ ဆောင်တဲ့ သတင်းတွေပဲ ဖြစ်ပါတယ်” ဟု ပူးတွဲ နိုင်ငံခြား ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ နာဒေါဗွန်ဒါလီချီက ပြောကြားသည်။

လက်ရှိ အခြေအနေတွင် အမေရိကန် အပါအဝင် အနောက် နိုင်ငံများက ၎င်းတို့ နိုင်ငံသားများ အနေနှင့် ထိုင်းနိုင်ငံသို့ သွားရာတွင် အထူး သတိပြု ရမည့် အချက်များကို ထုတ်ပြန်ထားသလို ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူ နိုင်ငံခြား လုပ်ငန်းများကလည်း ပြည်တွင်း နိုင်ငံရေး ပဋိပက္ခ အပေါ် မျက်ခြည်မပြတ် စောင့်ကြည့်လျက် ရှိသည်။

“တကယ်လို့သာ တစ်စုံတစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံအပေါ် ထားရှိတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ တွေရဲ့ ယုံကြည်ချက် ကျဆင်းသွား မှာ ဖြစ်ပါတယ်။ သူတို့ ဒီနိုင်ငံကို ဘယ်တော့မှ လာချင်တော့မှာ မဟုတ်ဘူး၊ ဒါမှမဟုတ် အခြားနိုင်ငံ တစ်ခုခုဆီကို ပြောင်းသွားကြလိမ့်မယ်” ဟု မစ္စတာ နာဒေါဗွန်ဒါ လီချီက ဆက်လက် ပြောကြားသည်။

အကယ်၍ အခြားနိုင်ငံ အစိုးရ အသီးသီးကလည်း ထိုင်းနိုင်ငံသို့ လည်ပတ် ရာတွင် သိရှိထားရမည့် သတိပေးချက်များ ထုတ်ပြန်မည် ဆိုပါက တိုင်းပြည်၏ ခရီးသွား လုပ်ငန်းအပေါ် များစွာ ထိခိုက်လာမည် ဖြစ်သည်ဟု ခရီးသွား လုပ်ငန်းရှင်များက ပြောဆိုသည်။

“တကယ်လို့ ခရီးသွားတွေအတွက် အာမခံချက် အလုံအလောက် မပေးနိုင်ဘူးဆိုရင် ခရီးသွား အေဂျင်စီတွေကလည်း သူတို့ရဲ့ ဖောက်သည်တွေအတွက် ဘွတ်ကင် တင်ပေးတော့မှာ မဟုတ်ဘူး” ဟု ခရီးသွား လုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။

သို့အတွက်ကြောင့် ထိုင်းအစိုးရ အနေဖြင့် လမ်းမပေါ်များတွင် ဆူပူ အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရန် အခိုင်အမာ လုပ်ဆောင်ပေးပြီး အခြေအနေ အရပ်ရပ်ကို ထိန်းချုပ်သွားရန် အရေးကြီးသည်ဟု ယင်းလုပ်ငန်းရှင်များက ဆိုသည်။

လတ်တလော နေ့ရက်များတွင်ထိုင်း နိုင်ငံရေးနှင့် ပတ်သက်သော သတင်း များနှင့် ကောလာဟလများ အဆမတန် ထွက်ပေါ်လျက်ရှိရာ ကမ္ဘာလှည့် ခရီးသွားများနှင့် အခြား ခရီးသည်များက ယင်းနိုင်ငံသို့ သွားရောက်မည့် ကိစ္စအပေါ် ချီတုံချတုံ ဖြစ်လျက်ရှိသည်။
The Voice Weekly

လင်မယားကွဲနိုင်သည့် မြန်မာနိုင်ငံက မိုဘိုင်းဖုန်းစနစ်


မြန်မာနိုင်ငံမှာ ဟန်းဖုန်းလို့ခေါ်ကြသည့် မိုဘိုင်းတယ်လီဖုန်းတွေပေါ်လာသည့်အခါ ဈေးကြီးပေးပြီး ၀ယ်သုံးနိုင် သူတွေ ဂုဏ်တက်ကြသည်။ ရင်ကော့ကြသည်။ လူပုံအလယ်မှာ ဟန်းဖုန်းပြောရတာ အရမ်းဂုဏ်တက်သည်။ အရသာရှိသည်။ လူသူမမြင်ကွယ်ရာ အိမ်ထဲမှာဟန်းဖုန်းမပြောဘဲ လမ်းပေါ်တက်ပြီး စကားပြောပြသည်။ ဟန်းဖုန်းကိုင်နိုင်တာ၊ သုံးနိုင်တာကို ပတ်ဝန်းကျင်ကမြင်ပြီး အထင်ကြီးခံချင်လို့ လူမြင်ကွင်းကိုထွက်ပြီး ဟန်းဖုန်းပြောသည်။ ရယ်စရာ တော်တော်ကောင်းသည်။

ခေတ်မီတိုးတက်သည့်နိုင်ငံတွေမှာ မူလတန်းကျောင်းသူ၊ ကျောင်းသား၊ အိမ်ဖော်၊ ဆိုက်ကားသမား၊ ဂျပိုး၊ သူခိုးက အစသုံးနိုင်သည့် ဟန်းဖုန်းကို ဒီနိုင်ငံမှာဗိုလ်ချုပ်တွေနှင့် ခရိုနီသူဌေးတွေသာကိုင်ခွင့်ရှိသော ဆက်သွယ်ရေး ကိရိယာဖြစ်ပေါ်ပေါက်လာသောအခါ ကိုင်ကွယ်အသုံးပြုနိုင်သူတွေ ဘ၀မြင့်ကြသည်။ ကြွား ကြသည်။ ဂုဏ်ယူကြသည်။ စာရေးဆရာမ အဘွားကြီးတစ်ယောက်ဆိုရင် သူ့မှာ ဟန်းဖုန်းရှိကြောင်းကို အများပြည်သူနှင့် စာဖတ်ပရိသတ်တွေသိအောင် မဂ္ဂဇင်း၊ စာစောင်တွေက အခန်းဆက်ဆောင်းပါး ရေးခဲ့သည်။ ကျွန်တော်တောင် နှစ်ပုဒ်လောက် ဖတ်လိုက်ရသည်။

မြန်မာနိုင်ငံမှာ ဟန်းဖုန်းကိုင်ချင်လျှင် လျှောက်လွှာတင်ပါဆိုလို့ လျှောက်လွှာတင်ကြသည်။ ကျွန်တော် မတင်ပါ။ မကိုင်ချင်လို့ မတင်ပါ။ စင်ကာပူလိုနိုင်ငံမှာတောင် စတိုးဆိုင်မှာ အလွတ်ဝယ်လို့ရသည့် ဟန်းဖုန်းကိုမြန်မာနိုင်ငံမှာ လျှောက်လွာတင်ရမည်ဆိုသည့် အတွက်မတင်လိုပါ။ စင်ကာပူမှာ မိုဘိုင်းဖုန်း ကုမ္ပဏီက ဆင်းကဒ်ဝယ်လျှင် တယ်လီဖုန်း (ဟန်းဆက်) အခမဲ့ပေးသည်။ မြန်မာနိုင်ငံမှာ ဟန်းဖုန်းသည် အထက်တန်းလွှာ လူတန်းစားအတွက်သာ သီးသန့်ပစ္စည်းဆိုသည့်အတွက် မကျေနပ်လို့ မကိုင်ချင်ပါ။ ဆင်းရဲသားအခြေခံ လူတန်းစား အတွက် မခံချင်လို့ မကိုင်ချင်ပါ။ ဟန်းဖုန်းကိုင်နိုင်တာဟာ ဂုဏ်ယူစရာမဟုတ်လို့ ထင်သည့်အတွက် လျှောက်လွှာ မတင်ဘဲ နေပါသည်။

ကျွန်တော်မိသားစုက ကျွန်တော်မသိအောင် ကျွန်တော်နာမည်ကိုသုံးပြီး လျှောက်လွှာတင်ကြသည်။ ရှိစု မဲ့စု ဂုဏ်ပုဒ်တွေကို ဖော်ပြပြီးလျှောက်ကြတယ်။ စစ်သားလူထွက်၊ သင်္ဘောသားဟောင်း၊ စာရေးဆရာဆိုတာတွေဖော်ပြသည်ဟု သိရသည်။ ကျွန်တော်တို့ မိသားစုမှာသာမက၊ တစ်ဆွေလုံး၊ တစ်မျိုးလုံးမှာပင် အဲဒီလောက်ဂုဏ်ပုဒ်ကို ဖော်ပြနိုင်တာ ကျွန်တော်တစ်ယောက်တည်းသာရှိသည်။ ကျန်တာတွေက ပျံကျလုပ်သား၊ လယ်သမား၊ရေလုပ်သားတွေ ဖြစ်သည်။ ဟန်းဖုန်းနှင့် မိုင်ပေါင်းကုဋေလောက်ဝေးသည့် လူတန်းစားတွေ ဖြစ်သည်။

သုံးနှစ်လောက်အကြာမှာ လျှောက်လွှာဆယ်စောင်လောက် လျှောက်ထားရာမှာ ဘယ်လျှောက်လွှာကပေါက်မှန်း မသိရသည့် အကြောင်းကြားစာတစ်စောင် စာတိုက်ကရောက်လာပါသည်။ စာပို့လူလင်ကို မုန့်ဖိုး ကျပ် ၅၀၀၀ ပေးပြီး စာလက်ခံလိုက်ရသည်။ သိန်းတစ်ထောင်ဆုကြီးပေါက်သလို မိသားစု ၀မ်းသာကြတာ တွေ့ရသည်။ ကျွန်တော်က ရယ်ချင်လို့ ပြုံးလိုက်မိသည်။ မြန်မာလူမျိုး သန်းခြောက်ဆယ်မှာ လူဦးရေ တစ်သိန်းပြည့်အောင်တောင် ဟန်းဖုန်းမကိုင်နိုင်သေးသည့် နိုင်ငံပါလားလို့ဝမ်းနည်းစွာ တွေးနေမိသည်။

မဲပေါက်သည့် ဂျီအစ်စ်အင်းကတ်ကို သွားထုတ်သည့်အခါ ၁၅ သိန်းပေးခဲ့ရသည်။ ဟန်းဆက်ဘတ်ထရီနှင့် အားသွင်းကိရိယာတွေမရခဲ့ပါ။ တာဝန်ရှိသူက အဲဒါကိုဝယ်ယူရရှိနိုင်သည့်ဆိုင်တွေကို ညွှန်းပေးပါ သည်။ အဲဒီ ပစ္စည်းတွေကို လက်ခံရရှိကြောင်း၊ ပျက်လျှင် ပြင်ပေးပါမည်။ ပျောက်ဆုံးလျှင် လျှော်ပေးပါမည်ဆိုတာ လက်မှတ်ထိုး ခဲ့ရပါသည်။ ဒီတော့မှ ၁၅သိန်းတန်ဆင်းကဒ်သည်။ အပိုင်ရတာမဟုတ်၊ ခေတ္တ ဌားကိုင်ရတာဖြစ်ကြောင်း သိရတော့ သည်။ အချိန်မရွေး ပိတ်သိမ်း၊ ပြန်သိမ်းတဲ့နည်းဖြင့် ၁၅ သိန်း ဆုံး နိုင်ကြောင်းကို စာချုပ်မှာရေးထားသည်။ ဟန်းဖုန်း ထုတ်ယူလာသည့်အခါ ကျွန်တော့်ဇနီး ဒေါ်ဖြူတုတ်က ပြောသည်။

“ဒီဖုန်းကို ရှင်ကိုင်ရမယ် ...”

“ဘာအတွက် ငါကိုင်ရမလဲ၊ မကိုင်ချင်ဘူး”

“အကြောင်းရှိတယ် နောက်တော့သိလိမ့်မယ်။ ရှင်ပဲကိုင်ရမယ်၊ မကိုင်ချင်လို့ မရဘူး”

ကျွန်တော်ဇနီး ဒေါ်ဖြူတုတ်က ကျွန်တော့်ကို ဟန်းဖုန်းကိုင်စေချင်သည့်အကြောင်းကို မကြာခင် သိရတော့သည်။ ရှင်အခု ဘယ်မှာလဲ”

“လေထန်းကုန်က လက်ဖက်ရည်ဆိုင်မှာ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ တွေနဲ့အတူ ထိုင်ပြီးစာအကြောင်း ပေအကြောင်း ပြောနေတာပေါ့ကွယ်”

အရည်မရအဖတ်မရ စကားတွေပြောပြီး အချိန်ဖြုန်းနေတယ်ပေါ့။ အခုချက်ချင်း ပြန်လာခဲ့”

ကျွန်တော့်ကို ဟန်းဖုန်းကိုင်စေချင်တာအကြောင်းရှိတယ်၊ နောက်တော့ သိလိမ့်မယ်ဆိုတာ ဒါပဲဖြစ်မည်။ ကျွန်တော့် ကို ချည်တိုင်ပြန်ဝင်ခိုင်းရာမှာ သုံးဖို့အတွက်ဆိုတာ သိလိုက်သည်။ ဒီဟန်းဖုန်းအပေါ်မှာ စကတည်းက မကျေနပ် ဖြစ်နေတာ အခုတော့ပိုပြီး မကျေမနပ်ဖြစ်လာသည်။ ၁၅ သိန်းတောင်ပေးထား ရသည့် တယ်လီဖုန်းဖြစ်လို့ မတရား လုပ်ခံထားရတယ်ထင်ပြီး မကျေမနပ်ဖြစ်နေသည်။

ဒီကြားထဲမှာ ၅သိန်းတန်ဟန်းဖုန်းဆိုတာ ပေါ်လာပြန်သည်။ ငါးသိန်းနဲ့ ဟန်းဖုန်းကိုင်နိုင်ပြီဆိုတော့ ကျွန်တော်က ၁၅သိန်းပေးပြီး ငှားကိုင်နေရသူဖြစ်လို့ မကျေနပ်ချက်က ပိုမိုပြင်းထန်လာသည်။  ဟောမကြာပါဘူးဗျာနှစ်သိန်းတန် ဟန်းဖုန်းဆိုပြီး ပေါ်လာပြန်သည့် အခါမှာတော့ ကျွန်တော်မကျေနပ်ချက်သည် အထွဋ်အထိပ်သို့ရောက်သွားလေတော့သည်။ ဟန်ဖုန်းကိုင်ခိုင်းသည့် ကျွန်တော့်ဇနီးကို မဲတော့သည်။

“နင့်ကြောင့် ပိုက်ဆံ ၁၅ သိန်းတောင်ပေးခဲ့ရတယ်။ အခု နှစ်သိန်းနဲ့ရနေပြီလေ”

သူ့အပြစ်နဲ့သူဖြစ်နေလို့ ဘာမှပြန်မပြောဘဲ ငြိမ်ခံနေသည်။ သူ့အတွက်ကတော့ ကျွန်တော့်ကို ထိန်းချုပ်သည့် ကိရိယာတပ်ဆင်ပေးထားရလို့ ကျေနပ်နေပုံသည်။ ဒီအခြေအနေမှာပဲ ကျွန်တော်တို့ လင်းမယား ကွဲလောက်သည့်နောက်ဆုံးအခြေအနေ ဖြစ်လာပြန်သည်။ ၁၅၀၀ တန်ဆင်းကဒ်တွေ ရောင်းချပေးနေ ပြီးဆိုသည့်သတင်း ဖြစ်သည်။ ကျွန်တော့်၏မကျေနပ်မှုသည် အထွတ်အထိပ်မှ ပေါက်ကွဲသည့်အဆင့် ကိုရောက်သွားတော့သည်။

“၁၅၀၀ နဲ့ လူတိုင်း ဟန်းဖုန်းကိုင်နိုင်တဲ့ ခေတ်မှာ ငါ့ဟန်းဖုန်းက ၁၅သိန်းပေးရတယ်။အဲဒါနင့်ကြောင့် ရွှေ ၁၅ ကျပ်သား ၀ယ်ထားလိုက်ရင် သိန်းတစ်ရာကျော်ဖြစ်နေပြီ။ အခုတော့ ၁၅ကျပ်နဲ့ ၁၅သိန်း ဂုဏ်ရည် အတူတူ ဖြစ်သွားပြီ။ အဲဒါနင့်ကြောင့် နင့်ကြောင့်”

မဖြူတုတ်က အရေထူသည် ကျွန်တော် ပြောချင်တာပြော၊ ဂရုမစိုက် ကျွန်တော့်ကို ထိန်းချုပ်သည့် ကိရိယာ တပ်ဆင်ပေးထားရသည့်အတွက် ကျေနပ်နေသည်။ ကျွန်တော် ဟန်းဖုန်းကိုစိတ်နာနေလို့ တစ်ခါတစ်လေ ကိုင်ဖို့မေ့နေသည် မြို့ထဲသွားတာ ယူသွားဖို့မေ့သည်။ စာရေးစာပွဲပေါ်မှာ ကျန်နေခဲ့သည်။ ကျွန်တော့်ဟန်ဖုန်းကို ဘယ်တော့မှမပိတ် နေ့ရောညပါ အမြဲဖွင့်ထားသည်။ စာရေးစာပွဲပေါ်မှာ စက်ဖွင့်လျှက် ပဲမေ့ကျန်နေခဲ့တာဖြစ်သည်။ မဖြူတုတ်၏ အမိန့်သံ “ရှင်ဘယ်ရောက်နေလဲ၊ အခုချက်ချင်းပြန်လာခဲ့” ဆိုသည့် လေသံမာမာကို မကြားရသည့် အတွက် စိတ်ချမ်းသာသည်။ ညနေမိုးချုပ်တော့မှာ အိမ်ကိုပြန်ဝင်ခဲ့သည်။ အိမ်ပြန်ရောက်လာတော့မှ လေသံ မာမာကို ကြားရတော့သည်။

