လက်နက်ကိုင်ဆောင်ခွင့် ရဲများအပေါ် ကြီးကြပ်မည်


မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌ ဖြစ်ပွားခဲ့သည့် ရဲအချင်းချင်း ပစ်ခတ်မှု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ဝင်များအား လက်နက် ကိုင်ဆောင်မှုများကို စနစ်တကျ ကြီးကြပ်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေး
ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ တာဝန်ရှိသူက “ ရဲတွေ လက်နတ်ကိုင်ဆောင်မှုနဲ့
ပတ်သက်ပြီး စည်းကမ်းတင်းကျပ်မှုတွေ ပြန်လည် လုပ်ဆောင်သွားဖို့ အစီအစဉ်တွေရှိတယ်” ဟုပြောသည်။

ပြည်သူ့ဝန်ထမ်း ရဲတပ်ဖွဲ့ဝင် အရာရှိများအနေဖြင့် အရေးတကြီး တာဝန်ချိန်မှ အပ ကျန်အချိန်များတွင် လက်နက်ကိုင်ဆောင်ခြင်းမပြုရန်နှင့် ပြည်သူ့ဝန်ထမ်းရဲများ အနေဖြင့် အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ခြင်းများ တွေ့ရှိပါက အကြောင်းကြားရန်
စသည့်ကိစ္စများကို အထူးကြပ်မက်သွားမည်ဟု သိရသည်။ ယင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး
အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိ ဦးမျိုးဝင်းက “ ရဲတပ်ဖွဲ့တွေမှာ အရာရှိအဆင့်ပဲ ကျည်ဆံနဲ့ သေနတ်ကိုင်ခွင့်ရှိတယ်။ အရာရှိမဟုတ်တဲ့ သာမန်အဆင့် ရဲတပ်ဖွဲ့ဝင်တွေ ဆိုရင်တော့ သေနတ်ပဲ ပေးထားတာ။ကျည်မပေးဘူး။ လိုအပ်မှ ကျည်ဆန်ချပေးရတာ။ ရဲတွေ လက်နတ်ကိုင်ဆောင်မှုနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ ဥပဒေတွေ အများကြီးရှိတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ ပြည်သူ့ဝန်ထမ်း ရဲတပ်ဖွဲ့ဝင်အချင်းချင်း သေနတ်ကိုင်ဆောင်ကာ ပြဿနာဖြေရှင်းခြင်းသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် လူအများ ပြောစရာကိစ္စ တစ်ခုဖြစ်ကြောင်းကို တရားလွှတ်တော် ရှေ့နေတစ်ဦးက
“ ဒီကိစ္စက ရဲအချင်းချင်း ပြဿနာဖြစ်ရာကနေ စဖြစ်တာဆိုပေမယ့် သေနတ်နဲ့ ဖြေရှင်းတာကတော့  ဥပဒေမဲ့ရာကျလွန်းတယ်” ဟုပြောသည်။ မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် စက်တင်ဘာလ ၂ ရက်က ဒုရဲအုပ်မှ ရဲအုပ်တစ်ဦးအား သေနတ်ဖြင့် တေ့ပစ်ခဲ့သောကြောင့် ရဲအုပ်သေဆုံးခဲ့ရသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

ကျော်မြဇံ
Yangon Media Group


တရားစီရင်ရေးမှာ အုပ်ချုပ်ရေးပိုင်းက ဝင်စွက်ဖက်ခွင့်မရှိတော့ဘူးလို့ သူရဦးရွှေမန်း ပြောကြား




ဒီကနေ့ခေတ် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ အရင်အစိုးရခေတ်ကလို အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်စွက်ဖက်လို့ မရတော့ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

လွှတ်တော်အနေနဲ့လည်း အများပြည်သူလိုလား လက်ခံနိုင်တဲ့ ဥပဒေတွေကို လွှတ်တော်က ရေး ဆွဲပြဌာန်းသွားမှာဖြစ်ကြောင်း ရန်ကုန်မြို့က လွှတ်တော်ရုံးမှာပြုလုပ်တဲ့ ဆွေးနွေးပွဲ မှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလို ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့လွှတ်တော်သက်တမ်း နှစ်နှစ်ခွဲကာလအတွင်း ဥပဒေပေါင်း ၅၈ ခု ပြဌာန်းနိုင်ခဲ့ပေမယ့် အဲဒီဥပဒေတွေမှာ အားနည်းချက်တွေ ရှိနေတယ်လို့လည်း လွှတ်တော်ဥက္ကဌက ဝန်ခံပြောကြားခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကလည်း နှစ်ပေါင်း ၅ဝ ကျော် တရားစီရင်ရေးမဏ္ဍိုင် ယိုင်နဲ့ခဲ့ရတာဟာ အဲဒီအချိန်က ကျင့်သုံးခဲ့တဲ့စနစ်ကြောင့်လို့ ထောက်ပြပြောကြားခဲ့ပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ၊ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မတီတာဝန်ရှိသူတွေနဲ့ ရှေ့နေများ အသင်း(ရန်ကုန်)၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က တရားလွှတ်တော်ရှေ့နေတွေ တရားသူကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

တက်ရောက်လာတဲ့ ဥပဒေပညာရှင်တွေကလည်း ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေပါ ပုဒ်မ ၁၈နဲ့ လယ်သမား၊ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေ အများဆုံးဖမ်းဆီးအရေးယူခံနေရတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့အကြောင်း ထောက်ပြပြောကြားခဲ့ကြပါတယ်။

တရားစီရင်ရေးမဏ္ဍိုင် ပြန်လည်တည့်မတ်လာဖို့အတွက် တက်ရောက်လာတဲ့ ဥပဒေပညာရှင်တွေရဲ့ ဝေဖန်ထောက်ပြ အကြံပြုချက်တွေကို လွှတ်တော်မှာ ပြန်လည်ဆွေးနွေးပြီး ဥပဒေတွေရေးဆွဲပြဌာန်းနိုင်အောင် ကြိုးစားသွားမယ်လို့လည်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေနဲ့ ပတ်သက်လို့ တိုင်းရင်းသားနိုင်ငံရေးပါတီ ၆ ခုနဲ့ NLD ပါတီရုံးချုပ်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

RFA Burmese

ဈေးသက်သာသည့် iPhone 5C ကို တရုတ်နိုင်ငံတွင်သာ Apple က ရောင်းချဖွယ်ရှိဟုဆို




စက်တင်ဘာ ၁၀ ရက် မီဒီယာအခမ်းအနားတွင် စတင်မိတ်ဆက်သွားမည်ဟု သတင်းကြီးနေသည့် ဈေးသက်သာသော iPhone 5C ကို တရုတ်နိုင်ငံ၌သာ Apple က ရောင်းချသွားမည်ဟု မျှော်လင့်ရကြောင်း New York Post သတင်းတွင် ဖော်ပြသည်။

Apple သည် လာမည့် စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ကုန်သစ် မီဒီယာမိတ်ဆက်ပွဲတစ်ခု ကျင်းပရန် ဖိတ်စာများ ပေးပို့ထားပြီးဖြစ်ကာ ထိုနေ့တွင် iPhone 5S နှင့် ဈေးသက်သာသော iPhone 5C တို့ကို ပြသသွားဖွယ်ရှိနေသည်။

ဓာတ်ပုံ - အင်တာနက်တွင် ထွက်ပေါ်ခဲ့သည့် iPhone 5
Planet Myanmar Network

ခြောက်လှန့်ငွေတောင်းသူများအား ဖမ်းဆီးအရေးယူ


၆.၉.၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် မြောက်ဥက္ကလာပမြို့နယ်နေ
မောင်ကျော်မြင့်အောင်သည် ဗဟန်းမြို့နယ်၊ ဆရာစံမြောက်/အရှေ့
ရပ်ကွက်၊ အနောက်မြင်းပြိုင်ကွင်းလမ်းတလျှောက်တွင်ဆိုင်းထမ်းဖြင့် တိုဟူးသုပ်လှည့်လည်ရောင်းချနေစဉ် အမည်မသိအမျိုးသား(၃)ဦးအနက်
(၁)ဦးမှ ဆိုင်းထမ်းအားဆွဲကာတိုဟူးသုပ်(၁)ပွဲ၊ကြာဇံသုပ်(၁)ပွဲ
ပေးရန် ပြောသဖြင့်အသုပ် သုပ်ပြီး ပလပ်စတစ်အိတ်ဖြင့်ထည့်ပေးနေစဉ် အခြားတစ်ဦးမှ အသုပ်ဆိုင်းထမ်းအတွင်း၌ထည့်ထားသော(၉)လက်မ
ခန့်ရှိစတီးဓါးချွန်(၁)ချောင်းအားဆွဲယူကာ နောက်တစ်ဦးမှလည်း ကပ်ကြေးအားဆွဲယူခဲ့ပြီး ၎င်းတို့သည်လူမိုက်များဖြစ်ကြောင်း
ခြောက်လှန့်ပြောဆို၍ အရက်ဖိုး ငွေကျပ်(၂၀၀၀) တောင်းသဖြင့်
ငွေကျပ်(၁၀၀၀)ပေးခဲ့ရပါသည်။

၎င်းသူများ ထွက်သွားပြီးနောက် မောင်ကျော်မြင့်အောင်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့သွားရောက် တိုင်ကြားခဲ့သဖြင့်
တာဝန်ရှိသူများနှင့်ပြည်သူများမှလိုက်လံဖမ်းဆီးခဲ့ရာ ခြောက်လှန့်
ငွေတောင်းယူသူ ဗဟန်းမြို့နယ်၊ဆရာစံမြောက်/အနောက်ရပ်ကွက်
နေသူများဖြစ်သည့် တရုတ်ကြီး(ခ)စိန်ရွှေ (ဘ)ဦးပြုံးချို၊
သက်နိုင်(ဘ)ဦးသန်းဖေ၊ ရန်ပိုင်(ခ)ရန်ပိုင်စိုး(ဘ)ဦးသန်းအောင်တို့(၃)ဦး
အားဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါခြောက်လှန့်ငွေတောင်းယူသူများဖြစ်သည့်
တရုတ်ကြီး(ခ)စိန်ရွှေပါ(၃)ဦးအားအရေးယူပေးပါရန်
မောင်ကျော်မြင့်အောင်မှ တိုင်တန်းခဲ့သဖြင့် ဗဟန်းမြို့မရဲစခန်း
(ပ)၃၅၄/၂၀၁၃၊ ပုဒ်မ ၃၈၆/၁၁၄ ဖြင့် အမှုဖွင့်ကာ
ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

စွန့်ဦး စီးပွားတည်ထောင်သူတို့ သိရမည့် အချက်လေးချက်



စွန့်ဦးတီထွင်ဆိုလို့ Science ဘာသာရပ်တို့ကို မဆိုလိုပါဘူး။ စီးပွားရေး လုပ်ငန်းမှာ စတင်ခြေလှမ်းလှမ်းပြီး တစ်ပိုင်တစ်နိုင် စတင်သူများကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အင်္ဂလိပ်လိုကတော့ Entrepreneur ပါ။ ဗာဂျီနီးယား တက္ကသိုလ်ရဲ့  စစ်တမ်းကောက်ချက်အရ အောင်မြင်သော စီးပွားရေး လုပ်ငန်း တစ်ခု ဖြစ်လာဖို့အတွက် ကြိုးစားတဲ့ ခြေလှမ်းလေးခု ကို တွေ့ရှိခဲ့ ပါတယ်။

