အေအိုင်ဒီအက်စ် တိုက်ဖျက်နိုင်တော့မည်ဟု ရဲရဲ ပြောနိုင်ပြီ

ပို့စ်တင်ချိန် - 7/28/2014 07:02:00 PM


တစ်ချိန်က ကုရာနတ်္ထိဆေးမရှိခဲ့သော အေအိုင်ဒီအက်စ်ကို လာမည့် နှစ်ပိုင်းများအတွင်း တိုက်ဖျက်နိုင်တော့မည်ဟု ရဲရဲတင်းတင်း ပြောနိုင် သည့် အခြေအနေရောက် လာပြီ။ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော အေအိုင်ဒီအက်စ်ရောဂါကို ၂၀၃၀ ပြည့်နှစ်မှာ အပြည့်အ၀ထိန်းချုပ်နိုင် မည်ဟု နိုင်ငံတကာ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လှုပ်ရှားသူများက ရဲရဲတင်းတင်း ပြောလိုက်ပြီ။ ယခင်က ကုရာနတ်္ထိ ဆေးမရှိ၊ ယခုလည်း အမြစ် ပြတ်ကုစရာ ဆေးမရှိသေးသည့်တိုင် အပြည့်အ၀ ထိန်းချုပ်နိုင်မည်ဟု ဆိုလိုက်ခြင်းမှာ ယုတ်္တိမရှိဟု ထင်စရာရှိသည်။ မည်သည့် နည်းလမ်းများဖြင့် ထိန်းချုပ်ကြပါမည်နည်း။

၂၀၃၀ မှာ အေအိုင်ဒီအက်စ် အမြစ်ပြတ် ဆေးပေါ်ပြီး အားလုံးကို ကုသပေးနိုင်မည်ဟု မဆိုလို။ သို့သော် လက်ရှိပေါ်နေပြီဖြစ်သော အေအာဗွီ ကဲ့သို့ အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးဖြင့်ပင် အိပ်ခ်ျအိုင်ဗွီ အသစ် ကူးစက်သူ မရှိအောင် ၂၀၃၀ ခန့်တွင် ထိန်းချုပ်နိုင်တော့မည်။ ထိုအခါ အိပ်ခ်ျအိုင်ဗွီကြောင့်ဖြစ် သည့် အေအိုင် ဒီအက်စ်ဖြစ်ပွားသူ ပမာဏကိုလည်း ထိန်းချုပ်နိုင်တော့မည်။ အသစ်ကူးစက်၊ အသစ် ဖြစ်ပွားသူ မရှိအောင် ထိန်းနိုင်ပြီဆိုလျှင် အမြစ်ပြတ် တိုက်ဖျက်နိုင်ရေး လွန်စွာ နီးစပ်သွားပြီဖြစ်သည်။ လက်ရှိမှာပင် အေအာဗွီဆေးဖြင့် ကမ္ဘာတစ်ဝန်းမှ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရသူ (၁၃) သန်းကျော်ကို လူ့သက်တမ်းစေ့နေနိုင်အောင် စောင့်ရှောက်ထားနိုင်ပြီ။ အေအာဗွီသည် အိပ်ခ်ျအိုင်ဗွီကို အသေမသတ်နိုင် သော်လည်း ခန္ဓာကိုယ်ထဲ ၀င်နေသော အိပ်ခ်ျ အိုင်ဗွီကို မလှုပ်နိုင်အောင်၊ ဆက်မပျံ့ပွားနိုင်အောင် ထိန်းပေးထားသည်။ ထိုသို့ ထိန်းလိုက်သဖြင့် အိပ်ခ်ျအိုင်ဗွီပိုးသည် ခန္ဓာကိုယ် ခုခံအားစနစ်ကို ဒုက္ခ မပေးနိုင်တော့။ ထိုအခါ ခုခံအားကျဆင်းသည့် အေအိုင်ဒီအက်စ်ရောဂါ အဆင့်သို့ မရောက်ရှိတော့ဘဲ ပိုးရှိလျက်နှင့်ပင် သက်တမ်းစေ့နေနိုင်သွားသည်။

