ဘုရားသုံးဆူမြို့တွင် ထိုင်းနိုင်ငံသားတစ်ဦး သေနတ်ဖြင့် အပစ်ခံရ


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးနယ်ခွဲရှိ ဘုရားသုံးဆူမြို့ ရပ်ကွက်(၄) ဒီဘင်္ဂရာဘုရားလမ်း၊ တိုင်တစ်ရာ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ စက်တင်ဘာလ ၂၅ရက်နေ့၊ မြန်မာစံတော်ချိန် ည ၈နာရီကျော်အချိန်တွင် ထိုင်းနိုင်ငံသားတစ်ဦး ကို သေနတ်ဖြင့် ပစ်ခတ်မှုခံခဲ့ရသည်ဟု သိရသည်။

 အပစ်ခံရသူမှာ အသက် ၃၆နှစ်အရွယ် အလစ်ဆိုသူဖြစ်ပြီး ၎င်းအသိမိတ်ဆွေတစ်ဦး၏ ခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားခဲ့ ရာမှ သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ပစ်ခတ်မှုအပေါ် ကိုယ်တိုင်သေနတ်သံ ကြားခဲ့ရသူ ဘုရားသုံးဆူမြို့ခံတစ် ဦးက ကေအိုင်စီသို့ ပြောသည်။

 ၎င်းက “ဘုန်းကြီးကျောင်းဝင်းမှာ အပစ်ခံရတာ။ သေနတ်သံ သုံးချက် ကြားတယ်။ နောက်ပြီး ခွေးဟောင်သံလည်း ကြားလို့ ဘုန်းကြီးတစ်ပါးက သွားကြည့်တော့ ကြံခင်းထဲမှာ လူးလှဲနေတာကို တွေ့တယ်။ ဘုန်းကြီးက သူ့ရဲ့ ဒကာတွေကို ခေါ်ပြီး ဆေးရုံ ကို ပို့လိုက်တယ်”ဟု ပြောသည်။

 သေနတ်ဖြင့် အပစ်ခတ်ခံရသူမှာ ၎င်း၏ ညာဘက်ခြမ်း ရင်ဘတ်တွင် တစ်ချက်ထိမှန်၍ ထိုးထွင်းပေါက်သွားခဲ့သလို ညာဘက် လက်မောင်းနှင့် ညာဘက်တံတောင်အောက်တွင် တစ်ချက်စီ ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ ယခု ပစ်ခတ်ခံရ မှုမှာ မူးယစ်ဆေးဝါးနှင့် သက်ဆိုင်ကြောင်း၊ အချင်းချင်းကြား ဝေစုမတည့်၍ ပစ်ခတ်ခံရသည်အထိ ပြဿနာဖြစ်လာခြင်းဖြစ် ကြောင်း ၎င်းတို့နှင့်နီးစပ်သူများက ဝေဖန်ပြောဆိုနေကြသည်။

 အဆိုပါထိုင်းနိုင်ငံသား အလစ်မှာ ထိုင်းနိုင်ငံ၊ ဆိုဖန်ခရိုင်တွင် နေထိုင်ကာ ၀က်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်ချင်း ထိစပ်သည့် ဘုရားသုံးဆူမြို့တွင် အစဉ်အမြဲလိုလို ၀င်ထွက်သွားလာသူတစ်ဦး ဖြစ်သည်။ ၎င်းအား ဘုရား သုံးဆူမြို့ဆေးရုံတွင် အနည်းငယ် ဆေးကုသစေပြီးနောက် ည ၉နာရီကျော်အတွင် နှစ်နိုင်ငံနယ်စပ် ဆက်ဆံရေးရုံးမှတဆင့် ထိုင်းအာဏာပိုင်များထံသို့ ညတွင်းချင်း ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

 ၎င်းပစ်ခတ်မှုနှင့် ပတ်သက်၍ ဘုရားသုံးမြို့ရှိ ရဲအရာရှိတစ်ဦးအား ကေအိုင်စီက မေးမြန်းခဲ့ရာ ဖြေကြားရန် ငြင်းဆန်ခဲ့သည်။ သို့ သော် အစိုးရအာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးက “နောက်ကနေ လှမ်းပစ်တဲ့ အနေအထားပဲ။ အတို(ပစ္စတိုနဲ့ ပစ်ခတ်ခံရတဲ့ပုံစံ ပဲ။ အခုချိန်ထိတော့ တရားခံကို ဘယ်သူဘယ်ဝါလည်းဆိုတာ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆက်လက် စုံစမ်းနေဆဲပါ”ဟု ပြောသည်။

 ထိုင်းနိုင်ငံသားအချို့သည် ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့တွင် ဖက်စပ်စီးပွားရေးလုပ်ငန်းနှင့် အလည်အပတ်များအတွက် နေ့ချင်းပြန် သို့မဟုတ် ညအိပ်ညနေ ၀င်ထွက်သွားလာနေလည်း ရှိသော်လည်း ယခုကဲ့သို့ ပစ်ခတ်ခံရမှုများ မရှိခဲ့ပေ။



KIC
myanmardailynews

ဆယ်စုနှစ် တစ်ခုအတူဖြတ်သန်းခဲ့ကြတဲ့ NLD ၀င်များ ပါတီ ၂၅ နှစ်မြောက် ပွဲသို့ ၀င်ရောက်ခွင့်ပိတ်ပင်ခံရ