Act, Learn, Build, Repeat ဖြစ်ပါတယ်။

အရင်ဆုံး ကိုယ် အမှန်တကယ် လုပ်ချင်တဲ့ အရာကို လုပ်ဆောင်လိုက်ခြင်းကို Act နဲ့ ခေါင်းစဉ် တပ်ထား ပါတယ်။ ပြီးတော့ လုပ်ဆာင်ပြီးတဲ့၊ ဖန်တီးလိုက်တဲ့ ကုန်ပစ္စည်း အတွက် Perfect မဖြစ်စေ တဲ့ အချက်တွေကို ပြန်စုမယ်၊ လေ့လာမယ် ယင်း အဆင့်ကို Learn လို့ခေါ်ပါတယ်။ စစ်ဆေးပြီးပြီ၊ ပြန် လေ့လာ သင်ယူပြီးပြီဆိုရင် ပထတုန်းက ချခဲ့တဲ့ Plan အတိုင်း ပြန်ပြီးတော့ Build လုပ်ရမှာ ဖြစ်ပါတယ်။ Buid up လည်း လုပ်ပြီးပြီဆိုရင်တော့ ပထမက လုပ်ခဲ့တဲ့ အတိုင်း အစ ကနေ ပြန်စနိုင်ပါပြီး ယင်းအဆင့်က Repeat ဖြစ်ပါတယ်။

ဒီတော့ ဘယ် အလုပ်ကိုပဲ ဖြစ်ဖြစ် ကိုယ်က စွန့်ဦးဖန်တီးကြိုးစားတော့မယ် ဆိုရင် ဘာမှ သိပ်ခေါင်းစား စရာမလိုပါဘူး။ Repeat ဆိုတဲ့ တစ်ဆင့် ရှိနေသေးတာကို ခေါင်းထဲထည့်ပြီး ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိ သလောက် ကြိုးစား ဖို့သာ လိုအပ်ပါတယ်။ Ownership က ကိုယ်ကိုယ်တိုင် ဖြစ်တဲ့အတွက် နောက်ထပ် အကြိမ်ကြိမ်ကြိုးစားပိုင်ခွင့်ရှိတယ် ဆိုတဲ့ အတွေးကို ခေါင်းထဲ ဝင်စေဖို့ ဖြစ်ပါတယ်။ အများစုဟာ စွန့်ဦးကြိုးစားဖန်တီးလို့ မအောင်မြင်တဲ့ ပထမဆုံး အကြိမ်မှာ လက်လျော့ သွားပါတယ်။ ဒါဟာ မှားယွင်းတဲ့ အယူအဆ ဖြစ်ပါတယ်။

Act, Learn, Build, Repeat ကို ကျရှုံးတဲ့အခါတိုင်း အထပ်ထပ်အခါခါ ပြုလုပ်သွားရင် တစ်နေ့ မဟုတ် တစ်နေ့တော့ အောင်မြင်တဲ့ Entrepreneur ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။
.
Ref: forbes

အောင်ခမ်း (TSJ team)
TechSpace Journal

မွန်ပြည်နယ်သံဃာများ မော်တော်ယာဉ်နှင့်ဆိုင်ကယ် မောင်းပါက အရေးယူမည်


လိုင်စင်မဲ့ယာဉ်များကို သံဃာများထံ လှူဒါန်းမှုများ ရှိနေသော မွန်ပြည်နယ် ၁၀ မြို့နယ်တွင် သံဃာတော်များ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်ပါက စက်တင်ဘာလမှ စတင်ကာ အရေးယူမည်ဖြစ်ကြောင်း မွန်ပြည်နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်အရှင်သာသနက The Voice သို့ မိန့်ကြားသည်။

မော်တော်ယာဉ်မောင်းနှင်သည့် သံဃာတော်များကို မွန်ပြည်နယ် သာသနာတော် ထိန်းသိမ်းအရေးအဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က စိစစ် ဖမ်းဆီးသွားမည်ဖြစ်ပြီး ပထမအကြိမ် ဖမ်းဆီးခံရသည့် သံဃာများ လက်မှတ်ရေး ထိုးရမည် ဖြစ်ကြောင်း၊ နောက်တစ်ကြိမ် ထမ်မံ ဖမ်းဆီးခံရပါက မွန်ပြည်နယ် သံဃနာယက အဖွဲ့က ထုတ်ပြန်ထားသည့် စည်းကမ်း များအတိုင်း အရေးယူမည်ဖြစ်ကြောင်း ဆရာတော်က ထပ်မံမိန့်ကြားသည်။

မွန်ပြည်နယ် အတွင်းတွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ စီးနင်းနေသည့် သံဃာ အတုအယောင်များ ရှိနေခြင်းကြောင့် ယင်းသို့စီစဉ်ရခြင်း ဖြစ်ကြောင်း အရှင်သာသနက ဆိုသည်။

ဖမ်းဆီးခြင်းခံရသည့် သံဃာများကို မော်တော်ယာဉ် တည်ဆဲဥပဒေအရသာ အရေးယူသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လိုင်စင်မဲ့ ယာဉ်မောင်းနှင်သည့် သံဃာများကို သွင်းကုန်ထုတ်ကုန် ဥပဒေ ဖြင့် အရေးယူမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

မွန်ပြည်နယ်တွင် ဘုန်းကြီးကျောင်း ၂၈၁၃ ကျောင်းနှင့် သံဃာပေါင်း ၇၇,၇၀၇ ပါးရှိကြောင်း မွန်ပြည်နယ် သံဃနာယက အဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly

မြိတ်မြို့ ဘုရားကိုင်ချောင်းအတွင်း BA-63 သေနတ်နှင့် ကျည်ဆန်များတွေ့ရှိ


မြိတ်မြို့ ဘုရားကိုင်ချောင်းအတွင်း တွေ့ရှိရသော လက်နက်နှင့် ကျည်ဆန်များအား စစ်ဆေးမှု ပြုလုပ်နေစဉ်

 စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက မြိတ်မြို့၊ ရေနံမြေနှင့် နောက်လယ်ကြားရှိ ဘုရားကိုင်ချောင်းထဲတွင် BA-63 သေနတ်နှင့် ကျည်ဆန်များ တွေ့ရှိခဲ့ရကြောင်း သိရသည်။

 မြိတ်တောင်နယ်၊ မြို့သစ် ၁ ရပ် ရွှေနှင်းဆီလမ်းနေ မောင်စိုးနိုင်အသက် ၁၆ နှစ်(ဘ) ဦးဝယ်မှ နံနက်ပိုင်း ဒီရေကျချိန် တံတားအောက်တွင် ပလပ်စတစ်အိတ်များ၊ သံတိုသံစများ လိုက်လံကောက်ရာတွင် ပလစ်စတစ်အိတ် အဟောင်းဖြင့် ထုပ်ထားသော လက်နက်များနှင့် ကျည်ဆန်များကို တွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"နံနက် ၆ နာရီကျော်လောက်မှာ တွေ့တာ။ ပလပ်စတစ်အိတ်နှင့်ထုပ်ပြီး လာပစ်ထားတဲ့ ပုံစံပဲ။ မကြာခင်မှာ ရဲတွေရောက်လာပြီး လာသိမ်းသွားတာ တွေ့ရတယ်။ ဒီချောင်းက ပင်လယ်ထဲကို စီးထွက်နေတဲ့ ချောင်းတစ်ခု ဖြစ်ပါတယ်" ဟု ရေနံမြေရပ်တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

 ချောင်းအတွင်း တွေ့ရှိခဲ့ရသည့် သေနတ်နှင့် ကျည်ဆန်များမှာ BA-63 မောင်းပြန်ရိုင်ဖယ်၊ G-3 (သေနတ်ဒင်မပါ) မောင်းတုံးစပရင်ပါသော ကိုယ်ထည်တစ်ခု၊ ကျည်ဘောက် ၆ ခု၊ ၇.၆၂ ကျည် ၂၈ တောင့်၊ ကာဘိုင်ကျည်ဘောက် ၁ ခု၊ G-3 သေနတ်လက်ကိုင် တစ်ခု၊ သေနတ်ဒင်ပိတ် တစ်ခုနှင့် ၉ မမကျည်အတောင့် ၂၀ ဖြစ်ကြောင်း သိရသည်။

"လာပစ်သွားတာလား ဒါမှမဟုတ် လာသိမ်းထားပြီး ရေတိုးအားကြောင့် အိတ်ပြဲပြီး လူတွေတွေ့သွားတာလားတော့ မသိဘူး။ အခုတွေ့ရတဲ့ BA-63 သေနတ်ဆိုတာ အရင်က စစ်တပ်မှာ အသုံးပြုခဲ့တဲ့ သေနတ်တွေပဲ။

 ၉ မမကျည်တွေကလည်း အရာရှိတွေ အသုံးပြုတဲ့ သေနတ်ကျည်တွေဖြစ်တယ် BA-63 သေနတ်တွေကတော့ အခုခေတ်မှာ မသုံးကြတော့ဘူး" ဟု ရေကြောင်းလူငယ် စစ်သင်တန်း တက်ဖူးသူ တစ်ဦးက ပြောကြားသည်။

 ပိုင်ရှင်မဲ့ ယခုတွေ့ရှိရသော လက်နက်နှင့် ကျည်ဆန်များကို စုံစမ်းစစ်ဆေးနိုင်ရန်အတွက် အမှတ် ၃၄၂ စက်လက်နက်ပစ္စည်း တပ်သို့ ပေးပို့အပ်နှံထားကြောင်း သိရသည်။

Eleven Media Group

ကမ္ဘာပေါ်တွင် အမြန်ဆုံး အင်တာနက်လိုင်း ရရှိသူ


ကမ္ဘာ့ အမြန်ဆုံး အင်တာနက်လိုင်းရရှိသူကတော့ Sigbritt Löthberg အမည်ရ အသက် ၇၅ နှစ်အရွယ် ဆွီဒင် အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။

သူ့အိမ်မှာ တပ်ဆင်ထားတဲ့ အင်တာနက် လိုင်းက တစ်စက္ကန့်ကို 40Gbs အထိ လိုင်းစွဲအားများပါတယ်။ ဒါကြောင့် Full HD ဗားရှင်း ဗီဒီယို ဖိုင်တစ်ဖိုင် ကို Download ဆွဲဖို့ ၂ စက္ကန့် သာ ကြာပါတယ်။ HDTV channel အခု ၁၅၀၀ ကိုလည်း တစ်ပြိုင်နက်တည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ သာမန် လူတစ်ယောက် ရရှိတဲ့ အင်တာနက် လိုင်းစွဲအားထက် အဆပေါင်း များစွာ သာလွန်နေတာ ဖြစ်ပါတယ်။

ဒီလို အင်တာနက် လိုင်းမြန်ရတဲ့ အကြောင်းအရင်း ရှိပါတယ်။ သူ့သား Peter Löthberg ဟာ အင်တာနက် geek တစ်ဦး ဖြစ်ပြီး နောက်တစ်ယောက် Karlstad Stadsnät ကလည်း ဒေသတွင်း Network ကောင်စီမှာ အရာရှိ တစ်ဦး ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံ အင်တာနက်လိုင်း မြန်မြန်ဆန်ဆန် ရရှိရေး အတွက် ကြိုးပမ်းနေသူများ ဖြစ်ပါတယ်။

ယခု Sigbritt အမေအတွက် ဖန်တီးပေးထားတဲ့ အင်တာနက်လိုင်းက စံပြ တစ်ခု ဖြစ်ပါတယ်။ ဒီအတွက် ကုန်ကျစရိတ် အနည်းဆုံး ဖြစ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ဒီလို လိုင်း ဖြစ်အောင် ပြု လုပ် ပေးဖို့လည်း ကြိုးစားနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Ref: reuters