အခု ဘယ်ကပြန်လာလဲ။ ပဂိုးကလား၊ တွံတေးကလား၊ ကျောက်တန်းရေလယ်ဘုရား ကလား၊ရှင့်အနားမှာထိုင်၊ ရှင့်တယ်လီဖုန်းကိုကိုင်ပြီး ကျူပ်ခေါ်လိုက်တိုင်း ပြန်ဖြေနေတဲ့ အကောင့်မက ဘယ်ကအကောင်မလဲ၊ ကျုပ်ကို အားမနာ “လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိ နေပါသဖြင့်ခေါ်ဆို၍ မရနိုင်ပါရှင်လို့ ပြောလိုက်၊ မအားသေးပါရှင်လို့ ပြောလိုက်၊ တပ်ဆင်ထားခြင်း မရှိသေးပါရှင်လို့ လိမ်လိုက်၊ ဌာနမှ ခေတ္တပိတ်ထားပါသည်ရှင် ဆိုတာတောင်ပါသေးတယ်။ အဲဒီကောင်မက ဘယ်သူလဲ၊ ဘယ်ကို အတူ သွားခဲ့ကြတာလဲ”

နင်ဘာတွေလျှောက်ပြောနေတာလဲ၊ ငါ့မှာ တယ်လီဖုန်းပါမသွားဘူး၊။ ဟော့ ဟိုမှာတွေ့လား၊ စာရေးစားပွဲပေါ်မှာမေ့ကျန်နေခဲ့တယ်”

“အေးဟယ်၊ ဟုတ်သားပဲ၊ ဒီတယ်လီဖုန်းကလည်း အိမ်ကနေပြီး အမျိုးမျိုး ပြန်ဖြေနေတာပဲ”

မဖြူတုတ်သည် မချိုမချဉ်မျက်နှာဖြင့် ကျေနပ်သွားသည်။ ကျွန်တော် မြို့ထဲသွားစဉ်က တယ်လီဖုန်းယူ သွားမိရင် လင်မယားကွဲနိုင်သည်။ တော်ပါသေးရဲ့ဟု တွေးမိသည်။ ။

အဏ္ဏ၀ါစိုးမိုး
Mizzima - News in Burmese     

မြန်မာ မင်းသမီးလေးများ သေနတ်ကိုင်ပြီး Sexy ကျကျဓာတ်ပုံများ ရိုက်လာ














ဒီမိုကရေစီ ရရှိလာသည့် နောက်ပိုင်းတွင် မြန်မာ မိန်းကလေး အများအပြား ၀တ်စားဆင်ယင်မှု ယိုယွင်း လာသည်ကို မကြာခဏဆိုသလို အင်တာနက် စာမျက်နှာများတွင် တွေ့ရှိနေရပါသည်။ ထိုကဲ့သို့ အမျိုး သမီးများထဲမှ အချို့သည် တပ်မတော်တွင် တာဝန်ထမ်းဆောင်လိုသည့် စိတ်အပြည့်ဖြင့် သေနတ်များ ကိုင်ကာ ဓါက်ပုံရိုက်လျက်ရှိသည်ကိုလည်း တွေ့မြင်နေရပါသည်။
 
တစ်ချို့ အမျိုးသမီးများမှာ အမျိုးသမီး စစ်မှု့ထမ်း ခေါ်ဆိုမှုအား အများအပြား စိတ်ဝင်စားကာ တပ်မတော် တွင် အမှုထမ်းလိုကြောင်းကိုလည်း မကြာခဏ ပြောဆိုနေမှုများကို လည်း တွေ့မြင်နေ ရပါတယ်။ မည် သို့ပင်ဖြစ်စေကာမှု ထိုကဲ့သို့ မြန်မာ့တပ်မတော်တွင် အမှု့ထမ်း လိုသော အမျိုးသမီး များအား မြန်မာ မိန်းကလေး များစွာ အတုယူသင့်ပေသည်။
 
By Myanmar Daily Star

အပြာရုပ်ရှင် မင်းသမီးများမှာ ပြည့်တန်ဆာ မဟုတ်ကြောင်း ဆန်နီမှပြော


မိမိတို့​​​ အပြာရုပ်ရှင် မင်း​​သမီး​​များ​​သည် ပြည့်​​​တန်ဆာများ​​ မဟုတ်​​ကြောင်း​​ နာမည်​​ကျော် အပြာမင်း​​သမီး​​ တစ်ဦး​​ဖြစ်သည့်​​​ ဆန်နီလီယွန်က ​​ပြောကြား​​လိုက်သည်။ ဆန်နီသည် အိန္ဒိယ မိဘနှစ်ပါး​​မှ ​​မွေး​​ဖွား​​ခဲ့​​​ပြီး​​ အ​​မေရိကန်တွင် အပြာမင်း​​သမီး​​ တစ်ဦး​​အဖြစ် ထင်ရှား​​လာခဲ့​​​သည်။
သူ​မက ​​ငွေ​​ကြေး​​​ကြောင့်​​​ အပြာရုပ်ရှင်မင်း​​သမီး​​တစ်ဦး​​ ဖြစ်လာ​​ကြောင်း​​ ဝန်ခံခဲ့​​​​သော်လည်း​​ အခြား​​​သော ပြည့်​​​တန်ဆာဆန်ဆန် ကမ်း​​လှမ်း​​မှုများ​​ကို လက်မခံခဲ့​​​​ကြောင်း​​ ရှင်း​​ပြခဲ့​​​သည်။ “အိန္ဒိယမှာ​​တော့​​​ အပြာရုပ်ရှင်​​တွေအတွက် ရိုက်ကူး​​​ပေး​​တဲ့​​​ ​​ဖျော်​​ဖြေ​​ရေး​​ လုပ်ငန်း​​မျိုး​​ မရှိ​​လောက်ပါဘူး​​။ အဲဒီက လူ​​​တွေက ဒီလုပ်ငန်း​​အ​​ကြောင်း​​ကို​​တောင် ​​သေချာ သိမှာ မဟုတ်ပါဘူး​​။ ကျွန်မအ​​နေနဲ့​​​ ဒီလုပ်ငန်း​​မှာ ပါဝင်ခဲ့​​​တဲ့​​​​နောက်ပိုင်း​​ ကျွန်မရဲ့​​​ ရုပ်ရှင်​​တွေကို Onlineမှာ ​​ရောင်း​​ချတဲ့​​​အခါမှာပါ ​​ဝေစုရရှိပါတယ်။ ဒါဟာ စီး​​ပွား​​​ရေး​​ လုပ်ငန်း​​တစ်ခုပါ။ ပြည့်​​​တန်ဆာ အလုပ်နဲ့​​​ ကွဲပြား​​ပါတယ်။
ကျွန်မအ​​နေနဲ့​​​ ပြင်ပ​​လောကနဲ့​​​ ပတ်သက်တာ​​တွေအတွက် ချုပ်တီး​​ထား​​ရတာ​​တွေ အများ​​ကြီး​​ပါ”ဟု ​​ပြောကြား​​ခဲ့​​​သည်။ ဆန်နီသည် အိန္ဒိယ Bigg Bossအစီအစဉ်တွင် ပါဝင်ခဲ့​​​ပြီး​​​နောက် သူ​မ၏ အလုပ်အကိုင် သည် သီး​​ခြား​​ရှု​​ထောင့်​​​တစ်မျိုးဖြင့်ရပ်တည်​​နေသည်ကို နား​​လည်​​စေလို​​ကြောင်း ပြောဆိုသွား ခဲ့သည်။
By Dailymail
newmyanmarpyi 

ကောလာဟလ တွေနဲ့ တိုင်းပြည်ကို မဖျက်ဆီးကြပါနဲ့


ဆရာစောကျော်အေး(ပန်းပဲတန်း) ၏ တိုင်းပြည်အတွက် လူမိုက်လုပ်၍ အမုန်းခံသွားသူဆောင်းပါးကို လေးစား စွာဖြင့်ထောက်ခံရေးသားပေးပို့ပါသည်။

၂၁-၂၇ ဇွန်လ ၂၀၁၃ ရက်စွဲဖြင့် ထုတ်ဝေသော Hot News ဂျာနယ်တွင် လူအများအမုန်းတော်ခံပြီး နိုင်ငံကို အုပ် ချုပ်ခဲ့သော ဗိုလ်ချုပ်ကြီး နေ၀င်းနှင့် ပတ်သက်၍ အကောင်းမြင့်ရှုဒေါင့်မှ ရေးသားခဲ့သော ဆရာ့ဆောင်းပါးကို ဖတ်ရှု မိပြီး ၀မ်းသာပီတိဖြစ်မိ၍ ဆရာ့ထံ ယခုလို စာရေးသားပေးပို့ရခြင်းဖြစ်ပါသည်။

ကျွန်တော့်အသက် ၆၇ နှစ်ရှိခဲ့ပြီး နားစိုက်တတ်သူများအတွက် သူတော် ကောင်းတရားများ လွှမ်းမိုးပြန့်နှံ့ ထွန်း ကားနေသောအချိန်ဖြစ်ခြင်းကြောင့် ဆရာတော်ဆေကိန္ဒ၏ အကောင်းမြင်မှ အမှန်မြင်နိုင်မယ် ဆိုသော ဓမ္မစကားနှင့် တရားတော်မှ ဆုံးမသော သူတော်ကောင်းသည် မကောင်းတာကို ခုတွေ့ မြင်သော် လည်း ကောင်းတာတစ်ခုနှင့် ကြေအေးသည်ဆိုသော အသိတရားတို့ ဖြင့် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး နေ၀င်း၏ တိုင်းပြည်နှင့် လူမျိုးသာသနာအပေါ် ကောင်းကျိုးဖြစ်စေခဲ့သော အချက်အလက် များစွာတို့ကို ထောက်ခံရေးသားတင်ပြ ရခြင်းဖြစ်ပါသည်။

ဆရာယခုရေးသားသော စာသည် အချိန်အခါသင့်၍ ပွင့်လာသော ကုမုဒြာ ကြာပန်းပွင့်လာသကဲ့သို့ ကျွန်တော့် ရင်ထဲ ခံစားမိပါသည်။

ကမ္ဘာ့သမိုင်းတွင် ခေတ်တခေတ် မှာ တန်ဖိုးရှိသော လူ့အဖိုးတန်ပညာရှိတို့ ကို အတွေးအခေါ်အယူ ဆမမှီဘဲ မှားယွင်းနှိပ်စက်သတ်ဖြတ်မိပြီး နောင်တ ခေတ်ကျမှ မိမိတို့မှားယွင်းနှိပ်စက်သတ် ဖြတ်မိကြောင်း သိရှိကြသည်။ သာဓက များရှိခဲ့ပါသည်။

မြတ်ဗုဒ္ဓ၏ စေတနာသည် ကံဖြစ်၏ဆိုသော စကားနှင့်တိုင်းတာပြီးပြရလျှင် ဦးနေ၀င်းသည် ခေတ်၏ တောင်း ဆိုမှုပြည်သူ့အခွင့်အရေးကိုသိမြင်ပြီး တရုတ်-ကုလား-လူမျိုးကြီးအင်အားကြီး နိုင်ငံကြားညှပ် နေသော မြန်မာနိုင်ငံကို ဆိုရှယ်လစ်ဝါဒလက်ကိုင်စွဲပြီး မြန်မာနိုင်ငံ နှင့် ကိုက်ညီမည့် မြန်မာ့ဆိုရှယ်လစ်ဟူ ၍ ခေါင်းစဉ်တပ်ခါ လမ်းစဉ်ပါတီထူ ထောင်ပြီး နိုင်ငံကိုအုပ်ချုပ်ခဲ့သည်။ ဦးနေ၀င်းတက်စ မြန်မာနိုင်ငံသည် စီးပွား ရေး၊ လူမှုရေး၊ ပညာရေးတို့တွင် လူမျိုး ခြားများ၊ သာသနာပများအားကောင်းခဲ့ သည်။ တစ်ချိန်က ရန်ကုန်မြို့သည် ကုလားမြို့ဟူ၍ အမည်တွင်ခဲ့သည်။ တိုက်တာ၊ အိုးအိမ်၊ ခြံမြေ၊ ဆိုင်ကြီး ကနားကြီးတို့ လူမျိုးခြားအရင်းရှင်တို့ လက်ထံတွင်သာရှိခဲ့သည်။ ခေတ်၏ အခွင့်အရေးကို အပြည့်အ၀အသုံးချပြီး သတိ္တ ရှိရှိ ပြတ်ပြတ်သားသားဖြင့် နိုင်ငံ ခြားသားအရင်းရှင်များလက်ထဲမှ ပိုင်ဆိုင် မှုများကို တိုင်းပြည်နှင့် လူမျိုးအတွက် ပြန်လည် သိမ်းပိုက်ခဲ့သည်။ တိုင်းပြည်တွင် အနေအစားမချောင်တော့သော လူမျိုး ခြားများ စွာ နိုင်ငံမှစွန့်ခွာသွားခဲ့ကြစေ သည်။ နိုင်ငံနှင့်တိုင်းပြည်ကို မလေးစားသော တရုတ်-မြန်မာအရေးအခင်းကို ပြတ်သားစွာ ကိုင်တွယ်ခဲ့သည်။ သာသ နာနှင့် ယဉ်ကျေးမှုကို ထိခိုက်နိုင်သော သာသနာပကျောင်းများကို သိမ်းယူခဲ့၍ မိမိတို့ငယ်စဉ်က ထွန်းကားခဲ့သော သာသနာပကျောင်းများက အမည်ပေး သည့်မြန်မာဖြစ်ပြီး ဂျွန်-ပီတာ-မေရီ-လူစီ အမည်များကို သာယာသည့် လူတန်းစား တစ်ရပ်ကို အမြစ်ဖြတ်ခဲ့သည်။ ကုလား များသန်းနှင့်ချီပြီး ပြည်တော်ပြန်ကြသည်။ တရုတ်များသန်းနှင့်ချီပြီး နိုင်ငံကို စွန့်ခွာ၍ ရေမြေသစ်ရှာကြ သည်။ သူတို့ ၏ ပိုင်ဆိုင်မှုများပြည်သူတို့ ယနေ့ထိ ထိုက်သင့်သလို ခံစားခဲ့ကြရသည်။ နိုင်ငံ ကိုစွန့်သွားကြ သည့် တရုတ်ကုလားများ ယနေ့တိုင်ပေါ်ပေါက်လာမည့် သူတို့၏ သားစဉ်မြေးဆက်များနှင့် တည်ရှိနေခဲ့ မည်ဆိုလျှင် လွန်ခဲ့သောနှစ် ၂၅ နှစ်ခန့် က ကျွန်တော် ထိုင်းနိုင်ငံ ဘန်ကောက် မြို့သို့ရောက်ရှိစဉ် ထိုင်း လူမျိုးကားဒရိုင် ဘာတစ်ယောက် ကြေကွဲဝမ်းနည်းစွာ ပြောသောစကားတစ်ခွန်းကို သတိရမိပါ သည်။

ကျွန်တော်က ထိုင်းနိုင်ငံကြီးစည် ကားတိုးတက်နေသည်ကိုတွေ့၍ ထိုင်း လူမျိုးတို့အတွက် ၀မ်းမြောက် ကြောင်းပြောရာ ဒရိုင်ဘာထိုင်းလူမျိုးက ခင်ဗျား ကျွန်တော်တို့လူမျိုးကိုအထင်မကြီးနဲ့ ဒီ နိုင်ငံမှာ ၀န်ကြီးချုပ် ကတရုတ်၊ သူဌေးတွေ က တရုတ်၊ ကျုပ်တို့ထိုင်းတွေက ကား မောင်းအလုပ်သမားလုပ် မိန်းကလေး တွေက ရေချိုးခန်းမှာလုပ်နေရတယ်။ မြို့ ကြီးမှာမနေနိုင်ဘူး။ တောတွေမှာပဲနေရ တယ်ဆိုပြီး ကြေကွဲစွာ ပြောတာကို ကြား ဖူးခဲ့ပါတယ်။

ကောင်းကွက်စိတ်ကလေးနဲ့ ကျေးဇူးတင်စွာကြည့်တတ်ရင်တော့ ဦးနေ၀င်း တို့နိုင်ငံကို အဲဒီလိုအဖြစ်မခံ ခဲ့လို့ ယနေ့ လက်ရှိမှာ ကိုယ့်အမျိုးသူဌေးတွေကိုပဲ ခရိုနီလို့ ဆဲနေကြတာဖြစ်ပါလိမ့်မည်။ မဟုတ်ရင်တော့ အခုအချိန် ခရိုနီတွေ ဟာ တရုတ်ကုလားတွေဖြစ်နေမယ်ဆို တာသိသာပါတယ်။

ဖိလစ်ပိုင်နိုင်ငံအရေးအခင်းမှာ သမ္မတမားကိုစ်ကို အမေရိကန်က ပြေးဖို့ လမ်းခင်းပေးတာ မားကိုစ်ပြေး ခဲ့တယ်။ မြန်မာနိုင်ငံရဲ့အရေးအခင်းမှာ ဦးနေ၀င်း ကို ပြေးဖို့လမ်းခင်းပေးကြတယ်။ ဦးနေ၀င်း မပြေးခဲ့ဘူး အာဏာမဲ့ချိန် သူ့ပုံတွေရုံတွေ မှာ မချိတ်ဖို့ အလေးမထားဖို့ နိုင်ငံပိုင် သတင်းစာတွေမှ ရေးသားသတိပေးခဲ့ တယ်။

နိုင်ငံအတွက် ဆောင်ရွက်ကြရမှာ လူတော်ဖြစ်ကြပြီး လူကောင်းမဖြစ်ကြတဲ့ လူတွေရဲ့ဒဏ်ကိုလည်း ခံစားရ လို့ လူ တော်မလိုချင်ဘူး လူကောင်းလိုချင်တယ် ဆိုတဲ့စကားကို ပြောခဲ့ရတယ်။

