အာဇာနည်နေ့တွင် ဟွန်းသံရှည်တီးက လိုင်စင်ပိတ်မည်


ဇူလိုင် ၁၉၊ အာဇာနည်နေ့တွင်ဟွန်းဆက်တိုက်တီးသည့် မော်တော်ယာဉ်များကို
ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဟု အမှတ်(၂)
ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ရုံးဒုရဲမှူးကြီး ဦးလင်းထွဋ်
က ပြောသည်။

“ဟွန်း အဆက်မပြတ်တီးခြင်းက ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်တယ်။ တီးတဲ့အတိုင်းအတာအပေါ် မူတည်ပြီး ဆုံးဖြတ်မှာပါ”ဟု ၎င်းက ဆိုသည်။

ဇူလိုင် ၂ ရက်က ထုတ်ပြန်လိုက်သည့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဥပဒေများအရ ပထမအကြိမ် တစ်လမှ တစ်နှစ်၊ဒုတိယအကြိမ် သုံးလမှ နှစ်နှစ်၊ တတိယအကြိမ်ခြောက်လမှ သုံးနှစ်နှင့် စတုတ္ထအကြိမ် တစ်နှစ်မှ လေးနှစ်အထိ လိုင်စင်ပိတ်သိမ်းမည်ဖြစ်သည်။

၂၀၁၃ ခုနှစ် အာဇာနည်နေ့က ဘတ်စ်ကားများနှင့် ကိုယ်ပိုင်ယာဉ်များတွင် ၁၉ ဇူလိုင် မမေ့နိုင်ပါ စာတန်းများ ကပ်ကာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြပြီး ရန်ကုန်မြို့ပေါ်တွင် ယနေ့အချိန်ထိ လှုပ်ရှားမှုတစ်စုံတစ်ရာ မတွေ့ရသေးပေ။

စည်းကမ်းမလိုက်နာသူများကို လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူခြင်းကို ဇူလိုင် ၁၁ ရက်မှ စတင်ခဲ့ပြီး စည်းကမ်းမဲ့အရေးယူမှု အမျိုးအစားပေါင်း ၁၄ မျိုးဖြင့် ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းလိုက်သည့်အမှုပေါင်း ၃၆ မှု ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Mizzima News Daily

မန္တလေးလူသတ်မှုနှင့် ပတ်သက်သည့် တရားခံအချို့ ဖမ်းမိထားပြီဟုဆို


ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ
 မန္တလေးမြို့တွင် ယခုလဆန်းက ဖြစ်ပွားခဲ့သော လူသတ်မှုများနှင့် ပတ်သက်သည့် တရားခံများထဲမှ သုံးပုံတစ်ပုံခန့်ကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သတင်း ရရှိသည်။

ဇူလိုင် ၂ ရက် ညက ဖြစ်ပွားခဲ့သည့် လူသတ်မှုနှစ်မှုနှင့် ဆက်စပ်သည့် တရားခံအချို့ကို ဆယ်ရက်ကျော်အတွင်း ဖမ်းဆီးရရှိနိုင်ခဲ့ပြီ ဖြစ်သော်လည်း အမှန်တကယ် ကျူးလွန်ခဲ့ပြီး တိမ်းရှောင်နေဆဲ တရားခံများ ဆက်လက်ဖမ်းဆီးနိုင်ရန် ကြိုးစားနေရဆဲဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

‘‘တရားခံထဲက သုံးပုံတစ်ပုံလောက်တော့ ဖော်ထုတ်ထားနိုင်ပြီ။ တိတိကျကျ ကွင်းဆက်တွေကို ဆက်ဖော်ထုတ်ဖို့ လုပ်နေတယ်။ လိုနေသေးတဲ့သူတွေက လိုနေသေးလို့ အတိအကျ ထုတ်ပြန်တာမျိုးတော့ လုပ်လို့မရသေးဘူး’’ ဟု ဒုတိယရဲမှူးကြီးစိန်ထွန်း က ပြောသည်။

ယခုလ ၁ ရက်၊ ၂ ရက်နှင့် ၄ ရက်တို့တွင် မန္တလေးမြို့၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ လူသတ်မှု မသင်္ကာသူသုံးဦး အပါအ၀င် မီးရှို့ဖျက်ဆီးမှုဖြင့် မသင်္ကာသူ ၁၀ ဦးနှင့် နာကျင်စေမှု မသင်္ကာသူ ခြောက်ဦးကိုလည်း ဖမ်းဆီးအရေးယူထားပြီး ဥပဒေနှင့်အညီ ဆက်လက် ဖော်ထုတ်စစ်ဆေးနေကြောင်း တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက ယခုလ ၁၃ ရက်တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အစ္စလာမ်ဘာသာဝင် သင်္ချိုင်း ဖျက်ဆီးသူများ၊ မြို့တွင်း ဆူပူလှုံ့ဆော်သူများ၊ ဗလီအတွင်း လက်နက်များနှင့် တွေ့သူများကို တရားစွဲဆိုရန် တင်ပြထားပြီးဖြစ်ကြောင်း၊ ကျန် ပြစ်မှုကျူးလွန်သူများကိုလည်း ဆက်လက်ဖော်ထုတ်  အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ  သတင်းရရှိသည်။

ယခုလ ၃ ရက်က စတင် ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့် မလိုက်နာသည့် ဖြတ်သန်းသွားလာသူပေါင်း ခြောက်ရာကျော်ကို အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း ဒုတိယရဲမှူးကြီးစိန်ထွန်းက ဆက်လက်ပြောကြားသည်။

7day daily

ဒီမိုးကြောင့်လား၊ လူတွေကြောင့်လား - မြင်သမျှ … ကြားသမျှ




ဒီတစ်နှစ် မိုးတွင်းမှာတော့ အထူးခြားဆုံးကတော့ ဓာတ်ကြိုးပြတ်ကျပြီး လူသေဆုံးမှု စံချိန်တင်လိုက်တာပါပဲ။ ခါတိုင်းနှစ်တွေမှာ မိုးတွင်းမှာ ဓာတ်လိုက်သေဆုံးမှုတွေ ကြီးကြီးမားမား မကြားရပေမယ့် ဒီနှစ်မှာတော့ စံချိန်တင်သေဆုံးမှုတွေ ဖြစ်နေတာ တွေ့ရပါတယ်။ နောက်ထပ် ပိုထူးခြားတာက ဓာတ်လိုက်သေဆုံးမှုများကို နစ် နာကြေး တွေလည်း လိုက်ပေးနေတယ်လို့လည်း သိရပြန်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒါဟာ အပြစ်မဲ့ သေဆုံးမှုပါပဲ။ အပြစ်မဲ့ သေဆုံးသူတွေများလာရင် ကြိုတင်ကြံစည်ထားသလို ဖြစ်တဲ့အတွက် လူသတ်မှုလည်း မြောက်လာပါလိမ့်မယ်။ ဒီကာလမှာ ဒါမျိုးတွေ ဖြစ်နိုင်တဲ့အတွက် ကြိုတင် ပြင်ဆင်ပြီးပြုပြင်ထားရမှာပါ။ အခုတော့ ပြုပြင်ရမှာကို မပြုပြင်ခဲ့လို့ အပြစ်မဲ့တဲ့ ပြည်သူတွေ အသက် ဆုံးရှုံးနေ ရတော့ တာပါပဲ။