 NLD ရဲ့ ၂၅ နှစ်မြောက် အထိမ်းအမှတ်ပွဲကို ဆယ်စုနှစ်တစ်ခုကြာ ပါဝင်ဆင်နွဲခဲ့ကြတဲ့ တကယ့် ပါတီဝင်အချို့ကို ပွဲတက်ရောက်ခွင့် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။ ဒီအထဲမှာမှ မစုစုနွေးရဲ့ သတင်းကတော့ Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပလူပျံခဲ့ပါတယ်။ တခြားသော ပါဝင်ခွင့်မရခဲ့တဲ့ ပါတီဝင်အချို့လည်း Facebook စာမျက်နှာပေါ်မှာ ပေါက်ကွဲ စာသားတွေနဲ့ ရေးသားထားတာတွေ့ရပါတယ်။ “ ကျနော်တို့ လူမိုက်ဂိုဏ်းကို ရုပ်ရှင်တွေထဲမှာပဲ မြင်ဖူးတာပါ။ အခုက မြန်မာနိုင်ငံမှာလည်း တကယ်ရှိနေပြီဆိုတာ ဒီနေ့သိလိုက်ရတယ်။ ရုပ်ရှင်ဇာတ်လမ်းဆန်ဆန် ဖြစ်ရပ်ပေါ့။ ပွဲတက်ရောက်ဖို့ သွားတာကို လက်ရှိ ပါတီဝင် အသစ်တွေက တန်းစီပြီး ပိတ်ဆို့ထားတယ်။ ကျွန်တော်ထင်တယ်..ရှေ့ဆက်တိုးရင် သူတို့ တစ်ခုခု တုန့်ပြန်မယ်လို့..ကျွန်တော်တို့ သွားတယ်ဆိုတာကလည်း ပါတီကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ သွားခဲ့ကြတာပါ” ဟု ၁၉၉၂ ခုနောက်ပိုင်းပါတီဝင်တစ်ဦးက  ပွဲတက်ခွင့် မရခဲ့တဲ့ အပေါ် အခုလို ပြောပြပါတယ်။

မစုစုနွေးရဲ့ Facebook စာမျက်နှာမှာတော့ အခုလို ရေးသားထားတာကိုလည်း တွေ့ရပြန်ပါသေးတယ်...

 ဒီနေ့ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှစ်ဆယ့်ငါးနှစ့်ပြည့် ငွေရတုအခမ်းအနားကို ကျွန်မသွားပါတယ်။ 1990 ခုနှစ်၊ အသက်(၁၈)နှစ်ပြည့်ကတည်းက ဝင်ရောက်ခဲ့တဲ့ ပါတီ။ ကျွန်မဘဝရဲ့ အချိန်ထက်ဝက်ကျော် ပေးဆပ်ခဲ့တဲ့ပါတီ။ စစ်အစိုးရရဲ့ ဖိနှိပ်မှုအမျိုးမျိုးကို ကျွန်မတတ်စွမ်းနိုင်သလောက် အတူတူရုန်းကန်ရင်ဆိုင်ခဲ့ရတဲ့ပါတီမို့ ကျွန်မနဲ့လည်း သက်ဆိုင်တယ်လို့ ယူဆပြီး သွားရောက်ခဲ့တာပါ။ အတူတူ လက်တွဲရင်ဆိုင်ခဲ့ဖူးကြတဲ့ သူငယ်ချင်းတွေ၊ရဲဘော်ရဲဘက်တွေနဲ့ ဆုံဆည်းချင်တာလည်းပါပါတယ်။ ဒါပေမဲ့ အခန်းအနားကျင်းပတဲ့ အရှေ့နားမှာတောင် ကျွန်မ ရပ်ခွင့်မရခဲ့ပါဘူး။ ကျွန်မ မသိတဲ့၊ ကျွန်မကိုလည်း မသိတဲ့ ပါတီဝင်လုံခြုံရေးတာဝန်ကျတွေက ခန်းမထဲကို ဝင်ခွင့်မပေးတဲ့အပြင်၊ အရှေ့မှာ လာမရပ်ဖို့တောင် တားဆီးဖယ်ရှားခဲ့ကြပါတယ်။ ဒါ့ကြောင့် NLD ငွေရတုပွဲကို ပါဝင်ဆင်နွှဲခွင့်မရခဲ့ပါဘူး။ 1990 ကတည်းက ပါတီနဲ့အတူ တက်ကြွစာလှုပ်ရှားခဲ့ကြသူတွေ အတော်များများလည်း ကျွန်မလိုပဲ ဝင်ခွင့်မရခဲ့ကြပါဘူး .... ။

myanmardailynews

လေးယောက်မြောက်ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ရာမှ ဒေသတွင်းဘာသာရေး ဓိကရုဏ်းမဖြစ်ပွားစေရန် သက်ဆိုင်ရာ မှ တာဝန်ယူဆောင်ရွက်နေ


 စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ ကင်းတပ်ကျေးရွာ၌ စက်တင်ဘာ ၂၆ ရက်နေ့ မနက် ၁၀ နာရီ အချိန်ခန့်က ဘာသာမတူ လင်မယား စကားများရန်ဖြစ်ခဲ့ရာ ခင်ပွန်းဖြစ်သူမှ ဇနီးသည်၏ မျက်နှာအား လက်သီးဖြင့်ထိုးနှက် ခဲ့သဖြင့် နှာခေါင်းသွေးထွက်၊ မျက်လုံးဖုယောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

 ဖြစ်စဉ်မှာ လွန်ခဲ့သော တစ်နှစ်ခန့်က မော်လိုက်မြို့နယ်၊ ကင်းတပ်ကျေးရွာနေ အသက်(၃၄)နှစ်အရွယ် မမော်မော်လွင် ဆိုသည့် အမျိုးသမီးတစ်ဦးသည် မန္တလေးဆေးရုံကြီးသို့ လူနာစောင့်ရှောက်ရန် လိုက်ပါသွားခဲ့ပြီး ထိုဆေးရုံကြီး၌ မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ တံတားဦးလေးရွာနေ ကိုတင်အောင်မင်း ဆိုသူနှင့် မေတ္တာသက်ဝင်ခဲ့ရာမှ သူမ၏ စတုတ္ထမြောက် အိမ်ထောင်ဘက်အဖြစ် မော်လိုက်မြို့နယ်၊ ကင်တပ်ကျေးရွာ၌ အခြေတကျနေထိုင်ခဲ့သည့် အိမ်ထောင်လင်မ ယားဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထိုလင်မယားနှစ်ဦးသည် စည်းကမ်းမကျသောအချစ်နှင့် နည်းလမ်းမကျသော မေတ္တာကို အခြေခံတည်ဆောက်ခဲ့ကြသော အိမ်ထောင်ရေးဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုလင်မယားနှစ်ဦးသည် အခြေခံ ကိုကွယ်ယုံကြည်မှု ဘာသာတ ရားမှာ အလွန်ခြားနားလျက်ရှိနေခြင်းကြောင့်ပင်ဖြစ်သည်။

 ထိုသူနှစ်ဦး၏ အိမ်တွင်းရေးပြသနာသည် ဘေးပတ်ဝန်းကျင်သို့ ကူးဆက်တောက်လောင်ရန် အလွန်လွယ်ကူသည့် ပြသနာ အခြေအနေတစ်ရပ် ဖြစ်သည့်အတွက်ကြောင့်လည်း ဒေသခံပြည်သူအားလုံးမှ စည်းလုံးညီညွတ်စွာ ကာကွယ်တားဆီးပေးရ တော့သည်။ ယနေ့ မြန်မာနိုင်ငံအတွင်းရှိ ဘာသာတရားအားလုံးသည် တစ်ဘာသာနှင့် တစ်ဘာသာ လူမျိုးတစ်မျိုးနှင့် တစ်မျိုးသည် အလွန် ချစ်ကြည်ရင်းနှီးစွာ အေးအတူ ပူအမျှ နေထိုင်သော အချိန်ကာလကြီးဖြစ်သည်။

 ထို့ထက်မက တစ်ဘာသာနှင့် တစ်ဘာသာ လူမျိုးတစ်မျိုးနှင့် တစ်မျိုးတို့သည် အပြန်အလှန် လေးစားလိုက်နာလျက်ရှိပြီး နိုင် ငံတော်၏ ရှေ့ဆက်ရမည့် ဖွံ့ဖြိုးတိုးတက်ရေး တာဝန်များကို ညီတူညီမျှ အသီးသီးထမ်းရွက်နေသည်ကို မြင်တွေ့ရပေတော့ မည်။

 ဘာသာမတူ၊ ယုံကြည်ချက်မတူသည့် လူနှစ်ဦးစုံမက်လာသည့် အိမ်ထောင်ရေးသည် နိဂုန်းမလှနိုင်ဟု ထိုဒေသခံများမှ ဆိုသည်။ ထမ်းပိုးမညီသည့် ၀န်ကို ထမ်းသည့်သူနှယ် ခက်လှပါဘိဟုလည်း ထိုဒေသရှိ အဘိုးအဘွားများမှ ၎င်းအိမ်ထောင် ရေး ကိစ္စရပ်ကို မှတ်ချက်ပြုကြသည်။

 ဤကဲသို့သော အခြေအနေ အရပ်ရပ်များကြောင့် မော်လိုက်မြို့နယ်၊ ကင်းတပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၏ အစည်းဝေး မှတ်တမ်း (၃/ ၂၀၁၃) အရ ဘာသာမတူ ဇနီးသည်အပေါ် နိုင်လိုမင်းထက်ပြုကျင့်သည်ဟု ယူဆရသဖြင့် ကိုတင်အောင်မင်း ဆိုသူအား ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်သည့် (၀ါ) ပြစ်မှုကျူးလွန်ရန် ယုံကြည်ရသဖြင့် လိုအပ်သလို အရေး ယူဆောင်ရွက်ပေးပါရန် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၏ အစည်းဝေး ဆုံးဖြတ်ချက်များအရ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက် လက်၍ တင်ပြခဲ့ကြောင်း သိရသည်။

