နိုင်ငံတကာ၌ စိုးရိမ်မှုကြီးထွားနေသည့် အီဘိုလာ (EBOLA) ဗိုင်းရပ်စ်ပိုး ပြည်တွင်းသို့ ကူးစက်လာခြင်းမရှိစေရန် နိုင်ငံတကာ ၀င်/ထွက်ပေါက်နေရာများတွင် ရောဂါစောင့်ကြပ်ကြည့်ရှု


အိသဉ္ဇာကျော်၊ ထွယ်ဆန်အောင်
ဇူလိုင် ၂၃ ရက်တွင် လိုက်ဘေးရီးယားမြို့တော် ကိုနာကရီရှိဒွန်ကာဆေးရုံ၌ အီဘိုလာဗိုင်းရပ်စ် ကာကွယ်ရေးဝတ်စုံ ၀တ်ဆင်နေသော နယ်စည်းမထား ဆရာဝန်များအဖွဲ့မှ အဖွဲ့ဝင်များ (Photo-AFP)
နိုင်ငံတကာ၌ စိုးရိမ်မှုကြီးထွားနေသည့် အီဘိုလာဗိုင်းရပ်စ်ပိုး ပြည်တွင်းသို့ ကူးစက်လာခြင်းမရှိစေရန် နိုင်ငံတကာ ဝင်/ထွက်ပေါက်နေရာများတွင် ရောဂါစောင့်ကြပ်ကြည့်ရှုနေကြောင်း ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်း၏ ပြောကြားချက်အရ သိရသည်။

“ပြည်တွင်းမှာ ကူးစက်ရောဂါတွေကို ၂ဝဝ၃ ခုနှစ်ကစပြီး ကြက်ငှက်တုပ်ကွေးH5N1၊ ၂ဝဝ၉ မှာ လူတုပ်ကွေးကပ်ရောဂါ။ အဲဒီနောက်ပိုင်းH7N9 ကြက်ငှက်တုပ်ကွေးရောဂါ။ နောက်မားစ်ကူးစက်မြန်ပြင်းထန် အဆုတ်ရောင်ရောဂါစတဲ့ ရောဂါကာကွယ်ရေး လုပ်ငန်းတွေကို ဆက်တိုက်လုပ်လာတယ်။ အခု အီဘိုလာဗိုင်းရပ်စ်က ၂ဝ၁၄ မတ်လမှ စဖြစ်ခဲ့တာဆိုတော့ ဒီမှာမေလလောက်ကတည်းက ရောဂါစောင့်ကြပ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ WHO အနေနဲ့ ဆားရ်စ်ရောဂါဖြစ်တုန်းကဆိုရင် ခရီးသွားတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်ရမည့်လုပ်ငန်းတွေကို အသေးစိတ် ညွှန်ကြားခဲ့တယ်။ အခု အီဘိုလာကျတော့ ခရီးသွားလာမှုနဲ့ပတ်သက်ပြီး အဲလိုညွှန်ကြားချက် မထုတ်ထားဘဲ ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းတွေကို အရှိန်မြှင့်ဖို့ပဲ ပြောထားတယ်။ ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာ ဝင်ပေါက်ထွက်ပေါက်အားလုံးကို စောင့်ကြပ်နေပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ ရောဂါဖြစ်ပွားမှု မရှိသေးပါဘူး” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် လက်ရှိရောဂါဖြစ်ပွားနေသည့် နိုင်ငံများမှ ပြန်လာသူများ၊ ရောဂါခံစားနေရသူများကို ပြုစုစောင့်ရှောက်ပေးသူများနှင့် မိသားစုဝင်များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသူများကို လေဆိပ်၊ သင်္ဘောဆိပ်များရှိ ကျန်းမာရေးဌာနများတွင် စစ်ဆေးမှုများပြုလုပ်နေပြီး ယင်းလူများကို ရောဂါသံသယလက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေး ဌာနများတွင် ဆေးကုသမှုခံယူရန် ထုတ်ပြန်ထားကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများတွင် ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်ရန် ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