မြောက်အရပ်မှ မဟာအိမ်နီးချင်း

တရုတ်အကြောင်းကို မြန်မာတို့ သိသလိုလိုနှင့် တကယ်မသိခြင်းသည် နိုင်ငံကို အကျိုးယုတ်စေ သည်သာမက အန္တရာယ်လည်းကြီးသည်။ မြန်မာနှင့်တရုတ်အကြောင်း မသွားမီ တရုတ်၏ လက်ရှိအခြေအနေကို လေ့လာကြည့်ကြပါစို့။
တရုတ်စွာလာခြင်း

တရုတ်သည် ၁၉၇၉ တွင် စီးပွားရေး ပြုပြင်ပြောင်းလဲရေး စကတည်းက အရှိန်မြန်စွာ တိုးတက်ကာ ၁၉၉၀ ခန့်တွင် အားလုံးသတိထားမိလာသည့် အခြေအနေသို့ ဆိုက်သည်။ ထိုအခါ တရုတ်နဂါးကြီး နိုးလာပြီဟု ကြောက်ကြပြီး အင်အားကြီးထွားလာခြင်းကို အိမ်နီးချင်းတို့ ကြောက်ရွံ့မည် စိုးသဖြင့် တရုတ်သည် “Rise” “မြင့်တက်ခြင်း” ဟုပင် မသုံးဘဲ “Peaceful Development” “ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ခြင်း” ဟု ငြိမ်းငြိမ်းချမ်းချမ်းဖြင့် မည်သူ့ကိုမှ ထိခိုက်မည်မဟုတ်ဘဲ တိုးတက်ခြင်းဟု တမင်သုံးစွဲခဲ့သည်။ နိုင်ငံတကာ အရေးများတွင်လည်း မျက်စိစပါးမွှေး အစူးမခံရစေရန် တက်ထောင်မောင်းနင်း သိပ်မလုပ်ဘဲ ခပ်လျှိုလျှိုနေခဲ့သည်။ သို့သော် ၂၀၀၈ ဘေဂျင်းအိုလံပစ်ကို ခမ်းနားကြီးကျယ်စွာ ကျင်းပအပြီးတွင် တရုတ်သည် ခေါင်းမော့ရင်ကော့လာသည်။ ယခင်ကထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုလာကာ အခြားနိုင်ငံများနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းများ ပိုမြင်လာရသည်။

ပူပူနွေးနွေး သမ္မတသစ် ရှီကျင့်ဖျင် အပါအဝင် တရုတ်ခေါင်းဆောင် မျိုးဆက်သစ်များ တာဝန်လွှဲယူစ အချိန်တွင် တရုတ်သည် ယခင်ကထက် စွာလိမ့်မည်ဟု ယူဆရသည်။ မိမိသည် ရဲရင့်ပြတ်သားကြောင်း၊ ဦးဆောင်နိုင်ကြောင်း၊ ပြိုင်ဘက်တို့ကို ဦးမညွတ်ကြောင်း ခေါင်းဆောင်သစ်သည် ပါတီကို ပြသလိမ့်မည် ဖြစ်သည့်အတွက် ယခင်ကထက် ခပ်မာမာ ခပ်ထန်ထန် ပြောဆိုခြင်းများ၊ တုံ့ပြန်ခြင်းများ မြင်တွေ့ရနိုင်သည်။
တရုတ်ကို ကြောက်လာခြင်း

တရုတ်ကို ကြောက်ရွံ့လာကြခြင်း၏ အကောင်းဆုံး သာဓကမှာ ဂျပန် ခြေလှမ်းပြောင်းလာခြင်း ဖြစ်သည်။ ဂျပန်သည် တရုတ်နှင့် ဒေသတွင်း အဓိကပြိုင်ဘက် ဖြစ်သည်။ တရုတ်ကို ဂျပန်က ၂၀ ရာစု အစောပိုင်းတွင် ကျူးကျော် ခြယ်လှယ်ခဲ့သည်ကို တရုတ်က မမေ့။ သမိုင်းစာအုပ်များတွင် တခုတ်တရ သင်သလို ရုပ်ရှင်များတွင် ဂျပန်ဆန့်ကျင်ရေးများ လူကြိုက် များလှသည်။ ဂျပန်သည် တရုတ်နှင့် စီးပွားရေးအရ ကြီးမားသော ဆက်ဆံရေး ရှိသလို တရုတ်ကို အထောက်အပံ့များစွာ ပေးခဲ့သော်လည်း တရုတ်ကို သတိ အမြဲထားသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဂျပန်သည် တရုတ်နှင့် ယခင်က ဖြစ်ပွားခဲ့သော အငြင်းပွားမှုများတွင် တိုးတိုးတိတ်တိတ်ဖြင့် ဖြေရှင်းသော်လည်း ကျွန်းကို သူပိုင်ငါပိုင် အငြင်းပွားမှုတွင်မူ လူသိရှင်ကြား ကျယ်ကျယ်လောင်လောင် တုံ့ပြန်ခဲ့သည်မှာ တရုတ်နိုင်ငံဆိုင်ရာ ဂျပန်၏ မူဝါဒ ပြောင်းလဲလာခြင်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ် ပြီးကတည်းက စစ်ရေးတွင် ကိုယ်ရှိန်သတ်ခဲ့သည့် ဂျပန်သည် မကြာသေးမီကာလအတွင်း စစ်ရေးကို ပြန်လည်တိုးချဲ့လာခြင်းသည် တရုတ်ကြောင့် (China Factor) ဟု အကဲဖြတ်နိုင်သည်။

တောင်တရုတ်ပင်လယ်တွင် အရှေ့အာရှနိုင်ငံ အများအပြားသည် တရုတ်နှင့် ပိုင်နက် နယ်မြေ အငြင်းပွားနေကြသည်။ ဖိလစ်ပိုင်ဆိုလျှင် သူနှင့် ဆက်စပ်နေသည့် တောင်တရုတ်ပင်လယ် အခြမ်းကို တောင်တရုတ်ပင်လယ် ဟုပင် မခေါ်ဘဲ အနောက်ဖိလစ်ပိုင်ပင်လယ် ဟုခေါ်သည်။ တရုတ်သည် ထိုနိုင်ငံများနှင့် ယခင်ကထက်စာလျှင် ထိပ်တိုက်တွေ့ရန် မရွံ့သည့်ဟန်များ မြင်လာရသည်။ အမေရိကန်သည် အိုဘားမားလက်ထက်တွင် အာရှသို့ ပြန်အဝင်နှင့်လည်း တိုက်ဆိုင်ချိန်တွင် တရုတ်နှင့် အငြင်းပွားနိုင်ငံ အားလုံးက အမေရိကန်ကို အားကိုးလာကြသည်။ အမေရိကန် တစ်ဦးတည်းသာ တရုတ်ကို ထိန်းနိုင်မည်ဟု တွက်ကြသည်။

“ယခုလောလောဆယ်တွင် မြန်မာက တရုတ်အကြောင်းကို သိသည်ထက် တရုတ်က မြန်မာအကြောင်းကို ပိုသိသည်…”

အမေရိကန်တို့ မည်သည့်အခါမှ ဝန်ခံမည် မဟုတ်သော်လည်း မြန်မာနိုင်ငံနှင့် အမေရိကန် အဆက်အဆံ ပြန်နီးကပ်လာခြင်း ကိုယ်တိုင်က တရုတ်နှင့် ကပ်လျက် တည်ရှိသောကြောင့် ဖြစ်သည်။ အခြားတရုတ်နှင့် အိမ်နီးချင်း များနှင့်မတူ ထူးခြားသည်မှာ မြန်မာသည် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက် ဖြစ်နေခြင်းပင်။ လက်ရှိ မဟာအင်အားကြီး အမေရိကန်သာ နောက်ပေါက် စိန်ခေါ်သူ တရုတ်ကို ထိန်းလိုလျှင် တရုတ်၏ ဂယ်ပေါက်ကို ပိတ်မည်ပင်။ ယခုလည်း မြန်မာနိုင်ငံ အပါအဝင် အာရှတွင် အမေရိကန်နိုင်ငံ၏ ခြေလှမ်းများမှာ ထိုဘက်သို့ ဦးတည်နေသည်။

မဟာဗျူဟာမြောက် မိတ်ဖက်များ ဖြစ်သည့် အမေရိကန်နှင့် ဂျပန်သည် အတွဲလိုက် အတိုင်အဖောက်ညီညီ ကစားတတ်သည်။ အမေရိကန်က စစ်ရေးနည်းဖြင့် လှုပ်ရှားလျှင် ဂျပန်က စီးပွားရေးနည်းဖြင့် ဝင်တတ်သည်။ အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများတွင် ဂျပန်က ငွေကြေးထောက်ပံ့ တတ်သည်။ အမေရိကန်၏ မြန်မာနိုင်ငံအပေါ် သဘောထား ပြောင်းသွား အပြီးတွင် ဂျပန်သည်လည်း တိုက်တိုက်ဆိုင်ဆိုင် စိတ်ရောကိုယ်ပါ မြန်မာနိုင်ငံကို ကူညီလာခဲ့သည်။ သီလဝါစီမံကိန်း အပါအဝင် ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး၊ ပညာရေး အပါအဝင် ကဏ္ဍများစွာတွင် ဂျပန်တို့ ပါဝင် ကူညီနေခြင်းမှာ ယင်းမူဝါဒ အနည်းဆုံး တစ်စိတ်တစ်ပိုင်း ပါဝင်သည်။
မြန်မာနှင့် တရုတ်

ယခုလောလောဆယ်တွင် မြန်မာက တရုတ်အကြောင်းကို သိသည်ထက် တရုတ်က မြန်မာအကြောင်းကို ပိုသိသည်။ တရုတ်တို့သည် မြန်မာတို့ကို စနစ်တကျ လေ့လာနေကြပြီး အချက်အလက် စုဆောင်းနိုင်မှုလည်း အားကောင်းသည်။ နဂိုကတည်းက အရေအတွက် နည်းလှသည့် မြန်မာပညာရှင် များထဲတွင် တရုတ်အကြောင်းကို ဂဃနဏသိသည့် တရုတ်ဆိုင်ရာ မြန်မာပညာရှင် ကျွန်တော်သိသလောက် မရှိပါ။

