မြင်သမျှ … ကြားသမျှ

ပို့စ်တင်ချိန် - 7/21/2014 08:27:00 PM



ဖြစ်တတ်တဲ့အကြောင်းတရားဆိုလည်း

ကျွန်တော်ပြောပြမယ်ဗျာ။ ဒါဟာ ကျွန်တော့် အမြင်သာဖြစ်လို့ သဘော ထား တိုက်ဆိုင်ချင်မှ တိုက်ဆိုင်ပါလိမ့် မယ်။ ဒါပေမဲ့ ပြောရမယ့်ကိစ္စမို့ လို့ ပြောရ တာပါ။ မကြာသေးခင်ကမှ ကျင်းပပြီးစီး သွားတဲ့ မြန်မာနဲ့ထိုင်း ရိုးရာလက်ဝှေ့ ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခမဲ့ပြသခဲ့လို့ လူတိုင်းလောက်နီးနီး ကြည့်လိုက်ရမှာပါ။ ပွဲစဉ်ေ တွရော၊ လက်ဝှေ့သမားတွေပါ စွဲမက်စရာချည်းပါပဲ။ ကိုယ်တိုင်လည်း အားကစား သမားဖြစ်ခဲ့တာမို့ ဒီကစားပွဲကို အလွန်နှစ်သက်ခဲ့ပါတယ်။ ကျွန်တော့်အဖေ ကိုယ်တိုင် လက်ဝှေ့ဝါသနာအိုးမို့ လက်ဝှေ့ပွဲကို ကျွန်တော်တို့ စွဲလန်းတာသိပ်တော့ ပြောစရာမရှိပါဘူး။

လက်ဝှေ့ပွဲဆိုတာ ရန်သူနှစ် ယောက်က စိန်ခေါ်တိုက်ခိုက်ကြတာ မဟုတ်ပါဘူး။  ပညာရှင်နှစ်ဦးက ပန်းချီကားတစ်ချပ်ကို အတူရေးဆွဲကြသလို အနုပညာဆန်လှပါတယ်။ ဒါကြောင့် ဒေါသမောဟပါတဲ့သူဟာ ရှုံးနိုင်ခြေများလေ့ရှိပါတယ်။ အဲဒီနေ့မှာ ထိုးသွားတဲ့ စိုးလင်းဦးရဲ့ လက်ဝှေ့ပွဲအကြောင်းပြောချင်တာပါ။ စိုးလင်းဦးဟာ ကျွန်တော် သာ မက တစ်နိုင်ငံလုံး အသည်းကျော်လက်ဝှေ့ သမားပါ။ ဘာလို့လဲဆိုတော့ စိုးလင်းဦး ဟာ ကြောက်စိတ်ကင်းတယ်။ မာရည် မြင့်တယ်။ ဘယ်လောက်ပဲ လူကောင် ကွာပါစေ။ နောက်မဆုတ်တမ်း ထိုးတတ်တဲ့အပြင် ထိုးသတ်ပုံ အင်မတန်မှကို သန့်ရှင်းရိုးသားပါတယ်။

အဲဒီနေ့မှာ သူဟာ ထိုင်းလက်ဝှေ့ ကျော် ‘ပါဝိ’ နဲ့ ထိုးသတ်ရပါတယ်။ ပါဝိဆိုတာကလည်း သိကြတဲ့အတိုင်း မြန်မာအကြိုက်ဆုံး နိုင်ငံခြားသား လက်ဝှေ့ သမား ပါ။ မြန် မာနိုင် ငံက နာမည်ကြီးလက်ဝှေ့သမား အတော်များများ နဲ့ လာရောက်ယှဉ်ပြိုင်ပြီး မြန်မာအကြိုက်ဆုံး နိုင်ငံခြားသား လက်ဝှေ့ သမားအဖြစ် သတ်မှတ်ထားကြတာပါ။ သူတို့ နှစ်ယောက်ပွဲက ကြည့်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်မယ်လို့ လူတိုင်း ယုံကြည်ကြပါတယ်။ ဒါပေမဲ့ အဲဒီပွဲဟာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပါတယ်။