လက်ရှိတွင် နိုင်ငံတကာ ဝင်ပေါက်/ထွက် ပေါက်များဖြစ်သည့် လေဆိပ်၊ သင်္ဘော ဆိပ်များရှိ ကျန်းမာရေးဌာနများတွင် ကူးစက်မြန် ဗိုင်းရပ်စ်ရောဂါများအတွက် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာနှီးနွှယ် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နင်းရေးဌာနမှ သိရသည်။

အီဘိုလာဗိုင်းရပ်စ်နှင့်ပတ်သက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေးဌာနစိတ်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်နိုင်ဦးက “အခုဒီဗိုင်းရပ်စ်ပိုးက လက်ရှိ မြန်မာနိုင်ငံမှာလည်း မတွေ့ရသေးဘူး။ ပြီးတော့ ဒီဗိုင်းရပ်စ်ပိုးက သဘာဝတိရစ္ဆာန်တွေက ကူးစက်တာဖြစ်တဲ့အတွက် ဒီလိုတိရစ္ဆာန်တွေကို မြန်မာတွေက စားသုံးလေ့မရှိဘူး။ ဒါကြောင့် ကူးစက်နိုင်ခြေရာနှုန်း နည်းတယ်လို့ဆိုရမှာပါ။ တကယ်လို့ဖြစ်လာခဲ့မယ် ဆိုရင်လည်း အရင်တိရ စ္ဆာန်ကတစ်ဆင့် ကူးစက်မြန်ရောဂါတွေတုန်းကလို အရေးပေါ်စီမံချက်တွေရေးဆွဲပြီး ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်” ဟု ပြောကြားသည်။

အီဘိုလာဗိုင်းရပ်စ်ဆိုသည်မှာ သဘာဝတိရစ္ဆာန်များမှတစ်ဆင့် လူသို့ကူးစက်တတ်သော ဗိုင်းရပ်စ်ပိုးဖြစ်ပြီး ကူးစက်ခံရပါက အသက်ဆုံးရှုံးနိုင်ခြေမှာ ရာနှုန်းပြည့်ရှိနေပြီး ကူးစက်ခံရပြီး ရက်ပိုင်းအတွင်း သေဆုံးစေနိုင်သည့် ဗိုင်းရပ်စ်ပိုးဖြစ်သည်။

အဆိုပါ ဗိုင်းရပ်စ်သည် အာဖရိကတိုက် အနောက်အလယ်ပိုင်းနိုင်ငံများရှိ လင်းနို့၊ မျောက်၊ ဒရယ်၊ မျောက်ဝံစသည့် တိရစ္ဆာန်များတွင် တွေ့ရှိရပြီး ယင်းရောဂါပိုးရှိသည့် တိရစ္ဆာန်အသားများကို စားသုံးမိရာမှ လူသို့ကူးစက်နိုင်ပြီး လက်ရှိအချိန်ထိ ကူးစက်ခံရ သူ ၁၃၂ဝ ကျော်၊ သေဆုံးသူ ၇ဝဝ ကျော်ရှိပြီဟု နိုင်ငံတကာသတင်းမီဒီယာများက ဖော်ပြထားသည်။