ကျွန်တော်နောက်ဆုံးပြောချင်တာ ကတော့ ကျွန်တော်တို့ဗုဒ္ဓဘာသာတွေ မှာ ဇာတ်တော်ကြီးဆယ်ဘွဲ့ ဆိုတာရှိ တယ်။ တေမိယဇာတ်မှာ အလောင်း တော်တေမိမင်းသားသည် မင်းရဲ့အပြစ်ကို သိမြင်၍ မင်း မလုပ်ချင်၍ အချင် ယောင်ဆောင်ခြင်းကို ဗုဒ္ဓဘာသာလိုက် စားသူတို့သိကြပါတယ်။

ဒါ့ကြောင့် ဆရာရဲ့တိုင်းပြည် အတွက် လူမိုက်လုပ်၍ အမုန်းခံသွားသူ ဦးနေ၀င်းရခြင်းကိုလည်း သိမြင်ရပါ တယ်။

ဦးနေ၀င်း စေတနာမှန်၍ အသက် ၉၀ ကျော်ဘုန်းကြီးပြီး အသက်ရှည်စွာ နေသွားရခြင်းကိုလည်း သိမြင်ရ ပါတယ်။

မိဘတွေဟာ သားသမီးတွေကို ခိုးပြီးကျွေးချင်ကျွေးမယ်၊ တိုက်ပြီးကျွေး ချင်လဲကျွေးမယ် စီးပွားရေးလုပ်တာ မိသားစုပြုတ်ချင်လဲပြုတ်မယ်၊ မိဘကို သားသမီးတွေက ကျေးဇူးတကွက်လေး တောင်မှ မမြင်ဘဲ လူဆိုး လူယုတ်မာလို့ ထင်တာ စဉ်းစားကြစေချင်တယ်။

မိမိအပါအ၀င် နိုင်ငံနှင့်လူမျိုးကို ကောင်းစေချင်ရင်တော့ မသင်ပေးဘဲ တတ်လာတဲ့နိုင်ငံနဲ့လူမျိုးမှား အဆိုးမြင် အဆိုးပြောတွေဆင်ခြင်နိုင်ကြပါစေ။

မြန်မာနိုင်ငံသမိုင်းမှာ သရေခေတ္တ ရာဆိုတဲ့မြို့ကြီး ငါ့စကောဆိုတဲ့ ကောလာဟလတစ်ခုနဲ့ပျက်သွားရတယ် လို့ ဖတ်ဖူးတယ်။ သင်ခန်းစာယူကြပါ။ မကောင်းတဲ့စကား၊ မကောင်းတဲ့ကောလာ ဟလတွေနဲ့ တိုင်းပြည်ကို မဖျက်ဆီးကြ ပါနဲ့။

လေးစားခင်မင်စွာဖြင့်

ဦးမောင်လေး(ဒဂုံ)
HOT NEWS WEEKLY JOURNAL

အများသုံးဘိုထိုင်အိမ်သာများမှ ကာလသားရောဂါနှင့် ဆီးလမ်းကြောင်းပိုးဝင်ရောဂါများ ကူးစက်နိုင်

အများသုံး ဘိုထိုင်အိမ်သာများသုံးရာတွင် ကျန်းမာရေးသတိပေါ့ဆမှုကြောင့် ကူးစက်မြန်ရောဂါများဖြစ်သည့် အရေပြားရောဂါ၊ ကာလသားရော ဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ရောဂါ များကူးစက်မှုလွယ်ကူနိုင်ကြောင်း ဆရာဝန်ကြီးများက ပြောကြား လိုက်သည်။
ယင်းကဲ့သို့ ဘိုထိုင်အိမ်သာ များ မသန့်ရှင်းခြင်းအားဖြင့် ကူး စက်ရောဂါများဖြစ်သော ကာလ ဝမ်းပျက်ရောဂါ၊ လူ့ခန္ဓာကိုယ်မှ ထွက်သောအရည်များမှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ၊ ဘီပိုး၊ စီပိုး၊ အရေပြားရောဂါများနှင့် ယင်း အိမ်သာရေများမှတစ်ဆင့် ကူးစက် နိုင်သည်ဟု သိရသည်။
''တော်ရုံတန်ရုံ ဒီက ရောဂါ ကူးနိုင်တယ်ဆိုတာ သိတာပဲ။ ဒါ ပေမဲ့ ဂရုမစိုက်ကြဘူး။ ခုက နေရာ တကာ ဘိုထိုင်ဖြစ်နေပြီ။ အများ သုံးအိမ်သာတွေဆို ပိုဆိုးတယ်။ ဂျပန်နိုင်ငံတွေက ဘိုထိုင်တွေမှာ ဆို တစ်ခါသုံးဆီစိမ်စက္ကူတွေ သုံး ကြတယ်''ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာဝင်းထွဋ်က ပြောသည်။
အဆိုပါအများဘိုထိုင်များ ကို သန့်ရှင်းမှုများ ပြုလုပ်ပေးပါ သော်လည်း ရောဂါကူးစက်မှုများ မှာ မြန်သည်နှင့်နည်းသည်လောက် သာရှိသည်ဟုသိရပြီး ယင်းကတစ် ဆင့် ကာလသားရောဂါပါ ကူးစက် နိုင်သည်ဟုလည်း သိရသည်။
''အမျိုးသားတွေက ကာလ သားရောဂါ ကူးစက်နိုင်တယ်။ မိန်းကလေးတွေကျတော့လဲ ဆီး လမ်းကြောင်းမှာ ပိုးဝင်နိုင်တယ်။ အဲဒီဆီးလမ်းကြောင်းသာမက ဗက်တီးရီးယားပိုးမွှားတွေရှိတယ် ဆိုတာနဲ့ ကူးစက်နိုင်တာပဲ။ ဆေး ရုံ၊ ဆေးခန်းတွေမှာကျတော့ သူတို့ က ကျန်းမာရေးမကောင်းတဲ့လူ နာတွေအတွက် သီးသန့်အနေနဲ့ လုပ်ပေးထားတယ်ဆိုတာလဲ ပိုး သတ်ဆေးသုံးကြတာပဲ။ အများ သုံးအိမ်သာတွေမှာတော့ အမြဲ တမ်းပြုလုပ်နိုင်မှာမဟုတ်ဘူး။ ဖြစ် နိုင်ရင် မြန်မာအိမ်သာတွေကိုပဲ အသုံးပြုစေချင်တယ်''ဟု သွား ရောဂါကု ဒေါက်တာစိုးထွန်းက ပြောသည်။
''ခုက ဘိုထိုင်တွေပဲ အသုံး များကြတာလေ။ ရောဂါကူးစက် မြန်တယ်ဆိုတာကိုတော့ သိကြ တာပဲ။ ဘယ်တတ်နိုင်ပါ့မလဲ။ တစ် သျှူးနဲ့သုတ်ပြီး ထိုင်ဖြစ်တယ်။ အိမ်သာထဲမှာ ဘယ်လောက်ပဲ ဆေးဖျန်းထားပါစေ လူ့ခန္ဓာကိုယ် ကို ဘယ်လိုလုပ်ပြီး ကာကွယ်နိုင် မှာလဲ။ ဈေးဝယ်စင်တာတွေမှာ ဆို ပိုဆိုးတာပေါ့''ဟု တောင်ဒဂုံ ရပ်ကွက်နေ မနုက ပြောသည်။
လူအများစုသည် ဘိုထိုင် အိမ်သာများနှင့်ပတ်သက်၍ ကျန်း မာရေးအရ ရောဂါကူးစက်မှု မြန် ကြောင်းကိုသိသော်လည်း ကျန်းမာ ရေးအရ စိုးရိမ်မှုမရှိစွာဖြင့် အ သုံးပြုလျက်ရှိကြောင်း သိရသည်။
အကယ်၍ အများသုံးဘို ထိုင်အိမ်သာများ အသုံးပြုမည် ဆိုလျှင် မသုံးမီ ထိုင်မည့်ကာဗာ နှင့်အိမ်သာတွင်းကို ရေများဖြင့် ဆေးပေးခြင်းနှင့် တစ်သျှူးစများ ကို ဖြန့်ခင်း၍ထိုင်ခြင်းပြုလုပ်ပြီးမှ အသုံးပြုသင့်သည်ဟု သိရသည်။
ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ

သတင်းကြီးနေတဲ့ iPhone မကြာခင်အဆုံးသတ်ဖွယ်ရှိ


မရေမတွက်နိုင်အောင်ထွက်ပေါ်နေတဲ့ iPhone 5S,iPhone 5C,iPhone 6,တန်ဖိုးနည်း iPhone အစရှိတဲ့ သတင်းတွေကို မကြာခင် အဆုံးသတ် ဖို့တော့ရှိနေပါပြီ။မကြာခဏဆိုသလို ကောလဟာလတွေနဲ့ ထွက်ဖို့ တာဆူနေတဲ့ iPhone ကိုယခုအခါမှာတော့ လာမယ့် စက်တင်ဘာ ၁၀ မှာတရားဝင်မိတ်ဆက်ပြသတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ Apple အရာရှိတစ်ယောက်ရဲ့ အဆိုအရ" ကောလဟာလ
တွေကိုမကြာခင်ကျွန်တော်တို့တွေအဆုံးသတ်ပေးဖို့ လာမယ့် စက်တင်ဘာ ၁၀ မှာ Apple ရဲ့ ထုတ်ကုန်အသစ် iPhone ကိုတရားဝင်ထုတ်ဖော်ပြသ
တော့မှာပါ" လို့အင်တာနက်သတင်း တစ်ရပ်မှာပြောကြားခဲ့ပါတယ်။

ဒါကြောင့် iPhone အသစ်ကိုစောင့်မျှော်နေတဲ့ i ချစ်သူတွေအတွက် အဆိုပါ
သတင်းဟာ မှန်ကန်ခဲ့မယ်ဆိုပါက သိပ်မဝေးတော့တဲ့ စက်တင်ဘာ ၁၀ မှာ
iPhone အသစ်ကို မြင်တွေ့ရဖို့တော့ရှိနေပါပြီ။

Ref:Cnet
Khun Nay(August Myanmar Media Group)


TE ကား ကြမ်းကျွံ၍ ၁၁ နှစ် ကလေး သေဆုံး

ဟင်္သာတ၊ သြဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ရှားတော ကျေးရွာအုပ်စု အမှတ် (၁) ရပ်ကွက်တွင် သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၃၀ ခန့်က မောင်းနှင်နေသည့် TE 11 ယာဉ်ပေါ် လိုက်ပါ လာသည့် အသက် ၁၁ နှစ်အရွယ် မောင်အောင်မင်းထက်မှာ ကားကြမ်းပေါက် ကျွံကာ ယာဉ်ပေါ်မှ ပြုတ်ကျ သေဆုံးကြောင်း မျက်မြင်များထံမှ သိရသည်။

မြန်အောင်မြို့ အမှတ် (၃) ရပ်ကွက် ဗောဓိပင်လမ်းရှိ တနင်္ဂနွေ ဆွမ်းပတ်သို့ ဆွမ်းဟင်းများ ယူရန် မြန်အောင် ရေနံမြေမှ အဆိုပါ TE 11 ကားဖြင့် အုန်းလက် ဘုန်းတော်ကြီးကျောင်းမှ သံဃာအပါး ၃၀ နှင့် မောင်အောင်မင်းထက်အပါ ကျောင်းသား သုံးဦးတို့ သွားရောက်စဉ် ရှားတော အမှတ် (၁) ရပ်ကွက် အရောက်၌ ကားကြမ်းပေါက် ကျွံကာ ပြုတ်ကျ သေဆုံးခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ယာဉ်မောင်း ဦးလှိုင်သိန်းသည် မြန်အောင်မြို့ အုန်းလက် ဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များ ဆွမ်းခံကြွရာတွင် အမြဲတမ်း ကူညီလေ့ ရှိပြီး မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့ စခန်းက ၎င်းကို (ပ) ၁၃ /၂၀၁၃ ပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်ထားကြောင်း မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူက ဆိုသည်။
The Voice Weekly

ရဲ၊ မီးသတ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို လူသတ်မှုဖြင့် စခန်းမှူးကိုယ်တိုင်အမှုဖွင့်

ဇော်ဇော်ထွေး | တနင်္လာနေ့၊ သြဂုတ်လ ၁၂ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၄၅ မိနစ်

ဒလမြို့နယ်တွင် ရဲ၊ မီးသတ်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအ၀င် လူခြောက်ဦးကို လူသတ်မှုပုဒ်မဖြင့် မြို့နယ်ရဲစခန်းမှူးကိုယ်တိုင် စွပ်စွဲတိုင်တန်းသဖြင့် သြဂုတ် ၁၀ ရက်တွင် အမှု ဖွင့်စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန် ၂၉ ရက်ညက ဒလမြို့နယ် ညောင်ကုန်းရပ်ကွက်မှ အသက် ၄၂ နှစ်အရွယ် မလှလှစိန် (ခ) မခင်ခင်ဝင်း သည် လမ်းတွင် မိတ်ဆွေတစ်ဦးကိုတွေ့ရာ “သူတို့ တွေဝိုင်းရိုက်တယ်၊ ရေထဲတွန်းချ တယ်” ဟု ပြောကာ မူးမေ့တက်ချက်သွားသဖြင့် ဒလဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

နောင်တွင် သူမကိုတာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံသို့ လွှဲပြောင်းကုသသော်လည်း ဇူလိုင် ၃ ရက်တွင် သေဆုံး ခဲ့သည်။

ထိုအမှုသည် မြို့နယ်စခန်းမှူးကိုယ်တိုင် ရဲ၊ မီးသတ်၊ အုပ်ချုပ်ရေးတာဝန်ရှိသူများကို အမှုဖွင့်လိုက်သည့် ယခုအမှုနှင့် ကွင်းစက်ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သေဆုံးသူ၏အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရီက သူ့ညီမသေဆုံးသည်မှာ သွေးရိုးသားရိုး မဖြစ်နိုင်ကြောင်း သံသယ ရှိသဖြင့် ၎င်းဘာသာစုံစမ်းပြီး သြဂုတ် ၅ ရက်က ရဲစခန်းတွင် အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးများက သူ့ညီမကို သေသည်အထိရိုက်သည်ဟု စွပ်စွဲကာတိုင်တန်းခဲ့သည်။

ထို့အတူပင် မလှလှစိန်သေဆုံးမှုကို ကနဦးကရဲများက သေမှုသေခင်းဖြင့် အမှုဖွင့်ထားခဲ့သော်လည်း ထိုအမှုနှင့် ပတ်သက်၍ မြို့နယ်ဥပဒေရုံးသို့ ဥပဒေအကြံပြုချက် တောင်းခံရာတွင် ထိုရုံးကသြဂုတ် ၈ ရက်၌ ယင်းလူသေမှုကို လူသတ်မှုဖြင့် ပြောင်းလဲစစ်ဆေးသင့်သည်ဟု ပြန်လည်အကြောင်း ကြားလာခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် သေဆုံးသူမလှလှစိန် သေဆုံးမှုနှင့်ပတ်သက်၍ သေသူ၏အစ်မကိုပင် တရားလိုမလုပ်စေတော့ဘဲ မြို့နယ်စခန်းမှူးကိုယ်တိုင် တရားလိုလုပ်ကာ ရဲ၊ မီးသတ်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအ၀င် လူခြောက်ဦးကို လူသတ်မှုဖြင့်စွပ်စွဲ၍ အမှုဖွင့်လိုက်ခြင်းဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ စွပ်စွဲခံရသူများမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်၊ ရာအိမ်မှူး ဦးပါ(ခ) ဦး အောင်မြင့်၊ ဆယ်အိမ်မှူး ဦးသိန်းထွန်း(ခ)ဦးကမာဒူး၊ ဆယ်အိမ်မှူး ဦးကျော်ဦး(ခ)အပု၊ ရဲတပ်ကြပ်ကြီး မြအေး၊ အရန်မီးသတ် တပ်စုမှူး ဒေါ်သန်းသန်းဝင်း (ခ)မစိမ်းတို့ဖြစ်ကြသည်။

၎င်းတို့သည် သေဆုံးသူ မလှလှစိန်နှင့်မည်သို့အချင်းများကာ၊ ယခုလိုသေဆုံးသည် အထိဖြစ်ပွားခဲ့သည်ကိုမူ အသေးစိတ် မသိရသေးပေ။

ယခုအမှုကို ဒလရဲစခန်းတွင် အမှုအမှတ် (ပ)၃၅၃/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူများကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ လူသတ်မှုဖြင့် တရားစွဲဆိုမည်ဟုလည်း တိုင်းရဲတပ်ဖွဲ့မှူး၏ သတင်းထုတ်ပြန်ချက်တွင်
ပါရှိသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ဒလရဲစခန်းသို့ မဇ္ဈိမကဆက်သွယ်မေးမြန်းရာ စခန်းမှူးကိုယ်တိုင် တာဝန်ယူ စစ်ဆေးနေကြောင်း တာဝန်ကျရဲက အတည်ပြုပြောကြားသည်။
Mizzima - News in Burmese

အမျိုးသားကြီးတစ်ဦး မိမိလိင်အင်္ဂါကို ဓားဖြင့်လှီးဖြတ်


ဇော်ဇော်ထွေး | တနင်္လာနေ့၊ သြဂုတ်လ ၁၂ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၅၆ မိနစ်

အသက် ၅၆ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် မိမိလိင်အင်္ဂါကို ဓားဖြင့် ပြန်လှီးဖြတ်သည့်အမှုတစ်ခု သြဂုတ် ၈ ရက်က ဒဂုံမြို့သစ်
ဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့နယ်ရဲစခန်းက အတည်ပြုပြောကြားသည်။

“အရက်ကြောင်ကြောင်ပြီး သူ့လိင်အင်္ဂါကို လှီးဖြတ်လိုက်တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမှုဖွင့် အရေးယူ တာတွေ မရှိပါဘူး”ဟု အဆိုပါရဲစခန်းမှ တာဝန်ကျရဲတစ်ဦးက မဇ္ဈိမကို ပြောသည်။