ကျွန်တော် ပြောပြပါ့မယ်။ အဲဒီပွဲမှာ စိုးလင်းဦးဟာ ပါဝိကိုသုံးချီမှာနှစ်ကြိမ် အမှတ်စဉ်ရေတွက်ရသည်အထိ ထိုးလှဲထားပြီးပါပြီ။ အဲဒီအချိန်မှာပဲ ခုံဒိုင်ဆိုတဲ့သူက တားပြီး ”စိုးလင်းဦးက ပါဝိကို အလဲထိုးအနိုင်ယူရင် ဆယ့်ငါးသိန်းထပ်မံ ဆုချမယ်” ဆိုပြီးကြေညာလိုက်ပါတယ်။ အဲဒီကစပြီး ပွဲကပရမ်းပတာ ဖြစ်တော့ တာပါပဲ။ ပထမအကြိမ် စိုး လင်းဦးလက်နဲ့ ပါဝိမျက်လုံးခိုက်မိတယ်။ ဟုတ်တယ်။ တကယ်လည်း ခိုက်မိသွားတယ်။ ဒါကို ပရိသတ်က ပါဝိအမူပိုတာလို့ မြင်တယ်။ ထားပါ။ မမြင်ရတဲ့ အနေအထားကိုး။

နောက်တစ်ကြိမ် စိုးလင်းဦးက ပါဝိရဲ့မတော်ရာကို ဒူးနဲ့ တိုက်ပြီး တစ်ချက်ထပ်ကန်ထည့်လိုက်တယ်။ ဒါလည်းထားဦး မတော်တဆပေါ့။ အရှိန်လွန်သွားတာပေါ့။ ဒါ့ အပြင် လေးချီအပြီး ခေါင်းလောင်းသံကြားပြီးမှ စိုးလင်းဦးဟာ ပါဝိကို နှစ်ချက်ဆက်ထိုးပါသေးတယ်။ ဒါကတော့ များပြီပေါ့ဗျာ။ ကဲ..ဒါလည်းထားဦး။ ငါးချီရောက်တော့ စိုး လင်းဦးဟာ နိုင်ချင်စိတ်များပြီး ဘာလုပ်လို့ လုပ်ရမှန်းတောင် သိပုံမပေါ်တော့ဘူး။ အကွက်တွေ ပျောက်ပြီး ဘာလုပ်လို့လုပ်ရမှန်း တောင် မသိအောင်ပါပဲ။ တစ်ဖက်ပြိုင် ဘက် ဘယ်လိုနည်းနဲ့ပဲလဲလဲ။ မလဲလဲအောင်လုပ်ဖို့ အဆင်သင့် ရှိနေတဲ့ပုံပါပဲ။ ဒီလိုနဲ့ ငါးချီအပြီး ဒိုင်အတားမှာမှ ခြေနဲ့နှစ်ချက်ဆင့်ခတ်ပြီး ခေါင်းနဲ့ပါ တစ်ချက် တိုက် ချ လိုက်ပါတော့တယ်။

ဆိုပါတော့ဗျာ။ သုံးချီမှာ နှစ်ခါကျအောင် ထိုးလှဲထားတဲ့ လက်ဝှေ့သမားဟာ နောက်တစ်ခါကျအောင် ထိုးဖို့ဆိုတာ ဘယ်လောက်မှ မခဲယဉ်းတော့ပါဘူးဗျာ။ ဒါပေမဲ့ အဲဒီ အချိန်မှာ အလဲထိုးရင် ဆုတော်ငွေ ဆယ့်ငါးသိန်းဆိုတာက သူ့စိတ်ကို ပြောင်းလဲသွားစေတော့တာပါပဲ။ သူဟာ ပြိုင်ဘက်ကို ဘယ်လိုနည်းနဲ့ နိုင်နိုင်၊ နိုင်ဖို့သာ အဓိက ဖြ စ်ပေါ်သွားတာပါပဲ။ ဒီတော့ သူဟာပြိုင်ဘက်ကို ရန်သူလိုသဘောထား မိသွားပါပြီ။ ဒီတော့ပြိုင်ပွဲဟာ အဲဒီဆုကြေးငွေပေါ်လာတာနဲ့ ပရမ်းပတာစ ဖြစ်ပါပြီ။