ယင်းဗိုင်းရပ်စ်ကို ၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းက အာဖရိက အနောက်ခြမ်းနိုင်ငံဖြစ်သည့်Guinea တွင် စတင်ဖြစ်ပွားခဲ့ပြီး ယင်းနိုင်ငံမှတစ်ဆင့် ရောဂါဝေဒနာ ခံစားနေရသူများသည် ခရီးသွားလာမှုကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့်Liberia၊ Sierra Leone နိုင်ငံများသို့ ကူးစက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအဆိုပါ သုံးနိုင်ငံအား ကန့်သတ်နယ်မြေများအဖြစ် သတ်မှတ်ကာ ထိုရောဂါကို စတင်ပိတ်ဆို့နေပြီ ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ဖြစ်ပွားမှုသည် နှစ်ပေါင်း ၄ဝ အတွင်း အဆိုးရွားဆုံးသော ဗိုင်းရပ်စ်ကူးစက်သေဆုံးမှုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေဖြင့်လည်း အနောက်အာဖရိကတွင် ဖြစ်ပွားနေသည့် အဆိုပါ ရောဂါကိုတိုက်ဖျက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၁ဝဝ တန်စီမံကိန်းတစ်ခု စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်းနှင့် ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိခဲ့သည့် နိုင်ငံသုံးနိုင်ငံမှ အကြီးအကဲများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ တွေ့ဆုံကာ ရောဂါပြန့်ပွားမှုနှုန်း၊ ထိန်းချုပ်ကာကွယ်နိုင်မှု အခြေအနေများကို ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ရောဂါစတင်ဖြစ်ပွားခဲ့သည့် နိုင်ငံများသို့ ဆေးကုသရန်ရောက်ရှိနေသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ လုပ်အားပေးဆရာဝန်နှင့် လုပ်အားပေးများ ကူးစက်ခံရခြင်းကြောင့် ယင်းနိုင်ငံသုံးနိုင်ငံသို့ အမေရိကန်မှ လုပ်အားပေးရောက်ရှိနေသော အမေရိကန်နိုင်ငံသား ၃ဝဝ ခန့်ကို အမေရိကန်က ပြန်လည်ခေါ်ယူနေပြီ ဖြစ်ကြောင်းနှင့် လက်ရှိတွင် အမေရိကန်၊ လန်ဒန်၊ ဥရောပနိုင်ငံများ အပါအဝင် အာရှနိုင်ငံများဖြစ်သည့် တရုတ်နှင့်ဖိလစ်ပိုင် နိုင်ငံများတွင် ရောဂါလက္ခဏာများ စတင်တွေ့ရှိ နေရပြီဖြစ်ကြောင်း နိုင်ငံတကာမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

အီဘိုလာဗိုင်းရပ်စ်သည် ရောဂါရှိသော တိရစ္ဆာန်များ၏ အရည်၊ သွေး၊ သလိပ် စသည်တို့အား ထိတွေ့ကိုင်တွယ်မိခြင်း၊ အသားများကို စားသုံးမိခြင်း၊ ရောဂါခံစားနေရသောသူနှင့် ထိတွေ့မိခြင်း၊ အရေပြားပေါက်ပြဲသောနေရာအား ထိတွေ့ခြင်း၊ သွေးသားခြင်းထိတွေ့ခြင်း၊ ရောဂါရှိသူ၏ အသွေးသား၊ သွေး၊ အချွဲ၊ ခန္ဓာကိုယ်မှထွက်သော အရည်တို့ကို လက်ဖြင့်ထိတွေ့ရုံဖြင့် ရောဂါကူးစက်နိုင်ကြောင်း သိရသည်။

ရောဂါကူးစက်ခံရပါက ကူးစက်ပြီးရက်ပေါင်း ၂၁ ရက်အတွင်း ဝေဒနာစတင်ခံစားရပြီး ထိုမှတစ်ဆင့် လူအများသို့ ဆက်လက်ကူးစက်နိုင်ကာ ရောဂါခံစားရပြီး ရက်ပိုင်းအတွင်း သေဆုံးတတ်ကြောင်းနှင့် ရောဂါလက္ခဏာများမှာ အပြင်းဖျားခြင်း၊ မလှုပ်ရှားနိုင်အောင် အားအင်ကုန်ဆုံးခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ မကြာခဏအော့အန်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါများ စသည်တို့ ဖြစ်တတ်ရာ ထိုမှတစ်ဆင့် ရောဂါပြင်းထန်လာကာ ကျောက်ကပ်၊ အသည်းများကို ပျက်စီးစေကာ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းစသည့် ဒွာရပေါက်များမှ သွေးထွက်ခြင်း၊ အရေပြားပေါက်ပြဲကာ သွေးထွက်ခြင်း၊ ခန္ဓာကိုယ်အတွင်းအပြင်တို့မှ သွေးထွက်ကာ အသက်ဆုံးရှုံး စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 News Eleven