တရုတ်နိုင်ငံသည် ယနေ့ကမ္ဘာက လက်ခံထားသော လွတ်လပ်သော ဈေးကွက်နှင့် ဒီမိုကရေစီ အတွဲအဖက် ဆေးနည်းဖြင့် မဟုတ်ဘဲ နှစ် ၃၀ အတွင်း နိုင်ငံသားသန်း ၃၀၀ ခန့်ကို ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်ခဲ့သည့် နိုင်ငံ ဖြစ်သည်။ ကမ္ဘာပေါ်တွင် အမြင့်ဆုံး စီးပွားရေးတိုးတက်နှုန်းဖြင့် နှစ်ကြာရှည် စွာ ဆက်လက်တိုးတက်နေဆဲ။ တရုတ် တစ်ချိန်ချိန်တွင် ပြိုကျမည်ဟု အများအပြားက ဟောကိန်းထုတ်ကြသော်လည်း ဟောကိန်းထုတ် အပြီးတိုင်း တရုတ်က ပိုမိုခိုင်မာစွာ တိုးတက်လာသည်။ တရုတ်စီးပွားရေး တည်တည်ငြိမ်ငြိမ် တိုးတက်အောင် ကာလရှည်ကြာစွာ ထိန်းထားနိုင်ခြင်းသည် ကမ္ဘာ့အံ့ဖွယ်ထက် မလျော့သော အောင်မြင်မှုဖြစ်ပြီး ကမ္ဘာ့သမိုင်းတွင် ထိုဖြစ်ရပ်မျိုး မကြုံခဲ့ဖူးပါ။ တစ်ချိန်တည်းတွင် ဆင်းရဲချမ်းသာကွာဟမှု ကြီးမားခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း တို့သည်လည်း တရုတ် ဖွံ့ဖြိုးတိုးတက်ရေး၏ ဟာကွက်များ ဖြစ်သည်။ တရုတ်သည် အခြား ဖွံ့ဖြိုးဆဲ နိုင်ငံများ ဓာတ်ခွဲခန်းကြီး ဖြစ်နေချိန်တွင် တရုတ်နှင့် ရေမြေချင်း၊ အကျိုးစီးပွားချင်း ဆက်စပ်နေသည့် မြန်မာနိုင်ငံသည် တရုတ်ထံမှ အတုယူသင့် သည်ယူ၊ ပယ်သင့်သည်ကို ပယ်ရန် တရုတ်ကို အနီးကပ် လေ့လာသင့်သည်။

မြန်မာနိုင်ငံသည် တရုတ်အန္တရာယ်ကို သတိထားရမည် ဖြစ်သော်လည်း အနာဂတ်ရန်သူဟု အပိုင် မတွက်သင့်ပါ။ ကိုယ့်ကိုယ်ကို ကာကွယ်ရန် ကြိုပြင်ထားရမည်၊ အမြတ်ထုတ် မသွားအောင် တွက်နိုင်ချက်နိုင်ရမည် ဖြစ်သော်လည်း ရန်သူဟု မြင်နေလျှင် တစ်ဦးမေတ္တာတစ်ဦးမှာ ဆိုသကဲ့သို့ တကယ့်ရန်သူ ဖြစ်လာနိုင်သည်ကို သဘောပေါက်ရမည်။ တရုတ်နှင့် မြန်မာ ဆက်ဆံရေးသည် မြစ်ဆုံဆည် ရပ်အပြီးတွင် ခေတ္တတန်းသွားသော်လည်း ချစ်ကြည်ရင်းနှီးသည့် အဆင့် ရှိသေးသည်ကို ဆက်ထိန်းရန်လိုသည်။ အမေရိကန်၊ ဂျပန်တို့နှင့် အလျင်အမြန် ရင်းနှီးလာခြင်းသည် လွတ်လပ်သော နိုင်ငံပီပီ ကိုယ့်အကျိုးစီးပွားအတွက် ဆက်ဆံခြင်းသာဖြစ်ပြီး တရုတ်ကို ရည်ရွယ်ကာ ဆက်ဆံခြင်း မဟုတ်ကြောင်း အာမခံပြောကြားရန် လိုသည်။

လူဦးရေအားဖြင့် ကမ္ဘာ့အကြီးဆုံး ဈေးကွက်ကြီးဖြစ်ပြီး ဝယ်ယူ နိုင်စွမ်းအားပါ တစ်နေ့ပြီးတစ်နေ့ တိုးတက်လာသည့် တရုတ်နိုင်ငံနှင့် အိမ်ချင်းကပ် တည်ရှိခြင်းသည် မြန်မာနိုင်ငံအတွက် သုံးတတ်လျှင် မွေးရာပါ လက်ဆောင် ဖြစ်သည်။ မြန်မာနိုင်ငံအတွက် မဟာဗျူဟာသည် တရုတ်ထံမှ ဘာရနိုင်မလဲ၊ ကိုယ့်ဘက်အပေးနှင့် အရ တန်မတန် စဉ်းစားခြင်း ဖြစ်သည်။ ကျောက်ဖြူမှ တရုတ်သို့ ရေနံ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် လယ်ယာ ထုတ်ကုန် မြင်သာထင်သာ ဥပမာနှစ်ခု စဉ်းစားကြည့်နိုင်သည်။

ကမ္ဘာ့နိုင်ငံ အများအပြား လိုအပ်သမျှ ကုန်ပစ္စည်းအများအပြားကို ထုတ်လုပ်ပေးနေသော ကမ္ဘာ့စက်ရုံကြီး၊ စွမ်းအင်ဆာလောင်နေသော တရုတ်အတွက် ဓာတ်ငွေ့ပိုက်လိုင်းသည် အသက်သွေးကြောဖြစ်သည်။ အသက်သွေးကြော တရုတ်ရေနံ ဓာတ်ငွေ့ပိုက်လိုင်း မြန်မာနိုင်ငံကို ဖြတ်သွားခြင်းမှာ အကောင်းအဆိုး ရောပြွမ်းသည်။ တရုတ်သည် အသက်သွေးကြော ဖြစ်သည့် ပိုက်လိုင်းကို မဟာဗျူဟာ အကျိုးစီးပွားအဖြစ် သတ်မှတ်ကာကွယ်မည်မှာ သေချာသည်။ တစ်စုံတစ်ခု ပိုက်လိုင်းအန္တရာယ် ဖြစ်မည်ဆိုလျှင် ဘာမဆို ဆောင်ရွက်မည်ဟု တရုတ်က စဉ်းစားထားနိုင်သည်။ တစ်ဖက်တွင် ပိုက်လိုင်း ချောချောမွေ့မွေ့ လည်ပတ်နိုင်ရေးသည် တရုတ်၏ အညှာ ဖြစ်သည့်အတွက် မြန်မာနှင့် ဆက်ဆံရေးကို ချောမွေ့စေရန် တရုတ်က ကြိုးစားမည် ဖြစ်သည်။

တရုတ်သည် ဆန်တန်ချိန်လေးသန်း ၂၀၁၃ တွင် ပြည်ပမှ တင်သွင်းပြီး ကမ္ဘာ့အကြီးဆုံး ဆန်ဈေးကွက်ကြီး ဖြစ်လာမည်ဟု ခန့်မှန်းကြသည်။ လယ်ယာစိုက်ပျိုးရေး အဓိက မြန်မာနိုင်ငံ၏ ပြည်ပပို့ဆန်များ၏ ၆၀ ရာခိုင်နှုန်းသည် လောလောဆယ်တွင် တရုတ်နိုင်ငံသို့ သွားသည်ဟု ခန့်မှန်း ရရာ ပါးစပ်ပေါက် သန်း ၁၃၀၀ ရှိပြီး ချမ်းသာသည်ထက် ချမ်းသာလာသည့် တရုတ်သည် ဆန်အပါအဝင် မြန်မာ့လယ်ယာ စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များ၏ အဓိကဈေးကွက်ကြီး ဖြစ်သည်။ မြန်မာသည် တရုတ်နိုင်ငံ၏ စားနပ်ရိက္ခာ ဈေးကွက်အကြောင်းကို သေသေချာချာ လေ့လာဆန်းစစ်ခြင်း မရှိသေး၊ မြန်မာက မည်သည့်ကုန်များ ပို့လျှင် တရုတ်ဈေးကွက်နှင့် အံကျ ဖြစ်မည်ကို မသိသေးသည့်အတွက် ယခုထက် ပိုသိရန် အရေးကြီးသည်။

တရုတ်နယ်စပ်များတွင် တရုတ်ဘာသာကိုသာ အသုံးများကြပြီး ၁၉၈၈ မတိုင်မီ ဆက်ဆံရေးများ ရှိခဲ့သည့်အတွက် တရုတ်နယ်စပ်ရှိ ကေအိုင်အေနှင့် ဝတပ်ဖွဲ့များသည် တရုတ်ကိုင်ထားသည့် ဖဲချပ်များ ဖြစ်ပြီး မြန်မာနှင့်ဆက်ဆံရေး ဟန်ပုံမပေါ်လျှင် ထိုဖဲချပ်များကို ထုတ်သုံးနိုင်သည်ဟု ပြည်တွင်းပြည်ပ အကဲခတ်များက အကဲဖြတ်ကြသည်။ ပြည်တွင်း ငြိမ်းချမ်းရေး ပီပီပြင်ပြင် မရသေးသရွေ့ မည်သည့် အစိုးရတက်တက် အိမ်ကြက်ချင်း အိုးမည်းသုတ်ခွပ်ကြသည့် ဖြစ်ရပ်မျိုး ကြုံတွေ့ရနိုင်သည်။ တရုတ်သည် မော်စီတုန်းလက်ထက်တွင် ကွန်မြူနစ်ညီအစ်ကိုများ ကူညီရေး မူဝါဒအရ ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ပံ့ခဲ့ပြီး နောက်ပိုင်း တိန့်ရှောင်ဖိန် တက်လာသောအခါမှ အထောက်အပံ့များ တဖြည်းဖြည်း လျော့သွားသည်။ တစ်ချိန်က အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ ဖြစ်ခဲ့သည့် ဗမာပြည် ကွန်မြူနစ်ပါတီသည် တရုတ်၏ ထောက်ပံ့မှုများ ထိုးကျသွားချိန်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အဖြစ် တရုတ်နယ်စပ်အနီးတွင် ယခုတည်ရှိနေသည့် ဝ နှင့် ကိုးကန့်တပ်များ ၁၉၈၉ တွင် ခွဲထွက်အပြီးတွင် ပြိုသွားခဲ့ခြင်းမှာ မြန်မာတွင် တရုတ်၏ အရေးကြီးသော အခန်းကဏ္ဍကို မြင်သာသည်။
သိအောင် ဘယ်လိုလုပ်မလဲ

တရုတ်အကြောင်း ကောင်းကောင်းသိရန် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ လေ့လာရေး ဌာနကြီး (Chinese Studies Institute) တစ်ခုကိုတက္ကသိုလ်များနှင့် တွဲဖက်ပြီးလည်းကောင်း၊ သီးသန့် think-tank အဖြစ်လည်းကောင်း၊ တပ်မတော်၏ ဌာနကြီးတစ်ခု အဖြစ်လည်းကောင်း ဖွင့်လှစ်ရန် လိုအပ်သည်။ ထိုဌာနများတွင် ထမ်းဆောင်မည့် နိုင်ငံရေး၊ စီးပွားရေး စစ်ရေး ပညာရှင်များ သည် တရုတ်ဘာသာတတ်ကျွမ်းမှ တရုတ်အကြောင်း တကယ်သိမည်။ အင်္ဂလိပ်ဘာသာစကားဖြင့် ရနိုင်သည့် ရင်းမြစ်များကိုသာ အားကိုးနေရလျှင် တရုတ်ဆိုင်ရာ အသိ အကန့်အသတ်ဖြင့်သာ ရှိမည်။ တရုတ်နှင့်ဝေးသော နိုင်ငံများပင်လျှင် တရုတ်လေ့လာရေးဌာနကြီးများ ဖွင့်လှစ်ထားကြသည် ဖြစ်ရာ အဓိကကုန်သွယ်ဖက်၊ အဓိကရင်းနှီးမြှုပ်နှံသူ၊ လက်နက်များ အဓိက ဝယ်ယူရာ၊ မဟာအင်အားကြီး လောင်းလျာ တရုတ်နှင့် နယ်စပ်ချင်း မိုင်ထောင်ချီ ဆက်စပ်နေသည့် မြန်မာနိုင်ငံတွင် တရုတ်လေ့လာရေး ဌာနကြီးတစ်ခု မရှိလျှင် မျက်ကန်း တစ္ဆေမကြောက်သလို၊ အမြော်အမြင် မရှိသလို ဖြစ်ပေလိမ့်မည်။ ကျွန်တော် သိသလောက် ထိုသို့သောဌာနများ မရှိသေးပါ။ အရှေ့အာရှ လေ့လာရေးဌာန တစ်ခုကို နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားသည်ကိုမူ သိသည်။ သို့သော် တရုတ်၏ အခန်းကဏ္ဍနှင့် အလားအလာသည် ကြီးမားလှသဖြင့် သီးသန့်ဌာနကြီးတစ်ခု ဖွင့်လှစ်ရန် မဖြစ်မနေ လိုအပ်ပါသည်။