တစ်ကြိမ်လည်းမဟုတ်၊ နှစ်ကြိမ်လည်းမဟုတ်တဲ့အတွက် ဘယ်သူ့မှာတာဝန်ရှိပါသလဲ။ ဒီလျှပ်စစ်မီးရဖို့ ပြည်သူပြည်သားအားလုံးက အခကြေး ငွေ ပေးထားရပါတယ်။ အခုလူတွေ သေစေခဲ့တဲ့ လျှပ်စစ်မီးကိုဘယ်သူကမှ အလကားရထားတာ မဟုတ်ပါဘူး။ ဒီလို အခကြေးငွေပေးထားရတဲ့အတွက် ပြည်သူတွေကို အာမခံချက်တော့ ပြန်ပေး ရမှာပါ။ အခုတော့ ကိုယ်အခကြေးငွေ ပေးဆောင်ထားရတဲ့အရာနဲ့ ကိုယ့် အသက်ကို ပြန်နုတ်ယူခံနေရတယ် ဆိုတော့ ဘယ်သူ့မှာ တာဝန်ရှိလဲခင်ဗျာ။

ဖြစ်ပြီးသွားမှ လျော်ကြေးပေးတာမျိုးက ဖြစ်သင့်သလားခင်ဗျာ။ ဒါဆိုရင်မေးစရာရှိပါတယ်။ လူဆိုတာ ဘယ်လောက်တန်သလဲခင်ဗျာ။ ဒါမှမဟုတ် ခင်ဗျားတို့ ဘယ်လောက် တန်သလဲသိချင်ရင် အဲဒီဓာတ်ကြိုးလေး ကိုင်လိုက်ပါ။ ဘယ့်နှယ်ဗျာ ကိုယ်အခကြေးငွေ ပေးဆောင်ထားတဲ့ အရာနဲ့ ကိုယ့် အသက် အန္တရာယ် ပြန်အခြိမ်းခြောက် ခံနေရ တယ်လို့။ ဒါလည်း ဘယ်သူ့မှာမှ တာဝန်မရှိဘူးလားဗျာ။ ကဲ…လုပ်ကြပါဦး။

ပဋိပက္ခဘွန်ဆိုင်း

ဘယ်က ဘယ်လိုထုတ်လွှင့်လိုက်တဲ့ သတင်းမှန်းမသိရဘဲ မန္တလေးမှာ မလိုအပ်ဘဲပဋိပက္ခကြီးထွားခဲ့ရပါတယ်။ ဒါဟာ အမြဲတမ်း ဖြစ်နေကျလို့ပဲ ပြောရ တော့မှာပါပဲ။ ဒါပေ မဲ့ အဲဒီလို သွေးထိုး လှုံ့ဆော်သူတွေ  အဓိကပြုလုပ်ကြိုးကိုင် နေသူတွေကို ဘယ်တော့မှ ဖမ်းမမိနိုင်တာပါပဲ။ တစ်ခါကလည်း ကားကြီး ကားငယ်နဲ့ နယ်တကာ လှည့် ပြီး အော်ဟစ်သွေးထိုးကြတာမျိုး ဖြစ်ခဲ့တယ်။ ကား တွေနဲ့ဗျာ။ လမ်းတွေမှာ အော်သွားကြတာ။ ဘယ်သူမှ ဖမ်းမမိကြဘူး။ ကဲ.. စဉ်းစားကြည့်ဗျာ။ လုံခြုံရေး အစောင့် အကြပ်တွေ အများကြီးရှိတဲ့ လမ်းမပေါ် ကားတစ်စီးနဲ့ လိုက်အော်သွားတာ ဘယ်သူမှမမိဘူး။ ဖမ်းမမိဘူးဆိုတော့ဗျာ။ အံ့သြစရာတော့ ကောင်းနေပါပြီ။

ဘယ်ပြဿနာမဆို အမြစ်ကစတင် ရှင်းလင်းရမှာကို၊ အမြစ်ဆိုတာ ဘယ်တုန်းကမှ မမြင်ရဘဲ ကိုင်းဖျားကိုင်းနားတွေလောက်နဲ့ပဲ ကိစ္စပြီးပြီးသွားတာဆိုတော့ ပဋိပက္ခတွေကို ဘွန်ဆိုင်းပင် စိုက်သလို စိုက်နေသလားတောင် ထင်မိရတယ်ဗျာ။ ဘွန်ဆိုင်းပင်ဆိုတာ သိတယ်မဟုတ်လား။ ပုံတူမျိုးပွား အပင်သေးလေးတွေ။ အသေချာဂရုစိုက်မှ ရှင်တာ မျိုးလေ။ နေ့စဉ် ကိုင်းဖျား ကိုင်းနားလေး တွေညှပ်ညှပ်ပေးနေရတယ်။ ဒါမှ အပင်က ကြီးထွားနှုန်းမြန်တာ။

အဲဒီလိုပဲ ဖြစ်နေတာဗျာ။ စဉ်းစားကြည့်။ နေ့စဉ် သစ်ခိုးထုတ်တာ မိနေတယ်။ သစ်သူခိုးကြီးမမိဘူး။ နေ့စဉ်မူးယစ်ဆေးဝါးတွေ မိနေတယ်။ ဒိုင်တွေကို မမိဘူး။ ပဋိပ က္ခ ဖြစ်ကြတယ်ဗျ။ အဓိက ဆူပူမှုဖြစ်အောင် လုပ်နေသူကို မမိဘူး။ ကဲ..ဘွန်ဆိုင်းပင်လိုပဲ စိုက်နေကြသလားတောင် ထင်မိတော့တယ်။