အိပ်ခ်ျအိုင်ဗွီပိုးရှိသူ တစ်ဦးထံမှ ထပ်ဆင့်ကူးစက်ခံရသည့် နှုန်းကို တစ်ယောက်ထက် နည်းအောင် ကြိုးပမ်းသွားမည်ဖြစ်သည်။ ဆိုလိုသည်မှာ အိပ်ခ်ျအိုင်ဗွီ ရှိသူ (၁၀) ဦးရှိသည်ဆိုပါက ထိုလူများက တစ်ဆင့် ထပ်ကူးခံရသူ ပမာဏသည် (၁၀) ဦးအောက်သာ ရှိအောင် ထိန်းချုပ်သွားမည်။ ထိုသို့ ထိန်းချုပ်သွားခြင်းဖြင့် အချိန်တို အတွင်းမှာပင် အိပ်ခ်ျအိုင်ဗွီဖြင့် နေထိုင်ရသူ ပမာဏသည် ကျပြီးရင်း ကျဆင်းသွားမည်။ အိပ်ခ်ျအိုင်ဗွီကို သိပ္ပံပညာက စတွေ့သည်မှာ (၃၃)နှစ်လောက်သာရှိ သေးသည်။ ထိုကာလတို အတွင်း အိပ်ခ်ျအိုင်ဗွီကို နိုင်နင်းအောင် ထိန်းချုပ်နိုင်သည့် အခြေအနေမျိုးရှိလာသည်မှာ ကြီးမားသော အောင်မြင်မှုကြီးဖြစ်သည်။သိပ္ပံသုတေသနပိုင်းကလည်း အားကောင်းသလို၊ နိုင်ငံရေးပိုင်းကလည်း အိပ်ခ်ျအိုင်ဗွီအေအိုင်ဒီအက်စ်တိုက်ဖျက် ရေးအား တက်သရောရှိခြင်းကြောင့် ယခုကဲ့သို့ အောင်မြင်ခြင်းဖြစ်သည်။

ကုလသမဂ္ဂ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးအဖွဲ့ကြီး UNAIDS ၏ စာရင်းအရ ပြီးခဲ့သည့်တစ်နှစ်အတွင်း ကမ္ဘာတစ်ဝန်း အေအိုင်ဒီအက်စ် ဖြင့် လူ (၁ ဒသမ ၅)သန်း သေဆုံးကြောင်း သိရသည်။ သေဆုံးနှုန်း အများဆုံးဖြစ်ခဲ့သော ၂၀၀၅ ခုနှစ်က (၂ ဒသမ ၄) သန်းထက်သိသာစွာ လျော့ကျ လာပြီဖြစ်သည်။ သေဆုံးနှုန်းလျော့ကျလာသလို အိပ်ခ်ျအိုင်ဗွီ အသစ် ကူးစက်ခံရသူနှုန်း ကလည်း တစ်နှစ်ပြီးတစ်နှစ် လျော့ကျလာနေပြီကို တွေ့ရသည်။ သို့ဖြစ်ရာ ၂၀၃၀ ပြည့်နှစ်ရောက်သည့်အခါ အိပ်ခ်ျအိုင်ဗွီ အသစ်ကူးစက်မှု လုံးဝထိန်းချုပ်နိုင်ရမည်ဟူသော ရည်မှန်းချက်မှာ အဓိပ္ပာယ်ရှိ၍ ဖြစ်နိုင်သော ရည်မှန်းချက်ဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီ ထိန်းချုပ်ရေး၊ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လက်နက်ကောင်းများကို ပြီးခဲ့သည့် အပတ်က သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၌ ကျင်းပခဲ့သောအကြိမ် (၂၀)မြောက် နိုင်ငံတကာ အေအိုင်ဒီအက်စ်အရေး ဆွေးနွေးပွဲတွင် နိုင်ငံတကာမှ ပညာရှင်များ တင်ပြခဲ့ကြသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ အစည်းအဝေးတက်ရန် လာသည့် ကိုယ်စားလှယ် ခြောက်ဦးသည် ယူကရိန်း နိုင်ငံ အရှေ့ပိုင်း၌ မလေးရှား လေယာဉ် MH 17 ပျက်ကျမှုတွင် ကွယ်လွန်ခဲ့ရသည်။ ၎င်း တို့အနက် တစ်ဦးမှာ နိုင်ငံတကာ အေအိုင်ဒီအက်စ် အဖွဲ့ကြီး (International AIDS Society) ၏ ဥက္ကဋ္ဌ ဟောင်းဂျိုးလန်း ဖြစ်သည်။ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးလှုပ်ရှားမှု၏ မီးရှူးတန်ဆောင်တစ်ဦး အဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။ မည်သို့ပင် ဆိုစေ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လှုပ်ရှားမှုများကား အင်အားကောင်းကောင်း ဆက်ချီတက်မည်ဖြစ်သည်။

