လှိုင်မြို့နယ်နေ အမျိုးသားတစ်ဦး နေအိမ်မှထွက်သွားကာ ပျောက်ဆုံးနေပြီး လေးရက်မြောက်အကြာ အင်လျားကန်အတွင်း ဓားထိုးဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိ

ပို့စ်တင်ချိန် - 7/27/2014 09:31:00 AM


လှိုင်မြို့နယ်နေ အမျိုးသားတစ်ဦးနေ အိမ်မှထွက်သွားကာ ပျောက်ဆုံးနေပြီးနောက် လေးရက်မြောက်အကြာတွင် အင်လျားကန်အတွင်းမှ ဓားထိုးဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းများမှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂ဝ ရက် ည ၈ နာရီခန့်က ကို……(၂၆)နှစ်မှာ ၎င်းနေထိုင်ရာ လှိုင်မြို့နယ်၊ (၂)ရပ်ကွက်ရှိနေအိမ်မှ အပြင်သို့ ခဏသွားမည်ဟုဆိုကာ ထွက်သွားခဲ့ပြီး ပြန်မလာဘဲ ပျောက်ဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ယင်းသို့ ပျောက်ဆုံးနေစဉ်၎င်း၏ အစ်ကိုဖြစ်သူ ကိုရန်နောင်ကျော်ထံသို့ ကြည့်မြင်တိုင်မြို့မ ရဲစခန်းမှ ဇူလိုင် ၂၂ ရက်တွင် ဖုန်းဆက်ကာ စိတ်ကူးသစ်တည်းခိုခန်းသို့ လာရောက်ရန် အကြောင်းကြားသဖြင့် သွားရောက်ရာ ကို…… တည်းခိုခဲ့သည် ဟုဆိုသော တည်းခိုခန်းရှိ အခန်းနံပါတ် (၁ဝ၅) အတွင်း ကို…..အား မတွေ့ရှိရဘဲ၊ ခုတင်ပေါ်ရှိ ခေါင်းအုံးနှင့် အခင်းတို့တွင် သွေးများပေကျံနေပြီး ဓားတစ်ချောင်းနှင့် ကို….. ကိုင်ဆောင်သော ဖုန်းတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းကြောင့် တည်းခိုခန်းအတွင်းရှိ တာဝန်ရှိသူများအား မေးမြန်းရာ ကို…..မှာ ဇူလိုင် ၂၁ ရက် ည ၁ဝ နာရီခန့်က တည်းခိုခန်းအတွင်းမှ အပြင်သို့ ထွက်သွားခဲ့ကြောင်း သိရှိရပြီး လိုက်လံရှာဖွေရာ မတွေ့ရသဖြင့် လှိုင်မြို့နယ်၊ ပိတောက်ချောင်း နယ်မြေရဲစခန်းတွင် လူပျောက်အမှတ်စဉ်(၆/၁၄) ဖြင့် တိုင်တန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လူပျောက်တိုင်တန်းပြီး ရှာဖွေနေစဉ် ဇူလိုင် ၁၄ ရက်၌ မြောက်ဥက္ကလာပ ဆေးရုံကြီး၌ လူသေအလောင်းတစ်လောင်း ရောက်ရှိလာကြောင်း ဆက်သွယ်အကြောင်း ကြားသဖြင့် ကိုရန်နောင်ကျော်နှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုရာ ကို…. ဖြစ်နေကြောင်း သိခဲ့ရသည်။

“ကျွန်တော်တို့ ဒီလူသေအလောင်းကို အင်းလျားကန်ထဲမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့တာပါ။ တွေ့တော့ မြောက်ဥက္ကလာပဆေးရုံကို ပို့ပြီးတော့ စစ်ဆေးစေခဲ့တယ်။ နောက်ပြီး ဘယ်သူမှန်း မသိတဲ့အတွက် လူပျောက်တိုင်ထားတဲ့ သူတွေဆီကို ဆက်သွယ် အကြောင်းကြားခဲ့တာပါ” ဟု မရမ်းကုန်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းသို့ဓားထိုး ဒဏ်ရာများဖြင့် သေဆုံးနေမှုနဲ့ ပတ်သက်၍ ကြည့်မြင်တိုင်မြို့မရဲစခန်းမှ စခန်းမှူးဖြစ်သူ ဒုရဲမှူးတိုးရွှေက “လက်ရှိမှာ ဒီဖြစ်စဉ်ကို တိုင်းကနေပြီးတော့ တာဝန်ယူပြီး စစ်ဆေးနေပါတယ်။ ဒဏ်ရာတွေနဲ့ သေဆုံးနေပုံကတော့ လူသတ်မှုလို့ ယူဆရတယ်။ ပထမဆုံးအနေနဲ့ သူတည်းသွားတဲ့ တည်းခိုခန်းကလူတွေကို စစ်ဆေးနေတယ်။ နောက်ပြီး သူတည်းခိုခန်းကနေ ထွက်သွားတယ် ဆိုတာကလည်း တည်းခိုခန်းက စားပွဲထိုးလေးတွေကို စစ်ဆေးထားချက်အရ သိရတာပါ။ အတိအကျ အဖြေကတော့ ထွက်မလာသေးပါဘူး။ နောက်ပြီး ကျူးလွန်သူ ဘယ်သူလဲဆိုတာကိုလည်း စုံစမ်းဆဲပါပဲ။ နောက်တစ်ရက် နှစ်ရက်လောက် နေရင်တော့ တိကျတဲ့အဖြေကို သိရမှာပါ” ဟု ဇူလိုင် ၂၆ ရက် ညနေပိုင်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား ကြည့်မြင်တိုင်မြို့မ ရဲစခန်းက (ပ)၅ဝ၃/၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် ဇူလိုင် ၂၅ ရက်တွင် အမှုဖွင့်ကာ ကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Eleven Media