ရှောက်သီးဆေးပြားလှည်း

မကွေးတိုင်းမှာ ခွင့်ပြုချက်မရဘဲ အသံချဲ့စက်သုံးတဲ့အတွက် တာဝန်ရှိသူတချို့ကို ဖမ်းဆီးလိုက်တယ်ဆိုတာ သိရပြန်တယ်။ ထုံးစံအတိုင်း ပိုင်နက် ကျူးလွန်မှုလည်း ပါေ သးပေါ့။ အဲဒီလိုသာ အသံချဲ့စက်အသုံးပြုဖို့ လျှောက်လွှာသာတင်နေရမယ်ဆိုရင် လမ်းပေါ်မှာရှောက်သီးဆေးပြားသည် တောင်ဖြတ်ခွင့်ရမှာ မဟုတ်ဘူး။ စဉ်း စားကြည့်လေ ကျွန်တော်တို့လို ရပ်ကွက်တွေမှာ ကောင်မလေးက ကောင်လေးကို မကြိုက်လို့ အလိမ္မာနဲ့ ငြင်းချင်ရင် ”လော်စပီကာသံ မကြားရတဲ့နေ့ နင့်ကို အဖြေပေးမ ယ်” ဆိုပြီး ပြောလိုက်ရင် အဲဒီကောင်လေး အိုသေဖို့ပဲရှိတယ်။ လော်စပီကာသံ မကြားရတဲ့နေ့တော့ မရှိဘူး။ အဲဒီလိုသာ လော်စပီကာကြောင့် အရေးယူမယ်ဆို အတော် များများဟာလည်း နေ့စဉ် တရားစွဲခံနေရမှာပါပဲ။ထူးခြားတာက တရားခံတွေကတော့ သိရပြီး တရားလိုက ဘယ်သူပြုတယ်ဆိုတာ မရှင်းပြထားသေးပါဘူး။ တကယ်ဆို ဒီလိုကြီးကျယ်တဲ့ တရား စွဲဆိုမှုမျိုးဆိုရင် တရား လိုအနေနဲ့ ဘာကြောင့်တရားစွဲရတယ်ဆိုတာ သတင်းစာရှင်းလင်းပွဲ လုပ်သင့်ပါတယ်။ ဒါမှလည်း ပြည်သူတွေက အဖြစ်မှန် ကို သိကြရမှာလေ မဟုတ်ဘူးလား။

မြန်မာ အလှမယ်တစ်ယောက် ကမ္ဘာမှာသွားရောက်ယှဉ်ပြိုင်ခဲ့ပြီး အလှမယ်ဆုရခဲ့ပေမယ့် သူ့ရဲ့သရဖူကို ပြန်လည်သိမ်းယူမယ်ဆိုတဲ့ သတင်းတွေ ကလည်း အံ့သြစရာ ပါပဲ။ ကျွန်တော့် တစ်ယောက်တည်း အမြင်နဲ့ပြောရရင် သူ့ဖာသာသူ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ ဂုဏ်ဆောင်ခဲ့တာပဲဗျာ။ နိုင်ငံ အနေနဲ့ကတော့ ဂုဏ်ယူရမှာပေါ့။ အဲဒီလို မဟုတ်ဘဲ လမ်းမှားရောက်ပြီး သရဖူ ပြန်အသိမ်းခံရရင် တက်နေတဲ့ ကိုယ့်ရဲ့ဂုဏ်သိက္ခာ ကျဆင်းသွားဖွယ်သာ ရှိပါတယ်။

အခုခေတ်မှာ ညှိလို့ မရဘူးဆိုတာ မရှိပါဘူး။ ဒါပေမဲ့တစ်ယောက်ကို တစ်ယောက် ခြိမ်းခြောက်နေမယ်၊ အကျပ်ကိုင်နေမယ်၊ ညစ်နေမယ်ဆိုရင်တော့ ဘယ်လို မှ ပြေ လည် စရာ မရှိပါဘူး။အလှမယ်ကိုယ်တိုင်ကလည်း ဘယ်လိုအကျပ်အတည်း ပြဿနာတွေ ကြုံနေရသလဲဆိုတာကိုလည်း မသိရပါဘူး။ ဒါပေမဲ့ ဒါမျိုးတွေဟာ မဖြစ်သင့်တဲ့ ကိစ္စလို့ ပဲထင်ပါတယ်။ ဒါဟာကျွန်တော် တို့နဲ့လည်းသိပ်ဆိုင်လှတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နှစ်ပေါင်းမြောက်မြားစွာမှာမှ ကမ္ဘာ့အသိအမှတ်ပြုဆုတံဆိပ် တစ်ခုကို အခုမှ မြန် မာနိုင်ငံသားတစ်ယောက်အနေနဲ့ ရယူပေးခဲ့တယ်ဆိုတဲ့ မှတ်တမ်းတစ်ခုကို နှမြောလွန်းလို့ ပြောရတာပါ။

နောက်ဆုံးကတော့ လမ်းတွေဖျက်ပြီး ပြန်မပြင်ပေးသေးတာကတော့ဒီနေ့အထိပေါ့။ ဒါကို အချို့ ရပ်ကွက်တွေမှာ ”ယတြာချေထားတာလေ” ဆိုတဲ့ စကားကိုပါ ကြားနေ ရတော့ ‘တစ်သက်လုံးအထိတော့ ယတြာမချေနိုင်ပါဘူး” လို့ပဲ တွေးမိထားပါတော့တယ်။  ဒါကြောင့် လမ်းသွားရင် သတိနဲ့သွားပါ။ လမ်းမပေါ် ရေကျော်လို့ အပေါက်ကျွံ ကျနိုင်သလို စည်းကမ်းမဲ့ကားများ ပွဲကြမ်းမှုနဲ့လည်း အန္တရာယ် ကျရောက်နိုင်ပါတယ်။ ဒါမှမဟုတ် အပေါ်က ဓာတ်ကြိုးပြတ်ကျလို့လည်း ဘဝဆုံးနိုင်တာမို့ လမ်းသွားရင် အပေါက်မကျွံကျအောင် ငုံ့ကြည့်ပါ။ ယာဉ်အန္တရာယ် ကြုံ နိုင်တာမို့ ရှေ့နောက်ဝဲယာကြည့်ပါ။ ဓာတ်ကြိုးပြတ်ကျနိုင်လို့ အပေါ်လည်း ကြည့်ပါ။ကျန်းမာကြပါစေ။ ချမ်း သာကြ ပါ စေ။ အန္တရာယ်ကင်းကြပါစေ..

နောက်တစ်ပတ်ပေါ့ဗျာ။

အကြည်တော်

popular journal

ရေကြီးရန် တာစူနေသည့် ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းတို့ ကြိုပြင်ထားရန် ဒေါက်တာထွန်းလွင်သတိပေး


ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်နေသော လေဖိအား  နည်းရပ်ဝန်းကြောင့် ပင်လယ်ပြင် တွင် မုတ်သုံလေအားအလွန် ကောင်းနေပြီး နေရာကွက်၍ မိုး ကြီးနိုင်သည့်အပြင် ပင်လယ်တွင် လှိုင်းကြီးနိုင်သောကြောင့် လိုအပ် သော ကြိုတင်ကာကွယ်မှုများ ပြု လုပ်ရန်လိုအပ်ကြောင်း မိုးလေ၀ သပညာရှင်ဒေါက်တာထွန်းလွင် နှင့် မိုး/ဇလဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။

‘‘မိုးကြီးလို့ ရေကြီးဖို့ တာစူ နေတဲ့ဒေသတွေက ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးတွေပါ။ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှု တွေ လုပ်ထားသင့်ပါတယ်။ ဒီဒေသတွေမှာ မိုးကောင်းနေတဲ့အပြင် အထက်မှာ ရွာတဲ့မိုးကလည်း ဒီမှာလာစုနေတော့ စိုက်ပျိုးရေးအဓိကနေရာတွေဖြစ်တဲ့အတွက် ပိုသတိရှိဖို့လိုတယ်’’ဟု  ဒေါက်တာထွန်းလွင်က ပြောသည်။

