ဘောလိဝုဒ်မင်းသား ရှရွတ်ခန်း ပြင်သစ်၏ ဂုဏ်ထူးဆောင်နိုင်ငံသားဆု ချီးမြှင့်ခံရ

ပို့စ်တင်ချိန် - 7/03/2014 09:03:00 AM



ထူးချွန်သော အနုပညာ အရည်အသွေးများအတွက် အိန္ဒိယ ရုပ်ရှင်မင်းသား ရှရွတ်ခန်းကို ပြင်သစ်နိုင်ငံက အဆင့်အမြင့်ဆုံး ဂုဏ်ထူးဆောင် နိုင်ငံသားဆုဖြင့် ဂုဏ်ပြုခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယ ဘောလိဝုဒ် ရုပ်ရှင်ရပ်ဝန်းတွင် အတောက်ပဆုံး ကြယ်တစ်ပွင့်အဖြစ် ရပ်တည်နေသည့် ခန်းသည် ဇူလိုင်က (၁)ရက်နေ့က Knight of the Legion of Honour ဆုကို လက်ခံရရှိခဲ့သည်။

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး လောရင့်ဖေဘီယက်စ်က အိန္ဒိယ၏ ဖျော်ဖြေရေးမြို့တော်ဟု တင်စားခံရသည့် မွမ်ဘိုင်းရှိ တာ့ဂ်ျမဟာနန်းတော် ဟိုတယ်တွင် ခန်းကို ဆုတံဆိပ် ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

“ဘဝမှာ အတွေ့အကြုံ အမျိုးမျိုးကို ဖြတ်သန်းရတဲ့ အခိုက်အတန့်တွေ အများကြီး ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ကိုယ်လျှောက်ခဲ့တဲ့လမ်းဟာ မှန်ကန်တယ်လို့ ခံစားမိတဲ့ အချိန်တွေလည်း ရှိခဲ့တယ်။ ဒီတစ်ကြိမ် အပါအဝင်ပေါ့လေ”ဟု အသက်(၄၈)နှစ်ရှိ ခန်းက ပြောကြားခဲ့သည်။

ဖေဘီယက်စ်က ပြင်သစ်ပြည်သူများသည် ခန်း၏ အနုပညာ အရည်အသွေးနှင့် စေတနာတရား ထက်သန်မှုတို့ကို ချီးကျူးလေးစားကြောင်းလည်း ပြောကြားခဲ့သည်။

“ခန်းဟာ ကမ္ဘာ့နိုင်ငံ အများအပြားမှာ ပရိသတ်တွေ အများကြီး ရရှိထားသူပါ။ သူဟာ ယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာ ကွဲပြားခြားနားတဲ့ အမြင်တွေကို ကျော်လွှားပြီး လူတွေအားလုံးကို သူ့ရဲ့ ရုပ်ရှင်တွေနဲ့ စုစည်းစေနိုင်ခဲ့သူ ဖြစ်ပါတယ်”ဟုလည်း ခန်းကို ဖေဘီယက်စ်က ချီးကျူးဂုဏ်ပြုခဲ့သည်။

ခန်းသည် အနုပညာသက်တမ်း နှစ်ပေါင်း(၃၀)ကျော် ကျင်လည်ခဲ့ပြီးဖြစ်သလို ဘောလိဝုဒ် ရုပ်ရှင်လောကတွင် သူရဲကောင်း တစ်ဦးသဖွယ် လေးစားခံရသူ ဖြစ်သည်။ ခန်းကဲ့သို့ပင် အိန္ဒိယ ရုပ်ရှင်မင်းသားကြီး အမီတာဘတ်ချန်သည်လည်း ပြင်သစ်နိုင်ငံ၏ အလားတူ ဂုဏ်ပြုဆုကို (၂၀၀၇)ခုနှစ်က ရရှိခဲ့ဖူးသည်။



_Ref: Channelnewsasia

7Day Daily