သြဂုတ် ၈ ရက် ည ၆ နာရီအချိန်ခန့်တွင် အဆိုပါအမျိုးသားကြီးသည် ဇနီးနှင့်အတူ ရှိနေရာမှ အိမ်နောက်ဖက်သို့ ထွက်သွားခဲ့ပြီး အချိန်အတန်ကြာသည်အထိ ပြန်မလာသဖြင့် လိုက်လံကြည့်ရှုရာတွင် ၎င်း၏ လိင်အင်္ဂါကို လှီးဖြတ်ထားသည်ကို တွေ့ရှိရခြင်းဖြစ်သည်ဟု ကာယကံရှင်၏ မိသားစုဝင်တစ်ဦးက ရဲကို ထွက်ဆိုထားသည်။

အဆိုပါအမှုအခင်းမျိုးသည် ဒဏ်ရာကို ဆေးရုံ၊ ဆေးခန်းသို့ သွားမပြမီ ရဲဆေးစာရရှိရန် လိုအပ်သဖြင့် ကာယကံရှင် မိသားစုဝင် တစ်ဦးကရဲများကို ထိုသို့ရှင်းလင်း ထွက်ဆိုထားခြင်းဖြစ်သည်။

ကာယကံရှင်သည် အရက်အလွန်အကျွံသောက်သုံးသဖြင့် စိတ်ပိုင်းဆိုင်ရာ ပုံမှန်အခြေအနေမရှိဘဲ ယင်းကဲ့သို့ ပြုလုပ်ခြင်းဖြစ်ပြီး ကြည့်ရှုစစ်ဆေးရာတွင် အမျိုးသားလိင်အင်္ဂါအရင်းတွင် ပြတ်လုနီးပါးပြတ်ရှ ဒဏ်ရာတစ်ချက် ရရှိထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲဌာနက ဆိုသည်။

ထို့ကြောင့် ရဲများက ဆေးစာရေးသား၍ သူ့ကိုသင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့အပ်ခဲ့ရာ ခွဲစိတ်ကုသဆောင်၌ ကုသမှု ခံယူနေပြီး စိုးရိမ်ဖွယ်အခြေအနေလည်း မရှိတော့ကြောင်း ဒဂုံဆိပ်ကမ်းရဲစခန်းမှ စုံစမ်းရရှိသည်။
Mizzima - News in Burmese

အမျိုးသားအများစုကချစ်သူနှင့်ချိန်းတွေ့ချိန် ကုန်ကျစရိတ်များကို အမျိုးသမီးများပါ မျှခံစေလိုကြ

"၅ရရာခိုင်နှုန်းသော အမျိုးသမီးများက ချိန်းတွေ့ရာ တွင် ၎င်းတို့က ငွေကြေးအကုန်အကျခံကြောင်းပြော ခဲ့ပြီး ၃၉ရာခိုင်နှုန်းသောအမျိုးသမီးများက ၎င်းတို့၏အကုန်အကျခံမှုကို အမျိုးသားများက ငြင်းဆန်စေ ချင်ကြောင်း ဝန်ခံခဲ့"

အမျိုး သားအများစုက အမျိုးသမီးများ နှင့် ချိန်းတွေ့ချိန်တွင် ကုန်ကျစရိတ် များကို အမျိုးသမီးများကလည်း မျှခံသင့်သည်ဟု ယူဆကြသည်။ သို့သော်လည်း အမျိုးသမီးများထံ မှ ပိုက်ဆံလက်ခံဖို့ကိုမူ အပြစ်ရှိ သလိုခံစားကြကြောင်း အမေရိ ကန်သုတေသန လေ့လာချက်တစ် ခုတွင် ဩဂုတ်လ၁၁ရက်က ဖော်ပြ ခဲ့သည်။
၆၄ရာခိုင်နှုန်းသောအမျိုး သားများက အမျိုးသမီးများနှင့် ချိန်းတွေ့ရာတွင် ပိုက်ဆံကိုခွဲပေး လိုကြပြီး ၄၄ရာခိုင်နှုန်းသောအ မျိုးသားများမှာမူ မည်သူက ပိုက် ဆံရှင်းရှင်း မရှင်းရှင်း ချစ်မှုရေးရာ စိတ်ဝင်စားမှု နက်ရှိုင်းဆဲဟုပြော ကြသည်။ ၇၆ရာခိုင်နှုန်းသောအ မျိုးသားများသည် ၎င်းတို့ချစ်သူ ဖြစ်လာမည့်သူများထံမှ မုန့်ဖိုးပေး ချေမှုနှင့်ပတ်သက်ပြီး အပြစ်မကင်း သကဲ့သို့ ခံစားတတ်ကြသည်။
အဆိုပါလေ့လာချက်များ ကို ကယ်လီဖိုးနီးယားရှိ Chap-man တက္ကသိုလ်မှ စိတ်ပညာရှင် ဒေးဗစ်ဖရီဒီရစ်က လေ့လာထား ကြောင်း သိရသည်။ ၎င်းသည် လူပေါင်း ၁၇၀၀ဝကျော်တို့ထံမှ ထင်မြင်ချက်များကို လေ့လာခဲ့ သည်။ ရှစ်ဆယ့်လေးရာခိုင်နှုန်း သောအမျိုးသားနှင့် ၅၈ရာခိုင် နှုန်းသောအမျိုးသားတို့ထံမှ လေ့ လာချက်အရ ချိန်းတွေ့ချိန်ကုန် ကျစရိတ်များအတွက် အမျိုးသား ကသာပေးဆောင်ရကြောင်း သိ ရသည်။
၅ရရာခိုင်နှုန်းသောအမျိုး သမီးများက ချိန်းတွေ့ရာတွင် ၎င်း တို့က ငွေကြေး အကုန်အကျခံ ကြောင်းပြောခဲ့ပြီး ၃၉ရာခိုင်နှုန်း သောအမျိုးသမီးများက ၎င်းတို့ ၏အကုန်ကျခံမှုကို အမျိုးသား များက ငြင်းဆန်စေချင်ကြောင်း ဝန်ခံခဲ့သည်။ သို့သော် အမျိုးသား နှင့်အမျိုးသမီးအများစုတွင် ချိန်း တွေ့ချိန်ကုန်ကျစရိတ်များကို မျှ ဝေကုန်ကျစေကြောင်းလည်း တွေ့ ရသည်။ လူသားများ၏စိတ်အား ထက်သန်မှုအပိုင်းကို နားလည် စေရန် လေ့လာမှုများပြုလုပ်နေ ကြောင်း ဖရီဒီရစ်က နယူးယောက် တွင် ဖွင့်လှစ်သောအမေရိကန် လူမှုရေးရာအဖွဲ့အစည်း နှစ်စဉ် တွေ့ဆုံပွဲတွင်တင်ပြခဲ့ပြီး အဆိုပါ တွေ့ဆုံပွဲကို ဩဂုတ်၁၃အထိပြု လုပ်သွားမည်ဟု သိရသည်။

့Yangon Media Group

ရန်ကုန်မြို့ရှိ ကလပ်များတွင် ဆယ်ကျော်သက်အရွယ် အများစု ပါဝင်နေသည့် Day Party များ ပြုလုပ်မှု ပိုမိုများပြားလာ



ရန်ကုန်မြို့ရှိ ကလပ်များတွင် ဆယ်ကျော်သက် အရွယ်အများစု ပါဝင်နေသည့် Day Party များ ပြုလုပ်မှု ပိုမိုများပြားလာပြီး အများစုမှာ တရားဝင် ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်းမျိုး မဟုတ်ဘဲ နားလည်မှုဖြင့် ပြုလုပ်ခြင်းသာဖြစ်ပြီး အွန်လိုင်းရှိ facebook စာမျက်နှာများမှတစ်ဆင့် ကြော်ငြာခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းများဖြင့် ဆယ်ကျော်သက် အရွယ်များကြား ပျံ့နှံ့စေခြင်း ဖြစ်သည်ဟု သိရှိရသည်။ ယင်းကဲ့သို့ Day Party များ ပြုလုပ်မှုမှာ ယခုနှစ်အတွင်း ပိုမိုများပြားလာခြင်း ဖြစ်သည်ဟု သိရှိရသည်။
Day Party များ ပြုလုပ်လျက်ရှိသည့် နေရာများမှာ အလုံမြို့နယ်ရှိ Sky Wall ၊ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ IQ (သို့မဟုတ်) Cloud 9 ၊ တာမွေမြို့နယ်ရှိ IT ကလပ် စသည့်နေရာများတွင် ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။
''ကျွန်တော့်ရဲ့ ကိုးတန်းကျောင်းသူ သမီးက သူ့သူငယ်ချင်းတွေနဲ့ Day Club တွေကို ခိုးပြီးသွားခဲ့ပါတယ်။ ကျွန်တော် ကိုယ်တိုင်လိုက်ရှာပြီးတော့ မျက်မြင်တွေ့ခဲ့တာပါ။ အများစုက ၈ တန်း ၉ တန်း ကလေးတွေပါ။ မိန်းကလေး အများစုက သရုပ်ပျက် ၀တ်စားဆင်ယင်မှုတွေ လုပ်ကြသလို ယောက်ျားလေးတွေရော မိန်းကလေးတွေပါ အရက်သေစာ သောက်စားကြတာကို တွေ့ရပါတယ်။ နောက်ဆက်တွဲ အန္တရာယ်တွေလည်း အများကြီး ရှိလာနိုင်ပါတယ်။ အရင်က ဒီလိုပွဲတွေ ပြုလုပ်တာ အရမ်းမများသေးပေမယ့် အခုနောက်ပိုင်းမှာတော့ တစ်လကို အနည်းဆုံး တစ်ပွဲလောက် လုပ်လာကြတာကို တွေ့ရတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ သေချာစုံစမ်း တားမြစ်သင့်တယ်လို့ ထင်ပါတယ်'' ဟု တာမွေမြို့နယ်မှ ဆယ်ကျော်သက် မိန်းကလေးတစ်ဦး၏ ဖခင်ဖြစ်သူ ဦးအောင်ကိုဦးက ပြောပြခဲ့သည်။

အများစုက ၈ တန်း ၉ တန်း ကလေးတွေပါ။ မိန်းကလေး အများစုက သရုပ်ပျက် ၀တ်စားဆင်ယင်မှုတွေ လုပ်ကြသလို ယောက်ျားလေးတွေရော မိန်းကလေးတွေပါ အရက်သေစာ သောက်စားကြတာကို တွေ့ရပါတယ်။ နောက်ဆက်တွဲ အန္တရာယ်တွေလည်း အများကြီး ရှိလာနိုင်ပါတယ်။ အရင်က ဒီလိုပွဲတွေ ပြုလုပ်တာ အရမ်းမများသေးပေမယ့် အခုနောက်ပိုင်းမှာတော့ တစ်လကို အနည်းဆုံး တစ်ပွဲလောက် လုပ်လာကြတာကို တွေ့ရတယ်…


ယင်းကဲ့သို့ Day Party များ ပြုလုပ်ကြရာ၌ ဆယ်ကျော်သက်အရွယ် အများစုသာ လာရောက်ကြခြင်းဖြစ်ပြီး အများစုမှာ ကျောင်း (သို့မဟုတ်) ကျူရှင်များမှတစ်ဆင့် လာရောက်ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။ လက်မှတ်နှုန်းထားများမှာ ကျပ် ၄၅၀၀ ၀န်းကျင်မှ ကျပ် ၆၀၀၀ ၀န်းကျင်ခန့် သတ်မှတ်ကြပြီး လက်မှတ်ငါးစောင်နှင့်အထက် ၀ယ်ယူလျှင် တစ်ယောက်အခမဲ့ ၀ယ်ယူခွင့် ကဲ့သို့သော အထူးအစီအစဉ် များကိုလည်း သတ်မှတ်တတ်ကြသည်ဟု သိရှိရသည်။ ယင်းကဲ့သို့ Day Party များအား တစ်နေရာတည်းတွင် ပြုလုပ်ခြင်းမျိုး မဟုတ်ဘဲ နေရာအသီးသီးတွင် ပြုလုပ်ခြင်းဖြစ်ပြီး ပြုလုပ်မည့်ရက် မတိုင်မီ တစ်ပတ်ခန့် အလိုတွင် အင်တာနက် စာမျက်နှာများမှတစ်ဆင့် ကြေညာတတ်သည်ဟု သိရှိရသည်။

''ပုလဲကွန်ဒိုနားက အသစ်ဖွင့်ထားတဲ့ ဆိုင်တစ်ဆိုင်ရှေ့မှာ ဆယ်ကျော်သက် ကောင်လေးတွေ ကောင်မလေးတွေ အများကြီး စုနေတာကို တွေ့ရတော့ ဘာပွဲရှိလဲ စုံစမ်းကြည့်တဲ့အခါ Day Party လုပ်နေတာလို့ ပြောတယ်။ အများစုကတော့ လွယ်အိတ်လေးတွေနဲ့ လာကြတာဆိုတော့ ကျူရှင်တို့ ကျောင်းတို့ကနေ လာကြတာ ဖြစ်ဖို့များတယ်။ ကောင်လေးတွေက စီးကရက် ကိုယ်စီလက်ကြားညှပ်လို့၊ ကောင်မလေး တချို့လည်း ဘီယာဘူးလေးတွေကိုင်လို့၊ အများစုကတော့ တော်တော်ကြီးကို ခေတ်လွန်တဲ့ ပုံစံမျိုးတွေ ၀တ်ထားတာ တွေ့ရတယ်။ သေချာတာကတော့ မိဘခွင့်ပြုချက်နဲ့ လာကြတာ တစ်ယောက်မှ ပါဟန်မတူဘူး။ ဒီလိုပွဲမျိုးတွေကို ဘယ်လို ခွင့်ပြုချက်တွေနဲ့ လုပ်နေတာလဲ၊ ဘယ်သူတွေက တာဝန်ယူပြီး လုပ်နေတာလဲ၊ မိဘတွေကရော ကိုယ့်သားသမီးတွေ ကျူရှင်တို့ ကျောင်းတို့မှာ စာသင်နေတယ်ဆိုတဲ့ အထင်နဲ့ စိတ်ချလက်ချ ဖြစ်နေတာလား ဆိုတာတွေ စဉ်းစားမိပါတယ်။ အခုလို အရွယ်မရောက်သေးတဲ့ ကလေးတွေချည်းပဲ စုထားတဲ့ပွဲမျိုး လုပ်တယ်ဆိုတာ အန္တရာယ် များပါတယ်။ ရန်ဖြစ်တာကစလို့ တခြားနောက်ဆက်တွဲ အန္တရာယ်တွေ အများကြီး ရှိနိုင်ပါတယ်'' ဟု ရန်ကင်းမြို့နယ်မှ ကိုဇော်ဇော်က သူတွေ့မြင်ခဲ့မှုနှင့် ပတ်သက်ပြီး ရှင်းပြခဲ့ပါသည်။
Day Party များ ပြုလုပ်ရာတွင် Day Club များနှင့် ကွာခြားမှု မရှိကြောင်း၊ ဒီဂျေတီးပေးသည့် တီးလုံး သံစဉ်များအတိုင်း လာရောက်သူများမှာ ကကြခြင်းသာ ဖြစ်ကြောင်း၊ တချို့ Day Party များတွင် Sexy Dance ပြိုင်ပွဲများလည်း ထည့်သွင်း ပြုလုပ်ကာ ဆုပေးခြင်းများလည်း ရှိကြောင်း၊ အသက်ကန့်သတ်ချက် မရှိ ပါဝင်ခွင့် ပြုထားခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
''ကျွန်တော်တို့ ဒီပွဲတွေလုပ်တာက နားလည်မှုနဲ့ လုပ်တာပါ။ များသောအားဖြင့်တော့ လုပ်မယ့် နေရာနဲ့ စီစဉ်သူနဲ့ ညှိနှိုင်းပြီး လုပ်ကြရတာ။ ရန်ဖြစ်လို့မရဘူး။ ပြဿနာ တစ်စုံတစ်ခု ဖြစ်လို့မရဘူး။ ပျော်ပျော်ပါးပါး ကကြခုန်ကြတာပဲ လုပ်လို့ရမယ်။ ပြဿနာ တက်ရင်တော့ လုပ်ခွင့်ပြုတဲ့ နေရာလည်း အပိတ်ခံရမယ်၊ ပွဲစီစဉ်သူလည်း ပြဿနာ တက်မယ်ပေါ့လေ။ ဆယ်ကျော်သက် အများစုက ညပိုင်းတွေ အပြင်ထွက်လို့ မရတာမျိုးတွေရှိတော့ နေ့လယ်ပိုင်း ရှိုးပွဲတွေ စီစဉ်သလိုပဲ နေ့ခင်းပိုင်း ပါတီသဘော စီစဉ်တာပါ'' ဟု Day Party များ စီစဉ်သူ တစ်ဦးဖြစ်သူ ကိုဖြိုးဇော်က ရှင်းပြခဲ့ပါသည်။အဆိုပါ Day Party များသို့ သွားရောက်ခဲ့ဖူးသူတစ်ဦးဖြစ်သည့် အသက် ၁၅ နှစ်အရွယ်ရှိ မသဲသဲက ''သမီး Facebook ၀င်ကြည့်ရင်းက ပါတီကြော်ငြာ တစ်ခုကို စတွေ့တာပါ။ သူငယ်ချင်းတွေကို ပြကြည့်တော့ သူတို့ကလည်း သွားဖူးချင်တယ်လို့ ပြောကြတယ်။ လုပ်တဲ့ရက်ကလည်း တနင်္ဂနွေနေ့ နေ့ခင်းပိုင်းဆိုတော့ ကျူရှင်သွားမယ်ဆိုပြီး အိမ်ကိုညာပြောပြီး သွားကြတာ။ ဟိုရောက်တော့မှ သမီးတို့လိုပဲ ဆယ်ကျော်သက်တွေ အများကြီး တွေ့ရတယ်။ ပါတီက နေ့လယ် ၁ နာရီ ၀န်းကျင်လောက်မှာစပြီး ညနေ ၅ နာရီလောက်ကျမှ ပြီးသွားတာ။ အားလုံး ကခုန်ကြတာပါပဲ။ သောက်တာ စားတာရှိတော့ နည်းနည်းပါးပါး ရန်ဖြစ်တာတွေလည်း တွေ့ရတယ်။ အိမ်က သိသွားရင် အဆူခံရမှာစိုးတာနဲ့ပဲ နောက်အခေါက်တွေတော့ မသွားဖြစ်တော့ဘူး'' ဟု သူ၏အတွေ့အကြုံအား ပြောကြားသည်။
ယခင်နှစ်များက ရန်ကုန်မြို့ တွင် Day Club များ ဖွင့်လှစ်ထားပြီး ဆယ်ကျော်သက်အရွယ် အများစု သွားရောက်ခြင်းကြောင့် အဆိုပါ Day Club များအား အရေးယူခဲ့သော်လည်း ယခုအခါ အသွင်သဏ္ဍာန်တစ်ခု ပြောင်းလဲကာ Day Party များအဖြစ် ပြောင်းလဲ ကျင်းပလာကြခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
Eleven

ဘန်ကောက် Bumrungrad ဆေးရုံ မှာ ဆေးကုသမှုခံယူမယ့် အိန္ဒြာကျော်ဇင်



အိန္ဒြာကျော်ဇင်က အစ်မဖြစ်သူ ဒီဇိုင်နာ အိကျော် ဇင်၊ တူမလေးတွေ နဲ့အတူ ဇူလိုင်လ ၃၁ ရက် နေ့က ကျန်းမာရေး စစ်ဆေးဖို့အတွက် ဘန်ကောက်ကို သွားခဲ့ပြီး သြဂုတ် ၂ ရက်နေ့က ပြန်လည်ရောက်ရှိခဲ့ပါ တယ်။ ဘန်ကောက်က Bumrungrad ဆေးရုံမှာ ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ခဲ့တဲ့ အိန္ဒြာကျော်ဇင်က ကျန်းမာရေးစစ်ဆေးမှုနဲ့ ပတ်သက်ပြီး...