ထို့အပြင် ဘင်္ဂလားပင်လယ် အော်၌ ဇူလိုင်လအတွင်း နှစ်ကြိမ် မြောက် လေဖိအားနည်းရပ်ဝန်း ဖြစ်နေပြီး ပင်လယ်တွင် မုတ်သုံ ပေါ်လေအား အလွန်ကောင်းနေ ကြောင်း မိုး/ဇလဌာနဒုတိယညွှန် ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ပြောသည်။ ‘‘ဇူလိုင်လထဲမှာတင် နှစ်ကြိမ်မြောက်ဖြစ်တဲ့ လေဖိအား နည်းရပ်ဝန်းပဲ။ သူကလည်း အား ကောင်းနေတဲ့အပြင် အရှေ့ဘက် ကလာတဲ့ လေတွေကလည်း ဒီ ရက်တွေမှာ အားကောင်းနေလို့ အောက်ပိုင်းဒေသတွေမှာရော ကွက်ပြီးမိုးကြီးနိုင်တဲ့ သတိပေး ချက်ထုတ်ထားတယ်’’ဟု ဦးကျော်မိုးဦးကပြောသည်။

အရှေ့ဘက်မှလာသော လေ ပွေလှိုင်းများကြောင့် ရှမ်းပြည် နယ်ဘက်တွင်လည်း မိုးကောင်းနိုင် ပြီး ရှမ်းပြည်အရှေ့ပိုင်းနှင့် တောင် ပိုင်းတွင် ဇူလိုင် ၁၂ ရက်က ပုံမှန်ထက် မိုးရွာသွန်းမှုပိုခဲ့ကြောင်း ဒေါက်တာထွန်းလွင်က ပြော သည်။ ရှမ်းပြည်အရှေ့ပိုင်းတာ ချီလိတ်မြို့တွင် ဇူလိုင် ၁၂ ရက် ညနှင့် ၁၃ ရက် နံနက်က သုံးနာရီခန့် ကြာသည်း ထန်စွာရွာခဲ့သော မိုး ကြောင့် မြေပြိုကာ လူခုနစ်ဦးသေဆုံးရသည်အထိ သဘာဝဘေး အန္တရာယ်ရင်ဆိုင်ခဲ့ရသည်။

ယခုရက်ပိုင်း အတွင်းဖြစ် ပေါ်နေသော ရာသီဥတုအခြေအ နေများအရ ရန်ကုန်၊ ဧရာဝ တီ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေ ရာကွက်၍ မိုးကြီးနိုင်ပြီး မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့်  ကမ်းလွန် ပင်လယ်ပြင်တို့တွင် လေတိုက်နှုန်းတစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်။

7daydaily

Facebook ပေါ်တွင် အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော်ရေးသားသည့် အီရန်လူငယ်(၈)ဦး ထောင်ဒဏ်များ ချမှတ်ခံရ


Facebook ပေါ်တွင် အစိုးရ ဆန့်ကျင်ရေးဆိုင်ရာ ရေးသားလှုံ့ဆော်မှုများအတွက် အီရန်လူငယ်
 (၈)ဦးကို ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း
သိရှိရသည်။

ဇူလိုင် (၁၄)ရက်တွင် အီရန်တရားရုံးတစ်ခုက အမည်ဖော်မပြသော လူငယ်(၈)ဦးကို ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ၎င်းတို့သည် အမျိုးသား လုံခြုံရေးကို ထိပါးခြင်း၊ အစိုးရ ဆန့်ကျင်ရေး ဝါဒဖြန့်မှုများ လုပ်ဆောင်ခြင်း၊ အီရန်နိုင်ငံ ခေါင်းဆောင်များ၏ ဘာသာရေးဆိုင်ရာ စံနှုန်းတန်ဖိုးများကို စော်ကားခြင်းတို့အတွက် ပြစ်ဒဏ်ချမှတ် ခံရခြင်းဟု ဆိုသည်။

တဟီရန်၊ ယာ့ဇ်၊ ရှီရက်ဇ်၊ အေဘာဒန်၊ ကာမန်မြို့များမှ လူငယ်များသည် ထောင်ဒဏ် (၁၁)နှစ်မှ (၂၁)နှစ်ထိ အသီးသီး ပြစ်ဒဏ်ချမှတ် ခံခဲ့ရပြီး အဆိုပါ စီရင်ချက်များကို အယူခံဝင်ရန် တရားရုံးက ခွင့်ပြုထားကြောင်းလည်း သိရသည်။

အီရန်အစိုးရသည် Twitter နှင့် Facebook တို့ကဲ့သို့ Social Media ဝက်ဘ်ဆိုက်များပေါ်တွင် အစိုးရကို ဆန့်ကျင်ခြင်း၊ ဘာသာရေးကို ဆန့်ကျင်ခြင်းစသော ရေးသားဖြန့်ဝေမှုများအား လိုက်လံစိစစ် အရေးယူလေ့ ရှိသည်။ အီရန်သမ္မတ ဟူစိန်ရိုဟာနီသည် မိမိကိုယ်ကိုယ် အစွန်းမရောက်သူ တစ်ဦးဟု ကြေညာကာ လူမှုရေး၊ ယဉ်ကျေးမှုနှင့် မီဒီယာ ကဏ္ဍများတွင် ယခင်ထက် လွတ်လပ်ခွင့် ပေးအပ်သွားမည်ဟူသော ကတိဖြင့် ကွန်ဆာဗေးတစ်တို့ကို အနိုင်ရလာသူ ဖြစ်သည်။

သို့သော်လည်း ၎င်း၏ အစိုးရအဖွဲ့သည် ရှေးရိုးစွဲ ဝါဒီများနှင့် ကွန်ဆာဗေးတစ်တို့၏ အတိုက်အခံ ပြုမှုများကြောင့် တရားစီရင်ရေး အပါအဝင် အရေးပါသော အပြောင်းအလဲများကို လက်တွေ့ အကောင်အထည်ဖော်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်။ မေလအတွင်းကလည်း အီရန်တွင် အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော် ရေးသားမှုများအတွက် လူ(၈)ဦးကို ထောင်ဒဏ် (၇)နှစ်မှ နှစ်(၂၀)ထိ ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရှိရသည်။