မဟာအင်အားကြီးလောင်းလျာနှင့် မဟာဈေးကွက် တရုတ်နှင့် အိမ်နီးချင်း အဖြစ် ယှဉ်တွဲနေရခြင်းသည် မြန်မာအတွက် ကောင်းကျိုးရော ဆိုးကွက်ပါ ဒွန်တွဲနေသည်။ ဆိုးကွက်ကို လျော့စေပြီး ကောင်းကျိုးကို တိုးစေ၊ အန္တရာယ်ကို လျော့စေ၊ သူလည်း အဆင်ပြေ ကိုယ်လည်းအကျိုးရှိ ဖြစ်ရန် တရုတ်အကြောင်း သိဖို့လိုသည်။
ကျွန်တော်တို့ တရုတ်အကြောင်း မသိသေးပါ။

ဇေယျသူ
Myanmar News ·

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သံဃာထု သန့်ရှင်းရေးဆောင်ရွက်မည်


နိုင်ငံအတွင်း ၀ိနည်းနှင့် ညီညွတ်ခြင်းမရှိဘဲ နေထိုင်သည့် အတုအယောင်သံဃာများနှင့် မုန်းတီးရေးများ လိုက်လံဟောကြားလျက်ရှိသော အစွန်းရောက်သံဃာများအား သန့်ရှင်းရေးဆောင်ရွက်နိုင်ရန် သံဃာဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ကို နေပြည်တော်တွင့် ဖွဲ့စည်းလိုက်ကြောင်း ဆရာတော် အရှင်အာစရာ လင်္ကာရက သိမ်တော်ကြီး ဗုဒ္ဓ သာသနာ့ ဗိမာန်တော်တွင် စက်တင်ဘာလ ၇ ရက်နေ့၌ ပြုလုပ်သည့် အဖွဲ့ ဖွဲ့ စည်းခြင်း အခမ်းအနားတွင် မိန့်ကြားလိုက်သည်။

မြန်မာနိုင်ငံအတွင်းရှိ သံဃာတော်အချို့ သည် လူစည်ကားသည့် အများပြသည်သူ သက်ဆိုင်သည့် နေရာများတွင် ဝတ္တုငွေကြေးများကို မမှန်ကန်သော နည်းလမ်းများဖြင့် အလှူခံခြင်း၊ လောင်းကစားမှု၊ အရက်သေစာ သောက်စားမှု စသည်တို့ ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် အတုအယောင် သံဃာတော်များအား သန့်ရှင်းအောင် ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံအနှံ့ မဏ္ဍပ်ထိုးကာ မေတ္တာရေအေး မတိုက်ကျွေးပဲ အခြားဘာသာတရားများအား စွပ်စွဲပုတ်ခတ်နေခြင်းများ ပပျောက်ရန်အတွက် သံဃာဂိုဏ်းပေါင်းစုံပါသော သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ယင်းအခမ်းအနားမှ သိရသည်။

“သံဃာဆိုတဲ့နေရာမှာ ခံယူချက်အမျိုးမျိုး အယူအဆ အထွေထွေရှိပါတယ်၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး အစုံပေါ့၊ အခု ၉၆၉ဆိုတာလည်း ရှိလာပြန်တယ်၊ အစွန်းရောက်တာရော၊ အတုအယောင်မှန်သမျှရော တိုက်ဖျက်သွားမှာပါ၊ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ဆီကလည်း အတည်ပြုချက်ရပြီးသွားပါပြီ၊ မုန်းတီးရေးဟောကြားပြီး အဓိကရုဏ်းဦးတည်အောင် ၀ါဒဖြန့် လှုံ့ ဆော်တဲ့ သံဃာတွေကို အဓိက ဖမ်းဆီး အရေးယူသွားမှာဖြစ်ပါတယ်” ဟု အရှင်အာစရာ လင်္ကာရမှ မိန့် ကြားသည်။ ယခုကဲ့ သို့ အဖွဲ့ ဖွဲ့ နိုင်ခဲ့ခြင်းကြောင့် တရားပွဲများကိုလည်း မကျင်းပမည့်အလျင် အကြောင်းအရာအား ကြိုတင်တင်ပြရတော့မည်ဖြစ်ပြီး ကန့် သတ်ချက်နှင့် စည်းကမ်းများလည်း ပြဌာန်းရေးဆွဲနိုင်ခဲ့သည်ဟု ဆိုသည်။ ထို့ ကြောင့် ၉၆၉ တရားပွဲများမှာ အကန့် အသတ်ဖြင့်သာ ကျင်းပနိုင်တော့မည်ဖြစ်ကြောင်း နာမည်ကြီး ၉၆၉ ဆရာတော် ဦးဝီရသူနှင့် အနီးကပ်ရင်းနှီးသည့် ဆက်ဆံရေးရှိသည့် အမျိုးသားရေးဦးဆောင်လှုပ်ရှားသူ ဦးကျော်နန္ဒကိုမှ ပြောကြားသည်။
ဝိနည်းနှင့် မညီညွတ်သည့် သံဃာများတွေ့ ပါက သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဖုံးနံပါတ် 098628108 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။

စောင့်ကြည့် သတင်းဂျာနယ်

သွေးအားနည်းရောဂါ ကာကွယ်ပါ


မိန်းကလေးတွေမှာ အဖြစ်များတဲ့ သွေးအား နည်းရောဂါ ဆိုတာ တစ်သျှူးတွေ ဆီကို အောက်ဆီ ဂျင်အလုံ အလောက် သယ်ယူနိုင်တဲ့ ကျန်းမာတဲ့ သွေးနီဥတွေ မရှိတဲ့ အခြေအနေပါ။ ဒါကြောင့် သွေး အားနည်း ရောဂါဖြစ်ရင် မောပန်းနုံးချည့်နေတတ်ပါ တယ်။ သွေးထွက်များ ရင်လည်း သွေးအားနည်းတတ် ပါတယ်။
သွေးအားနည်းတဲ့ အခါ အဖြစ်များတဲ့ လက္ခ ဏာတွေ ကတော့ နုံးချည့်ညောင်းညာတာ၊ အသား အရောင်ဖျော့တာ၊ နှလုံးခုန်မြန်တာ၊ အသက်ရှူမဝ တာ၊ ရငဘ် တေ် အာငတ့်ာ၊ မူး ဝေတာ၊ လက် ဖျားခြေ ဖျား အေးစက်တာ၊ ခေါင်းကိုက်တာတွေပဲ ဖြစ်ပါ တယ်။ မိန်းကလေးအများစုဟာ သွေးအားနည်းနေတဲ့ အခါ အစပိုင်းမှာ သတိမထား မိတတ်ကြပါဘူး။ အခြေအနေဆိုး လာမှသာ စစ်ဆေးရင်းသိရှိတာများ ပါတယ်။
သွေးအားနည်းရောဂါ မဖြစ်စေဖို့ အောက်ပါ နည်းလမ်းတွေနဲ့ ကာကွယ်သင့်ပါတယ်။ သွေးအားနည်းရောဂါ အမျိုးအစား အများစုက ကာကွယ်လို့ ရပါတယ်။ သံဓာတ်ချို့တဲ့လို့ ဖြစ်တဲ့ သွေးအားနည်း ရောဂါနဲ့ ဗီတာမင်ချို့တဲ့လို့ ဖြစ်တဲ့ သွေးအားနည်း ရောဂါတွေ အတွက် အောက်ပါ အစာ တွေ စားပေးပါ။
သံဓာတ် - သံဓာတ်များတဲ့ အမဲသားနဲ့ တခြား အသားတွေ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်နဲ့ သစ်သီးခြောက် တွေကို စားပါ။ ဖော်လိတ် - ဖောလိတ် (ဖောလစ်အက်စစ်) ဓာတ် ကို ချဉ်တဲ့ သစ်သီးတွေနဲ့ သစ်သီးဖျော်ရည်တွေ၊ ငှက်ပျောသီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ ပဲသီး၊ ကွေကာနဲ့ ခေါက်ဆွဲတွေ စားပြီး ရယူနိုင်ပါ တယ်။
ဗီတာမင် B 12 - ဒီဗီတာမင် ရရှိစေဖို့ အသား၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေကို စားပါ။ ကွေကာ တချို့နဲ့ ပဲနို့ လို ပဲပုပ်စေ့ထွက်ကုန် အစားအသောက်တွေ ထဲမှာ လည်း ဗီတာမင် B12 ပါဝင်ပါတယ်။
ဗီတာမင်စီ- ဗီတာမင်စီ ပါဝင်တဲ့ ချဉ်တဲ့ သစ်သီး တွေ၊ ဖရဲသီးနဲ့ ဘယ်ရီသီးတွေဟာ သံဓာတ်စုပ်ယူမှုကို အားကောင်း စေပါတယ်။

Good Health

လူငယ်တွေ စနစ်တကျစုစည်းဖို့လိုပြီ


လူငယ်လို့ ဆိုလိုက်တာနဲ့ ကျောပိုးအိတ်လွယ်ထားတဲ့ အရာရာစူးစမ်းတတ်တဲ့ မျက်လုံးတွေကို ပိုင်ဆိုင်ထားတဲ့ သူတွေကို စိတ်ကူးထဲ မြင်မိကြမှာပါ။ ဒီနေ့လူငယ်တွေမှာ နယ်ကလူငယ်နဲ့ မြို့ပြလူငယ်ဆိုပြီး နှစ်ပိုင်း ခွဲခြား
ပြောဖို့လိုပါလိမ့်မယ်။ အများအားဖြင့်ကတော့ မြို့ပြလူငယ်ကိုပဲ ဦးတည်ချက်ထား ပြောကြတာများပါတယ်။ ဒါကလည်း ဒီနေ့ လူငယ်အတော်များများဟာ နယ်ကမြို့ကို တက်လာပြီး ကျောင်းတက်သူတက်၊ ကိုယ်ဝါ သနာပါရာလမ်းကို လျှောက်လမ်းဖို့ စွန့်စားလာကြတာကိုး။

ဒီနေ့လူငယ်တွေဟာ အင်တာနက်ဂိမ်းဆိုင်မှာ Dota (Network Game) ကစားနေကြပေမယ့်၊ လဖက်ရည် ဆိုင်မှာ ဆေးလိပ်ကိုက်ထားပေမယ့်၊ ညဘက် လူခြေတိတ် ချိန်ဂစ်တာကိုင်ထားပေမယ့်၊ ပန်းခြံထဲမှာ ထီးဆောင်းထားကြပေမယ့်၊ ကျောင်းပြေးနေကြပေမယ့် သူတို့ရဲ့အနာဂတ်ဟာ နိုင်ငံရဲ့ အနာဂတ်ပဲဖြစ်ပါတယ်။