"ခါးနောက်ပိုင်းကနည်းနည်းနာနေတာ ၃ လကျော်ကျော်လောက်ရှိပြီ။ အဲဒါကိုစစ်ကြည့်လိုက် တော့ ကျောက်ဖြစ်နေတယ်။ ကျောက်တည်တာပေါ့နော်။ ဒီတစ်ပတ်အတွင်းမှာ ပဲ အဲဒီဆေးရုံ မှာ ထပ်သွားကုပြီး ကျောက်ထုတ် ရမှာ ပေါ့။ အသံလှိုင်းနဲ့ ကျောက်ခြေတဲ့နည်း ကတော့ နောက်ဆုံးပေါ်လို့ပြော တယ်။ လူကိုလည်း ဘာမှမထိခိုက် ဘူး။ နာလည်းမနာဘူး။ ဘာမှ မခံစားရဘူး။ လုပ်ရင်လည်း အချိန် ပိုင်းလောက်ပဲ ကြာမယ်လို့ပြော တယ်။ ကျောက်က သိပ်အကြီးကြီးတော့ မဟုတ်ဘူး။ ထုတ်လိုက် တာ ကောင်း တာပေါ့။ ကျောက်ကပ်ရဲ့အောက်ပိုင်း ဆီးလမ်းကြောင်း မှာဖြစ်နေတော့ ဆရာဝန်က ထုတ်ခိုင်းလိုက်တာပါ။ ကျောက်သွား ထုတ်မယ်ဆိုရင်တော့ ဆရာဝန်က ၄၊ ၅ရက်လောက် နေရမယ် လို့ ပြောတယ်။ ဆေးရုံမှာနေစရာတော့ မလိုဘူး။ အသံလှိုင်းနဲ့ကုလို့ ရှိရင်
တစ်နာရီလောက်ပဲကြာ တယ်။ တစ်ခါလုပ်ပြီးရင် ဆရာဝန်က ပြန်စစ် မယ်။ ကျောက်ရှိနေသေး ရင် နောက်နှစ် ရက်လောက် နေရင် ပြန်ထပ် ချိန်းမယ်။ သွား လုပ်တဲ့အချိန်ကလည်း ခဏလေးပဲ။ ပြီးရင် ဟိုတယ် ပြန်နေပေါ့။ ဆေးရုံတက်နေစရာ တော့မလိုဘူး" လို့ ပြောပါ
တယ်။ နောက်တစ်ကြိမ် ဘန်ကောက်ကို ဆေးကုဖို့သွား ရင်တော့ တူမလေး တွေမပါတော့ ဘဲ အစ်မ ဒီဇိုင်နာအိကျော်ဇင်နဲ့သွား ဖြစ်မယ် လို့ပြောပြီးသမီးလေး ပြေသုဒြာ က အိမ်မှာ အဘွား၊ ဖခင်ဖြစ်သူ ပြေတီဦး တို့နဲ့ပဲကျန်ခဲ့မှာ ဖြစ်တယ် လို့ သိရပါတယ်။ အခုဆိုရင် သမီး လေး ပြေသုဒြာ ကလည်းဖခင်နဲ့ အတူ တင်းနစ်ကစားကွင်းကို လိုက် သွားတတ်ပြီး တင်းနစ်ကွင်းအကျယ်ကြီးထဲမှာ လျှောက်ပြေးနေရတာကို ပျော်နေတတ်တယ်လို့ အိန္ဒြာကျော် ဇင်က ပြောပါတယ်။ သြဂုတ် ၁ဝ ရက်နေ့မှာေ တာ့ ကြော်ငြာတစ်ခု ရိုက်ဖို့ရှိပြီး ယိုးဒယားဒါရိုက်တာနဲ့ ရိုက်ကူးရ မှာဖြစ်ကြောင်း အိန္ဒြာ ကျော်ဇင်ကပြောပါတယ်။

ခိုင်ဝေလွင်

SSA (ရွက်ဆစ်) ခွဲထွက်အဖွဲ့များ လက်နက်မဲ့ အလင်းဝင်ရောက်


SSA (ရွက်ဆစ်) ခွဲထွက် အဖွဲ့မှ မိုင်းယောင်းမြို့နယ် အတွင်း ဇူလိုင်လ ၂၄ ရက်က ဖမ်းဆီး ခဲ့သည့် ရွာသား ၆၃ ဦး ၊ ဇူလိုင်လ ၃၁ ရက်၌ ပြန်လည် လွတ်မြောက် လာခဲ့သည့် သတင်းအား သြဂုတ်လ ၃ ရက်ထုတ် မြ၀တီနေ့စဉ် သတင်းစာ တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

ထိုသို့ ရွာသားများအား ဖမ်းဆီး ခေါ်ဆောင် ခဲ့သည့် SSA (ရွက်ဆစ်) ခွဲထွက် အဖွဲ့အား NDAA (မိုင်းလား) အဖွဲ့မှ ဇူလိုင်လ ၂၈ ရက်တွင် မိုင်းယောင်း မြို့နယ် ၊ မိုင်းဖန်ရွာ အနီး၌ ဖမ်းဆီး ခေါ်ဆောင် သွားပြီး လက်နက် / ခဲယမ်း များအား သိမ်းဆည်း၍ ပြန်လည် စေလွှတ် ပေးခဲ့ကြောင်း နှင့် ပြန်လည် လွတ်မြောက် လာသည့် SSA (ရွက်ဆစ်) ခွဲထွက် အဖွဲ့ဝင် များအနက် မိုင်းယောင်း မြို့နယ် ၊ ၀မ်မန်း ကျေးရွာအုပ်စု မှ အိုက်အန် ၅၂ နှစ် ၊ နွဲ့ကျောက် ၂၀ နှစ် ၊ အိုက်ပီး ၄၀ နှစ် ၊ အိုက်ကျူ ၃၁ နှစ် ၊ အိုက်ကောင်း ၂၂ နှစ် ၊ အိုက်ယမ်း ၂၀ နှစ် ၊ အိုက်ခမ်း ၃၇ နှစ် ၊ အိုက်ခန်း ၄၈ နှစ် ၊ အိုက်အင် ၃၄ နှစ် ၊ အိုက်ဥ ၁၉ နှစ် ၊ အိုက်အွန် ၃၁ နှစ် နှင့် အိုက်ရွက် ၂၄ နှစ် ၊ ၀မ်တပ် ကျေးရွာအုပ်စု မှ အိုက်အွန် ၂၁ နှစ် ၊ အိုက်ကောင်း ၄၀ နှစ် ၊ နန်းကျွန်း ၅၆ နှစ် ၊ အိုက်တစ် ၃၀ နှစ် ၊ အိုက်ရှဲန်ရွက် ၁၉ နှစ် နှင့် နန်ဘွန်း ၃၁ နှစ် ၊ ၀မ်ဘိုး ကျေးရွာအုပ်စု မှ ဦးနွဲ့ရမ်း ၅၅ နှစ် ၊ ၀မ်ကောင်း ကျေးရွာအုပ်စု မှ အိုက်အွန် ၂၆ နှစ် ၊ အိုက်အဲန် ၂၁ နှစ် နှင့် အိုက်ကွမ်း ၂၉ နှစ် ၊ မိုင်းယောင်း မြို့ပေါ် ရပ်ကွက်မှ စိုင်းအောင်နိုင် ၂၆ နှစ် ၊ စုစုပေါင်း ၂၃ ဦးတို့သည် နယ်ခြေံ တပ်မတော် စစ်ကြောင်း များသို့ လက်နက်မဲ့ အလင်းဝင်ရောက် ခဲ့ကြောင်း နှင့် ၄င်းတို့အား ထောက်ပံ့ ကူညီမှုများ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီ

Facebook တွင် Sexy link ပုံ ပေါ်နေသောဗိုင်းရပ်စ် တစ်မျိုးပြန့်နံ့နေ

ဒီလိုပိုစ်မျိုး တက်လာခဲ့ယင် ***link ***

ကိုယောင်လို့တောင်မှမနိုပ်မိပါစေနဲ့ နိုပ်လိုက်ရင် ကိုယ့် wallပေါ်မှာပါ ဒီလိုပိုစ်တွေအလိုအလျှောက်သွားပေါ်နေသည့်အပြင် Friend တွင် မြင်နေပါမည်။

ယခုပြထားသောပုံတွင်သာမက အလားတူ S link များကို ပါ သတိထားရပါမည်။
မြ၀တီ



ပထမတန်း ကျောင်းသားကို ကျောင်း အထွေထွေလုပ်သား ရိုက်နှက်မှု တိုင်းပညာရေးမှူးထံ တင်ပြ


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဝမ်းဘဲအင်းကျေးရွာ အခြေခံပညာမှ မူလတန်းကျောင်း ပထမတန်း ကျောင်းသား မောင်မင်းခန့်ကျော်ကို သြဂုတ်လ ၂ ရက်နေ့ က ကျောင်း အထွေထွေ လုပ်သား ဦးဝင်းညွန့်က ရိုက်နှက်ခြင်းနှင့် ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး ပညာရေးမှူးထံ အမှုတွဲ တင်ထားကြောင်း နတ်မောက်မြို့ ပညာရေးမှူး ဒေါ်ခင်ငြိမ်းယုက ပြောကြား သည်။

နတ်မောက်မြို့ မြို့နယ်ပညာရေးမှူး ရုံး၌ သတင်း မီဒီယာများကို သြဂုတ်လ ၁၁ ရက်နေ့တွင် ခေါ်ယူ ရှင်းလင်းစဉ် ဒေါ်ခင်ငြိမ်းယုက ကျောင်းသားမိဘ ဦးတင်မောင်ဦးက မြို့နယ် ပညာရေးမှူး ရုံးထံ နှုတ်ဖြင့် တိုင်ကြားသဖြင့် ခုံအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေး ရရှိထားသော အမှုတွဲကို တိုင်းပညာရေးမှူးထံ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျောင်းသား မိဘနှင့် အထွေထွေ လုပ်သားကို ခေါ်ယူ မေးမြန်းခဲ့သော ဒုတိယ မြို့နယ် ပညာရေးမှူး (စီမံ) ဦးခင်မောင်ဆွေကမူ “ဦးဝင်းညွန့် (အထွေထွေလုပ်သား) က ကျောင်းသားတွေ ဆူနေတာကို လိုက်ထိန်းတယ်။ ရိုက်တာက မောင်မင်းခန့်ကို ရိုက်တာ မဟုက်ဘူး။ ရှေ့က ကလေးကို ရိုက်တာ၊ နောက်မှာရှိတဲ့ မောင်မင်းခန့်ကို တုတ်ဖျားထောက်ပြီး မျက်နှာ ခြစ် မိတာ” ဟု ဆိုသည်။

ကျောင်းသား မိဘနှင့် အထွေထွေ လုပ်သားတို့ကို ခေါ်ယူ တွေ့ဆုံစဉ် နှစ် ဖက် ကျေအေးကြောင်း လက်မှတ် ထိုးထားပြီး ဖြစ်ကြောင်း ၎င်းက ပြော ကြားသည်။

ဒေါ်ခင်ငြိမ်းယုကလည်း ကျောင်း အထွေထွေလုပ်သား၏ ရိုက်နှက်မှုကြောင့် ကျောင်းသားမျက်နှာ ထိခိုက် ဒဏ်ရာကို ကုသရန် အတွက် ကုန်ကျမည့် ဆေးဖိုးဝါးခကို ကျောင်းအထွေထွေ လုပ်သားက ပေးဆောင်ရန် ကျောင်းသား မိဘနှင့် အထွေထွေ လုပ်သားတို့ သဘောတူထားသည်ဟု ဆိုသည်။

မောင်မင်းခန့်ကျော် မိခင်ဖြစ်သူ ဒေါ်စောမြင့်ကြည်ကမူ ဆေးဖိုးဝါးခ ပေးခြင်း ကို လက်မခံကြောင်း၊ ကျောင်းအထွေထွေ လုပ်သားနှင့် ကျေအေးကြောင်း လက်မှတ် ရေးထိုးထားခြင်း မရှိကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ခုံအဖွဲ့ဝင်များ ဝမ်းဘဲအင်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို လာရောက် စစ်ဆေးစဉ်က ကျောင်းဆရာမ တစ်ဦးက ကျောင်းသား၊ ကျောင်း
သူများကို နှုတ်တိုက် သင်ပေးထားသည်ကို တွေ့ရကြောင်း ပြောကြားသည်။

အဆိုပါ မူလတန်း ကျောင်းတွင် ဆရာမ ၃ဦးသာ ရှိသည့်အတွက် ကျောင်း အထွေထွေ လုပ်သားဖြစ်သူက စာသင်ကြားရေးတွင် ရံဖန် ရန်ခါ ကူညီ ဆောင်ရွက်ပေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

အစ္စလာမ်အီးဒ်ပွဲတော် အထိမ်းအမှတ် သံဃာတော်များကို ဆွမ်းကပ်


ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအတွက် ရည်ရွယ်ကာ အစ္စလာမ် ဘာသာဝင်များ၏ အီးဒ်ပွဲတော် အထိမ်းအမှတ်အဖြစ် သံဃာတော်များအား ဆွမ်းဆက်ကပ်ခြင်းနှင့် ဘာသာပေါင်းစုံ မိတ်ဆုံစားပွဲကို လားရှိုးမြို့တွင် ပြုလုပ်ခဲ့ကြောင်း အဆိုပါမြို့မှ မွတ်ဆလင် ဘာသာရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာတင်အောင်က ပြောကြားသည်။

ယင်းမိတ်ဆုံစားပွဲကို လားရှိုးမြို့ ရွှေဖူးစာခန်းမတွင် သြဂုတ်လ ၁၁ ရက်နေ့တွင် လားရှိုး မွတ်ဆလင် ဘာသာရေးအသင်းက ဦးဆောင်ကာ ကျင်းပခဲ့သည်။

“ဘာသာပေါင်းစုံရဲ့ ကောင်းမြတ်သော သွန်သင်ဆုံးမမှုများ တည်တံ့ခိုင်မြဲကာ တစ်ဦးကိုတစ်ဦး ချစ်ခင်ရင်းနှီးစွာနဲ့ မေတ္တာထားပြီး နေထိုင်ကြပြီး ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်စေဖို့ ရည်ရွယ်ပါတယ်” ဟု ဒေါက်တာတင်အောင်က ဆိုသည်။

ယင်းအခမ်းအနားကို နိုင်ငံတော် သြဝါဒရစရိယ ဆရာတော်နှစ်ပါး၊ ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်နှစ်ပါး၊ ပြည်နယ် သံဃနာယကအဖွဲ့ ဆရာတော် သုံးပါး၊ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော် ၁၁ ပါးနှင့် ဟိန္ဒူ၊ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များ၊ တပ်မတော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံရေး ပါတီအသီးသီးမှ ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။

“ဘာသာလူမျိုး အယဝါဒ ကွဲပြားသော်လည်း တူညီသောဆန္ဒ လူသားတိုင်းမှာ ရှိပါတယ်။ အဲ့ဒါကတော့ ငြိမ်းချမ်းလိုမှု၊ ပျော်ရွှင်လိုမှုနဲ့ ဆင်းရဲဒုက္ခအပေါင်းမှ ကင်းဝေးလိုမှုများပဲ ဖြစ်ကြပါတယ်” ဟု အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်စိုးက ယင်းအခမ်းအနားတွင် ပြောကြားသည်။

လားရှိုးမြို့တွင် မေလ ၂၈ နှင့် ၂၉ ရက်နေ့တို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူတစ်ဦးသေဆုံးပြီး ဘာသာရေး အဆောက်အအုံများ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ မီးရှို့ခံခဲ့ရသည့် လားရှိုးမြို့လယ်ရှိ ဂျာမေဗလီကို ပြန်လည်ပြုပြင် မွမ်းမံ၍ ဇူလိုင်လ ၁၄ ရက်နေ့တွင် ဝတ်ပြုခွင့် ပေးခဲ့သည်။

ပဋိပက္ခကြောင့် လားရှိုးမြို့တွင် ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို ဇူလိုင် လ ၂၇ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။