Miss Globe International ပြိုင်ပွဲဝင်ရန် ဂျုးစံသာအစား လှယဉ်ကျေးကို ရွေးချယ်



 Miss Globe Interna-tional 2014 ပြိုင်ပွဲသို့ သရဖူအ သိမ်းခံရသော အလှမယ် ဂျူးစံသာအစား အလှမယ်လှယဉ်ကျေးကိုစေလွှတ်ယှဉ်ပြိုင်ရန် ရွေးချယ်လိုက်ကြောင်း Miss Globe My-anmar Organization မှ မလှနုထွန်းကပြောသည်။

အဇာဘိုင်ဂျန်နိုင်ငံတွင် သြဂုတ် ၁၁ ရက်၌ စတင် ကျင်းပပြုလုပ်မည့် Miss Globe Inter-national 2014 ပြိုင်ပွဲသို့ မြန်မာ နိုင်ငံကိုယ်စားပြုအလှမယ် လှယဉ်ကျေးက သွားရောက်ယှဉ် ပြိုင်မည်ဖြစ်သည်။
ပြိုင်ပွဲသို့ သွားရောက်ယှဉ် ပြိုင်ရန် ဆယ်ရက်အလိုတွင်  ရွေး ချယ်လိုက်ရသောကြောင့်  နိုင်ငံကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်ရာတွင် လွဲချော်မှုမရှိ အောင် အလှမယ်အား စနစ်တကျ လေ့ကျင့်ပေးနေကြောင်း မလှနု ထွန်းက ပြောသည်။

‘‘လှနု ထရိန်နင်ပိုင်းကို တာဝန်ယူပါတယ်ရှင့်။ သူ့ကို လှနု လုပ်လို့ရတယ်။ ဆန်ခါတင် တစ်ဆယ်ထဲဝင်မလား၊ နှစ်ဆယ်ထဲဝင်မလားမသိနိုင်ပေမယ့် ရုပ်ဆိုးပန်းဆိုးမဖြစ်အောင်တော့ လှနုထရိန်လုပ်ပေးပါမယ်။ အဲဒါတော့ လှနုကိုယုံပါ။ မြတ်နိုးတုန်းကလည်းထရိန်ပဲလုပ်ခဲ့တာပါ’’ဟု မလှနုထွန်းကပြောသည်။

လှယဉ်ကျေးသည် အသက် (၂၇) နှစ်ရှိပြီး အရပ် ၁၇၀ စင်တီမီတာရှိသည်။ ၎င်းသည် အီးမေဂျာဖြင့် ကျောင်းပြီးထားသည့်အတွက် အင်္ဂလိပ်ဘာသာစကားကိုကျွမ်းကျင်စွာ ပြောဆိုနိုင်ပြီး  ကိုရီးယားဘာသာစကားကိုလည်း လေ့လာနေသူဖြစ်သည်ဟုဆိုသည်။

၎င်းသည် လက်ရှိတွင် အနုပညာအလုပ်များကို လုပ်ကိုင်နေ ပြီး အင်္ဂလိပ်စကားပြောဖြင့် သရုပ်ဆောင်ရသော ‘‘မုဒြာရဲ့ခေါ်သံ’’ရုပ်ရှင်ကား၏  အဓိကသရုပ် ဆောင်မင်းသမီးလည်းဖြစ်သည်။

မလှနုထွန်းနှင့် အလှမယ် လှယဉ်ကျေးတို့သည် ဇူလိုင်  ၃၁ ရက်က နှစ်ဦးသဘောတူသုံးနှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်တွင် ဂျူးစံသာနှင့် ချုပ်ဆိုမည့် စာချုပ် ပါအကြောင်းအရာများထဲမှ စည်း ကမ်းချက်အနည်းငယ်ကို ပြောင်း လဲထားသည်။ စာချုပ်သက်တမ်း သုံးနှစ်အတွင်း လှယဉ်ကျေးရရှိ သော အနုပညာကြေးများထဲမှ ၃၀ ရာခိုင်နှုန်းကို မလှနုထွန်းအား ပေးရမည်ဖြစ်ပြီး လှယဉ်ကျေးက ၇၀ ရာခိုင်နှုန်းရရှိမည်ဖြစ်သည်။

