နားမကြားသူ သခင်ကို မီးလောင်မှုမှ ကယ်ဆယ်ခဲ့တဲ့ သစ္စာရှိခွေး

ပို့စ်တင်ချိန် - 7/24/2014 09:19:00 AM



အမေရိကန် အင်ဒီယန်းနားပိုးလစ် မြို့မှ အေ့စ် Ace အမည်ရှိ ခွေးကလေး တစ်ကောင်
မှာ မီးလောင်မှု တစ်ခုတွင် အကြားအာရုံ ချို့ယွင်းနေသော ၎င်း၏ သခင်ဖြစ်သူကို
လျှာဖြင့်လျက်၍ သတိပေး ကယ်ဆယ်နိုင်ခဲ့ခြင်းကြောင့် ယခုအခါ ၎င်းကို သူရဲကောင်းသဖွယ် ချီးကျူး ဂုဏ်ပြုနေကြသည်ဟု ဇူလိုင် ၂၁ရက်က သည်အင်ဒီပင့်ဒင့် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။


၎င်း၏ သခင်ဖြစ်သူ နစ်လမ့်ဘ်သည် မွေးရာပါ နားလေးနေသူ ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်က ၎င်း၏ နေအိမ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ၎င်းမှာ နားတွင် အကူအညီပစ္စည်းများ တပ်ဆင်ခြင်း မရှိဘဲ အိပ်ပျော်နေခဲ့သည်။ ထို့ကြောင့် နေအိမ်တွင် မီးတောက်များ ပျံ့နှံ့လာသော အချိန်တွင် ၎င်းမှာ ခွေးကလေး အေ့စ်က သတိပေး ဟောင်နေခဲ့မှုများကို ကြားနိုင်ခြင်း မရှိခဲ့ပေ။ ယင်းအခြေအနေတွင် ခွေးကလေး အေ့စ်မှာ ၎င်း၏ အသက်ဘေးအတွက် ထွက်ပြေးမည့် အစား အိပ်ပျော်နေသော ၎င်း၏ သခင်ဖြစ်သူ၏ မျက်နှာကို လျာဖြင့် လျက်၍ နှိုးခဲ့သည်။

“ကျွန်တော့် ခွေးလေးက မျက်နှာကို လာလျက်နေလို့ ကျွန်တော် နိုးခဲ့ရပါတယ်” ဟု လမ့်ဘ်က ပြောသည်။ အခန်းထဲအထိ ဝင်ခဲ့သော မီးခိုးများမှာ ၎င်း၏ အခန်းအတွင်း ဖုံးလွှမ်းနေပြီ ဖြစ်ရာ ၎င်းမှာ လျှင်မြန်စွာဖြင့် တီရှပ်တစ်ထည်ကို ဆွဲယူ၍ နှာခေါင်းနှင့် ပါးစပ်တို့ကို ပိတ်ခဲ့ပြီး အိမ်နောက်ဖေး တံခါးမှ ထွက်ခွာ ခဲ့ရသည်။

ဖိနပ် မပါသော လမ့်ဘ်နှင့် ၎င်း၏ အဖော် အေ့စ်တို့မှာ အိမ်အတွင်းမှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ ထွက်ခွာ နိုင်ခဲ့ပြီးနောက် အရေးပေါ် ဖုန်းနံပါတ် ၉၁၁ နှင့် လမ့်ဘ်၏ မိခင်ဖြစ်သူထံသို့ ဆက်သွယ်နိုင်ခဲ့သည်။

Mizzima News Daily