 အဆိုပါ တင်ပြချက်အား မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဘက်လိုက်မှု ကင်းရှင်းမျှတ ရေးတို့ကိုအခြေခံကာ ထိုသူကို ဆက်လက်၍ တရားဥပဒေအရ အရေးယူဆောင်ရွက်ရေးတို့အတွက် သဘောတူညီခဲ့သဖြင့် မော်လိုက်မြို့မ ရဲစခန်းသို့ လွှဲပြောင်း အကြောင်းကြားခဲ့ရာ ရဲစခန်းက ထိုသူအား (ပ) ၇၇ / ၂၀၁၃ ခြေချုပ်နှင့် ခံဝန် ဥပဒေ ပုဒ်မ ၅၁ /(စ) (ဆ) အရ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၎င်း ရဲစခန်းမှလည်း ထိုသူအား လာမည့်လ ၉ ရက်နေ့အထိ ချုပ်မိန့် ရီမန်အား မြို့နယ်တရားသူကြီးထံ ဆက်လက်၍ တောင်းခံ ရယူထားခဲ့ပြီး ထိုသူ၏ နေထိုင်ရပ်တည်မှု အခြေအနေများနှင့်ပတ်သက်၍ ရဲပုံစုံ (၇၁) အရ ကျောက်ဆည်မြို့မ ရဲစ ခန်းသို့ အကြောင်းကြားစာများပေးပို့ထားရှိကြောင်း သိရှိရသည်။
မော်လိုက်
 Monywa Times


ကေအဲန်ယူ ခေါင်းဆောင်တွေ ဝန်ကြီးဦးအောင်မင်းနဲ့ ဆွေးနွေး




ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေးကနေ နိုင်ငံရေးဆွေးနွေးပွဲတွေအထိ ဖြစ်လာအောင်ကြိုးပမ်းဖို့ ရည်ရွယ်ချက်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိပ်ပိုင်းခေါင်းဆောင်တို့ဟာ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြတယ်လို့ KNU ခေါင်းဆောင်တွေက ပြောပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံးက တင်ပြဆွေးနွေးတဲ့ အကြောင်းအရာတွေကို KNU အဖွဲ့ရဲ့ ဗဟိုအလုပ် အမှုဆောင် ပဒို မန်းငြိမ်းမောင်က RFA ကိုပြောပါတယ်။

“အဓိကကတော့ဗျာ အခုအများပြောပြောနေကြတဲ့ ပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေကတဆင့် နိုင်ငံရေးကိစ္စတွေ ဆက်လက်ဆွေးနွေးဖို့ အဲဒီကိစ္စတွေပါမယ်၊ နောက်တခါ အင်အားစုအားလုံး တိုင်းရင်းသားတွေရော၊ နိုင်ငံရေးပါတီတွေရော အကုန်လုံးပါဝင်တဲ့ ညီလာခံကြီးတစ်ရပ်ပေါ့ဗျာ အဲဒါတွေကို သဘောထားညှိနှိုင်းဆွေးနွေးပြီးတော့ နည်းလမ်းတွေရှာမှာပေါ့ဗျာ၊ နောက်ပြီးတော့ အပစ်အခတ်ရပ်စဲရေးကိစ္စတွေက နှစ်ဘက်လိုက်နာရမယ့်ကိစ္စတွေကို ပိုပြီးချောမွေ့လွယ်ကူအောင်ပါ”

ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲမှာ KNU ဥက္ကဌ မူတူးစေးဖော ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီအပါအဝင် ခေါင်းဆောင် ၉ ဦးတို့လည်း ပါဝင်ကြတယ်လို့ သိရပါတယ်။

မကြာခင်ကာလမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးပါဝင်တဲ့ ပြည်လုံးကျွတ် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ကျင်းပနိုင်ဖို့ အစိုးရက စီစဉ်နေတယ်လို့ သိရပါတယ်။
RFA Burmese

အချစ်ရေး ပျက်သုဉ်းခဲ့မှုအပေါ် မိုင်လီဆိုင်းရပ် ဖွင့်ဟ


မိုင်လီဆိုင်းရပ်စ်က သူမ၏ ပျက်ပြားခဲ့သော အချစ်ရေးနှင့် ပတ်သက်ပြီး ပထမဆုံးအကြိမ်အဖြစ် အရိပ်အမြွက် ပြောဆိုမှု ပြုလုပ်ခဲ့သည်။ မိုင်လီက သူမနှင့် လီယမ်ဟမ်းဆွော့သ်တို့သည် စေ့စပ်ကြောင်းလမ်းမှုကို တရားဝင် မဖျက်သိမ်းမီ လပိုင်းကတည်းက လမ်းခွဲနှင့်ပြီး ဖြစ်နေကြောင်း ပြောဆိုသွားသည်။ မိုင်လီသည် Hunger Games: Catching Fire မင်းသား လီယမ်နှင့် (၃)နှစ်ကျော် တွဲလာခဲ့သော်လည်း ယခုလအတွင်း အပြီးတိုင် လမ်းခွဲခဲ့ကြသည်။ သူမသည် Desire အမည်ရှိ သီချင်းတွင် အချစ်ရေးကို ဆုံးခန်းတိုင်စေလိုသော ဖော်ပြမှုမျိုးဖြင့် ရေးသားထားပြီး ထိုသီချင်းကို ဖေဖော်ဝါရီလ ကတည်းက ရေးသားဖြစ်ခဲ့ခြင်းဟု ဝန်ခံခဲ့သည်။