ကူးစက်မှု ဘရိတ်အုပ်

အိပ်ခ်ျအိုင်ဗွီ ကူးစက်မှု ထိန်းချုပ်နိုင်မည့် နည်းလမ်းများစွာလည်း ရှိနေပြီဖြစ်ကြောင်း အစည်းအဝေးသို့ တက်ရောက်လာသော တောင်အာဖရိ က အေအိုင်ဒီအက်စ် သုတေသနစင်တာမှ စလင်းအဗ္ဗဒူးကာရင်မ်က ပြောသည်။ အိပ်ခ်ျအိုင်ဗွီ ရှိသူများကို ဆွေးနွေး ပညာပေးခြင်းနည်း၊ ကွန်ဒုံးသုံးခြင်း နည်း၊ အေအာဗွီ ကဲ့သို့ အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးများပေးခြင်းနည်းများသည် လွန်စွာ ထိရောက် သောနည်းလမ်းများ ဖြစ်လာပြီ။ ထိရောက် သောနည်းလမ်း များထဲမှ ပို၍ထိရောက်သော နည်းလမ်းကား အေအာဗွီဆေး ဖြစ်သည်။ အေအာဗွီသည် အိပ်ခ်ျအိုင်ဗွီရှိသူ ခန္ဓာကိုယ်ထဲက ပိုးကိုသိသိသာသာ ထိန်းချုပ် ပေးနိုင်ရာ ထိုသူမှတစ်ဆင့် အခြားသူများသို့ ကူးနိုင်ခြေ အလွန်နည်းသွားသည်အထိ ထိန်းချုပ်ပေးနိုင်ကြောင်း တွေ့ရသည်။

လေ့လာမှုတစ်ရပ်အရ ဇနီးခင်ပွန်း တစ်ဦးဦး၌ အိပ်ခ်ျအိုင်ဗွီရှိနေသော အိမ်ထောင်သည် စုံတွဲများတွင် ပိုးရှိသူကို အေအာဗွီဆေးသုံးစေပါက ကူးစက်မှု (၉၆) ရာခိုင်နှုန်းထိ လျှော့ချနိုင်ကြောင်း တွေ့ရသည်။ ပုံမှန် နေ့စဉ်ဘ၀ လူပေါင်းစုံထဲတွင် ကူးစက်မှု လျှော့ချ ပေးနိုင်စွမ်းကိုလည်း လေ့လာမှု စစ်တမ်း တစ်ရပ်ပြုစုထားသည်။ တောင်အာဖရိကနိုင်ငံ ကွာဇူလူ-နာတယ် တက္ကသိုလ်က စစ်တမ်းပြုစုခြင်း ဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီပိုးရှိသူ (၃၀)မှ (၄၀)ရာ ခိုင်နှုန်းထိကို အေအာဗွီဆေး တိုက်ကျွေးထားနိုင်သော ဒေသများတွင် နေထိုင်သော ရောဂါမရှိသူများနှင့် အေအာဗွီ ဆေး (၁၀) ရာခိုင်နှုန်းခန့်သာ တိုက် ကျွေးထား နိုင်သော ဒေသများတွင် နေထိုင်သော ရောဂါ မရှိသူများကို ယှဉ်ကြည့်သည်။ ထိုအခါ အေအာဗွီဆေး ရာခိုင်နှုန်း များများ တိုက်ကျွေးထား နိုင်သော ဒေသများတွင် နေထိုင်သော ရောဂါမရှိသူများသည် အိပ်ခ်ျအိုင်ဗွီကူးစက်ခံ ရနိုင်ခြေ (၃၈)ရာခိုင်နှုန်းထိ နည်းပါးကြောင်း တွေ့ခဲ့ရသည်။