_Ref: Channelnewsasia
7Day News Daily

ဘဝမျိုးစုံမှာ ဖြတ်သန်းခဲ့ဖူးတဲ့ လင်းလင်းရဲ့ အနုပညာ ကောက်ကြောင်း



လင်းလင်း ဆိုပြီး သူ့ကိုစ သိခဲ့ တာက ၂ဝဝ၅ ဝန်းကျင်က ထွက်ရှိခဲ့ တဲ့ လေးဖြူရဲ့”ခဏလေးများ” စီးရီး မှာ တေးရေး အဖြစ်နဲ့ ဖြစ်ပါတယ်။ Title သီချင်း “ခဏလေးများ” အပြင် ခရီးများ အဆုံးထိလျှောက်၊ သိချင်တယ် စသည့် သီချင်းကောင်းများ၏ တေးရေးအဖြစ် သူ့ကို စတင် အသိ အမှတ်ပြုခဲ့ ရပါတယ်။ တေးရေး အသစ် တစ်ယောက် အနေဖြင့် နာမည်ကြီး တေးသံရှင်ကြီး တစ်ဦး၏ စီးရီးထဲတွင် သီချင်းပုဒ်ရေ ဧရိယာ တော်တော် များများကို ရယူနိုင်ခဲ့ခြင်း ကို ကြည့်လျှင် သူ၏ အရည်အချင်း ကို အသိ အမှတ် မပြုဘဲနေ၍ မရ။ အဲဒီနောက် မှာတော့ မျိုးကြီးရဲ့ နိစ္စဓူဝ၊ အငဲရဲ့ ကိုးစတဲ့ နာမည်ကျော် ရော့ခ်ကာတွေ ရဲ့ ကိုယ်ပိုင် သံစဉ် စီးရီးတွေမှာ လင်းလင်းရဲ့ လက်ရာ တွေကိုတွေ့လာ ရပါတော့တယ်။ မောင်မောင်ဇော်လတ်၊ အယ်ဖြူစတဲ့ ကိုယ်ပိုင် သံစဉ်ကို လက်စောင်းထက် စွာ ရေးသားနိုင်ကြ တဲ့ တေးရေး ဆရာ တွေ ရဲ့ နောက် မျိုးဆက် ကပ်လျက်မှာ ပေါ်လာ တာကတော့ လင်းလင်းပဲ ဖြစ်ပါတယ်။ လင်းလင်းရဲ့ လက်ရာ သီချင်းတွေကို ၂ဝဝ၅ ဝန်းကျင်မှာမှ စတင် ကြားသိခဲ့ ရပေမယ့် သူ့မှာ ကိုယ်ပိုင်သံစဉ် စစ်စစ်တွေ ရှိနေတာ ကတော့ ၁၉၉၈ ခုနှစ်၊ ၈တန်းကျောင်း သားဘဝ ကတည်းကပဲဖြစ်ပါတယ်။ အယ်ဖြူ၊ မောင်မောင်ဇော်လတ် စသူ တွေကို အားကျခဲ့ တဲ့ လင်းလင်းရဲ့ ငယ်စဉ်အိပ်မက်ကတော့ ဒီလိုပါ။

“၉၈ခုနှစ် ၈တန်း၊ ၇တန်း လောက်က စပြီး ဒီအလုပ်ကိုပဲ လုပ် မယ်လို့ ရည်မှန်းချက် ထားတယ်။ ငယ်အိပ်မက်ပေါ့။ အဲဒီမှာစပြီး အဆက်အသွယ် ရတာက ကိုအယ်ဖြူ နဲ့ လူချင်း ဆုံဖူးတာတော့ မဟုတ်ဘူး။ ဖုန်းနံပါတ် ရပြီး ကိုအယ်ဖြူ နဲ့ ဖုန်း အမြဲပြောဖြစ်တယ်။ သူကလည်း ကျွန်တော့် ကို လက်ခံပြောပေးတယ်။ မသိ တာတွေပြောပြ တယ်။ သီတင်း ကျွတ်ကျောင်းပိတ်ရက် တို့ အားလပ် ရက်ဆိုရင် မုန့်ဖိုးတွေ စုထားတာနဲ့ မန္တလေးက ရန်ကုန်ကို တက်လာပြီး ကိုအယ်ဖြူ ဆီ လာတယ်။ ကိုအယ်ဖြူက တအား ပြည့်ဝတဲ့ ပုဂ္ဂိုလ် တစ်ယောက် ဆိုတော့ ဖုန်းထဲမှာ လည်း လက်ခံ စကားပြောပေးတယ်။ အပြင်မှာ လာတွေ့တော့ လည်း မသိ တာတွေ ရှင်းပြတယ် ။ကျောက် မြောင်းထဲက လက်ဖက်ရည်ဆိုင်မှာ ချိန်းတယ်။ ဓမ္မ ဝိဟာရလမ်းက The Arts အဖွဲ့သား တွေ စုနေကြတဲ့ အိမ်ကို ခေါ်ခေါ်သွား ပြီးတော့ ကျွန်တော်ရေး ထား တဲ့ သီချင်းတွေကို တီးပြခိုင်းတယ်။ လိုတာတွေ ရှိရင် ပြပေးတယ်။ သူ ကြိုက်တာတွေ ဆိုလည်း ကောင်း တယ်ပြောတယ်။ ကိုအယ်ဖြူဆီ ကနေ အကြံဥာဏ်တွေ ၊ပညာတွေ လိုတာ ထက် ပိုပြီးတော့ကို ရခဲ့တယ်လို့ ပြောလို့ရတယ်။ ကိုယ်ပိုင်သံစဉ် တစ်ပုဒ်ပေါ်မှာ ချဉ်းကပ်ပုံ ချဉ်းကပ် နည်းက အစရခဲ့တယ်”။

လင်းလင်း အနေ နဲ့၈တန်း ၉တန်း အရွယ်မှာ သီချင်းတွေ ရေးဖြစ် နေပြီး ဂစ်တာ ကိုတော့ ၅တန်းနှစ်က စပြီး self study အနေနဲ့ ကိုယ်ပိုင်ပဲ လေ့ လာခဲ့တယ် လို့လည်း သိရ ပါတယ်။ “အမှန်အတိုင်း ဝန်ခံရရင် ခုချိန် ထိ ဂစ်တာ သင်တန်းလည်း မတက် ဖူးဘူး။ စာအုပ်တွေ ဝယ်ပြီး ကျင့် တယ်။ သူများ တီးတာတွေကို ကြည့် တယ်။ သီချင်းတွေက တစ်ဆင့် မြင် ဆရာ ၊ကြားဆရာတွေပေါ့” လို့ လင်းလင်းက ပြောပြန်ပါတယ်။ မောင်မောင်ဇော်လတ် နဲ့ အယ်ဖြူ တို့ရဲ့ သီချင်းတွေကို ဈာန်ဝင် စားခဲ့ပြီး သူတို့သီချင်း အားလုံးကို လိုက်တီး လိုက်ဆိုခဲ့တဲ့ လင်းလင်းက ၉၈၊၉၉ မှာသူလေးစား သူတွေ နဲ့ ဆုံ ဆည်းဖြစ်ခဲ့ ရာက သူ့ရဲ့ ဂီတအရည် အသွေးက ပိုမို ထွန်းတောက်ခဲ့ပါ တယ်။ ၂ဝဝဝ ခုနှစ်မှာ ဂီတတွေနဲ့ မွေ့လျော်နေပြီဖြစ်တဲ့ လင်းလင်းက တက္ကသိုလ် ဝင်တန်း ကိုတော့ ၂ဝဝ၁ ခုနှစ်မှာ အောင်မြင်ခဲ့ပါတယ်။ မိဘတွေ စိတ်ချမ်းသာဖို့ အတွက် တက္ကသိုလ်0င်တန်းကို ကြိုးစားဖြေ ဆိုခဲ့ပြီး နောက်မှာတော့ကျောင်း ပညာရေးထက် သူ့ရဲ့ မပြီးဆုံးတဲ့ ဂီတ ခရီးပန်းတိုင်ကို ဆက်လက် ရွက်လွှင့် ခဲ့ပါတော့တယ်။