ဆုပေးသူ(ကုမ္ပဏီနာမည် မပြောတော့ပါဘူး။) ကလည်း မြန်မာကို နိုင်စေချင်လို့ ဆုပေးတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ရဲ့မက်လုံးတစ်ခုက အားကစား သမားရဲ့ စိတ်အခြေအနေကို ရုတ်ချည်းပြောင်းလဲ သွားစေပါတယ်။ ဆိုလိုတာကဗျာ။ ဆုပေးချင်ရင် ပွဲစမှာပေး။ ဒါမှမဟုတ် ပွဲပြီးမှပေး။ ပေးချင်ရင်မရဘူးလား ခင်ဗျာ။ အခု သူပေးလိုက်တဲ့ မက်လုံးတစ်ခုက အားကစားသမားရဲ့ စိတ်ကို ချက်ချင်း ပျက်စီးသွားစေပြီ မဟုတ်လား။ ခါတိုင်းပွဲတွေမှာ ကိုယ်နဲ့ယှဉ်ပြိုင်သူက ကိုယ့်ထက် အ သက်ကြီး ခဲ့ရင် ဂါရဝတရားနဲ့ ထိုင်ကန်တော့တတ်တဲ့ လက်ဝှေ့သမားရဲ့ စိတ်ကို အရိုင်းစိတ်ဝင်သွားစေတာပါပဲ။ တစ်သက်လုံး ရိုးသားခဲ့သမျှ မိနစ်ပိုင်းအ တွင်း မှာ ပြောင်း လဲသွားတော့တာပါပဲ။

ဆိုလိုတာက ဆုပေးဒဏ်ပေးစနစ်က မကောင်းဘူး မဟုတ်ဘူး။ ကောင်းပါတယ်။ ဒါပေမဲ့ နေရာကျဖို့လည်း လိုပါသေးတယ်။ မြန်မာဘောလုံးအသင်းပဲ ကြည့်ပါလား။ ဂိုး သွင်းသူကို ငါးသိန်းဆုချမယ်ဆိုတာနဲ့ ဘောလုံးသမားတွေက ဘယ်သူ့မှ မပေးတော့ဘူး။ ကိုယ်တိုင် ဂိုးသွင်းပြီး ငါးသိန်းရဖို့သာ ကြိုးစားနေကြတော့ ဘာဖြစ်လဲ ရှုံး တာပေါ့။ အခုလည်း ဒီလိုပေါ့။ ပွဲနိုင်တယ်။ ဂုဏ်သိက္ခာရှုံးတာပေါ့ဗျာ။ ဒါပါပဲ။ နောက်ပြီး လက်ဝှေ့ပွဲတွေမှာ နိုင်ငံတကာနဲ့ခြားနားစွာ ကြိုးဝိုင်းဒိုင်က ဘာသြဇာမှမရှိဘဲ လက်ဝှေ့သမားတွေကို အတင်းထိုးပဲ ထိုးခိုင်းနေတာပါပဲ။ မလုပ်ရဘူးလေဗျာ။ ပထမတန်း လက်ဝှေ့သမားတွေရဲ့ အင်အားဟာ သေတတ်တဲ့ ကိစ္စတွေ။

ဆယ်နှစ်၊ ဆယ်နှစ်

မကြာသေးခင်မှာပဲ ဂျာနယ်တစ်စောင်ရဲ့ သတင်းဖော်ပြမှုအတွက် သတင်းထောက်နဲ့ အယ်ဒီတာကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ဆယ်နှစ်စီ ချမှတ်လိုက်တယ်ဆိုတာ စိတ် မကောင်းစွာ ကြားရပါတယ်။ ရတဲ့လခက သိန်းဂဏန်းမပြည့်၊ ဆောင်းပါးရေးခ ထောင်ဂဏန်းလောက် ကလေးရပြီး အဲဒီဆောင်းပါးရဲ့ရလဒ် က ဆယ်နှစ်ဆိုတော့ ”တန်ရဲ့ လား” ဆိုတဲ့အတွေးမျိုး ဖြစ်မိပါတယ်။ အခု ပြစ်ဒဏ်က ပြစ်ဒဏ်တွေထဲက အမြင့်ဆုံး ပြစ်ဒဏ်စာရင်းထဲ ပါဝင်နေတာမို့ တုန်လှုပ်ရပါတယ်။ မဟုတ်တာတွေ လုပ်၊ မဟုတ် တာတွေ ပြောပြီး ဘာမှ မဟုတ်တဲ့ ပြစ်ဒဏ်ကျခံနေရသူနဲ့ နှိုင်းယှဉ်ရင် တနင့်တပိုးပါပဲ။