ILBC လို ကျောင်းမျိုးကထွက်တဲ့ လူငယ်တွေဟာ အခြေခံပညာ ကျောင်းတွေက ထွက်ပြီး ၀ိဇ္ဇာသိပ္ပံတက္ကသိုလ် တက်နေတဲ့ လူငယ်တွေထက် အရေအတွက်အားဖြင့် နည်းပါးမှာပါ။ သူတို့ဟာအခုအချိန်မှာ အခွင့်အလမ်း
တွေ၊ နိုင်ငံရေးအခြေအနေတွေကြားထဲမှာ အရင်စစ်အစိုးရက ဖျက်ဆီးခဲ့တဲ့ စိတ်ဓါတ်တွေနဲ့ မလူးသာမလွန့်သာ ခံစားနေကြရတာပါ။

လွန်ခဲ့တဲ့တစ်ပတ်က အမေရိကန်က ကျောင်းတက်ပြီးပြန်လာတဲ့ဆိုတဲ့ လူငယ်လေးတစ်ယောက် မြန်မာနိုင်ငံက လူငယ်တွေရဲ့အခြေအနေကို ဝေဖန်ထားတာ ဖတ်လိုက်ရပါတယ်။ သူက “မြန်မာနိုင်ငံက လူငယ်တွေဟာ ဘာလို့ လက်ဖက်ရည်ဆိုင်တွေမှာ အချိန်ကုန်နေကြရတာလဲ”ဆိုပြီး (ကရုဏာ ဒေါသလို့ ထင်ပါရဲ့) ပြောထား တာ တွေ့လိုက်ရပါတယ်။ ဒီနိုင်ငံကလူငယ်တွေဟာ သူတို့ပြောချင်တာတွေ၊ သူတို့ မကျေနပ်တာတွေ၊ သူတို့ရဲ့ စိတ်ထွက်ပေါက်တွေကို ဖြေရှင်းဖို့ နေရာမရှိဘူးဆိုတာကိုတော့ အဲ့ဒီ အမေရိကန် ပြန်လူငယ်လေးက ထည့် စဉ်းစားတာမျိုး ရှိသင့်တယ်လို့ မြင်မိပါတယ်။

လူငယ်ဟစ်တိုင်

ကျောင်းစာသင်ခန်းထဲက လူငယ်တစ်ယောက်ဟာ သူ့ရှေ့က ဆရာမသင်နေတဲ့ သင်ခန်းစာထဲမှာ အမှားတွေ့ တယ်။ သူကိုယ်တိုင်ပြောချင်တယ်။ ဆရာ၊ ဆရာမတွေက ပြောခွင့်မပေးဘူး။ ဒါကအစ။ အိမ်မှာ မိဘနဲ့ မပြေ လည်ဘူး။ ငါပြောတာလုပ်၊ မင်းတို့ကောင်းစားစေချင်လွန်းလို့ ငါတို့စီစဉ်ရတာဆိုတဲ့ စကားတွေကို မွေးကတည်း က ကြားလာခဲ့ရတဲ့လူငယ်တွေ။ ဒါက နေ့စဉ် ကြုံတွေ့နေကျ။ အဲ့ဒီနှစ်ခုလောက် အဆင်မပြေတော့တာနဲ့ အဲ့ဒီလူငယ်ဟာသူ့အတွက် ထွက်ပေါက်ဘယ်မှာလဲ။ ဘယ်နေရာက သူ့အတွက် ဖြစ်နိုင်မလဲ။ သူတို့ပြောချင်တာ
တွေ၊ သူတို့ဆွေးနွေးချင်တာတွေကို ဘယ်နေရာမှာပြောမလဲ။ နောက်ဆုံး လူငယ်ထုတစ်ခုလုံးနဲ့ဆိုင်တဲ့ လူငယ့်
ရေးရာကိစ္စတွေကို ပြောနိုင်ဖို့ လက်တွန့်သွားပြီး ဘယ်ကိစ္စမဆို ၀င်မပြော၊ ၀င်မပါဘဲ နဲ့ ဘေးထိုင်ဘုပြော၊ လက်ဖက်ရည်ဆိုင်ထိုင်၊ ဂိမ်းဆော့စတဲ့ အလုပ်တွေနဲ့သာ အချိန်ဖြုန်းပြီး မိဘခိုင်းတဲ့အတိုင်းသာ နေလိုက်ဖို့ပဲ ရှိပါတော့တယ်။

နိုင်ငံတည်ဆောက်ခြင်းဖြစ်စဉ်မှာ စီးပွားရေး၊ နိုင်ငံတော်(အစိုးရ)နဲ့ အရပ်သား လူ့အဖွဲ့အစည်းဆိုတဲ့ ဒေါက်တိုင် သုံးရပ်နဲ့ ဆွဲတင်ရပါတယ်။ ဒီအထဲက အရပ်သား လူ့အဖွဲ့အစည်းဆိုတာ လူငယ်တွေနဲ့ဖွဲ့စည်း ထားပါမှ အင်အား
တောင့်တင်းတဲ့ အမြင်ကျယ်တဲ့၊ နောက်ထပ် အမှန်တကယ် ကိုယ်ကျိုးစွန့်တဲ့ လုပ်ငန်းတွေ ဖြစ်လာမှာပါ။ ဒါပေမဲ့ လူငယ်တွေဟာ သူတို့ရဲ့ အယူအဆတွေ၊ အမြင်မတူမှုတွေကို ရိုက်ချိုးခံလိုက် ရတဲ့အခါမှာ ဒီလိုကိစ္စတွေကနေ
ရှောင်ဖယ် လာပါတော့တယ်။ သူတို့အတွက် ပြောစရာနေရာကို သူတို့ ရှာဖွေဖို့ မကြိုးစားတော့ပါဘူး။

လူငယ်အဖွဲ့အစည်းတွေ ပေါများလာမှု

လူထုအခြေပြုအဖွဲ့အစည်းတွေ ဒီနေ့မှာ ပေါများလာပေမယ့် လက်ချိုးရေလို့ရတဲ့ လူငယ်ပမာဏလောက်သာ ဒီအဖွဲ့အစည်းတွေကြားထဲမှာ ပါလာတာကိုတွေ့ရပါတယ်။ နောက်အားနည်းချက်တစ်ခုက ဒီအဖွဲ့အစည်းတွေ ဟာ ပြန့်ကျဲနေတဲ့ ပြဿနာပါ။ ဒီအဖွဲ့အစည်းတွေကို စုစည်းနိုင်ခြင်းမရှိသေးပါဘူး။ ယနေ့ နိုင်ငံတည်ဆောက်
ခြင်းဖြစ်စဉ်ထဲမှာ လူငယ်တွေ ပါဝင်နိုင်ဖို့ဆိုတာ လက်ရှိ လူထုအခြေပြုအဖွဲ့အစည်း တွေမှာ တာဝန်ယူနေတဲ့ လူငယ်ခေါင်းဆောင်တွေက ရှေ့ဆောင်လမ်းပြ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

လက်ရှိ အဖွဲ့အစည်းတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူငယ်ညီလာခံဖြစ်မြောက်လာအောင် စွမ်းဆောင်
ကြရမှာပါ။

ဒီနှစ်လယ်လောက်က UMFCCI မှာ လူငယ်အဖွဲ့အစည်းတစ်ခုက ဦးဆောင်တဲ့ လူငယ်ညီလာခံ ပုံစံမျိုး ပြုလုပ် ခဲ့တာရှိပါတယ်။ ဒါပေမဲ့ လူငယ်ညီလာခံမဟုတ်ဘဲ လူကြီး ညီလာခံပဲဖြစ်ခဲ့ပါတယ်။ လူငယ်တွေကို စင်အောက် က ထိုင်ခိုင်းထားပြီး လူကြီးတွေက စင်ပေါ်က တရားဟောတဲ့ကိစ်္စပါ။ သူတို့ရဲ့ အတွေ့အကြုံနဲ့ အာဘော်တွေ၊ သူတို့ရဲ့ ရှေးဟောင်းနှောင်းဖြစ်တွေကို အောက်က လူငယ်တွေကို ဟောခဲ့ကြတာပါ။

လူငယ်တွေစုစည်းတဲ့ပွဲတွေကို တစ်နှစ်မှာ တစ်ခါလောက်တောင်ဖြစ်ဖြစ်မြောက်မြောက်တွေ့ခွင့်ရဖို့ အခွင့်အရေး နည်းလှပါတယ်။ ဖြစ်လာသမျှပွဲတွေဟာလည်း အသိအမှတ်ပြုလောက်အောင် စနစ်ကျတာ မျိုး မတွေ့ရပါဘူး။ ဒါပေမဲ့ ဒီလိုဖြစ်ရတာရဲ့ ပြဿနာအရင်းအမြစ်က စုစည်းမှုအားနည်းတာရယ်၊ ရည် ရွယ်ချက် မရှင်းလင်းတာရယ်၊
ရွေးကောက်ခံပုံစံတွေ မရှိတာရယ်ကြောင့် ဖြစ်ပါတယ်။

ရလဒ်မကောင်းမှု ကွင်းဆက်

အဖွဲ့အစည်းတွေ ပြန့်ကျဲခြင်း ။ ။ အဖွဲ့အစည်းပြန့်ကျဲခြင်းဟာ ရည်ရွယ်ချက်တူ အဖွဲ့တွေ မစုစည်းနိုင်တာပါ။ သူတို့ကျင်လည်ရာ ပတ်ဝန်းကျင်နဲ့ လက်လှမ်းမှီရာ နေရာတွေမှာသာ အဆင်ပြေအောင်လုပ် ဆောင်နေကြရတာပါ။ ဒီနေရာမှာ ရန်ပုံငွေပမာဏနဲ့လည်း ပတ်သက်ပါတယ်။ ရန်ပုံငွေနည်းတယ်။ စေတနာဝန်ထမ်းမရှိဘူး။ ဒါကြောင့် ကွန်ရက်ဖွဲ့စည်းမှု မကျယ်ပြန့်ဘူး။ ဒါကြောင့် ရည်ရွယ်ချက်တူ အဖွဲ့ တွေ စုစည်းဖို့လိုတယ်လို့ ဆိုချင်တာပါ။

ရည်ရွယ်ချက် မရှင်းလင်းခြင်း ။ ။ အဖွဲ့အစည်းငယ်တွေဟာ လုပ်ပိုင်ခွင့်နဲ့ ငွေအင်အားနည်းပါးတဲ့ အတွက် သူတို့ရဲ့ ကွန်ရက်ချိတ်ဆက်မှုကို ဖြန့်ကျက်နိုင်ဖို့ မစွမ်းနိုင်ကြပါဘူး။ ဒါကြောင့် ရှိတဲ့စွမ်းရည်နဲ့ ရနိုင်သလောက် အလုပ်တွေ ကိုသာ လုပ်နိုင်ပါတော့တယ်။ ဒါကြောင့် ပုံမှန်ချထားတဲ့ ရည်ရွယ်ချက်နဲ့ ပန်းတိုင်တွေေ၀၀ါးလာပါတယ်။

ရွေးကောက်ခံပုံစံမဟုတ် ။ ။ ဒီအဖွဲ့အစည်းတွေကို ဦးဆောင်သူတွေဟာ ဒီအဖွဲ့ကို စတင်တည်ထောင်ခဲ့ သူတွေ
ဖြစ်နေတတ်ပါတယ်။ အချိန်ကြာလာပေမဲ့လည်း ဒီလူဟာ ဒီလူဖြစ်နေပြီး နောက်ထပ်အသစ်တွေ ရောက်လာရင် ဒီခေါင်းဆောင်အောက်ကို ရောက်သွားတတ်စမြဲပါ။ အဖွဲ့အစည်းတွေ စုဝေးမယ်ဆိုရင် ဒီပြဿနာက ဒုက္ခရောက်နိုင်ပါတယ်။ အဖွဲ့အစည်းငယ်တွေဟာ အဖွဲ့အစည်း တည်ဆောက်ပုံ (Organizational Structure) အလွန်အားနည်းကြပါတယ်။ ဒီလိုပုံစံတွေကြောင့် စုစည်းဖို့ ခက်ခဲရခြင်း လည်းဖြစ်ပါတယ်။