Fashion မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် မိုင်လီက "ကျွန်မ အဲဒီသီချင်းကို Valentine's Day ကတည်းက ရေးခဲ့တာပါ။ စိတ်ခံစားချက်အရ အဲဒီတုန်းက အခက်ခဲဆုံး အခြေအနေမျိုးကို ဖြတ်သန်းနေရပြီလေ"ဟု ဖွင့်ဟခဲ့သည်။ သူမက "ကိုယ်က တစ်ယောက်ယောက်ကို စွန့်ခွာဖို့ လိုအပ်နေတယ်။ ဒါပေမဲ့ ကိုယ့်စိတ်က အချစ်ရေးတစ်ခုကို ဆုံးခန်းမတိုင်စေချင်ဘူး။ ထွက်ခွာသွားချင်ပေမယ့် ကျောခိုင်းလို့ မရတဲ့ အချိန်မျိုးပေါ့။ အဲဒီအချိန်မှာ ကျွန်မ ဒီသီချင်းကို ရေးဖြစ်ခဲ့တာပါ"ဟု ပြောကြားခဲ့သည်။ အသက်(၂၀)အရွယ် မိုင်လီနှင့် လမ်းခွဲပြီးနောက် လီယမ်သည် ယခုအခါ မက္ကစီကို အဆိုတော် မင်းသမီး အီဇာ ဂွန်ဇာလက်ဇ်နှင့် အချစ်ဇာတ်လမ်းသစ်တစ်ခု စတင်နေပြီ ဖြစ်သည်။
planet

ထိန်းသိမ်းခံ အမျိုးသမီး လူ့အခွင့်အရေး လှုပ်ရှားသူတွေကို လွှတ်ပေးဖို့ တောင်းဆို




ဖမ်းဆီးခံထားရတဲ့ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ အမျိုးသမီးတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အမျိုးသမီးအဖွဲ့များကွန်ရက် (မြန်မာ) WON နဲ့ အမျိုးသမီးများအဖွဲ့ချုပ် WLB တို့ နှစ်ဖွဲ့က သမ္မတ ဦးသိန်းစိန်ထံ ဒီနေ့ စာရေးသားတင်ပြလိုက်ပါတယ်။

လက်မှတ်ပေါင်း ၄၇ဝ ရေးထိုးပြီး နိုင်ငံတော်သမ္မတဆီ တင်ပြတာဖြစ်ကြောင်း အမျိုးသမီးအဖွဲ့များကွန်ရက် WON ကော်မတီဝင် ဒေါ်ရွှေရွှေစိန်လတ်က ပြောပါတယ်။

“အခုအချိန်မှာ နိုင်ငံရေးသမားတွေကို လွှတ်ပေးနေတဲ့အချိန်မှာ တောင်သူလယ်သမားအရေးကိစ္စ၊ ကျေးလက်နေလူထုအရေးကိစ္စ၊ လက်ပံတောင်းစီမံကိန်းနဲ့ ပတ်သက်ပြီးတော့မှ ကိုယ်ကျိုးကိုမကြည့်ဘဲနဲ့ အမျိုးသမီးတန်မဲ့ ရှေ့တန်းကနေပြီးတော့ ရွပ်ရွပ်ချွန်ချွန်လုပ်နေတဲ့ အမျိုးသမီးခေါင်းဆောင်တွေကို ထောင်ချထားတာကို ပြန်လွှတ်ပေးဖို့၊ အမျိုးသမီးဖိုရမ်ကို တက်ရောက်လာတဲ့ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော ၄၇ဝ ပေါ့နော် လက်မှတ်ထိုးပြီးတော့ သမ္မတဆီကို ဒီနေ့ရက်စွဲနဲ့ ပို့တာပေါ့”

မန္တလေး အိုးဘိုထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဒေါ်နော်အုန်းလှ၊ ကချင်ပြည်နယ်က ဒေါ်ဘောက်ဂျာ၊ နတ္တလင်း အကျဉ်းထောင်မှာရှိနေတဲ့ ဒေါ်မြင့်မြင့်အေးနဲ့ ဒေါ်ခင်မိမိခိုင်အပါအဝင် အထိန်းသိမ်းခံထားရတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီးတွေကို ပြန်လွှတ်ပေးဖို့ စာရေးသားတင်ပြတာလို့သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ဝ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ရန်ကုန်မြို့မှာ EXCEL တာဝါမှာကျင်းပတဲ့ မြန်မာနိုင်ငံ အမျိုးသမီးများဖိုရမ်ကို တက်ရောက်လာတဲ့ အမျိုးသမီး ကိုယ်စားလှယ်အားလုံးက လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

အဲဒီလက်မှတ်တွေရေးထိုး တင်ပြတဲ့စာကို တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေဆီကိုလည်း ပေးပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese

ထီးချိုင့်မြို့နယ်မှာ လယ်သမား ၃ဝဝ ကျော် ဆန္ဒပြ




စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း ကျေးရွာပေါင်း ၂၂ ရွာက တောင်သူလယ်သမား ၃ဝဝ လောက်ဟာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေပြန်ပေးဖို့ ဒီနေ့ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လယ်ယာမြေ ပဋိပက္ခအရေး အစိုးရဌာနဆိုင်ရာတွေက အမြန်ဆုံးဖြေရှင်းပေးဖို့ ပြောကြားခဲ့တာကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ အခုလို ကျေးရွာသားတွေ စုပေါင်းပြီး ဆန္ဒပြရတာလို့ တုံလုံရွာသား ဦးနေဝင်းက ပြောပါတယ်။

ကသာခရိုင်၊ ထီးချိုင့်မြို့နယ် မောင်းကုန်း၊ ပေါင်းနပ်၊ တုံလုံ၊ အောင်သာယာစတဲ့ ကျေးရွာတွေက ရွာသူရွာသားတွေဟာ အသိမ်းခံရတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့အတွက် လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်ထံ မနှစ်က တိုင်ကြားခဲ့ကြတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ဝဝ၅ ခုနှစ် စစ်အစိုးရလက်ထက်က စစ်ကိုင်းတိုင်း ကသာခရိုင်မှာ လယ်ယာမြေဧကပေါင်း သိန်းဂဏန်းနီးပါးအထိ သိမ်းယူရာမှာ အဲဒီကျေးရွာ ၂၂ ရွာက လယ်ယာမြေတွေလည်း ပါသွားခဲ့တယ်လို့ ဆိုပါတယ်။ သိမ်းယူထားတဲ့ လယ်ယာမြေတွေကို နောက်ပိုင်းမှာ ဂရိတ်ဝေါလို ပုဂ္ဂလိကကုမ္ပဏီကြီးတွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်တွေဟာ အဲဒီဒေသမှာ ပြီးခဲ့တဲ့လအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ စစ်ဆေးတွေ့ရှိချက်တွေကို လာမယ့် အောက်တိုဘာလ မှာ ပြန်လည်စတင်မယ့် လွှတ်တော်မှာ ဆွေးနွေးမယ့်အကြောင်း ကတိပေးခဲ့တယ်လို့ တောင်သူလယ်သမားတွေက ပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုချက်နဲ့ မောင်းကုန်းရွာမှာရှိတဲ့ ဂရိတ်ဝေါ ကုမ္ပဏီရှေ့မှာ ပြုလုပ်တာဖြစ်ပြီး ကြွေးကြော်သံ၊ ပိုစတာ အသုံးပြုခွင့်မရခဲ့ဘူးလို့ သိရပါတယ်။
RFA Burmese

လယ်ယာမဲ့ တောင်သူတွေကို နေရာချထားပေးဖို့ သစ်တောဝန်ကြီး ကတိပြု




ယခင်ခေတ်အဆက်ဆက် အစိုးရတွေလက်ထက်ကတည်းက တည်ရှိခဲ့တဲ့ လယ်ယာမြေ ပြဿနာတွေကို မိမိတို့အစိုးရအနေနဲ့ ဖြေရှင်းသွားမှာဖြစ်ကြောင်းနဲ့ လယ်မဲ့ယာမဲ့ဖြစ်ခဲ့တဲ့ တောင်သူလယ်သမားတွေကို နေရာချပေးနိုင်တဲ့အထိ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။

နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက အခုလို ကတိပေးပြောဆိုခဲ့တာပါ။

“ခေတ်အဆက်ဆက်က ဖြစ်ပျက်လာခဲ့တဲ့ ပြည်သူများဘက်မှ လက်မခံနိုင်တဲ့ လယ်ယာကိစ္စများဟာလည်းပဲ မိမိတို့အစိုးရက ကောင်းမွေဆိုးမွေဆက်ခံရတဲ့အထဲက တစ်ခုဖြစ်ပါတယ်၊ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ စီမံဆောင်ရွက်တဲ့နေရာမှာ လယ်မဲ့ယာမဲ့များ အခြေကျနေရာမရှိတဲ့သူများကိုလည်း တရားဝင်နေရာချပေးနိုင်ရေးအထိကို ကျနော်တို့မျှော်မှန်းဆောင်ရွက်နေတာဖြစ်ပါတယ် ”

ဒီနေ့ သတင်းစာရှင်းလင်းပွဲကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအပြင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်စတဲ့ ဌာနဆိုင်ရာအကြီးအကဲတွေ တက်ရောက်ခဲ့ပါတယ်။

တစ်နိုင်ငံလုံးက လယ်ယာမြေပြဿနာတွေနဲ့ ပတ်သတ်လို့ ပြီးခဲ့တဲ့ သတ္တမအကြိမ် ပြည်ထောင်စုလွှတ်တော်က အစီရင်ခံစာ ၃ စောင်နဲ့ လယ်ယာမြေပြဿနာ အမှုပေါင်း ၇၄၅ မှုကို အမြန်ဆုံးဖြေရှင်းပေးဖို့ ပြည်ထောင်စုအစိုးရထံ ပေးပို့ထားတာပါ။

အစိုးရအနေနဲ့ လွှတ်တော်ကပေးပို့ထားတဲ့ မြေယာကိစ္စပေါင်း ၇၄၅ ခုကို တစ်နှစ်အတွင်း အပြီးသတ်ဖြေရှင်းသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
RFA Burmese

