မန္တလေးလူသတ်မှုနှင့် ပတ်သက်သည့် တရားခံအချို့ ဖမ်းမိထားပြီဟုဆို

ပို့စ်တင်ချိန် - 7/14/2014 08:29:00 PM


ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ
 မန္တလေးမြို့တွင် ယခုလဆန်းက ဖြစ်ပွားခဲ့သော လူသတ်မှုများနှင့် ပတ်သက်သည့် တရားခံများထဲမှ သုံးပုံတစ်ပုံခန့်ကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သတင်း ရရှိသည်။

ဇူလိုင် ၂ ရက် ညက ဖြစ်ပွားခဲ့သည့် လူသတ်မှုနှစ်မှုနှင့် ဆက်စပ်သည့် တရားခံအချို့ကို ဆယ်ရက်ကျော်အတွင်း ဖမ်းဆီးရရှိနိုင်ခဲ့ပြီ ဖြစ်သော်လည်း အမှန်တကယ် ကျူးလွန်ခဲ့ပြီး တိမ်းရှောင်နေဆဲ တရားခံများ ဆက်လက်ဖမ်းဆီးနိုင်ရန် ကြိုးစားနေရဆဲဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

‘‘တရားခံထဲက သုံးပုံတစ်ပုံလောက်တော့ ဖော်ထုတ်ထားနိုင်ပြီ။ တိတိကျကျ ကွင်းဆက်တွေကို ဆက်ဖော်ထုတ်ဖို့ လုပ်နေတယ်။ လိုနေသေးတဲ့သူတွေက လိုနေသေးလို့ အတိအကျ ထုတ်ပြန်တာမျိုးတော့ လုပ်လို့မရသေးဘူး’’ ဟု ဒုတိယရဲမှူးကြီးစိန်ထွန်း က ပြောသည်။

ယခုလ ၁ ရက်၊ ၂ ရက်နှင့် ၄ ရက်တို့တွင် မန္တလေးမြို့၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ လူသတ်မှု မသင်္ကာသူသုံးဦး အပါအ၀င် မီးရှို့ဖျက်ဆီးမှုဖြင့် မသင်္ကာသူ ၁၀ ဦးနှင့် နာကျင်စေမှု မသင်္ကာသူ ခြောက်ဦးကိုလည်း ဖမ်းဆီးအရေးယူထားပြီး ဥပဒေနှင့်အညီ ဆက်လက် ဖော်ထုတ်စစ်ဆေးနေကြောင်း တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက ယခုလ ၁၃ ရက်တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အစ္စလာမ်ဘာသာဝင် သင်္ချိုင်း ဖျက်ဆီးသူများ၊ မြို့တွင်း ဆူပူလှုံ့ဆော်သူများ၊ ဗလီအတွင်း လက်နက်များနှင့် တွေ့သူများကို တရားစွဲဆိုရန် တင်ပြထားပြီးဖြစ်ကြောင်း၊ ကျန် ပြစ်မှုကျူးလွန်သူများကိုလည်း ဆက်လက်ဖော်ထုတ်  အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ  သတင်းရရှိသည်။

ယခုလ ၃ ရက်က စတင် ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့် မလိုက်နာသည့် ဖြတ်သန်းသွားလာသူပေါင်း ခြောက်ရာကျော်ကို အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း ဒုတိယရဲမှူးကြီးစိန်ထွန်းက ဆက်လက်ပြောကြားသည်။

7day daily