ရလဒ်မရှိ ။ ။ ဒါတွေရဲ့ နောက်ဆုံးအကျိုးဆက်ကတော့ ရလဒ်မရှိတာပဲဖြစ်ပါတယ်။ ဒီလိုပုံစံပါ_ လှုပ်နေခြင်းသာလျှင် သူတို့အတွက် အလုပ်ပဲဖြစ်နေပါတယ်။ လှုပ်နေခြင်းအားဖြင့် ထွက်လာတဲ့အသံဟာ အော်နေတာလောက် မကျယ်တာ အမှန်ပါ။ လူငယ်တွေကို စုစည်းဖို့ရယ်၊ အဲ့ဒီကတစ်ဆင့် ရည်ရွယ်ချက် တွေကို ချမှတ်ဖို့ရယ်၊ ရွေးကောက် တင်မြှောက် ပြီး စတင်ဖို့ရယ်နဲ့ နောက်ဆုံး လူငယ်ညီလာခံတွေ ပေါ် ပေါက်လာစေဖို့၊ ပြီးတော့ လူငယ်ထုတစ်ခုလုံး အသံတစ်သံထွက်ဖို့ လိုအပ်ပါတယ်။

လူငယ်လွှတ်တော်တွေ

ဥပမာပြုစရာ တစ်ခုရှိပါတယ်။ အရမ်းအလှမ်းဝေးလှတယ်လို့ဆိုနိုင်ပေမဲ့ ဖြစ်နိုင်စရာအကြောင်းတွေ အများကြီး ရှိပါတယ်။ ဒါကတော့ လူငယ်လွှတ်တော် ပေါ်ပေါက်လာဖို့ပါ။ လူငယ်လွှတ်တော်ဟာ ဥရောပ တလွှားမှာတော့ သာမန်လုပ်ရိုးလုပ်စဉ် တစ်ခုတောင်ဖြစ်နေပါပြီ။ ပြီးတော့ အံ့သြစရာကောင်းတာက အရှေ့အလယ်ပိုင်း
နိုင်ငံတစ်နိုင်ဖြစ်တဲ့ အစ္စရေးနိုင်ငံမှာလည်း လူငယ်လွှတ်တော် ရှိပါတယ်။

တောင်အမေရိကတိုက်နဲ့ အာရှမှာဆိုရင် တောင်ကိုရီးယား၊ နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ လူငယ်တွေညီလာ ခံတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လျက်ရှိနေပါတယ်။

တောင်ကိုရီးယားက အမျိုးသားလူငယ် ညီလာခံဟာဆိုရင် တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ကျင်းပတဲ့ လူငယ် လွှတ်တော်ဖြစ်ပြီး တောင်ကိုရီးယား အမျိုးသားညီလာခံကကြီးမှူးပေးပြီး ကျင်းပလေ့ရှိပါတယ်။ ဒီ လူငယ်ညီလာခံမှာ နာယက၊ ဥက္ကဋ္ဌအဆင့်အဆင့် တည်ဆောက်ထားပြီးတော့ ဒီလူတွေကို အသက် ၁၃ နှစ်နဲ့ ၂၅ နှစ်ကြား လူငယ် မဲပေးခွင့်ရှိသူတွေကတစ်ဆင့် ရွေးချယ်ထားတာပါ။

ဖိလစ်ပိုင်နိုင်ငံရဲ့ ဆန်ဂန်နီယန်ကာဘက်တန်ဟာ နိုင်ငံရဲ့ အဓိကလူငယ်ကောင်စီတစ်ခုပဲဖြစ်ပါတယ်။ ဒီလူငယ်
ကောင်စီမှာလည်း ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေ ပါဝင်ပြီးပေမဲ့ အဖွဲ့အစည်းအသီးသီးရဲ့ ဥက္ကဋ္ဌတွေဟာ လူငယ်ဖက်ဒရေးရှင်း မှာ အဖွဲ့ဝင်အနေနဲ့ ပါဝင်ပါတယ်။

လူငယ်လွှတ်တော်တွေဟာ ဒေသတွင်းအဆင့်၊ နိုင်ငံအဆင့်ဆိုပြီး တစ်ဆင့်ချင်း ကျင်းပသွားလေ့ရှိပြီးတော့
နိုင်ငံတကာ အဆင့်ထိ ကျင်းပလေ့ရှိကြပါတယ်။ ဒီကနေ ဒီနှစ်မှာတော့ ဒီနိုင်ငံရဲ့ ဒေသတွေရဲ့ အခြေအနေတွေကို အဆင့်ဆင့် ကြေညာချက်တွေ၊ ဖြေရှင်းချက်တွေနဲ့ နောက်ဆုံးအဖြေရှာနိုင်တဲ့အထိ အဆင့်ဆင့် ဆောင်ရွက်သွားနိုင်
ကြပါတယ်။

စနစ်တကျစုစည်းဖို့

ဒီလိုလုပ်ဆောင်နိုင်တဲ့ကိစ္စတွေကို သေချာကြည့်ခြင်းအားဖြင့် မြင်တွေ့နိုင်တာကတော့ စနစ်တကျ စုစည်းခြင်းပဲ
ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူငယ်တစ်ဦးချင်းစီဟာ စုစည်းဖို့ခက်တဲ့ အနေအထားမဟုတ်ပါ ဘူး။ ဒီအခြေအနေကို လက်ရှိဦးဆောင်တဲ့နေရာကို ရောက်နေသူတွေအနေနဲ့ သေချာစဉ်းစားဖို့လိုပါ တယ်။ နွားခြေရာခွက်ထဲမှာ လသာ မနေဖို့ အရေးကြီးပါတယ်။ ဒီကနေတစ်ဆင့် လူငယ်ညီလာခံတွေကို စနစ်တကျ တစ်နှစ်စီ ကျင်းပသွားနိုင်ပြီး အဲ့ဒီက တစ်ဆင့် အမြဲတမ်း လူငယ်ကော်မတီတွေ စတင်ထူ ထောင်သွားနိုင်ဖို့ ကြိုးစားသင့်နေကြပါပြီ။

mizzimaburmese

သိန်းနှစ်ရာကျော်တန်သော နံ့သာနီတုံးများသယ်လာသူ နိုင်ငံခြားသားနှစ်ဦး ဖမ်းဆီးခံရ

မြန်မာ-အိန်္ဒိယနယ်စပ်ဒေသတစ်ခုဖြစ်သည့် တမူးမြို့နယ်၊ ပန်းသာရွာအနီး တောတွင်းတစ်နေရာတွင် မြန်မာနိုင်ငံ အတွင်းသို့ တရားမ၀င်တင်သွင်းမည့် အကောက်အခွန်မဲ့ နံ့သာနီတုံးများ သယ်ဆောင်လာ သည့် နိုင်ငံခြားသားနှစ်ဦး ကို စက်တင်ဘာ ၃ ရက်က ဖမ်းဆီးခဲ့ကြောင်း ထိုဒေသရှိ နယ်စပ်ကုန်သွယ်ရေး ဌာနမှ စုံစမ်းရရှိသည်။

သူတို့သည် နံ့သာနီတုံး ၂၂၀ ကျော်ကို ၁၀ ဘီးတပ်ကုန်တင်ကားကြီးဖြင့် သယ်ဆောင်လာခြင်းဖြစ်ပြီး ထိုကုန်ပစ္စည်းများသည် တန်ဖိုးအားဖြင့် ကျပ်သိန်း ၂၁၀ ကျော်ရှိသည်ဟု နယ်စပ်ကုန်သွယ်ရေးက ဆိုထားသည်။

ထိုနိုင်ငံခြားသားများမှာ အိန်္ဒိယနိုင်ငံသားများဖြစ်သည်ကို သက်ဆိုင်ရာကုန်သွယ်ရေးဂိတ်မှ အာဏာပိုင်များက စစ်ဆေးအတည်ပြုထားပြီး သူတို့သည် မဏိပူရပြည်နယ်၊ အင်ဖာမြို့နှင့်မိုရေးမြို့တို့မှ လာရောက် ကြခြင်းဖြစ်သည်ဟု လည်း ဆိုသည်။

ကာလတန်ဖိုးအားဖြင့် နံ့သာနီတစ်ပိဿလျှင် ကျပ်ခြောက်သောင်းခန့်တန်ကြေးရှိပြီး ထိုကုန်ပစ္စည်းများကို ဖမ်းမိသည် မှာ တမူးမြို့နယ်၊ ပန်းသာကျေးရွာမှ ကုန်သည်တစ်ဦးနှင့် မန္တလေးမှ ပုဂ်္ဂိုလ်တစ်ဦးတို့ကို မှောင်ခိုကုန်သွယ်မှုများ
ပြုလုပ်နေသည်ဟု သံသယရှိသဖြင့်စောင့်ကြည့်ရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟုလည်း စုံစမ်းရရှိသည်။

ယခုကိစ္စကို တမူးမြို့မရဲစခန်းတွင် ဒု- ရဲအုပ်တစ်ဦးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် အမှုအမှတ် (ပ) ၈၃/၂၀၁၃
ဖြင့် အမှုဖွင့်ထားပြီး ဒုရဲအုပ်ခင်ဇော်ထိုက်က ကိုင်တွယ်စစ်ဆေးလျက်ရှိကြောင်း ထိုရဲစခန်းက သတင်းထုတ်ပြန်သည်။
mizzimaburmese

ကြက်သွန်ဖြူ၏ စွမ်းပကားများ


ကြက်သွန်ဖြူဟာ ဆိုလျှင် ဟင်းခတ် အမွှေးအကြိုင် များထဲတွင် တစ်အခု အပါအဝင် ဖြစ်ပါတယ်။ ကြက်သွန်ဖြူကို စားသုံးခြင်းအားဖြင့် ဘယ်လို ရောဂါတွေကို ပျောက်ကင်းနိုင်တယ် ဆိုတာကို ရေးသားလိုက် ရပါတယ်။
၁။ သွေးတိုးရောဂါ ပျောက်ကင်းစေနိုင် ပါတယ်။
၂။ တုပ်ကွေးရောဂါဖြစ်ပါက ဟင်းချိုထဲတွင် ကြက်သွန်ဖြူများများ ထည့်ပြီး သောက်ပါ။
၃။ ကူးစက်ရောဂါများ အတွက်လည်း ကောင်းမွန်ပါတယ်။
၎။ ကိုလက်စရောကို လျော့ကျစေပါတယ်။
၅။ အနာဖြစ်ပါက ကြက်သွန်ဖြူစားပေးပါ။
၆။ လိင်အင်္ဂါရောဂါ အတွက်လည်း အထူးပင် ကောင်းမွန်ပါတယ်။
၇။ ကင်ဆာရောဂါ အတွက်လည်း ကောင်းမွန်ပါတယ်။
၈။ သွေးလည်ပတ်မှု အတွက်လည်း ကောင်းမွန်ပါတယ်။
၉။ မျက်စိ တိမ်တွယ်ခြင်း အတွက်လည်း ကောင်းမွန်ပါတယ်။
၁၀။ ကြွက်နို့များကိုလည်း သေစေနိုင်ပါတယ်။
၁၁။ နာတာရှည် လည်ချောင်းနာခြင်း အတွက်လည်း ကောင်းပါတယ်။
၁၂။ အိပ်မပျော်သည့် ရောဂါအတွက်လည်း အထူးပင် ကောင်းမွန်ပါတယ်။
၁၃။ ခန္ဓာကိုယ် အတွက် ခွန်အားကိုလည်း ဖြစ်စေတာကြောင့် အားကစားသမားများ အထူးပင် စားသုံးသင့်ပါတယ်။
အထက်ပါ ရောဂါများအတွက် အထူးပင် ကောင်းမွန်သော ကြက်သွန်ဖြူကို နေ့တိုင်း စားသုံးသင့်တယ်လို့ ဆိုပါတယ်။
Ref - Health
Kyaw Lin Naing (ရိုးရာလေး)