LG ရဲ့ စီရီးတွေထဲမှာ လက်တလာ နောက်ဆုံးထွက် LG Vu3


ခွန်နေ(AMMG)

နောက်ဆုံးပေါ်လို့ မပြောရဲလောက်အောင် နောက်ဆုံးထွက် တွေက တန်းစီနေလေတော့ တစ်ပတ်လောက် ကွန်ပျူတာကိုပိတ်ထားလိုက်ရင် နည်းပညာလောကမှာ ခေတ်နောက်ကျန် ခဲ့မယ်ဆိုတဲ့အထိ တီထွင်မူတွေ ကနေ့စဉ်ရက်ဆက်ဆိုသလိုပါပဲ။

အဲတော့ စာစကားနဲ့ပြောရင် ကစားမလား၊နားမလား။ ကိုယ်တိုင်တော့ဝယ်မ
ကိုင်နိုင်ပေမယ့် ထွက်သမျှပေါ်သမျှကို ပါးစပ်လေးအဟောင်းသားနဲ့ကြည့်နေ
ရသူပါ။ နားမယ့်ထဲမှာလည်းမပါသလို ထွက်တိုင်းလည်းမကစား၊စာဖတ်သူ
တွေ သွားရည်ကျလို့ရအောင် မျှဝေဖို့ဆုံးဖြတ်လိုက်တယ်။

အဲဒါကတော့ LG Vu3 တဲ့ခင်ဗျ။ဘာလင်မှာ LG G2 နဲ့ နှိပ်စက်လို့
မဆုံးသေးဘူး ကိုယ်လုံးကိုယ်ထည် ကြီးကြီးနဲ့ ကိုင်ပေါက်လို့ရအောင် LG ရဲ့ 
Vu 3 ကဒီရက်ပိုင်းလေးတင် စင်မြှင့်ထက်မှာ အလှပြခဲ့ပါသတဲ့။

ဝင်းဝင်းပပ မျက်နှာပြင် ၅.၂ လက်မရှိမှာဖြစ်တဲ့ Vu 3 ကပြီးခဲ့ G2 နဲ့ အကျယ်ကတူညီနေပြန်တယ်။သို့ပေမယ့် ခန္ဓာကိုယ်က နည်းနည်းတော့
ဝလာတယ်။ Resolution 1280x960 HD + IPS display နဲ့ပွဲထွက်ထားတယ်။
quad-core Snapdragon 800 processor နဲ့ CPU ကို Quad-core 2.26 GHz Krait 400 အသုံးပြုထားပြီး GPU ပါဝင်မှု Adreno 330 က ပြီးခဲ့ G2 နဲ့ စွမ်းဆောင်ရည်သိပ်မကွာတာကို တွေ့ရတယ်။သိသိသာသာ ကွဲထွက်တဲ့ အချက်တစ်ချက်ကတော့ Touch Pen ပါဝင်လာတာပါပဲ။Note 2,Note 3 တို့ လို စတိုင်လ်ထုတ်ပြီး စိတ်ကြိုက်ရေးခြစ်ဖို့ Touch Pen က မျက်စိကျစရာ
ဖြစ်နေပြန်တယ်။

ကင်မရာပါဝင်မူအပိုင်းကိုပြန်ကြည့်မယ်ဆိုပြန်တော့လည်း အရင် LG G2 နဲ့
ကွာဟမူမရှိပြန်ဘူး။တန်းမြင့်ဖုန်းမှာ ပါဝင်နေကျ နောက်ကင်မရာ 13MP နဲ့
ရှေ့ကင်မရာ 2.1 MP သုံးထားတာက အရင်ဦးဆုံးထွက်ခဲ့တဲ့ LG G2 နဲ့တူနေ
ပြန်ပါတယ်။

ကင်မရာ Features အနေနဲ့ Simultaneous video and image recording, geo-tagging, face detection, HDR ပါတယ်။Video Features က 1080p@60fps, HDR, stereo sound rec., video stabilization စတာတွေ
ပါဝင်တယ်။

သိုလှောင်မူပိုင်းမှာ RAM 2GB အသုံးပြုထားတယ်။Memory ပိုင်းမှာ
တော့ ဘယ်လောက်အထိ အသုံးပြုနိုင်တယ်ဆိုတာကိုပြောဆိုထားခြင်းမရှိ
ဘူး။ ထပ်တိုးအသုံးပြုနိုင်တဲ့ Memory Card Slot လည်းမပါဝင်ဘူး။
Operating System အပိုင်းမှာ Android Version 4.2.2 Jellybean
အသုံးပြုပေးထားတယ်။

ဈေးနှုန်းကိုလည်းကြေငြာထားခြင်းမရှိပေမယ့် Touch Pen ပါဝင်လာတဲ့ အားသာချက်ကြောင့် ပြီးခဲ့တဲ့ LG G2 ထက်ဈေးမနိမ့်တာတော့သေချာတယ်။
မျက်နှာပြင်ကျယ်တာကြိုက်သူနဲ့ အင်တာနက်သုံးရင် စာလုံးကြီးကြီးမြင်တွေ့
ဖို့ဆိုရင် ဒီကောင်ကအဆင်ပြေနိုင်တယ်။
ကဲ...စာဖတ်သူတွေ ကစားမလား...နားမလား......။