“ဆယ်တန်း ပြီးတော့ စက်မှု ကျောင်းအပ် လိုက်သေးတယ်။ အဲဒါ ကို ပြီးအောင် မတက်တော့ဘဲ ဒီဂီတ ကိုပဲ လုပ်ချင်တော့ မှတ်မှတ်ရရ ၂ဝဝ၂ ကမ္ဘာ့ဖလား အပြီးမှာ ရန်ကုန် ကို အပြီး ထွက်လာခဲ့တယ်။ ကျော ထောက်နောက်ခံ အားနည်းပြီး သာမန်မီးရထား ဝန်ထမ်း မိသားစုက ဆင်းသက်လာတဲ့ လင်းလင်းရဲ့ ဂီတ ခရီးရှည်ကြီး ကတော့ ၂ဝဝ၂ ခုနှစ်မှာ စတင်ခဲ့ပါပြီ။ မန္တလေးသား လင်း လင်း၊ ရန်ကုန်မှာ အမျိုးအဆွေ မရှိတဲ့ လင်းလင်း ရဲ့မြို့ပြရှင်သန်မှု ရက်စွဲ တွေကို ပြန်ကြည့် ရင်တော့ ဂီတအ လုပ် အတွက် ရန်ကုန်ကို ရောက်လာ ပေမယ့်လည်း ဝါသနာ ထက်ဝမ်းရေး ခက် ဆိုတဲ့ အတိုင်း သူဂီတကို ရေကန် အသင့် ကြာအသင့် နဲ့ ထုတ်ဖော်ခွင့် ရခဲ့တာတော့ မဟုတ်ခဲ့ ပါဘူး။ တေးရေးတေးဆို လင်းလင်း ဆိုပြီးလူငယ် သာမက လူလတ်ပိုင်း အထိပါ နှလုံး သားထဲကို ရောက်ရှိအောင်မြင် နေပြီဖြစ်တဲ့ လင်းလင်း ဟာ တစ်ချိန် တုန်း က ကားစပယ်ယာ၊ လမ်းဘေး ဈေးသည် အဖြစ် ရပ်တည်ခဲ့ရတယ် ဆိုတာသူ့ဘဝရဲ့ မှတ်ထားစရာ မ ကောင်းတဲ့ အမှတ်တရတွေလည်း ဖြစ်နေပါတယ်။

“ရန်ကုန်ရောက်တော့ အဆောင် အရင်ရှာတယ်။ အင်းစိန်က အဆောင် တစ်ခုမှာနေတယ်။ စား ဝတ်နေရေး ကလည်း အရေးကြီး တော့တွေ့သမျှ အလုပ်တွေ လုပ်ပြီး ဒါ ကိုဖြေရှင်း ရတယ်။ တော်တော်များ များ လုပ်ခဲ့ဖူးတယ်။ အမှန်အတိုင်း ဝန်ခံရမယ် ဆိုရင် အင်းစိန်ဘက်က ဘတ်စ် ကားတွေမှာ စပယ် ယာဝင် လုပ်တယ်။ ဒါတွေ က တော့ပြောစရာလည်း မလိုတဲ့ အတွက် မပြောခဲ့တာ။ ခု လိုမေးတော့ လည်းပြောပြ ရတာပေါ့။ ပြီးတော့ မြို့ ထဲမှာ လမ်းဘေးဈေး သည် အနေနဲ့ အင်း စိန် အ ဆောင်က သူငယ်ချင်း တွေနဲ့ အတူ ဖန်စီပစ္စည်း တွေလည်း ရောင်းခဲ့ သေး တယ်” လို့ ပြော ပါတယ်။

Popular Journal

အရက်အနည်းငယ်သောက်ခြင်းသည် လူအချို့ ယုံကြည်သလို ကျန်းမာရေးအကျိုးကျေးဇူး မရှိ



ပါရီ− အရက်သောက်သူများ သဘောကျနှစ်ခြိုက်၍ မကြာခဏညွှန်းဆိုလေ့ရှိသည့် အချိန်ကြာမြင့်စွာယုံကြည်ထားခဲ့ကြသော ဆေးဘက်ဆိုင်ရာ အကြံပေးချက်တစ်ခုအရ အရက်တစ်ခွက် (သို့မဟုတ်)နှစ်ခွက်သောက်ခြင်းသည် နှလုံးအတွက်ကောင်းသည်ဟုဆို၏။


သို့သော် အရက်အနည်းအကျဉ်းသောက်သုံးနေခြင်းကိုလျှော့ချလိုက်ပါက နှလုံးသွေးကြောဆိုင်ရာရောဂါများကို ကာကွယ်နိုင်ခြေပိုများလာစေရုံသာမက ကိုယ်အလေးချိန်လျှော့ချရာတွင်လည်းကူညီနိုင်ကာသွေးတိုးလည်းကျစေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်ကဖော်ပြသည်။

မိမိတို့၏လေ့လာမှုအရ အရက်ကိုအနည်းငယ်သောက်သူဖြစ်စေ၊ အသင့်အတင့်သောက်သူဖြစ်စေ၊ အလွန်အကျွံသောက်သူဖြစ်စေ ၎င်းတို့၏အရက်သောက်သုံးမှုကိုလျှော့ချလိုက်ခြင်းဖြင့် နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးဆက်နွှယ်မှုရှိကြောင်းတွေ့ရှိရသည်ဟု သုတေသီများက ပြောသည်။

အရက်သောက်သုံးမှုလျှော့ချလိုက်သူများအနေဖြင့် နှလုံးသွေး ကြောဆိုင်ရာရောဂါအန္တရာယ် ၁၀ ရာခိုင်နှုန်းလျော့ကျသွားနိုင်ပြီး သွေးတိုးခြင်းလည်း လျော့သွားသကဲ့သို့ ခန္ဓာကိုယ်ညွှန်းကိန်း (BMI) လည်းလျော့ကျသွားနိုင်သည်ဟုလေ့လာမှုအသစ်ကဖော်ပြသည်။

သင်သည် အရက် အတန်အသင့်သောက်သုံးသူဆိုလျှင်အရက် သောက်ခြင်းကိုလျှော့ချလိုက်ခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိနိုင်သည်ဟု လေ့လာသူများကပြောသည်။