ဒီလိုသာ ပြစ်ဒဏ်တွေ ဆက်တိုက် ကျခံရရင် နိုင်ငံတော်တည်ဆောက် ရေးမှာ အဓိကပါဝင်နေတဲ့စတုတ္ထမဏ္ဍိုင်ဆိုတာ အရင်ဆုံး ပြိုလဲသွားမှာပါပဲ။ တချို့ကလည်း ဒီ လိုဖြ စ်နေရင် ဒီမှာ မရေးတော့ဘူး။ နိုင်ငံတကာပဲ ပို့တော့မယ်လို့ ဆိုသူလည်း ဆိုနေကြပါပြီ။ နိုင်ငံတကာပို့တာက ပိုလုံခြုံတယ်ဆိုတဲ့သဘော ဖြစ်မနေဘူးလားခင်ဗျာ။ ဘယ် လိုပဲဖြစ်ဖြစ်၊ အပြစ်ရှိရင်တောင် မျှတတဲ့ပြစ်ဒဏ်ဖြစ်ဖို့တော့ လိုတာပေါ့ဗျာ။ ဒီလိုဆိုပြန်တော့လည်း အယောင်ဆောင် သတင်းစာရှင်းလင်းပွဲ လုပ်တဲ့ လူကြီး ဘယ် လို ပြစ် ဒဏ်မျိုးကျမယ်ဆိုတာ သိချင်ပြန်တယ်။

အိမ်ဖော်ဆို မြန်မာမှ…

အခုတလော ကျယ်ကျယ်လွင့်လွင့်  ကြားနေရတာကတော့ မြန်မာအိမ်ဖော်ဇာတ်လမ်းပါပဲ။ အရှေ့တောင်အာရှရဲ့ အိမ်ဖော်တင်ပို့မှု အများဆုံးနိုင်ငံဆိုတာ ကလည်း နိုင်ငံရဲ့ စီးပွားရေးအခြေ အနေကို ဖော်ပြနေတော့တာပါပဲ။ တချို့နိုင်ငံရဲ့ ဈေးတွေအရှေ့မှာတောင် အိမ်ဖော်တွေဟာ ကလေးထိန်းပြခြင်း၊ အိမ်ရှင်းလင်းခြင်းများကို သရုပ်ပြလုပ်ပြီး ကြိုက်တာ ရွေးယူကြပါဆိုတဲ့ ဈေးခေါ်စနစ်နဲ့ အိမ်ဖော်ကို ရောင်းချနေပါသတဲ့။

အမှန် ပြန်စဉ်းစားကြည့်ပါ။ ဒါဟာ ကျွန်စနစ်ကို ပိုမိုထိရောက်ပေါ်လွင်အောင် ဖော်ပြလိုက်တာပါပဲ။ အဲဒီကျွန်တွေက ဘယ်ကသွားကြတာလဲ။ ဒါဆိုရင် အဲဒီလိုနိုင်ငံက ဘယ်လိုနိုင်ငံမျိုးပါလဲ။ ပြည်တွင်းမှာလည်း ပြဿနာပေါင်းစုံမို့ လုပ်စားလို့မရ။ ပြည်ပ ထွက်သွားတော့လည်း ကျွန်တွေလို သဘောထားခံရမို့ ပြောပြစရာတောင် မရှိတော့ပါဘူး။ ဒါကြောင့် ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းထုတ်စရာပဲ ရှိပါတော့တယ်။

နောက်တစ်ပတ်ပေါ့ဗျာ။

အကြည်တော်

popular journal