နေမျိုးနွေ

ကိုယ်ဝန်ဆောင်တို့ အတွက် သိမှတ်ဖွယ်များ


ကိုယ်ဝန်ဆောင်တဲ့ကာလ ဟာ အလွန်အရေးကြီးတဲ့ ကာလတစ်ခုပါ။ လူကြီးတွေအတွက် ရင်သွေး ရတနာလေး ၊ မိမိတို့ မျိုးဆက်လေး ရနိုင် ဖို့ကာ လအခိုက်အတန့်လေး တစ်ခုဖြစ်သလို သန္ဓေသားကလေး တွေ အ တွက်လည်း ဘ၀သစ်တစ်ခု စတင်ဖို့အတွက် အရှိန်ယူနေတဲ့ စတင် တည်ဆောက် နေတဲ့ ကာလလေး ဖြစ်လို့ပါပဲ။ဒီလို အရေးကြီးတဲ့ကာ လလေး ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ဖို့အတွက် ပညာရှင်တွေက ဒီလို အချက် သုံးချက်နဲ့ အကြံပေးထားပါတယ်။

၁။ အခြေခံလိုက်နာရ မည့် အချက်အလက်များ

၂။ ညီညွတ်မျှတတဲ့ စားသောက်မှုပုံစံ နှင့်
၃။ လေ့ကျင့်ခန်းတို့ပဲ ဖြစ်ပါတယ်။

အခြေခံလိုက်နာရမဲ့ အချက်အလက်တွေထဲမှာ ဆောင် ရန်ရှောင်ရန်လေးတွေကို အကြမ်းဖျင်း ပြောရ မည်ဆိုရင်တော့

၁။ ကိုယ်ဝန်စရှိပြီလို့သိတာနဲ့ စောနိုင်သမျှစောအောင် ကိုယ်ဝန်စောင့်ရှောက်ခြင်းနဲ့ အချိန်မှန်မှန် ကိုယ် ၀န်စစ်ဆေးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ (အထူးသဖြင့် ကိုယ်ဝန်ပျက်ကျဖူးသူများ ဟာ ကိုယ်ဝန်ရှိပြီလို့ သံသယ ရှိတာနဲ့တပြိုင်နက် အစောဆုံးပြသပြီး စောင့်ရှောက်မှု ခံယူသင့်ပါတယ်။)

၂။ စီးကရက် ၊ ဆေးပေါ့လိပ် ၊ ခြင်ဆေး အစရှိတဲ့ အငွေ့ ၊ အနံ့အသက်များ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အငွေ့နှင့်အနံ့အသက်များ ၊ အရက် ၊ ဘီယာ ၊ ၀ိုင် အစရှိတဲ့ ယမကာများ ၊ အခြားမူးယစ်ဆေးဝါးများကို ရှောင် ကြဉ်ရပါမယ်။
၃။ ညီညွတ်မျှတတဲ့ စားသောက်မှုပုံစံကို လိုက်နာပြီး ကော်ဖီသောက်သုံးမှုကို လျော့ချရပါမယ်။
၎။ နေ့စဉ်သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
၅။ အစာမစားနိုင်ဖြစ်နေပါက စားနိုင်သလောက် ပမာဏကို နည်းနည်းနဲ့အကြိမ်များများ စားပေးရမှာ ဖြစ်ပါတယ်။
၆။ဒေါက်မြင့်ဖိနပ်များ စီးနင်းခြင်းကို ရှောင်ကြဉ်ရမှာ ဖြစ်ပြီးတော့ ကိုယ်ခန္ဓာအနေအထား မှန်စေဖို့ အမြဲ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။
၇။ မိမိသောက်နေတဲ့ ဆေးတွေကို ဆက်သောက်ဖို့အတွက် ကျွမ်းကျင်သူ သားဖွားမီးယပ် ဆရာဝန် တွေဆီ က အကြံဉာဏ်ယူရမှာ ဖြစ်ပါတယ်။
ဒီလို အကြမ်းဖျင်း အချက်အလက်လေးတွေကို လိုက်နာ တာနဲ့ အတူ ညီညွတ်မျှတတဲ့ အစားအ သောက် ပုံစံဟာလဲ ကလေးငယ် ကြီးထွားဖွံ့ဖြိုးမှု အတွက် များစွာ အရေးပါလှပါတယ်။ အပြန်အလှန်အားဖြင့် ကလေးငယ်အတွက် သာမက မိခင်အတွက်လဲ စားသောက်မှု ပုံစံက အရေးပါနေတာပါပဲ။

သန္ဓေသား ကလေးငယ်လေး ရဲ့ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အာဟာရအားလုံးကို မိခင်ရဲ့ အစားအ သောက်ကပဲ ရရှိတာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်တဲ့ ကာလအတွင်းမှာ ညီညွတ်မျှတတဲ့ အစားအစာတွေကို ဂရုတစိုက်စားသောက် ပေးရမှာဖြစ်ပါတယ်။ အာဟာရ အုပ်စု ၃ ခု မှ အစားအစာတွေကို နေ့စဉ်ပုံမှန် စုံလင်အောင် စားသုံးဖို့ ၊ ထမင်း ၊ အဆာပြေမုန့်များ စားသောက်ဖို့ နဲ့ စိတ်ပျော်ရွှင်ချမ်းမြေ့အောင် နေဖို့က အရေးကြီးပါတယ်။

အာဟာရအုပ်စု ၊ စုံလင်အောင် စားရန်ပြောနေတာ အရှေ့ကတည်းကပေါ့။ ဘာတွေလဲ အဲဒါတွေ က ...

၁။ နှံစားသီးနှံများ ပါဝင်သောအစားအစာများ
ဆန် ၊ ဂျုံ ၊ ပြောင်း ၊ ခေါက်ဆွဲ ၊ ဆန် ဖြင့်ပြုလုပ်သော မုန့်မျိုးစုံ အပြင် ကွေကာအုပ် (မုယော) များကို စားသုံးရပါ မယ်။
၂။ ဟင်းသီးဟင်းရွက် နှင့် သစ်သီးများ
သီးနှံမျိုးစုံ နဲ့ ဟင်းသီးဟင်းရွက်တွေက နေ လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓါတ် အများစုကို ရရှိပြီး ရောဂါကာကွယ် နိုင်စွမ်းကို တိုးမြှင့်စေနိုင်ပါတယ်။
၃။ နို့ နှင့် နို့ထွက် ပစ္စည်းများ
ကယ်လ်စီယမ်ဓါတ် ဟာ နို့နဲ့နို့ထွက်ပစ္စည်းတွေ က နေရရှိတဲ့ဓါတ်ဖြစ်ပီးတော့ ကလေး ရဲ့အရိုးနဲ့ သွားများ ဖြစ် ထွန်းဖို့ အတွက် အထူးလိုအပ်ပါတယ်။
၎။ အသားဓါတ် အုပ်စုများ
အမဲသား၊ ကြက်သား၊ ၀က်သား နဲ့ ငါး စသည်တို့ အပြင် ပဲ၊ ကြက်ဥ နှင့် အခွံမာသီး များလည်း စားသုံးပေး သင့် ပါတယ်။
၅။ အဆီဓါတ်
ကလေး ရဲ့ ဦးနှောက်တည်ဆောက် မှု အတွက် ကတော့ အဆီဓါတ် ကလဲ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင် ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ငါးမှရတဲ့ အဆီတွေဟာ ခန္ဓာကိုယ်အတွက်လိုအပ်ပြီး ဘေးအန္တရယ်မရှိတဲ့ ဆီ ဖြစ်လို့ စားသုံးသင့်ပါတယ်။

ဒါမှသာ မိခင်ကို မှီခိုနေတဲ့ ကလေးငယ်ဟာ အာဟာရပြည့်ဝစွာ ရရှိပြီး ကျန်းမာ ဉာဏ်ထက်တဲ့ ကလေး အဖြစ် မွေးဖွားလာမှာဖြစ်ပါတယ်။
မိခင်၊ ဖခင် ဖြစ်လာမဲ့ သူတွေအနေနဲ့ မိမိတို့ ရင်သွေးလေး ဘယ်လိုဖြစ်လာလဲ ဆိုတာကို သိဖို့ စိတ်ဝင် စားလိမ့်မယ်လို့ ထင်မိပါတယ်။
ပထမဦးစွာ မိခင်နဲ့ဖခင်တို့ ၂ ဦး ရဲ့ မျိုးသန္ဓေဆဲလ်လေး ၂ ခု အောင်မြင်စွာ ပူးပေါင်းမိပြီးနောက်ပိုင်း ဖြစ် ပေါ်လာပုံလေးဟာ အံ့အားသင့်စရာပါပဲ။

ပထမပိုင်း ၃ လ အချိန်ကာလ

ဒီအချိန်ကာလလေးဟာ သူ (ကလေးငယ်) အတွက် အရေးကြီးဆုံးလို့ ဆိုရမဲ့ ကာလလေးပါပဲ။ ဒီအချိန် မှာ ကလေးလေးဟာ အလျင်အမြန် ပဲ (သူ့ဘ၀မှာ အမြန်ဆုံးနှုန်း) နဲ့ ကြီးထွားပါတယ်။ ဒီလိုလျင်မြန်စွာ ဆန့်ထွက် ကြီးထွားနေရတဲ့ ကလေးငယ်အဖို့ ဆေးလိပ်ငွေ့၊ မိခင်ကို ရောဂါပိုးတွေကူးစက်ခြင်း၊ ဆေးဝါးတွေနဲ့ ဓါတ်ရောင် ခြည်သင့်မှုတွေဖြစ်မယ်ဆိုရင် လွယ်လင့်တကူ သူ့ကို ထိခိုက်စေနိုင်ပါတယ်။

ပထမရက်

ဖခင်၏သုတ်ပိုး နှင့် မိခင်၏မမျိုးဥတို့ ပေါင်းစည်းခြင်း
၇ ရက် မှ ၁၀ ရက်
သန္ဓေအောင်မြင်သော မျိုးဥ သားအိမ်တွင်းသို့ ရောက်ရှိ၊ သားအိမ်နံရံတွင် နေရာယူပြီး (သန္ဓေ တည်ပြီး) သားအိမ်တွင်းဆိုင်ရာ

ဖွဲ့စည်းမှုများ ဖြစ်လာခြင်း
ရက်သတ္တပတ် ၂ ပတ်

သားအိမ်နံရံတွင် နေရာယူထားရာမှ အချပ်ပြားလေးသဏ္ဍာန် မျိုးဥတွယ်ကပ် ဖြစ်တည်လာပြီး မိခင်၏ ဓမ္မတာလုပ်ငန်းများကို ရပ်ဆိုင်းစေခြင်း။

ရက်သတ္တပတ် ၄ ပတ် (၀.၀၁ အောင်စခန့်)

မျက်စိ၊ နား၊ နှာခေါင်း၊ ကျောရိုး၊ အစာခြေလမ်းကြောင်း နှင့် အာရုံကြောစနစ်များ ထင်ရှားလာပြီး နှလုံး ဖြစ်တည်မည့်အင်္ဂါလေး လှုပ်ရှားလာခြင်း။

ရက်သတ္တပတ် ၈ ပတ် (၁.၃၆ အောင်စခန့်) - ၁ လက်မ ခန့် အရွယ်အစား
ဆိုင်ရာအင်္ဂါများ

သန္ဓေသားတွင် ပြည့်စုံစွာဖြစ်ပေါ်လာ၊ နှလုံးစတင်အလုပ်လုပ်လာပြီး အရိုးများ ဖွဲ့စည်း မှု ဖြစ်လာခြင်း။

ရက်သတ္တပတ် ၁၂ ပတ် (၀.၅ အောင်စခန့်) - ၃ လက်မခွဲ အရွယ်အစား
လိင်အင်္ဂါများ ထင်ရှားလာ၊ သွား၊ လက်သည်း ခြေသည်းများ ဖွံ့ဖြိုးလာ၊ မပြည့်စုံသော ကျောက်ကပ် ကလေးများ စတင် အလုပ်လုပ်ပြီး သန္ဓေသားကလေး သားအိမ်အတွင်း စတင်ကူးလူးသွားလာနိုင်လာခြင်း။

ဒုတိယပိုင်း ၃လ အချိန်ကာလ

ဒီအချိန်ပိုင်းကလေးကတော့ သန္ဓေသားကလေး ရဲ့ ဦးနှောက် သိသိသာသာ ဖြစ်တည်လာတဲ့အချိန်ပါ။ တိုးတက်ဖွံ့ဖြိုးမှုကတော့ မီးဖွားပြီး ၁၈ လ ခန့်အကြာမှ သိသိသာသာ ဖြစ်လာတာပါ။ အသက်ရှူလမ်းကြောင်း နဲ့ နှလုံးသွေးကြောဆိုင်ရာ ဖွဲ့စည်းမှုတွေလဲ ဖြစ်တည်နေတဲ့ ကာလအပိုင်းအခြားလေးပါ။
ရက်သတ္တပတ် ၁၆ ပတ် - ၆ လက်မခွဲခန့် အရွယ်အစား
မျက်နှာ၊ ဆံပင်၊ နားရွက်များ ပိုထင်ရှားသိသာလာ ။

ရက်သတ္တပတ် ၁၇ ပတ်

မိခင်ထံမှ ပဋိလှုံဓါတ်ပစ္စည်းများ သန္ဓေသားမှ စတင်လက်ခံလာသည်။
ရက်သတ္တပတ် ၁၈ - ၂၀ ကြား
ဤအချိန်တွင် ကလေးနှလုံးလှုပ်ရှားသံကို နားကျပ်ဖြင့် စတင်ကြားနိုင်ပြီ။
ရက်သတ္တပတ် ၂၀ ပတ် (၁၀ အောင်စခန့်) ၁၀ လက်မ အရွယ်အစားခန့်
မျက်ခုံး၊ မျက်တောင်၊ မွေးညှင်း၊ အဆီအိတ်များ၊ သွားဖုံးများ ပေါ်လာ၊ အရေပြားလေးများ သေးငယ် တောက်ပြောင်ပြီး ခြေတံလက်တံကလေးများ ရှည်ထွက်လာပြီ။

ရက်သတ္တပတ် ၂၄ ပတ် - ၁၂ လက်မ အရွယ်အစားခန့်

ချွေးအိတ်ကလေးများ၊ အဆုတ်ပိုင်းဆိုင်ရာ ဖွဲ့စည်းမှုများဖြစ်ပေါ်လာ၊ အသက်ရှုလှုပ်ရှားမှု စတင်၊ ခန္ဓာ ကိုယ် ပိန်သေးသေးလေး ဖြစ်လာပြီ ဖြစ်သည်။

ရက်သတ္တပတ် ၂၆ ပတ်

မိခင်၏ ၀မ်းကြာတိုက်တွင် ကလေးတည်နေပုံကို ပြင်ပမှ စမ်းသပ်သိရှိနိုင်၊ ကလေး မျက်လုံးများ ဖွင့်နိုင် ပြီဖြစ်သည်။

တတိယပိုင်း ၃ လ တာ အချိန်ကာလ

ဒီကာလ ကတော့ ကလေးငယ်ဟာ နေ့စေ့လစေ့ မဟုတ်ပေမဲ့ အခြေအနေအရ မွေးဖွားနိုင်တဲ့ ကာလ ပါ။ သို့သော် အထူးကြပ်မတ်ဂရုစိုက်ပြုစုစောင့်ရှောက်ကုသဖို့တော့ အထူးလိုအပ်ပါတယ်။ နေ့စေ့လစေ့ မွေးနိုင် လေ ကောင်းလေပါ

ရက်သတ္တပတ် ၂၈ ပတ် (၂.၅ ပေါင်ခန့်) ၁၄ လက်မ အရွယ်အစားခန့်
ကိုယ်ခန္ဓာကတော့ ပိန်သေးသေးပေါ့။ ခန္ဓာကိုယ် အရေပြားလေး ပြည့်တင်းလာတဲ့ ကလေးငယ်ဟာ သံ ဓါတ် ၊ ထုံးဓါတ်နဲ့ အခြား အာဟာရဓါတ်တွေကို ကိုယ်တွင်းမှာ သိမ်းထားနိုင်တဲ့ အခြေအနေပါ။

ရက်သတ္တပတ် ၃၂ ပတ် (၄ - ၄.၇ ပေါင်ခန့်) ၁၆ လက်မ အရွယ်အစားခန့်
အရေပြားအောက်မှာ အဆီအိတ်ကလေး တွေ ဖြစ်လာပြီမို့ ပိုပြီး ချောမွတ်လာပြီ။ အရသာကို ခံစားနိုင် ပြီ။ မိခင် ရဲ့ ၀မ်းဗိုက်အပြင်က အသံတွေကို သိနိုင်ပြီ ၊ မျက်စိသူငယ်အိမ်က အလင်းရောင်ကို စတင် တုံ့ပြန်နေပီ၊ ယောကျာ်းလေးဆိုရင် တော့ ဝှေးစေ့လေးတွေက ကပ်ပယ်အိတ်ထဲကို လျှောဆင်းစပြုလာပြီ။

ရက်သတ္တပတ် ၃၆ ပတ် (၄.၁၁ - ၆.၅ ပေါင်ခန့်) ၁၈ လက်မ အရွယ်
ခန္ဓာကိုယ်က လုံးတုတ်တုတ်လေး ဖြစ်လာပြီ။ မွေးညှင်းလေးတွေ ပျောက်စပြုလာပြီ၊ သွေးထဲမှာ ဟေမို ဂလိုဘင်တွေ များလာပြီ၊ ရောဂါခုခံနိုင်စွမ်းတွေ တက်လာပြီ။
ရက်သတ္တပတ် ၄၀ ပတ် (၇ပေါင်ခန့်) ၁၈-၂၂ လက်မ အရွယ်
ဦးခေါင်း မှာ ဆံပင်တွေ ပေါက်လာပြီ။ ယောကျာ်းလေး ဆိုရင် ဝှေးစေ့တွေ ကပ်ပယ်အိတ်ထဲ လုံးဝ ရောက်သွားပြီ။

