ခရီးသွားလာမှုနဲ့ အေအိုင်ဒီအက်စ် (အမေးအဖြေ)

ပို့စ်တင်ချိန် - 7/03/2014 01:29:00 PM



မေး။    ။ ပြည်တွင်းပြည်ပ ခရီးသွားလာတဲ့ သူတွေဟာ အေအိုင်ဒီအက်စ် ရောဂါဖြစ်မှာကို ပူပန်သင့်ပါသလား။
ဖြေ။    ။ ဒီနေ့ဒီအချိန်အခါမှာ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းမှာ အိတ်ခ်ျအိုင်ဗွီပိုး ရောက်ရှိလို့ နေပါပြီ။ ဒါကြောင့် ခရီသွားများဟာ အေအိုင်ဒီအက်စ် အကြောင်းသိထားသင့်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုး ကူးမကူးဆိုတာ နေရာဒေသနဲ့ မဆိုင်ပါဘူး။ လူတစ်ယောက်ရဲ့ အပြုအမူပေါ်မှာပဲ ဆိုပါတယ်။ ခရီးသွားသွား၊ ကိုယ့်အိမ်မှာပဲနေနေ၊ အေအိုင်ဒီအက်စ်ရော၈ါ မဖြစ်အောင် ရှောင်ရမယ့် အပြုအမူကတော့ အတူတူပဲ ဖြစ်ပါတယ်။ ရောဂါရနိုင်တဲ့ အပြုအမူတွေကို မရှောင်နိုင်သူတွေကတော့ ရောဂါရမှာပါပဲ။
မေး။    ။ ခရီးသွား တစ်ယောက်ဟာ အေအိုင်ဒီအက်စ် အဖြစ်များတဲ့ ဒေသကို ရောက်ဖူးရုံနဲ့ ရောဂါပိုး ကူးစက်လာနိုင်ပါသလား။
ဖြေ။    ။ မကူးစက်နိုင်ပါဘူး။ အိတ်ခ်ျအိုင်ဗွီပိုးဟာ သာမန်လှုပ်ရှားသွားလာတာကနေ မကူးနိုင်ပါဘူး။ အစားအစာ၊ ရေ၊ လေ၊ ပိုးမွှားများ၊ ပတ်ဝန်းကျင်မှာ ရှိတဲ့ အသုံးအဆောင် ပစ္စည်းတွေကနေတဆင့် မကူးစက်နိုင်ပါဘူး။
မေး။    ။ ခရီးသွားတစ်ယောက်ဟာ ဘယ်လို နည်းနဲ့ အိတ်ခ်ျအိုင်ဗွီပိုး ရနိုင်ပါသလဲ။
ဖြေ။    ။ ခရီးသွား တစ်ယောက်ဟာ ကိုယ်ရောက်တဲ့ နေရာဒေသ အသစ်မှာ ရောဂါပိုး ရနိုင်တဲ့ အပြုအမှုတွေ လုပ်ရင် ရောဂါပိုး ကူးစက်လာမှာ ဖြစ်ပါတယ်။ ကဓိကကတော့ ရောဂါပိုး ရှိတဲ့ သူတစ်ယောက်နဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိရာက ကူးကြတာပါ။ ခရီးသွားလို့ နေရာအသစ် ရောက်တဲ့ အခါ လူမှုရေး အထိန်းအကွပ်တွေ မရှိတော့ပါဘူး။ ပတ်ဝန်းကျင်မှာလည်း မျက်နှာစိမ်းတွေချည်းပဲ။ စိတ်လက်ပေါ့ပါး လွတ်လပ်ပြီး သောက်စားပျော်ပါးတတ်ကြ ပါတယ်။ ကိုယ့်အရပ်ဒေသမှာ လူသိမှာစိုးလို့ မလုပ်ဖြစ်တဲ့ အပြုအမှုတွေကို လွယ်လွယ်လုပ်ဖြစ်သွားတယ်။ ကိုယ့်လုပ်ရပ်ကြောင့် ရောဂါပိုး ကူးလာတာပါ။ ဒါကြောင့် ခရီးသွားလာတဲ့ သူတွေ အချို့ဟာ ပြန်လာရင် ရောဂါပိုးပါ လက်ဆောင်ပါလာတတ်ကြပါတယ်။ ခရီးသွားတိုင်း ရောဂါရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်ရဲ့ အပြုအမူပေါ်မှာ မူတည်ပါတယ်။
မေး။    ။ ခရီးသွားလာရင်း လိင်ဆက်ဆံရာကနေတဆင့် အိတ်ခ်ျအိုင်ဗွီပိုး မကူးအောင် ဘယ်လို ကာကွယ်ရပါမလဲ။