အလှမယ်ပြိုင်ပွဲများ၏ လုပ် ထုံးလုပ်နည်းများအရ သရဖူ  အသိမ်းခံရသော အလှမယ်အစား 1st runner up ကို သရဖူလွှဲ ပြောင်းပေးရသော်လည်း Miss Globe Myanmar ပြိုင်ပွဲ၏ First runner up၊ second runner up၊ third runner up ဆုရှင်များသည် အခြားပြိုင်ပွဲများသို့ ၀င်ရောက် ယှဉ်ပြိုင်ရခြင်း၊ အလုပ်ကိစ္စ၊ စာမေးပွဲများရှိနေသည့်အတွက် ယခုကဲ့သို့ အလှမယ်အသစ်ကို ရွေး ချယ်လိုက်ခြင်းဖြစ်ကြောင်း မလှ နုထွန်းကဆိုသည်။

7day daily

ကိစ္စတခုကို လူ ၅ သန်း လက်မှတ်ရေးထိုးတောင်းဆိုတာ မြန်မာ့သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ဟု ဒေါ်စု ပြော



ကိစ္စတခုကို လူငါးသန်းလက်မှတ်ရေးထိုးတောင်းဆိုတာဟာ မြန်မာ့သမိုင်းတလျှောက်မှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူ့ထံမှ ဆန္ဒပြုလက်မှတ် ၅ သန်းလောက် ရရှိခဲ့ပြီး အခုလိုမျိုးကိစ္စတခုကို လူ ၅ သန်းလောက်က ပွင့်ပွင့်လင်းလင်း လက်မှတ်ရေးထိုးတောင်းဆိုဟာ မြန်မာနိုင်ငံရဲ့ သမိုင်တစ်လျှေက်မှာပ ပထမဆုံးးအကြိမ်ဖြစ်တယ်လို့ သြဂုတ်လ ၁ ရက်နေ့လွှတ်တော်အစည်း အဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကိုပြောကြားလိုက်တာပါ။

“ကျမ ရဲရဲဝံ့ဝံ့ပြောနိုင်တာက ဒီနိုင်ငံရဲ့ သမိုင်းမှာ ဒီလို လူ ၅ သန်းကျော်က ကိစ္စတခုကို လက်မှတ်ထိုးပြီးတော့ မိမိတို့ဆန္ဒအရ လျှို့ဝှက်မဟုတ်ပဲ ပွင့်ပွင့်လင်းလင်း လက်မှတ်ထိုးပြီး ထောက်ခံခဲ့တယ်ဆိုတာ တခေါက်မှ မရှိခဲ့ဖူးဘူး။ ဒါဟာ ဒီနိုင်ငံမှာ ပထမဦးဆုံးပဲ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်သူတွေစိ စိတ်ဝင်စားနေတဲ့ ပုဒ်မ ၄၃၆ ကမ်ပိန်းကိစ္စနဲ့ ပီအာရ်ကိစ္စတွေနဲ့ပတ်သတ်ပြီး အဖွဲ့ချုပ်အတွင်း CEC အစည်းအဝေးများ ပြုလုပ်ပြီး သတင်းစာရှင်းလင်းပွဲ တွေပြု လုပ်သွား မယ်လို့လည်း သတင်းစာရှင်းလင်းပွဲအပြီးမှာ ပြောကြားသွားပါတယ်။
“၄၃၆ ကမ်ပိန်းလက်မှတ်ရေးထိုးတဲ့ ကမ်ပိန်းနဲ့ ပတ်သက်ပြီးတော့ ဒီလိုသတင်းစာရှင်းလင်းပွဲ လုပ်ပြီးတော့ အဲဒီကိစ္စ အကြောင်းကိုပဲ ပြောရမှာရှိသေးတယ်။ နောက်တခါမှာ ပီအာကိစ္စ ပြည်သူတွေက စိတ်ဝင်စားနေတာရှိတယ်။ အဲဒါကို တဆင့်တဆင့် ပြီးမှ သွားပါ့မယ်။ အန်တီလည်း ပြန်ပြီး စီအီးစီနဲ့ ထိုင်ရဦးမယ်။”