မိန်းကလေးဆိုရင် ယောနိစပ်လေးတွေ ထင်ရှားလာပြီ။
ဒီလို အဆင့်ဆင့် ဖွံ့ဖြိုးနေတဲ့ သန္ဓေသားကလေး ဉာဏ်ရည်ဖွံ့ဖြိုးအောင် ဘယ်လို ပြုစုမလဲ..။

၁။ ပြည့်ပြည့်၀၀ အနားယူပါ။
အနားယူခြင်းဟာ မိခင်ရော သန္ဓေသား အတွက်ပါ ကျန်းမာလန်းဆန်းစေပါတယ်။ နေ့လည်ဘက်မှာ တရေးတမော အိပ်တာကိုလဲ ပြုလုပ်သင့်ပါတယ်။ အလုပ်တက်ရတဲ့မိခင်တွေဖြစ်ပါစေ နေ့လည်ဘက်ကို အချိန်ယူ အိပ်စက်သင့်ပါတယ်။ မွေးဖွားခါနီးရောက်လာလေ အိပ်ရခက်ခဲ့လာလေ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်ကိုတစောင်း လှဲ၍ အိပ်တာ၊ ဖက်ခေါင်းအုံး ကို ဖက်ပြီး အိပ်တာတွေက နေရထိုင်ရ သက်သာစေပါတယ်။
၂။ ၀မ်းဗိုက်ကို ပွတ်ပေးခြင်း။
မိခင်ရဲ့ဝမ်းဗိုက်ကို မိခင်ကိုယ်တိုင် ပွတ်သပ်ပေးခြင်း က လဲ သန္ဓေသားရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူပြုတယ်လို့ ဆိုပါတယ်။
၃။ အကြားအာရုံ တိုးတက်ခြင်း။
သန္ဓေသား ကလေး ဟာ အသက် ၅ လ အရွယ် မှ စ၍ အသံကိုကြားနိုင်ပါပြီ။ အသံကြားရပြီ ဆိုတော့ နားထောင်မှုစွမ်းရည်ရှိလာတာပေါ့။ နားထောင်တတ်ပြီ ဆိုတော့ သင်ယူတတ်ပြီပေါ့။ ကျွန်တော်တို့တွေလိုပဲ ၀မ်း ဗိုက်ထဲက ကလေးလေး ဟာလဲ မိခင်ရဲ့ အသံကို" ကားချင်တာပါပဲ။ ကလေး သန္ဓေသားလေးကို စကားပြော မယ်ဆိုရင် အမေဖြစ်သူ က တကယ့်ကလေးလေး လို သဘောထားပြီး ကြင်နာမှုအပြည့်ရှိတဲ့လေသံနဲ့ ညင်ညင် သာသာလေး "ဒီနေ့ နေလို့ကောင်းရဲ့လား ၊ ပျော်ရဲ့လား " စသဖြင့် မေးခွန်းလေးတွေ မေးတာတို့ ၊ သူ့ကို ချစ်ခင် နှစ်သက်ကြောင်း စသဖြင့်လည်း ပြောပေးလို့ရပါတယ်။ မိခင်သာမက ဖခင်ဖြစ်သူလည်း ပါဝင်ပြောဆိုခြင်း ပြုလုပ် ပါက ကလေးမှာ မိဘတို့ရဲ့အထိအတွေ့နဲ့အသံကို တဖြည်းဖြည်း မှတ်မိလာပါလိမ့်မယ်။
တေးဂီတကိုလည်း နားထောင်နိုင်ပါတယ်။ သာယာနူးညံ့တဲ့ သံစဉ်လေးတွေတော့ ရွေးချယ်သင့်ပါ တယ်။ အဲလို အနိမ့်အမြင့် အတက်အကျမှန်မှန်နဲ့သာယာ တဲ့ မဆူညံတဲ့ ဂီတ ကို တနေ့ (၁၀) မိနစ် မှ (၁၅) မိနစ် လောက် နားထောင်ပေးရင် ကလေး က ဉာဏ်ရည် ပိုကောင်းလာပါလိမ့်မယ်။ မိဘ များ က သားချော့တေးများ ဆိုပေးလျှင်လည်း ရပါတယ်။ ပြင်းထန် ကျယ်လောင်တဲ့ Rock တို့ ၊ Hip Hop တို့ ကိုတော့ ရှောင်ရှားသင့်ပါတယ်။ မိခင်ရော ကလေး အတွက်ပါ စိတ်ဖိစီးမှုတွေရနိုင်ပါတယ်။
ကလေးလေး ကို ပြုစုသလိုပဲ မိခင်လောင်းတို့မှာလဲ ကျန်းမာဖို့ လိုအပ်ပါတယ်။ ဒါမှ ကျန်းမာတဲ့ ကလေး လေး ကို မွေးဖွားနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားမှု က အရေးကြီးလှပါတယ်။
ကိုယ်ဝန်ဆောင်စဉ်ကာလမှာ နားနားနေနေနဲ့ အပန်းဖြေရင်း ခန္ဓာကိုယ်ကြံ့ခိုင်ကျန်းမာအောင် ဘယ်လို လုပ်မလဲ။ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကိုရှောင်ရပါမယ်။ လမ်းများများ လျှောက်ပေးတာ က တော့ အသင့်တော်ဆုံး လှုပ်ရှားမှု တစ်ခုပါပဲ။
ကိုယ်ဝန်ဆောင်ကာလမှာ လဲလျောင်းခြင်း၊ ထိုင်ခြင်း၊ ထခြင်း တွေက အရေးပါပါတယ်။
မိခင်တွေ ဟာ ကြီးထွားလာတဲ့ ရင်သွေးလေး နဲ့ အတူ တိုးလာတဲ့ ကိုယ်အလေးချိန်ကြောင့် ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းညှိနိုင်ဖို့ အရေးကြီးပါတယ်။ ရုတ်တရက် အထိုင်အထ မှာ မူးဝေတာတွေလဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ထတာဖြစ်ဖြစ် ထိုင်တာဖြစ်ဖြစ် သတိနဲ့ လှုပ်ရှားသင့်ပါတယ်။
ခန္ဓာကိုယ်လဲလျောင်းမယ်ဆိုရင်
ပထမဆုံး မတ်တပ်ရပ်နေတာက နေ ဒူးလေး နည်းနည်းကွေးလိုက်ပါ။ ဒါဆိုရင် ကျောရိုးအောက်ပိုင်း ကို အားသက်ရောက်မှု လျော့သွားပီး ဟန်ချက် မျှတလာမယ်။ ပြီးရင် လက်ကို ပေါင်လယ်လောက်မှာ ထောက် အား ပြုပြီးတော့ ဒူးတစ်ဖက်ကို ဖြည်းဖြည်းထောက်ပါ။ ကျန်ဒူးတစ်ဖက်ကို ထပ်ထောက်လိုက်ပြီး ခန္ဓာကိုယ်ကို လက် ဖ၀ါး နှစ်ဖက် ဒူးနှစ်ဖက် ထောက်လျက်သား လေးဖက်ထောက် အနေအထား နဲ့ ရှိပြီဆိုမှ လက်မောင်းတစ်ဖက်ကို အားပြုပြီး ခန္ဓာကိုယ်ကို ၄င်းလက်မောင်းဖက်စောင်းပါ။ ပြီးရင် လက်မောင်းတွေအားပြုပြီး ပက်လက်အနေအထား ရောက်အောင်ပြုပြင်ပါ။
လှဲနေရာက မတ်တပ်ရပ်မယ်ဆိုရင်လဲပထမဆုံး လက်မောင်းတွေ ကို အားပြုပြီး ကိုယ်ကိုစောင်းပါ။ ပြီးရင်လှဲလျောင်းတုန်း က လေးဖက်ထောက်ပုံစံမျိုးရအောင်လုပ်၊ အဲပြီးမှ ဒူးတစ်ဖက်စီထောက် အားပြုပြီး ဖြည်း ဖြည်း လေး ရပ်ပါ။
ဒီလောက်ဆိုရင်တော့ ကိုယ်ဝန်ဆောင် မဲ့ မိခင်လောင်းများ ၊ ပြုစုမဲ့ ဖခင်လောင်းများ ဘယ်လိုနေထိုင် ပြုမူရမလဲ သိလောက်ပြီထင်ပါတယ်။ ရှေ့လမှာတော့ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေရဲ့ မေးလေ့မေ့ထရှိတဲ့ မေးခွန်းများကို ရေးပေးသွားပါ့မယ်။

Dr. ဇီဝက
from- ရွှေဒေါင်းတောင်
အေးမြသာစည်ရွာ

တိုက်ပေါ်မှ ခုန်ချရန် ကြံစည်သူ အမျိုးသမီးကို စိတ်ကျန်းမာရေး ဆေးရုံသို့ ပို့


ကမာရွတ်မြို့နယ်တွင် သြဂုတ်လ ၁၀ ရက်နေ့က တိုက်ပေါ်မှ ခုန်ချရန် ကြံစည်သူ အိမ်အကူ အလုပ်သမား မလွင်မာလာဝင်း (၁၉ နှစ်) သည် စိတ်ရောဂါ ခံစားနေရသဖြင့် ရွာသာကြီး စိတ် ကျန်းမာရေး ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးဝါး ကုသမှု ခံယူလျက် ရှိကြောင်း ၄င်း၏ အလုပ်ရှင် ဒေါ်မေသက်ဦးက The Voice သို့ ပြောကြားသည်။

ငါးလွှာ အမြင့်ပေါ်မှ ခုန်ချရန် ကြံစည်သူ မလွင်မာလာဝင်းကို အချိန်မီ ကယ်တင်ခဲ့ပြီးနောက် စိတ်ကယောင်ချောက်ချား ဖြစ်နေသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ကာ ကျန်းမာရေး စစ်ဆေးမှု ခံယူခဲ့ရာ ဆရာဝန်၏ ဆေးစစ်ချက်အရ ၎င်း၏ သွေးထဲမှ မူးယစ်ဆေးဝါး သုံးစွဲထား သည့် လက္ခဏာ နှင့် စိတ်ရောဂါ ခံစားမှု သွင်ပြင် လက္ခဏာတို့ကို တွေ့ရှိ ရသည်ဟု ၎င်းက ဆိုသည်။

“အစကတော့ သူ့ကို မိမိကိုယ်ကို သေကြောင်း ကြံစည်မှုနဲ့ အမှု ဖွင့်မလို့ပါ၊ ဆရာဝန်ရဲ့ ဆေးစစ်ချက် အရ စိတ်ကျန်းမာရေး မကောင်းကြောင်း တွေ့ရှိ ရတဲ့အတွက် ရွာသာကြီးကို လွှဲပြောင်းခဲ့တာပါ” ဟု ကမာရွတ်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် (၈) ရပ်ကွက် လှည်းတန်းလမ်းရှိ တိုက်၂၃ E ငါးလွှာတွင် နေထိုင်သည့် ဦးအောင်ဟိန်းနှင့် ဒေါ်မေသက်ဦး တို့ နေအိမ်တွင် အိမ်ဖော် လုပ်ကိုင်သူ မလွင်မာလာဝင်းသည် အင်တာနက် ဆိုင်တွင် ထားရှိသော ခေါက်ဆွဲခြောက် သုံးထုပ် စာရင်း ကွာဟမှု နှင့် ပတ်သက်ပြီး ၎င်းတို့၏ နေအိမ်တွင် သြဂုတ်လ ၁၀ ရက်နေ့၌ နှစ်ဦးသား အငြင်းပွားနေစဉ် အင်တာနက်ဆိုင် အတွင်းတွင် တပ်ဆင်ထားသော စီစီတီဗီ ကင်မရာထဲမှ တွေ့ရှိမှုကို ပြန်လည် စစ်ဆေး ပြောပြရာမှ မလွင်မာလာဝင်း က ပြန်လည် တောင်းပန်သဖြင့် ထိုနေ့ နံနက်ပိုင်း (၁၀ရက်နေ့) က ကျေအေး သင့်မြတ်ခဲ့ကြောင်း၊ ထို့နောက် ၎င်းသည် မည်သူ့ကိုမှ အသိပေး ပြောကြားခြင်း မရှိဘဲ သြဂုတ် ၁၀ ရက်နေ့ ညနေ ၂ နာရီ မိနစ် ၅၀ ခန့်က အိမ်ရှေ့ အ၀တ်ထွက်လှန်းရာမှ အခြားတစ်ဖက်ရှိ လူမနေသည့် တိုက်ခန်း (ခြောက်လွှာ) ဘက်သို့ ကူးသွားပြီး သေကြောင်း ကြံစည် ရန် ပြုလုပ်နေသည် ကို ပတ်ဝန်းကျင်က တွေ့ရသဖြင့် ဝိုင်းဝန်း ဖျောင်းဖျနေ စဉ် သင်္ကန်းဆိုင်မှ မန်နေဂျာ ဦးမောင်ဝင်း ဆိုသူ ရောက်ရှိလာပြီး တက်ရောက် ကယ်တင် ကူညီနိုင်ခဲ့ခြင်း ဖြစ်သည်ဟု အိမ်ရှင် ဖြစ်သူ ဒေါ်မေသက်ဦးက ရှင်းပြသည်။

အသက် ၁၉နှစ် အရွယ်ရှိ မလွင်မာလာဝင်းသည် ဧရာဝတီတိုင်း ဒေသကြီး ဝါးခယ်မမြို့နယ် ရွာသစ် ကျေးရွာ ဇာတိ ဖြစ်ပြီး ၂၀၁၃ ခုနှစ် မတ်လပိုင်းခန့် က အဆိုပါ နေအိမ်တွင် ကလေးထိန်း အိမ်အကူ အဖြစ် စတင် လုပ်ကိုင် ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

နိုင်ငံရေးသမားနဲ့ မင်းသမီး


ထိုင်းရုပ်သံဇာတ်လမ်းတွဲများထဲက မင်းသမီးချော Janie Tienphosuwan အိမ်ထောင်ပြုလိုက်ပါပြီ။ဖူးစာရှင်က တခုလပ် နိုင်ငံရေးသမား တယောက်ပါ။ ဘန်ကောက်နားက စမွတ်ပရာကန်ခရိုင် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ Chonsawat Asavahame ဖြစ် ပါတယ်။

၃၂ နှစ်အရွယ် မော်ဒယ်၊ မင်းသမီး နဲ့ ၄၅ နှစ်အရွယ် နိုင်ငံရေးသမား သူဌေးကြီးတို့ လက်ထပ်တဲ့သတင်းက ထိုင်းနိုင်ငံမှာတော့ လူပြောများနေပါတယ် တဲ့။

သူတို့နှစ်ယောက် ပြီးခဲ့တဲ့ ကြာသပတေးမှာ လက်ထပ်စာချုပ် ချုပ်လိုက်ကြပါပြီ။ တွဲလာတာတော့ ကြာပြီပေါ့

သတင်းထောက်တွေကို ဓာတ်ပုံအရိုက်ခံရာမှာတော့ လက်ထပ်စာချုပ်ကို ထုတ်ပြသလို မင်းသမီး ဗိုက်မကြီးသေးကြောင်း/ကိုယ်ဝန်မရှိကြောင်း ဆရာဝန်ဆေးစစ်ချက်လည်း ထုတ်ပြပါတယ် တဲ့။
မင်းသမီး ကိုယ်လေးလက်ဝန်ရှိနေကြောင်း မီဒီယာတခုမှာ ဖွခဲ့တာကို တန်ပြန်ချင်တဲ့သဘော ဖြစ်ပါလိမ့်မယ်။

သူတို့ တွဲနေတာ ၅ လ ရှိပြီ လို့ နိုင်ငံရေးသမားက ပြောပါတယ်။
သူတို့ရဲ့ မင်္ဂလာဖြစ်မယ့်သတင်းကို အခုမှ ထုတ်ပြန်ရတာကလည်း အရင်အိမ်ထောင်နဲ့ ဖြတ်စရာရှိတာတွေ ဖြတ်နေရတာကြောင့်ပါပဲ တဲ့။

ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဖော်ပြထားချက်အရ ဆိုရင် .... နိုင်ငံရေးသမားက ဒီလိုပြောပါတယ် တဲ့။

"I like Ms Janie because she's cute and she's the person I can happily sleep with every night," Mr Chonsawat said.
သူ့ကို ကြိုက်တာက ချစ်စရာကောင်းလို့၊ ညတိုင်း ကြည်ကြည်နူးနူး အတူအိပ်နိုင်မယ့်သူဖြစ်လို့ပါပဲ လို့ ဘာသာပြန်ရမယ် ထင်ပါတယ်။

မင်းသမီးကလည်း ဒီလို ဆိုပါတယ် ...
Ms Janie said she wanted to apologise to the public for not speaking out about the relationship earlier.
"Other people may see Mr Chonsawat as a different person than I do.
I think he is a warm, calm and discreet person, and we'll see how it goes," the 32-year-old superstar said.
"I want to thank Chonsawat for everything he has done for me."