ဖြေ။    ။ လိင်ဆက်ဆံရာကနေ တဆင့် ရောဂါပိုး မကူးအောင် ကာကွယ်ရမယ့် နည်းလမ်းတွေကို သိလည်း သိ၊ လိုက်လည်း လိုက်နာမယ်ဆိုရင် ရောဂါကို ကာကွယ်နိုင်ပါပြီ။ ခရီးသွားတွေမှာ ဘာဖြစ်တတ်သလဲဆိုတော့ ရောဂါကူးနိုမယ့် နည်းလမ်းတွေ ကြာဖူးတယ်။ သိတယ်။ နားလည်တယ်။ ဒါပေမယ့် ကိုယ်လုပ်လိုက်တဲ့ အပြုအမူကို ရော၈ါရနိုင်မယ့် အပြုအမူလို့ မထင်ကြပါဘူး။ ဥပမာ ပြောရရင် အပျော်အပါး လိုက်စားရင်း ရောဂါကူးမယ်ဆိုတာ သိကြပါတယ်။ ခရီးထွက်လို့ ကြုံတုန်းကြိုက်တုန်း ပျော်ပါးမိတာကို အပျော်အပါး လိုက်စားတာလို့ မသတ်မှတ်ကြပါဘူး။ တစ်ယောက်တည်းနဲ့ပဲ ဆက်ဆံတာ၊ လိင်ဆက်ဆံဖက်များသူ၊ လိင်အဖော်များတဲ့ သူမှာပဲ ရောဂါကူးတာ၊ တို့က တစ်ယောက်တည်းနဲ့ပဲ ဆက်ဆံတာမို့ ရောဂါ မကူးနိုင်ဘူးလို့ ယူဆကြပါတယ်။
အမှန်တော့ တစ်နှစ်မှ တစ်ခါဆက်ဆံလည်း အန္တရာယ်ရှိတာပါပဲ။ တစ်ခါတလေ ဆက်ဆံလည်း အန္တရယ်ရှိတာပါပဲ။ တစ်သက်မှ တစ်ခါ အကြောင်း မသိတဲ့သူတစ်ယောက်နဲ့ ကွန်ဒုံးမသုံးဘဲ ဆက်ဆံမိရင်တောင် ကူးဖို့ အလားအလာ ရှိတယ်ဆိုတာ ခရီးသွားတွေ သိထားသင့်ပါတယ်။ လူတစ်ယောက်ရဲ့ ရုပ်ရည်ကို ကြည့်ပြီး အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိ မသိနိုင်ဘူးဆိုတဲ့ အချက်ကို အမြဲသတိရဖို့ လိုပါတယ်။ ဒါကြောင့် ခရီးသွားတွေအနေနဲ့ ဘယ်နေရာ ဘယ်အချိန်အခါမှာမဆို ဖြစ်နိုင်ရင် လိင်မပျော်ပါးပါနဲ့။ ပျော်ပါးမယ်ဆိုရင်လည်း ကွန်ဒုံးကို စနစ်တကျ သုံးစွဲပါ။
မေး။    ။ နိုင်ငံခြား ပြန်တွေမှာ အိတ်ခ်ျအိုင်ဗွီပိုး ပါတတ်တယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ။    ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိဆိုတာ လူတစ်ယောက်ရဲ့ အပြုအမူနဲ့ပဲ သက်ဆိုင်ပါတယ်။ နိုင်ငံခြားမှာနေနေ၊ ကိုယ့်ပြည်တွင်းမှာပဲ နေနေ ရောဂါကူးနိုင်တဲ့ နည်းလမ်းတွေ၊ အပြုအမှုတွေက အတူတူပါပဲ။ မြန်မာပြည်မှာ ၁၉၈၈ ခုနှစ်က အိတ်ခ်ျအိုင်ဗွီပိုးကို နိုင်ငံခြားပြန် သင်္ဘောသား တစ်ယောက်မှာ စတွေ့ခဲ့လို့ တစ်ချို့နိုင်ငံခြား ပြန်တွေမှာမှ အိတ်ခ်ျအိုင်ဗွီပိုး ရှိတယ်လို့ ထင်ကြပါတယ်။ ဒီထင်မြင်ချက်ဟာ အခုလုံးဝ မမှန်တော့ပါဘူး။ နိုင်ငံခြားပြန် ယောက်ျားကတဆင့် သူတို့ ဇနီးသည်တွေဆီကို ကူးစက်ပါမယ်။ နိုင်ငံခြားကပြန်လာတဲ့ ပြည့်တန်ဆာ အမျိုးသမီးတွေ ဆီကနေ အခြားယောက်ျားတွေကို ကူးစက်ပါမယ်။ ခုအချိန်မှာ နိုင်ငံခြားပြန်မှ မဟုတ်တော့ပါဘူး။ ကိုယ့်အရပ်ကိုယ့်ဒေသမှာလည်း အိတ်ခ်ျအိုင်ဗွီပိုး ရောက်ရှိနေပြီး သာမန်အရပ်သား အချင်းချင်း ကူးစက်နေကြပါပြီ။
ကျန်းမာရေး ဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ) တို့ ပူးပေါင်းထုတ်ဝေသော “HIV/AIDS အမေးအဖြေများ” ဟု အမည်ရသော စာအုပ်မှ ပြန်လည် ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

HIM