ယင်းလေ့လာမှုရလဒ်မှာ ယခုခေတ် လူတိုင်းနီးပါးလက်ခံထား သောအရာတစ်ခုကို စိန်ခေါ်လိုက်သောကြောင့် စိတ်ဝင်စားစရာကောင်းသည်ဟု အမှီအခိုကင်းသောသတင်းတင်ဆက်သူများက ပြောသည်။ သို့သော် အချေအတင်ပြောဆိုမှုများဖြစ်လာနိုင်သည်ဟု ၎င်းတို့ကသတိပေးထားသည်။

အရက် အနည်းအကျဉ်းသောက်သုံးခြင်းနှင့် အတန်အသင့်သောက်သုံးမှုဆိုသည်မှာ သီတင်းတစ်ပတ်လျှင် အရက်ယူနစ်ပေါင်း ၁၂ ယူနစ်နှင့် ၂၅ ယူနစ်ကြား သောက်သုံးမှုကိုဆိုလိုသည်။

အရက်ပါဝင်မှု ၅ ရာခိုင်နှုန်းရှိသော ယမကာ ၃၃၀ မီလီလီတာကို အရက် ၁ ဒသမ ၆ ယူနစ်ဟုသတ်မှတ်ပြီး အရက် ၁၂ ရာခိုင်နှုန်းပါဝင်သည့် ဝိုင် ၁၂၅ မီလီလီတာကို အရက် ၁ ဒသမ ၅ ယူနစ်အဖြစ်သတ်မှတ်ကြောင်းသိရသည်။

သို့သော် အရက်ကို လက်မခံနိုင်သော မျိုးရိုးဗီဇရှိသူများတွင် နှလုံးရောဂါကိုလျှော့ချနိုင်သောအတိုင်းအတာဖြစ်သည့်အပြုအမူများ (သို့မဟုတ်)စရိုက်များရှိကြောင်း ပါမောက္ခတင်ဆက်တာကပြောသည်။Ref: AFP

7day daily

ဘွဲ့နှင်းသဘင်ခန်းမကို တယ်လီနော အသုံးပြုမှု ဆန္ဒပြမည်



ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ တယ်လီနော တယ်လီဖုန်းကုမ္ပဏီရဲ့ မိတ်ဆက်ပွဲအခမ်းအနား ကျင်းပခွင့်ပြုတဲ့အပေါ် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ က ကျောင်းအုပ်ချုပ်ရေးကို  ကန့်ကွက်ဆန္ဒပြသွားမယ်လို့ သိရပါတယ်။

တယ်လီနော ကုမ္ပဏီမိတ်ဆက်ပွဲ အခမ်းအနားကို မနက်ဖြန် ဇူလိုင်လ ၁၄ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းအတွက် ဘွဲ့နှင်းသဘင်ခန်းမကို အသုံးပြုခွင့်ပေးတာကို လက်မခံနိုင်တာကြောင့် ကန့်ကွက်သွားမှာဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်း သားသမဂ္ဂအဖွဲ့ဝင် ကိုမင်းသုခက ပြောပါတယ်။

“ကျောင်းသားအရေးလှုပ်ရှားနေတဲ့ သမဂ္ဂကို ကျတော့ ကျောင်းသားအရေးနဲ့ သက်ဆိုင်တဲ့ ဆဲဗင်းဇူလိုင်လို အခမ်းအနားမျိုး၊ နောက်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့လို အခမ်းအနားမျိုး အဲလိုဟာ မျိုးကျတော့ ဘွဲ့နှင်းသဘင်မပြောနဲ့ ကျောင်းရဲ့ပရိဝုဏ်အတွင်းမှာ လုံးဝမပေးတဲ့အပြင် လုပ်ခဲ့ပြီဆိုရင် လည်း ကျောင်းကအင်အားနဲ့လာပြီး နှောင့်ယှက်တာတွေရှိတယ်၊ အခုလိုမျိုး စီးပွားရေးလုပ်ငန်းတစ်ခုနဲ့ ပတ်သက်ပြီးတော့ ဘွဲ့နှင်းသဘင်ခန်းမကို အသုံးပြုခွင့်ပေးလိုက်တာကို ကျောင်းသားတစ်ယောက်အနေနဲ့ရော သမဂ္ဂအနေနဲ့ရော လုံးဝခံပြင်းစရာတစ်ခုဖြစ်တယ်၊ အဲဒီတော့ ကျနော်တို့အနေနဲ့ ဒီဟာနဲ့ပတ်သက် ပြီးတော့ ပြင်းပြင်းထန်ထန်ကို တုန့်ပြန်မှာပါ”

အဲ့ဒီအခမ်းအနားကို စာသင်ခန်းတစ်ခန်းက ကျောင်းသား ၁၀ ဦးစီ တက်ရောက်ဖို့ ကျောင်းအုပ်ချုပ်ရေးက ညွှန်ကြားထားတယ်လို့လည်း ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလဲ  ဒဂုံတက္ကသိုလ်မှာ ကျောင်းသားနားနေဆောင်မှာ စိုက်ထူထားတဲ့ ခွပ်ဒေါင်းအလံ ကို ကျောင်းအုပ်ချုပ်ရေးက ဖြုတ်ချခဲ့တဲ့အတွက် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက ဆန္ဒပြခဲ့ကြပါတယ်။

RFA

ဂေါ့ဇီ၏အချိန်ပိုသွင်းဂိုးဖြင့် ဂျာမနီအသင်း (၄)ကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုရယူ


၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့်ဗိုလ်လုပွဲတွင်မူ ပွဲချိန် မိနစ် (၉၀)ပြည့်သည်အထိ ဂိုးမရှိသရေကျနေခဲ့ပြီး အချိန်ပို မိနစ်(၃၀)အဆုံးအဖြတ် ဆက်ကစားခဲ့ရာတွင် ဂျာမနီအသင်းက လူစားဝင်လာသည့် ဂေါ့ဇီ၏ (၁၁၂)မိနစ်တွင် သွင်းယူသည့်တစ်လုံးတည်းသော ဂိုးဖြင့် အာဂျင်တီးနားအသင်းကို အနိုင်ရဗိုလ်စွဲခဲ့သည်။


ဂျာမနီအသင်းသည် တုံ့ပြန်ကစားခဲ့သည့် အာဂျင်တီးနား၏ ခြေစွမ်းကောင်းမွန်ခဲ့သော်လည်း ဟီဂူအင်၊ ပလာစီယိုတို့ ဂိုးသမားနှင့်တစ်ယောက်ချင်းကန်ခွင့်ရသည့် အပိုင်အခွင့် အရေးများကို လွဲချော်ခဲ့မှုကြောင့် ဒုတိယဖြင့်သာကျေနပ်ခဲ့ရခြင်းဖြစ်သည်။ အာဂျင်တီးနားအသင်း ပေးခဲ့ရသည့်ဂိုးကလည်း ဂျာမနီတိုက်စစ်ကို ပွဲချိန်တစ်ခုလုံးထိန်းထားနိုင်သည့် ဒီမစ်ချယ်လစ်၊ ဂါရေးတို့၏ အမှားတစ်ကြိမ်က တန်ဖိုးကြီးမားသွားစေခဲ့သည်။