တခြားသူတွေကတော့ ကျမ မြင်သလိုမျိုး Mr Chonsawat ကို မြင်ကြမယ် မဟုတ်ဘူး။ ကျမ ထင်တာကတော့ သူက နွေးနွေးထွေးထွေး ရှိတယ်၊ တည်ငြိမ်တယ်၊ သိုသိုသိပ်သိပ်ရှိတယ်၊
ဘာဆက်ဖြစ်မယ်ဆိုတာတော့ ကြည့်ရဦးမှာပေါ့ရှင်။ ကျမအတွက် လုပ်ပေးခဲ့တဲ့အရာတိုင်းအတွက် သူ့ကို ကျေးဇူးတင်ပါတယ် လို့ ဆိုပါတယ်။

ဒီနိုင်ငံရေးသမားရဲ့ အရင်အိမ်ထောင်က ၅၃ နှစ်အရွယ် Nantida Kaewbuasai ဖြစ်ပါတယ်။ အိမ်ထောင်ဟောင်းနဲ့အတူမနေတာ ဆယ်နှစ်ကြာပြီ၊ ရခဲ့တဲ့သမီးတယောက်က အခုဆို အသက် ၁၈ နှစ် ရှိနေပါပြီ တဲ့။

ဘန်ကောက်ပို့စ်သတင်းစာ သတင်းတပုဒ်မှာတော့ သူက နာမည်ကျော် မင်းသမီးတွေ ဘာတွေနဲ့ ချိန်းတွေ့ခဲ့သူလို့ ဆိုပါတယ်။
ဒီတော့ ... စွံတဲ့သူ၊ ပွေတဲ့သူ ဆိုပါစို့။

ဒီအမျိုးသားရဲ့ဖခင်က ဒုဝန်ကြီးဟောင်း တဦးဖြစ်တဲ့ Vatana Asavahame ဖြစ်ပါတယ်။
လာဘ်စားမှုတခုမှ မျက်ကွယ်ထောင်ဒဏ်ပေးခံရထားပြီး အခုတော့ အိမ်နီးချင်း ကမ္ဘောဒီးယားမှာ ခိုလှုံနေတယ်လို့ ယူဆကြပါတယ်။


ဧရာဝတီ

ငှက်ဖျားနှင့် တီဘီဝေဒနာရှင် အမျိုးသားတစ်ဦး ဆေးဖိုးမတတ်နိုင်၍ ကြိုးဆွဲချသေဆုံး

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အမှတ် (၄) ကျောင်းစုရပ်ကွက် မာလာလမ်းရှိ နေအိမ်တစ်လုံးတွင် သြဂုတ်လ ၈ ရက် နံနက် ၃ နာရီခွဲက အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများထံမှ သိရှိရသည်။

အဆိုပါအမျိုးသားသည် ၎င်းနေအိမ်၏ ဝရန်တာသစ်သားတန်းတွင် ခရီးဆောင်အိတ်ကြိုးကို အသုံးပြုကာ အဆုံးစီရင်ခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများထံမှ သိရသည်။

“တစောင်းလေးပဲ တုံးလုံးလဲနေတာ။ ကြိုးကလည်း တိုတိုလေး။ ချည်တဲ့နေရာကလည်း နိမ့်နိမ့်လေး” ဟု အမှတ် (၄) ကျောင်းစုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က ပြောကြားသည်။

သေဆုံးသူသည် ငှက်ဖျားရောဂါနှင့် တီဘီရောဂါဝေဒနာ ခံစားနေရပြီး အိမ်ထောင်ကွဲနေသူလည်း ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါး၍ ဆေးကုသရန် ဆေးဖိုးမတတ်နိုင်သဖြင့် ကိုယ်တိုင်အဆုံးစီရင်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းကမှတ်ချက်ပြု ပြောကြားသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၆/၁၃ ဖြင့် ဖွင့်လှစ်ကာ စစ်ဆေးလျက်ရှိကြောင်း ဒိုက်ဦးမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

ဒိုက်ဦးမြို့နယ် သရက်တော်ကျေးရွာတွင် မေလက အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးဖူးခဲ့ကြောင်း ယင်းမြို့နယ်ရဲစခန်းထံမှ သိရှိရသည်။

မိုးနေ

အမျိုးသမီး ၁၀၀၀ ကျော်အား အဓမ္မကျူးလွန်သူ ဖမ်းဆီးရမိ



လန်ဒန် - ဤအမှုသည် အမျိုးသမီးပေါင်း ၁၀၀၀ ကျော်အား မတရား ပြုကျင့်ခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ကိုယ်ထိလက်ရောက် ပြုကျင့်ခဲ့သော ဥရောပ၏ အကြီးမားဆုံးနှင့် မကောင်းဆိုးဝါးသဖွယ် ပြုကျင့်ခဲ့သူ၊ လိင်ပိုင်း ဆိုင်ရာ ပြစ်မှုကျူးလွန်ခဲ့သူ တရားခံ ဂျိုးရဂ်အား ယခုမတ်လတွင် ဒီအင်န်အေနှင့် တိုက်ဆိုင်စစ်ဆေးကာ ဖမ်းဆီး ရမိခဲ့ပြီးနောက် စီရင်ချက်ချမှတ်ရန် ရုံးချိန် ပေါ်ထားသော အမှုတစ်ခု ဖြစ်သည်။

၎င်းသည် အမျိုးသမီး ၁၀၀၀ ကျော်အား လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ သည်။ ၎င်း၏ နောက်ဆုံးအမည်အား ဂျာမန်ဥပဒေအရ ထုတ်ဖော် ပြောကြားခွင့် မရှိကြောင်းသိရသည်။ ၎င်းသည် The Silence Of The Lambs ရုပ်ရှင် ဇာတ်ကားထဲမှ ဇာတ်လိုက်ကဲ့သို့ ဒဏ်ရာရရှိထားသော ဒုက္ခသည်တစ်ဦးပမာ ဟန်ဆောင်ကာ သားကောင်ရှိရာ အိမ်တစ်အိမ်အား တံခါးခေါက်ကာ အိမ်သာ အသုံးပြုခွင့်တောင်းသည်။

ထို့နောက် အဓမ္မပြုကျင့်မှုကို ကျူးလွန်တော့သည်။ ၎င်းသည် ဟော်လန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနှင့် လူဇင် ဘတ်များတွင် ကျူးလွန်ခဲ့သော မုဒိမ်းမှု ၂၀ မှုကိုလည်း ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ ဂျိုးရဂ်သည်သူ၏ဇနီး၊ သူ၏ကလေးနှစ်ယောက်နှင့်အတူ ဂျာမနီတောင်ပိုင်းရှိ ကွန်စတန်ကန်သို့ အားလပ် ရက်ခရီးထွက်စဉ် မိသားစုထံမှ ခဏလစ်ထွက်သွားခဲ့ပြီး ရာဇဝတ်မှုကျူးလွန်ပြီးနောက် မိသားစုထံ ဘာမှ မလုပ်ခဲ့သောပုံစံမျိုးနှင့် ပြန်လာတတ်သူဖြစ်သည်။

၎င်းသည် ထိုကဲ့သို့သော မုဒိမ်းမှုကိုးမှုအား ကရီဖီးလ်၊ ကိုလိုဂန်နှင့် အေချိန်တို့တွင် ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ သူသည် မိန်းမပျက်များထံသွား၍ ထိုအကျင့်ကို ဖျောက်ပစ်ရန် ကြိုးစားခဲ့သော်လည်း အလုပ်မဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရားခံ၏ ဖြောင့်ချက်နှင့် ပြစ်မှုထင်ရှားသဖြင့် ၎င်းအား နောက်လတွင် စီရင်ချက်ချမှတ်ရန် ရုံးချိန်းပေးထားပြီး အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်နှင့် စိတ်ရောဂါကုဆေးရုံတွင် ကာလရှည်သက်တမ်းဖြင့် နေထိုင်ရန် အမိန့်ချမှတ်ခံရဖွယ်ရှိကြောင်း သိရသည်။

By meepyatite
newmyanmarpyi

ခံတွင်း ပျက်နေသူများ အစာစားချင်စိတ် ပြန်ကောင်း လာစေရန်


ရောဂါ ဝေဒနာ တစ်ခုခုကို ခံစားနေရပြီး ကျန်းမာရေး မကောင်း သူတွေဟာ ခံတွင်းပျက်ပြီး အစာ စားချင်စိတ် လျော့နည်း တာကြောင့် ကိုယ်အလေး ချိန်တွေ လျော့ကျ လာတတ်ပါတယ်။ အဲဒီအခါ ကိုယ်ခံ စွမ်းအား
လျော့ကျပြီး ရောဂါဝေဒနာကို ခံနိုင်ရည်ရှိမှု လျော့နည်းလာပြီး ပိုမို နေထိုင်မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အစာစားချင်စိတ် ပြန်ကောင်းလာအောင် လိုက်နာ သင့်တဲ့ နည်း လမ်းတွေကို ရေးသားလိုက်ရပါတယ်။

မိသားစုစုံညီ သို့မဟုတ် မိတ်ဆွေ သူငယ်ချင်းများနှင့်အတူ စားပါ

တစ်ယောက်တည်း အစာစားရင် အစာစားရမှာကို ပျင်းနေတတ်ပါတယ်။ အစာစားချိန်ဆိုတာ လူအများနဲ့ ပေါင်းဖော်ပြီး အတူစားရတဲ့ အချိန်ပါ။ အများနဲ့အတူ မစားရင် အထီးကျန်တဲ့ စိတ်ခံစား မှု ဖြစ်စေပြီး အစာစားချင်စိတ် လျော့ကျစေနိုင်ပါတယ်။ အိမ်မှာ မိသားစု စုံညီ အစာစားပါ ဒါမှမဟုတ် အလုပ်မှာ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ အစာစားပါ။

စားချင်စိတ်ရှိသော အစာကို စားပါ

ကျွန်မတို့တွေဟာ ကိုယ်ကြိုက်တဲ့ အစာဆိုရင် များများ စားချင်တတ်ကြပါတယ်။ ခံတွင်းပျက်နေချိန်မှာ အစာစားချင်စိတ် ဖြစ်လာအောင် ကိုယ်ကြိုက်တဲ့အစာကို စားပေးပါ။ ဒါပေမဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာဆိုရင် အများကြီးမစားပါနဲ့။ သစ်သီးတွေကို စားချင်စိတ်ဖြစ်ပေါ်ပြီး အများကြီး မစားနိုင်ရင် သစ်သီးဖျော်ရည် ဖျော်သောက်ပါ။ သစ်သီးစိတ်တွေကို အရသာရှိအောင် ပြင်ဆင်ပြီး စားပေးပါ။

အစာကို နည်းနည်းနှင့် မကြာခဏ စားပါ

ခံတွင်းပျက်ကာ ကိုယ်အလေးချိန် လျော့ကျနေသူတွေ အနေနဲ့ ကယ်လိုရီများများ ရရှိစေဖို့ တစ်နေ့မှာ အစာက နည်းနည်းနဲ့ မကြာခဏ စားပေးဖို့ လိုပါတယ်။ တစ်နေ့မှာ အစာကို ငါးကြိမ်- ခြော က်ကြိမ်ခန့် စားပေးတာက အာဟာရဓာတ်တွေကို ပိုမို ရရှိစေမယ့်နည်းပါ။

ပြင်းသောအနံ့ပါ ဟင်းလျာများ ရှောင်ပါ

ခံတွင်းပျက်နေချိန်မှာ အရသာခံအာရုံနဲ့ အနံ့ခံအာရုံ အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ ဒီအချိန်မှာ အနံ့ပြင်းတဲ့ အစာတွေနဲ့ ဝေးဝေးမှာနေပါ။ ဥပမာ- ညှီတဲ့ အသားတွေကို ထမင်းပွဲမှာ မပါအောင် သတိထားပါ။

အာဟာရဖြည့်စွက်ဆေး သုံးပါ

အာဟာရ ဖြည့်စွက်ဆေးတွေကို မှီဝဲတာကြောင့် ကယ်လိုရီစားသုံးမှု တိုးစေပြီး ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ ဖြည့်စွက်ဆေးတွေကို ပုံစံအမျိုးမျိုး ထုတ်ထားပြီး အနံ့အရသာ မျိုးစုံ ရှိတာကြောင့် ခံတွင်းပျက်နေသူတွေ အနေနဲ့ အစာစားချင်စိတ် တိုးလာအောင် မှီဝဲသင့်ပါတယ်။

ဟင်းလျာထဲ သဘာဝ ဟင်းခတ်အမွှေးအကြိုင်များ ထည့်ချက်ပါ

သဘာဝ ဟင်းခတ်အမွှေးအကြိုင်တွေ ပါတဲ့ အစာတွေက အစာစားချင်စိတ်ကို တိုးစေနိုင်ပါတယ်။ သဘာဝ ဟင်းခတ် အမွှေးအကြိုင်တွေကတော့ ငရုတ်ကောင်း၊ ဂျင်စင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန် နီ၊ လေးညှင်း၊ စမုံစပါး၊ ချင်း (ဂျင်း)၊ လက်ဖက်စိမ်း စတာတွေ ဖြစ်ပြီး သင်ချက်တဲ့ ဟင်းလျာထဲမှာ ထည့်ချက်သင့်ပါတယ်။

ကြယ်စင်
Good Health

နွားကို ဝင်တိုက်မိသည့် အင်ဒိုနီးရှား ခရီးသည်တင်လေယာဉ် လမ်းချော်မှုဖြစ်



Lion Air လေကြောင်းလိုင်းမှ ဂျက်လေယာဉ်သည် ခရီးသည် (၁၁၀)ကို တင်ဆောင်ပြီး ဆူလာဝေဆီကျွန်းရှိ ဂိုရွန်တာလို လေဆိပ်ကို ဆင်းသက်စဉ် ယခုကဲ့သို့ သည်းထိတ်ရင်ဖို အခြေအနေ ကြုံခဲ့ခြင်း ဖြစ်သည်။

အင်ဒိုနီးရှား နိုင်ငံတွင် နွားမတစ်ကောင်ကို ဝင်တိုက်မိသည့်အတွက် ခရီးသည်တင် လေယာဉ်တစ်စင်း လမ်းကြောင်းချော်ထွက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ Lion Air လေကြောင်းလိုင်းမှ ဂျက်လေယာဉ်သည် ခရီးသည် (၁၁၀)ကို တင်ဆောင်ပြီး ဆူလာဝေဆီကျွန်းရှိ ဂိုရွန်တာလို လေဆိပ်ကို ဆင်းသက်စဉ် ယခုကဲ့သို့ သည်းထိတ်ရင်ဖို အခြေအနေ ကြုံခဲ့ခြင်း ဖြစ်သည်။ လေယာဉ်သည် အရှိန်လျော့ပြီး ဖြစ်နေကာ ရပ်နားမည့် နေရာသို့ ဦးတည်မောင်းနှင်စဉ် ပြေးလမ်းပေါ်တည့်တည့် လျှောက်သွားနေသည့် နွားမသုံးကောင်နှင့် တိုးခဲ့ခြင်း ဖြစ်သည်။ နွားမတစ်ကောင်သည် ယခုဖြစ်စဉ်အတွင်း သေဆုံးသွားသလို လေယာဉ်လည်း လမ်းကြောင်းပြောင်း ချော်ထွက်သွားခဲ့သည်။

ခရီးသည်များရော၊ လေယာဉ် အမှုထမ်း (၇)ဦးတို့ပါ မည်၍မည်မျှ ဒဏ်ရာရရှိကြောင်း တိတိကျကျ မသိရသေးသော်လည်း အခြေအနေ ဆိုးရွားဖွယ် မရှိဟု သတင်းများက ဆိုသည်။ လေယာဉ်သည် အတန်ငယ် ထိခိုက် ပျက်စီးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အလွန်ပြင်းထန်မှု မရှိသည့်တိုင် လေယာဉ်ခရီးစဉ် အချို့ကို ဖျက်သိမ်းခဲ့ရသည်။ အဆိုပါ လေယာဉ်သည် အိဒ်နေ့ အားလပ်ရက်အတွက် ခရီးထွက်လာသူများကို တင်ဆောင်လာခြင်း ဖြစ်သည်။ လေယာဉ်ပြေးလမ်းပေါ် ကျူးကျော် ဝင်ရောက်လာသည့် ကျန်နွားနှစ်ကောင်၏ ကံကြမ္မာကို မသိရသေးချေ။

လေယာဉ်မှူး အိုင်ဝမ်ပါမာဒီက "လေယာဉ်နဲ့ နွားနဲ့ တိုက်မိလိုက်တဲ့နောက် အသားမီးကျွမ်းတဲ့ အနံ့မျိုးတောင် ရမိတယ်"ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ ပို့ဆောင်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဘမ်ဘန်းအာဗန်းက "ပြေးလမ်းပေါ်မှာ နွားသုံးကောင် ရောက်နေတယ်။ အနည်းဆုံး တစ်ကောင်ကတော့ လေယာဉ်ဝင်တိုက်တာ ခံလိုက်ရပါတယ်"ဟု ဆိုသည်။ လေယာဉ်မှူးသည် အစောပိုင်းက ဝင်တိုက်မိသည့် တိရစ္ဆာန်ကို ခွေးတစ်ကောင် ဖြစ်မည်ဟု ခန့်မှန်းမိခဲ့သော်လည်း နောက်ပိုင်းတွင်မှ နွားတစ်ကောင်မှန်း သိရှိလာခဲ့သည်။

အင်ဒိုနီးရှား လေကြောင်း ပို့ဆောင်ရေး စနစ်သည် လုံခြုံမှု အပိုင်းတွင် အာရှတိုက်၏ အဆိုးဆုံး စာရင်းဝင် နာမည်ပျက်မျိုး ရှိနေသည်။ ဧပြီလက Lion Airမှပင် လေယာဉ်တစ်စင်းသည် ပြေးလမ်းပေါ် ဆင်းသက်စဉ် တိတိကျကျ မရောက်သဖြင့် ဘာလီကျွန်းအနီး သမုဒ္ဒရာထဲသို့ ဝမ်းဗိုက်ဖြင့် ဆင်းသက်ခဲ့ရပြီး ထိုစဉ်က ခရီးသည် (၁၀၄)ဦးလုံး အသက်ရှင်ခဲ့သည်။ Lion Airသည် လာမည့် (၁၀)နှစ်အတွင်း လေယာဉ်အစင်း (၁၀၀၀)ထိ ပိုင်ဆိုင်လာရန် မျှော်လင့်ထားသည့် ကုမ္ပဏီကြီးဖြစ်ပြီး လတ်တလောတွင် Airbusနှင့် Boeingတို့မှ လေယာဉ်ကြီးများကို မှာယူထားသည်။ ယခုပြဿနာတွင် ပြေးလမ်းပေါ် နွားများ မည်သည့်အကြောင်းကြောင့် ရောက်နေသည်ကို စုံစမ်းနေဆဲ ဖြစ်သည်။

Planet Myanmar Network