အိပ်ခ်ျအိုင်ဗွီရှိသူများကို အေအာဗွီဆေးဖြင့် ထိန်းပေးနိုင်သလို အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံ ရနိုင်ခြေများသည့် ပတ်ဝန်းကျင်တွင် နေထိုင်သော လူကောင်းများအတွက်လည်း Truvada ကဲ့သို့အိပ်ခ်ျအိုင်ဗွီ ကာကွယ်ဆေးများရှိသေးသည်။ ဆန်ဖရန်စစ်္စကိုရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ရောဘတ် ဂရန့်သည် Truvada ဆေးကို အစဦး စမ်းသပ်တီထွင်သူများထဲတွင် ပါဝင်သည်။ မဲလ်ဘုန်းမြို့ အေအိုင်ဒီအက်စ်အရေး ဆွေးနွေးပွဲတွင် မစ္စတာ ဂရန့်က ကမ္ဘာ့ တိုက်ကြီးလေးခုရှိ နေရာ (၁၁) နေရာတွင် ပြုလုပ်ခဲ့သော ၎င်း တို့၏ သုတေသနများအကြောင်း ဆွေးနွေးတင်ပြသွားသည်။

Truvada သည် အိပ်ခ်ျအိုင်ဗွီ ကူးစက် မခံရအောင် (၉၀)ရာခိုင်နှုန်းထိ ကာကွယ် ပေးနိုင်ကြောင်း မစ္စတာ ဂရန့်က ပြောသည်။ နေ့တိုင်း သောက်ဖို့လည်း မလို။ တစ်ပတ် လေးကြိမ်သောက်လျှင် စိတ်ချရသည်။ နေ့တိုင်းဆေးသောက်ဖို့ မေ့တတ်သူများအတွက် အဆင်ပြေစေမည်ဖြစ်သည်။ သို့သော် Truvada သည် ဈေးကြီးလွန်းနေသေးသည်။ ဆေးတစ်လစာကို ဒေါ်လာ(၁၃၀၀) လောက်ကျသင့်သည်။ ဈေးကြီးလွန်းခြင်းက Truvada ၏ တွင်ကျယ်မှုကို အတားအဆီး ဖြစ်စေလျက်ရှိသည်။

အိပ်ခ်ျအိုင်ဗွီ ထိန်းချုပ်ဖို့ လက်နက် ကောင်း တော်တော်များများရှိလာပြီ။ သို့သော် Truvada ဥပမာကဲ့သို့ပင် ဈေးကြီးနေ သေးခြင်းသည် အတားအဆီး ဖြစ်နေသည်။ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး အတွက် နိုင်ငံရေးပိုင်း၏ စိတ်အားထက်သန်စွာ အားပေးမှုအရှိန်မသေဖို့လည်း လိုသေး သည်။ ၂၀၀၀ ပြည့်နှစ်တွင် စတင်ချမှတ် အကောင် အထည်ဖော်ခဲ့သော ကုလသမဂ္ဂထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များထဲတွင် အေအိုင် ဒီအက်စ် တိုက်ဖျက်ရေးကို အဓိက လုပ်ငန်း စဉ်ကြီးတစ်ရပ်အဖြစ် ထည့်သွင်းခဲ့သဖြင့် ကမ္ဘာ့ နိုင်ငံများသည်လည်း အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြသည်။ သို့သော် ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များသည် ၂၀၁၅ တွင် သက်တမ်းကုန်ဆုံးတော့မည်။ ၂၀၁၅ လွန်ရည်မှန်းချက် မူကြမ်းများထဲတွင် ကား အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးကို အဓိကအသားပေး ဖော်ပြထားသည်မျိုး မတွေ့ရသေးရာ နိုင်ငံရေးပိုင်းက စိတ်အား ထက်သန်မှုကျဆင်းသွားမှာ စိုးရိမ်ရသည်။ စိုးရိမ်မည်ဆိုလည်း စိုးရိမ်စရာဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ကာကွယ် ရေးနှင့် ကုသရေးလုပ်ငန်းများအတွက် ကမ္ဘာ တစ်ဝန်း တစ်နှစ်ကို ဒေါ်လာ(၁၉) ဘီလီယံ လိုအပ်ရာ ရှေ့လာမည့် နှစ်ပိုင်းများတွင် ပြည့်မီအောင် ကောက်ခံမရနိုင်မည့် အလားအလာများတွေ့နေရပြီ။ အေအိုင်ဒီ အက်စ် တိုက်ဖျက်ရေး လှုပ်ရှားသူများ ငွေနည်းနည်း နဲ့ အလုပ်များများတွင်အောင် လုပ်နိုင်မည့် နည်းလမ်းများ ရှာဖွေကြရမည်။

အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရပြီးနောက် ဖြစ်နိုင်သမျှ အချိန်တိုအတွင်း အေအာဗွီဆေး သောက်သုံးနိုင်လျှင် အိပ်ခ်ျအိုင်ဗွီဆိုးကျိုး ခံစားရမှု အနည်း ဆုံးဖြစ်မည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ပြောသည်။ သို့သော် မည်သူသည် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရပြီ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ဖို့က မလွယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝန်း အိပ်ခ်ျအိုင်ဗွီပိုးရှိသူ (၃၅) သန်းရှိသည်။ ၎င်းတို့အနက်(၁၉) သန်းခန့် သည် အိပ်ခ်ျအိုင်ဗွီပိုး ရှိကြောင်း ကျန်းမာရေးအဖွဲ့များက ဖော်ထုတ်မှတ်တမ်းတင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ဖော်ထုတ်သိရှိခြင်း မရှိသည့်အတွက် ထိုလူများကို အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးပေးဖို့ မဖြစ်နိုင်သေးသလို၊ ထိုသူများထံကတစ်ဆင့် အခြားသူများထံ မကူးစက်အောင် ပညာပေး ဆွေးနွေးခြင်းမျိုးလည်း မလုပ် နိုင်ဘဲ ဖြစ်နေသည်။ ထိုလူများ ကျန်ရှိနေသမျှ အိပ်ခ်ျအိုင်ဗွီကို ထိန်းချုပ်ဖို့က ခက်နေဦးမည်ဖြစ်သည်။ အေအိုင်ဒီအက်စ် အဆုံးသတ်ပစ်ဖို့ ဝေးနေဦးမည်။ ထိန်းချုပ်ရေးအပြင် ကျန်ရှိနေသေးသူ (၃၅) သန်းခန့်ကို ပျောက်အောင် ကုပေးနိုင်အောင်လည်း ထပ်တိုး ကြိုးပမ်းကြရမည်။

လွန်ခဲ့သည့် နှစ်နှစ်က ၀ါရှင်တန်တွင် ကျင်းပသော (၁၉)ကြိမ်မြောက် နိုင်ငံတကာ အေအိုင်ဒီအက်စ်အရေး ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးမှု များထဲ၌ ကုသနိုင်မည့် မျှော်လင့်ချက်များလည်း ပါသည်။ အမေရိကန် နိုင်ငံ မစ်္စစ်္စပီပြည်နယ်မှ ကလေးငယ် မိန်းကလေး တစ်ဦးကို မွေးပြီးပြီးချင်းမှာပင် အေအာ ဗွီဆေးပေး၍ ကုသခဲ့သည်။ ကလေးငယ် သည် မိခင်ထံမှ အိပ်ခ်ျအိုင်ဗွီ ကူးစက်လာ ခြင်းဖြစ်သည်။ ကလေးငယ်ကို (၁၈) လသားအထိ အေအာဗွီဆေးပေးကာ အိပ်ခ်ျအိုင်ဗွီကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ ထို့နောက် မိခင်ဖြစ်သူသည် နေရပ်ပြောင်းသွားရာ ကလေးကိုလည်း အေအာဗွီဆေး ဆက်တိုက်ကျွေးနိုင်ခြင်း မရှိဘဲ အဆက်ပြတ်သွားခဲ့သည်။ ကလေးနှင့် ပြန်ဆက်သွယ်နိုင်သည့် အချိန်တွင် စစ်ဆေးကြည့်ရာကလေးတွင် အိပ်ခ်ျအိုင်ဗွီပိုး လုံးဝမရှိတော့ကြောင်း တွေ့ခဲ့ရသည်။ ထိုအတိုင်းမှန်လျှင် ကလေး၏ အိပ်ခ်ျအိုင်ဗွီကို ပျောက်အောင် ကုလိုက်နိုင်ပြီဟု ဆိုနိုင်သည်။ ဆရာဝန်များသည် ကလေးကို အေအာဗွီဆေး ဆက်မတိုက်ဘဲ အခြေအနေကို စောင့်ကြည့်နေခဲ့ကြသည်။ ယခု ဇူလိုင်လ ဆန်းပိုင်းတွင် ကလေးမှာ အိပ်ခ်ျအိုင်ဗွီ ပြန်ပေါ်လာ သည်။ ဆေးဖြတ်လိုက်ပြီး ၂၇ လအကြာတွင် အိပ်ခ်ျအိုင်ဗွီ တစ်ကျော့ပြန် ပေါ်လာခဲ့သည်။

