ရွှေမျှော ရေလှောင်ပိတ်တန်းကျိုးပေါက် ရွှေကျင်လုပ်သာားလုပ်သားနှစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 5/01/2014 06:52:00 PM



ကိုတိုးကြီး

မင်းကင်း၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာ၊ အပတောတိုက်အတွင်း ရွှေကျင်လုပ်န်းခွင်တစ်ခုတွင် ရွှေမျှော ရေလှောင်ပိတ်တန်း ကျိုးပေါက်ခဲ့ရာမှ ရွှေမျှောလုပ်သား နှစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဧပြီ ၃၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည်ဟု မင်းကင်းမြို့နယ် မောက္ကတော်နယ်မြေ ရဲစခန်းမှတ်တမ်းတွင်
ဖော်ပြထားသည်။

“ လူနှစ်ဦးက ရွှံ့နွှံများအတွင်း နစ်မြုပ်သေဆုံးနေတယ်” ဟု လောင်းပြည့်ကျေးရွာ ဆယ်အိမ်မှူး ဦးအောင်နေလင်းက မဇ္ဈိမကို ပြောသည်။

၎င်းမှတဆင့် မောက္ကတော်နယ်မြေရဲစခန်းသို့ ဖုန်းဆက်၍လည်း အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

အဆိုပါဖြစ်စဉ်ကို မောက္ကတော်နယ်မြေရဲစခန်းမှူး ရဲအုပ် အောင်နိုင်ထွေးနှင့်အဖွဲ့က သွားရောက် စစ်ဆေးရာတွင် သေဆုံးသူလူနှစ်ဦးမှာ မြောင်မြို့နယ်၊ ကျောက်တန်းကျေးရွာနေ မောင်ချစ်ကိုကို နှင့် ဟုမ္မလင်းမြို့နယ်၊ ခေါင်စမ်းကျေးရွာနေ ကိုဟိန်းဇော်တို့ဖြစ်သည်ဟု ရဲစခန်းစစ်ချက်တွင် ရေးသားထားသည်။

သေဆုံးသူတို့မှာ တရားမ၀င် ရွှေမျှောလုပ်ကိုင်ရန် ရေလှောင်ပိတ်တန်များပြုလုပ်ရာမှ တာရိုးကျိုးပေါက်ကာ ရေတွင် မျောပါသေဆုံးခဲ့သည်ဟု ရဲမှတ်တမ်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်ကို မောက္ကတော်နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၄)အရ အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။


ကိုတိုး ချင်းတွင်း