တတိယလိင် မြန်မာမယ်



ပန်းရောင်ဂါဝန်တိုတို ဝတ်ဆင်ထားသည်က ဖြောင့်စင်းသော ပေါင်တံအလှကို ပေါ်လွင်စေသည်။ ခြေထောက် နှစ်ချောင်းကို ယှက်ထားကာ လက်နှစ်ဖက် ခါးထောက်လျက် ညုတုတု မျက်လုံးများနှင့် အကြည့်များက စူးရှလျက်။

သာမန်ကြည့်လိုက်ရင်တော့ဖြင့် အလှအပများ ပြင်ဆင်ထားသည့် မိန်းကလေးတစ်ယောက်။ သို့သော် သူသည် မိန်းမစစ်စစ်တော့ မဟုတ်။ အမျိုးသားတစ်ဦးက အမျိုးသမီး တစ်ဦးကဲ့သို့ ပြောင်းလဲကာ တတိယလိင်အဖြစ် ခံယူထားသူဖြစ်သည်။

သူ့အမည်ကား သညာမောင်။ အသက်က ၂၉ နှစ်။ ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေတွင် နိုဝင်ဘာ ၁ ရက် နေ့၌ ကျင်းပမည့် Miss International Queen 2013 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပထမဆုံး ယှဉ်ပြိုင်မည့်သူလည်း ဖြစ်သည်။

သညာမောင်သည် ကရင်ပြည်နယ် ဘားအံမြို့နယ် ဇာတိဖွားဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်နေကာ Ramkhamhaeng တက္ကသိုလ်တွင် နိုင်ငံတကာ ဆက်ဆံရေးနှင့် အင်္ဂလိပ်စာ ဘာသာရပ်ကို အထူးပြု သင်ကြားလျက် ရှိသည်။

သညာမောင်သည် ၂၀၀၇ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ စတင်ရောက်ရှိကာ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်သည့်အပြင် ရွှေ့ပြောင်း အလုပ်သမားများ ပညာရေးအတွက် စေတနာ့ဝန်ထမ်း အလုပ်ကိုလည်း လုပ်ကိုင်ခဲ့သည်။

Miss International Queen 2013 ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရခြင်းကို သူက “ကျွန်မလို အမျိုးတူ Gender အပြောင်းအလဲ ဖြစ်နေသူတွေအတွက်လည်း အခွင့်အရေးကောင်းတွေ ရစေချင်လို့ပါ” ဟု ရင်ဖွင့် ပြောပြသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံ ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်ခြင်းကို ရန်ကုန်မြို့တော် အခြေစိုက် အလှ ဖန်တီးရှင် အသိုင်းအဝိုင်းက တတိယလိင်အဖြစ် ခံယူထားသူများအတွက် အခွင့်အလမ်း ဖြစ်သည်ဟု တူညီစွာ ပြောဆိုကြသည်။
“ဒီပွဲကိုဝင်ပြိုင်ရခြင်းက မြန်မာ့ဂုဏ်ဆောင် တစ်ဦးဖြစ်ချင်တာ” ဟုလည်း သညာမောင်က ဆိုသည်။

Miss International Queen 2013 ပြိုင်ပွဲကို Tiffany’s Show pattaya Co., Ltd. က စီစဉ်ပြီး ပြိုင်ပွဲဝင်များသည် ထိုင်းဘတ်ငွေ တစ်သောင်းခွဲကို ပေးသွင်းရမည်ဖြစ်ပြီး လာရောက် ယှဉ်ပြိုင်ရန်အတွက် ကုန်ကျစရိတ်များကို ကိုယ်တိုင်ကုန်ကျခံရမည် ဖြစ်သည်ဟု ယင်းပြိုင်ပွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းပြိုင်ပွဲသည် တတိယလိင်အဖြစ် ခံယူထားသူများအတွက် အခွင့်အလမ်းတစ်ရပ် ဖန်တီးပေးခြင်း ဖြစ်ပြီး ဆွဲဆောင်မှုရှိသော ပြိုင်ပွဲဝင် ၃၀ ဦးက ယှဉ်ပြိုင်ကြမည် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နာမည်ကျော် အလှဖန်တီးရှင် မိတ်ကပ်တိုးတိုးကမူ “ပြိုင်ပွဲဝင်တာက အဘက်ဘက်က အရည်အချင်း ပြည့်စုံလို့ ဖြစ်ပါလိမ့်မယ်” ဟု မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် တတိယလိင်အဖြစ် ခံယူထားသူများကို အချို့က ယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာ စသည်ဖြင့် တိုင်းတာကာ လက်ခံနိုင်ခြင်း မရှိကြဘဲ အချို့ကလည်း လူ့ခွင့်အရေး ရှုထောင့်က ရှုမြင်ကာ ထောက်ခံအားပေးသူများလည်း ရှိသည်။
ခေတ်အဆက်ဆက် အစိုးရကမူ တတိယလိင် ကိစ္စကို အားမပေးသော်လည်း မနှိမ့်ချသကဲ့သို့ ထောက်ခံခြင်းလည်း မရှိပေ။

ရန်ကုန်မြို့တော်ကြီးတွင် တတိယလိင် ခံယူသူတို့၏ မော်ဒယ်လ်ရှိုး လျှောက်ပွဲများကို ၂၀၀၉ ခုနှစ်တွင် ဆီဒိုးနားဟိုတယ်၌ ပထမဆုံး ကျင်းပခဲ့ကြသည်။ ထိုပွဲတွင် အမျိုးသမီးစစ်စစ် များပင် အရှုံးပေးရလောက်အောင် ပြင်ဆင်ထားသည်ကိုလည်း တွေ့ရသည်။

ယင်းနောက် ၂၀၁၂ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် မော်ဒယ်လ်ရှိုး လျှောက်ပွဲကို Excel Tower တွင် ကျင်းပခဲ့သကဲ့သို့ ထိုင်းနိုင်ငံမှ တတိယလိင်အဖြစ် ခံယူထားသည့် အလှပဂေးများက တရားဝင် လာရောက် ဖျော်ဖြေကြသည်။

ထိုပွဲတွင် မော်ဒယ်လ်အဖြစ် လမ်းလျှောက်သူ အသက် ၂၄ နှစ်အရွယ် အလှဖန်တီးရှင်တစ်ဦးကမူ “မြန်မာနိုင်ငံမှာလည်း ဒါမျိုးရှိုးပွဲတွေ များများလုပ်စေချင်တယ်။ သညာမောင် ဝင်ပြိုင်တာလည်း ဆုရစေချင်တယ်” ဟု နွဲ့နှောင်းသောအသံဖြင့် ဆိုသည်။

သညာမောင် ဝင်ရောက် ယှဉ်ပြိုင်မည့် Miss International Queen ပြိုင်ပွဲကို ပတ္တရားကမ်းခြေတွင် ကျင်းပခဲ့သည်မှာ ၂၀၀၄ ခုနှစ်ကတည်းကပင်ဖြစ်ပြီး ဆုငွေမှာ အမေရိကန်ဒေါ်လာ တစ်သောင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံက Kevin Balot က ရရှိထားသည်။

၂၀၀၄ ခုနှစ်မှ စတင်ခဲ့သော ယင်းပြိုင်ပွဲဆုများကို ထိုင်းနိုင်ငံမှ သုံးကြိမ်၊ တောင်ကိုရီးယား၊ မက္ကဆီကို၊ အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့က တစ်ကြိမ်စီ ရရှိထားသည်။

ကမ္ဘာတစ်ဝန်းရှိ တတိယလိင်အဖြစ် ခံယူထားသူများ စိတ်ဝင်တစား လာရောက် ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲသို့ မြန်မာနိုင်ငံကို ကိုယ်စားပြုကာ သညာမောင်က ပထမဆုံး စတင်ယှဉ်ပြိုင်ခြင်းလည်း ဖြစ်သည်။
သညာမောင်က“ဒီပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးစားသွားပြီးတော့ ကျွန်မလိုဘဝတူတွေ အတွက်လည်း အခွင့်အလမ်းကောင်းတွေ ဖော်ဆောင်ပေးချင်လို့ပါ” ဟု ပြောပြသည်။

ဘုရင်မ သရဖူကို ပုံဖော်ထားသော Miss International Queen လိုဂိုအနီးတွင် ပန်းရောင်ဇာပေါက် အင်္ကျီကို ဝတ်ဆင်ထားသည့် စူးရှရှမျက်လုံးများဖြင့် ကြည့်နေသည်။ လိုဂိုအောက်တွင် Contestant -Miss Tanya Maung ဟု ရေးသားထားသည့်အပြင် ကိုယ်စားပြု ယှဉ်ပြိုင်သည့် နေရာတွင်လည်း မြန်မာဟု ဖော်ပြထားသည်က သူ၏လူမှုကွန်ရက် စာမျက်နှာတွင် ဖြစ်သည်။

Miss International Queen 2013 ဆု ရမရကိုတော့ နိုဝင်ဘာ ၁ ရက်နေ့တွင် စောင့်ကြည့်ရဦး မည်ဖြစ်သည်။

မင်းထက်စံ

The Voice Weekly

ဘဏ်ကိုဓားပြတိုက်ပြီး တဒေါ်လာပဲယူတဲ့သူ


ဘဏ်ကို ဓားပြတိုက်၊ ငွေတဒေါ်လာပဲတောင်းပြီး အဖမ်းခံဖို့ ရဲကိုစောင့်နေတဲ့ အဖြစ်အပျက်တခု သောကြာနေ့က အမေရိကမှာ ဖြစ်ပွားခဲ့ပါတယ်။

အသက် ၅၀ အရွယ် အဲလ်စစ်ဆိုသူဟာ အော်ရီဂွန်ပြည်နယ်က အမေရိကဘဏ်တခုကို ၀င်ပြီး ကဲ၊ ဒါ ဘဏ်ကို ဓားပြတိုက်တာပဲ။ ငါ့ကို တဒေါ်လာပေးစမ်းဆိုပြီး ပြောပါတယ်။
ငွေတဒေါ်လာရပြီးတဲ့နောက်တော့ ဧည့်သည်ထိုင်တဲ့နေရာမှာ ထိုင်ပြီး သူ့ ကိုလာဖမ်းမယ့်ရဲကို စောင့်နေလိုက်ပါတယ်။

အဲလ်စစ်ဟာ အိမ်ယာမဲ့တယောက်ဖြစ်ပြီးတော့ မူးယစ်ဆေး စွဲနေသူ တယောက်လည်းဖြစ်ပါတယ်။

သူအဖမ်းခံချင်ရတဲ့အကြောင်းကတော့ သူ့ရဲ့ သွားရောဂါနဲ့ ဆေးစွဲနေတဲ့ ပြဿနာကို ကုသမှုခံယူချင်လို့  ဒီလို အဖမ်းခံရတာလို့ သူက ရဲအရာရှိကိုပြောပါတယ်။

မြဝတီ