နောက်ထပ် တစ်ယောက်ကား ဂျာမနီနိုင်ငံ ဘာလင်မြို့မှ တင်မိုသီ ဘရောင်းဖြစ်သည်။ ဘရောင်းသည် အိပ်ခ်ျအိုင်ဗွီ ရှိပြီး သွေးကင်ဆာဒဏ် လည်း ခံစားနေရသဖြင့် သွေးကင်ဆာကုထုံးအဖြစ် ၎င်း ကို ရိုးတွင်းခြင်ဆီ လဲလှယ်ခဲ့သည်။ ၎င်း ထံ လဲလှယ် ထည့်သွင်းခဲ့သော ရိုးတွင်းခြင်ဆီသည် မျိုး ဗီဇအရ အိပ်ခ်ျအိုင်ဗွီဒဏ်ခံနိုင်သူတစ်ဦးထံမှ ဖြစ်ရာ ရိုးတွင်းခြင်ဆီ လဲလှယ်ပြီးနောက် ဘရောင်းတွင် အိပ်ခ်ျအိုင်ဗွီပိုး မရှိတော့ကြောင်း တွေ့ခဲ့ရသည်။ ယခုအချိန်ထိ ဘရောင်းသည် ပထမဆုံးသော အိပ်ခ်ျအိုင်ဗွီ ကုသပျောက်ကင်းသူအဖြစ် သတ်မှတ်ခံထားရသည်။ဘရောင်းကို ကုသခဲ့သော နည်းမျိုးသည် လူတိုင်းကို လုပ်ပေးနိုင်သော နည်းကားမဟုတ်။

သုတေသနများက ဝေဒနာရှင်တစ်ဦးချင်းစီ၏ မျိုးဗီဇကိုယူကာ အိပ်ခ်ျအိုင်ဗွီဒဏ် ခံနိုင်သည့် မျိုးဗီဇများအဖြစ် ဓာတ်ခွဲခန်းတွင် ပြောင်းလဲပြီး နောက် ဝေဒနာရှင်ထံ ထည့် သွင်းပေးကာ အိပ်ခ်ျအိုင်ဗွီကို တိုက်မည့်နည်းကိုလည်း စမ်းသပ်နေကြပြီ။ ထိရောက်သော လက်တွေ့နည်းတစ်ရပ်အဖြစ် ပေါ်လာဖို့ အချိန်ယူ လုပ်ကိုင်ဖို့တော့ လိုသေးသည်။ တစ်နည်းမဟုတ် တစ်နည်းဖြင့်တော့ အိပ်ခ်ျအိုင်ဗွီကို မလွှဲမသွေ တိုက်ဖျက်နိုင်လာလိမ့်မည်။ ယခု ထိတော့ တိုက်ရိုက်ကုဆေး မရှိသေး။ သို့ဖြစ်ရာ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံ ထားရသူများ လက်ရှိမှာ လုပ်ရန်ကား အကျိန်းသေဆုံးနည်းဖြစ်သည့် အေအာဗွီ ဆေး ပုံမှန်သောက်သုံးကြဖို့ ဖြစ်သည်။

Ref: The 20th International AIDS Conference _ Is the end in sight? (The Economist)
messengernewsjournal