Ref:fonearena
TechSpace Journal

ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီနဲ့ သူ့ဖခင်ဖြစ်သူ ဟိုဂေ မက်ဆီကို အခွန်ရှောင်မှု စွဲချက်တွေနဲ့ စပိန်တရားရုံးတစ်ခုမှာ ဒီကနေ့ စတင်ကြားနာေ


ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီနဲ့ သူ့ဖခင်ဖြစ်သူ ဟိုဂေ မက်ဆီကို အခွန်ရှောင်မှု စွဲချက်တွေနဲ့ စပိန်တရားရုံးတစ်ခုမှာ ဒီကနေ့ စတင်ကြားနာ နေပြီ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်တွေအတွင်း အာဏာပိုင်တွေကို ယူရိုငွေ ၄ သန်းကျော် လိမ်လည်ခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။
BBC Burmese

နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့် မြန်မာနိုင်ငံအားထောက်ပံ့ကူညီမှုများ ပိုမိုပေးအပ်ရန် အမေရိကန်သမ္မတ အိုဘားမား လိုလားဟုဆို




အမေရိကန်သမ္မတအိုဘားမား ကြီးမှူးကျင်းပသည့် 'Save TheDate' ဟု အမည်ပေးထားသည့်ပဋိပက္ခဖြစ်ပွားနေသော နိုင်ငံ၂၀ တွင်အခြေစိုက်လုပ်ကိုင်နေသည့် အရပ်ဘက်လူ့အဖွဲ့အစည်းများတွေ့ဆုံသည့် ဆွေးနွေးပွဲအတွင်းသမ္မတ အိုဘားမားက နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့် မြန်မာနိုင်ငံအားပိုမိုထောက်ပံ့ပေးရန် လိုလားကြောင်းပြောကြားခဲ့ပြီးမြန်မာနိုင်ငံ၏ အောင်မြင်သည့်အသွင်ကူးပြောင်းရေး ဖြစ်စဉ်များအား ဂုဏ်ယူသည်ဟု ပြောကြားခဲ့ကြောင်းနှင့်လာမည့်အနာဂတ် ကာလတွင် မြန်မာနိုင်ငံအားယခုထက်ပိုမို၍ ထောက်ပံ့ပေးမည်ဟုလည်းပြောကြားခဲ့ကြော င်းထိုအစည်းအဝေးတွင်ဖိတ်ကြားသဖြင့် မြန်မာနိုင်ငံ၏ အရပ်ဘက်လူ့အဖွဲ့အစည်းများ ကိုယ်စားတက်ရောက်ခဲ့သည့် မခင်လေးက ပြောကြားသည်။

ထိုအစည်းအဝေး မတိုင်ခင်အမေရိကန်နိုင်ငံ၏ UN ဆိုင်ရာ သံအမတ်ကြီးMrs.Samantha နှင့်လည်းတွေ့ဆုံခွင့်ရခဲ့ပြီးတွေ့ဆုံစဉ်တွင် မခင်လေးကမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင်စိန်ခေါ်နေသည့် အချက်များ ရှိနေကြောင်းလည်းထောက်ပြခဲ့ကြောင်းလည်း သတင်းရရှိသည်။

မခင်လေးကအာဏာရ အစိုးရအနေနှင့် အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းတွင် ပြစ်ဒဏ်များထည့်သွင်းထားပြီး အသင်းအဖွဲ့များမှတ်ပုံတင်ကြေးမှာ ငါးသိန်းဟု သတ်မှတ်ထားခဲ့ရာမှအရပ်ဘက် လူ့အဖွဲ့အစည်းများစုစည်းကာ နေပြည်တော်ရှိ ဥပဒေကြမ်းကော်မတီနှင့် ဆွေးနွေးခဲ့ပြီး နောက်တွင်အပြစ်ဒဏ်များအားဖြုတ်ပေးခဲ့ပြီး မှတ်ပုံတင်ကြေးကိုလည်းသောင်းဂဏန်းအထိ လျော့ပေးခဲ့ကြောင်းကိုရှင်းလင်းပြခဲ့သည်ဟု မခင်လေးကပြောကြားခဲ့သည်။

မခင်လေးသည်NLD ပါတီ၏ လူငယ်ထောက်ပံ့ရေးအဖွဲ့ဝင်အဖြစ် လှုပ်ရှားခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် စစ်ထောက်လှမ်းရေးမှဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ ၂၀၁၁ ခုနှစ်မှစတင်ကာ Triangle Women Support Group ကိုစတင်ဖွဲ့စည်း တည်ထောင်ခဲ့သည်။ Triangle Women Support Group မှအမျိုးသမီးများအား ကျန်းမာရေး၊မိသားစုပြုစုပျိုးထောင်ရေး၊ သားဆက်ခြားခြင်းများအား လိုက်လံဟောပြောခဲ့ပြီးအမျိုးသမီးငယ်များအား အသက်မွေးဝမ်းကျောင်းမှုပညာရပ်များအား သင်တန်းပေးခဲ့သည်။ သင်တန်းပြီးပါက အလုပ်အကိုင် ရရှိရေးအတွက်လည်း ကူညီဆောင်ရွက် ပေးသည်ဟုသိရသည်။

EMG
News of Myanmar