ပွဲရလဒ်
ဂျာမနီ ၁-၀ အာဂျင်တီးနား

Eleven Media

လက်တစ်ဖက် မရှိတော့ပေမယ့် အလှမယ်ဆု ရရှိထားသူ


အေသင်အောင်

မသန်စွမ်း ဘ၀ကို ရောက်နေပေမယ့် ဘယ်တော့မှ အရှုံးမပေးခဲ့တဲ့ အသက် (၂၃) နှစ် အရွယ် နီကိုးလ်ကယ်လီဟာ အမေရိကန် ပြည်ထောင်စု၊ အိုင်အိုဝါ ပြည်နယ်ရဲ့ အလှ မယ်ဆုကို ရရှိသွားခဲ့ပါတယ်။ နီကိုးလ်ကယ်လီဟာ အခြားပြိုင်ပွဲဝင် များစွာကို ကျော်ဖြတ်ပြီး ၂၀၁၄ အလှမယ် ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ မွေးရာပါ လက်တစ်ဖက် ပါဝင် ခြင်းမရှိခဲ့ပေမယ့် တက္ကသိုလ်မှာ စီမံခန့်ခွဲ ဘာသာရပ်နဲ့ ဘွဲ့ရယူထားတဲ့ နီကိုးလ် ကယ်လီဟာ ဘ၀တူ မသန်စွမ်းသူတွေ အတွက် လေးစားအားကျစရာ ဖြစ်လာခဲ့ပါတယ်။ ဘာပဲလုပ်လုပ် ယုံကြည်မှုထားလုပ်ကိုင်ခဲ့တဲ့ နီး ကိုးလ်ကယ်လီ ဟာ လက်ရှိအချိန်မှာတော့ နယူးယောခ်မြို့မှာ အခြေချပြီး လုပ်ငန်းခွင် ၀င်ရောက်လျက်ရှိပါတယ်။

နီကိုးလ်ကယ်လီက ကျွန်မဟာ အလုပ်တစ်ခု လုပ်တိုင်း ချိန်ဆတွေးတော လုပ်လေ့ရှိပါတယ်။ စိတ်ညစ်စရာတွေ ရှိခဲ့ပေမယ့် အရှုံးမပေးခဲ့ပါဘူး။ အရာအားလုံးကို ကြိုးစားလုပ်ခဲ့လို့ ဘေ့ဘောကစားခြင်းကနေ ကခုန်ခြင်း၊ ဒိုင်ဗင်ထိုးခြင်းအထိ ပြုလုပ်နိုင်စွမ်း ရှိပါတယ်။ ကျွန်မအနေ နဲ့ ဘာမှမကြိုးစားရင် ဖြစ်လာမှာ မဟုတ်ပါဘူး လို့ ပြောသွားခဲ့ပါတယ်။ နီကိုးလ် ကယ်လီဟာ မသန်စွမ်းသင်တန်ကျောင်းတွေကို သွားရောက်ပြီး သူနဲ့ဘ၀ တူတွေကို အားပေးနှစ်သိမ့်ခဲ့ပါတယ်။ နီကိုးလ်ကယ်လီက မသန်စွမ်းဖြစ်နေတဲ့သူတွေရဲ့ မိဘတွေနဲ့ တွေ့ဆုံရန် အလွန်အရေးကြီးကြောင်း၊ စိတ်ပိုင်း ဆိုင် ရာထိခိုက်မှုမရှိစေရေး အတွက် မိဘတွေကို သတိပေးမှုတွေ ပြုလုပ် သွားရမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ နီကိုးလ်ကယ်လီဟာ အဖွဲ့အစည်း တွေနဲ့ ဆက်သွယ်ပြီး လူမှုအကျိုးပြုလုပ်ငန်းတွေ ဆက်လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။

Messenger

ဂျိမ်းစ်ဘွန်းမင်းသားပုံစံအတိုင်း ပြုလုပ်ထားတဲ့ ခွေးကလေး


အေသင်အောင်

အင်္ဂလန်နိုင်ငံ၊ စတော့တ်ပို့တ်မြို့မှာရှိတဲ့ ခွေးကလေးတစ်ကောင်ဟာ နာမည်ကြီး စုံထောက်မင်းသား ဂျိမ်းစ်ဘွန်းရုပ်ရှင် ဇာတ်ကားတွေမှာ ပြုလုပ်တဲ့ ပုံစံအတိုင်း လိုက်လံ ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဂျက်စကီးစီးနေတဲ့ ဟန်ဖြင့် ဓာတ်ပုံရိုက်ခြင်း၊ အက်ရှ်ကန်မာ တင်ကား၊ စပိဘုတ်စတာတွေနဲ့ ဓာတ်ပုံရိုက်ကူးခြင်း တို့ကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ခွေးပိုင်ရှင်ဖြစ်သူကလည်း  သူ့ရဲ့ခွေးကို  ဂျိမ်းစ်ဘွန်းမင်းသားပုံစံအတိုင်း ထားရှိခဲ့ပါတယ်။ ခွေးပိုင်ရှင် ဟာ အသက် (၅၂)နှစ် အရွယ်ရှိ ဖီးလ်ဘတ်တလာဖြစ်ပြီး သူ့ရဲ့ခွေးဟာ အမျိုးသမီးတွေကို ဆွဲဆောင်နိုင်မှုရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချည်ထည်စက်ရုံ မန်နေဂျာ ဖီးလ်ဘတ်တလာဟာ အသက်လေးနှစ်အရွယ်ရှိပြီဖြစ်တဲ့ သူ့ရဲ့ခွေးကို ပြီးခဲ့တဲ့ ခရစ္စမတ် မတိုင်မီက လက်ဆောင် ရရှိထားခြင်း ဖြစ်ပါတယ်။ ဖီးလ်ဘတ်တလာက သူ့ရဲ့ခွေးဟာ အရာရာကို ကြောက်ရွံ့နေခြင်း မရှိကြောင်း၊ သို့သော်လည်း ကြောင်တစ်ကောင်ကြောင့် ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်ရှိခဲ့ဖူးကြောင်း ပြောကြားခဲ့ပါတယ်။ ဒီခွေးကို ကိုယ်ပိုင်  Facebook အကောင့်ဖွင့် ပေးထားပြီး စက်ယန္တာရားကြီးပေါ်မှာ ထိုင်ပြီး ဓာတ်ပုံရိုက်ကူးခြင်း၊ လွှစက်ပေါ်မှာနားရင်း ဓာတ်ပုံရိုက်ကူးခြင်းတို့ကို ပြုလုပ်ပေးခဲ့ပါတယ်။

messenger