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုးတောင်းဆိုသူ အရေအတွက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတည်ပြုတုန်းက ရရှိခဲ့တဲ့ထောက်ခံမဲရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေအပေါ် အဲ့လိုမျိုးနှိုင်းယှဉ်ချင်ရင်အဲ့တုန်းကလုပ်ခဲ့တဲ့ဆန္ဒခံယူပွဲပုံစံမျိုးလုပ်ပေးဖို့ လိုတယ်လို့ ပြောဆိုလိုက်ပါသေးတယ်။

DVB Burmese

‘‘ဒေါ်အောင်ဆန်းစုကြည်ပုံစံ ဓာတ်ပုံရိုက်ရတာ တာဝန်လည်းကြီးတယ်။ ရင်လည်းခုန်တယ်’’


ဓာတ်ပုံ−အေးဇော်မိုး(စက်မှု)
ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ဖြတ်သန်းမှုပုံသဏ္ဌာန်ကို သရုပ်ဖော်ရိုက်ကူးခဲ့သော နီနီခင်ဇော်၏ မျှော်လင့်ချက်တစ်စုံတစ်ရာ ဂီတဗီဒီယိုထွက်ရှိလာခဲ့သည်။ မရှေးမနှောင်းတွင်ပင် မဂ္ဂဇင်းတစ်ခု၏မျက်နှာဖုံးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၀တ်စားဆင်ယင်မှုဟန်ပန်နှင့် ယုသန္တာတင်၏ ဓာတ်ပုံများ မြင်တွေ့ခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ခပ်ဆင်ဆင်တူသည်အထိ နီးစပ်ခဲ့သဖြင့် စုသန္တာတင်ဟု ချစ်စနိုးခေါ်ဝေါ်ကြသူများပင်ရှိသလို လူ့သဘာဝအတိုင်း ဝေဖန်မှုများကိုလည်း လက်ခံခဲ့ရသည်။ စူပါစတားမင်းသားများစင်တင်သည့် အနုပညာပျိုးခင်း၏ မင်းသမီးတစ်လက်လည်းဖြစ်သော ယုသန္တာတင်နှင့် သူမ၏ဓာတ်ပုံများအကြောင်း၊ အနုပညာခြေလှမ်းများအကြောင်း တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။


မေး- မဂ္ဂဇင်းမျက်နှာဖုံးတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်အသွင်တူအောင် ရိုက်ထားတာ တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ပုံစရိုက်ဖို့ ကမ်းလှမ်းခံရတဲ့အချိန်မှာ စဉ်းစားခဲ့သေးလား။ ချက်ချင်းလက်ခံခဲ့တာလား။ ရိုက်ဖြစ်ခဲ့တဲ့အကြောင်း မျှဝေပေးပါဦး။

ဖြေ- သူတို့က ညီမကို ကာဗာရိုက်ဖို့ ပြောထားတယ်။ နောက်ပြီး ဇူလိုင်လအတွက် ကာဗာဆိုတော့ ၁၉ဇူလိုင်(အာဇာနည်နေ့)ရှိတဲ့အတွက်ပါ။ အန်တီစုရဲ့ ပုံစံတစ်ထပ်တည်းတော့မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန်တီစုက အရမ်းတော်တဲ့ အမျိုးသမီးတစ်ယောက်လေ။ ညီမတို့နဲ့ ဘယ်လိုမှယှဉ်လို့မရဘူးလေ။ အဲဒါကြောင့် အန်တီစုရဲ့ဖက်ရှင်ကိုယူပြီး ငယ်ငယ်တုန်းက ဖက်ရှင်ရယ်၊ အခုဖက်ရှင်ရယ်ပုံစံနဲ့ ရိုက်ဖြစ်တာပါ။ ၁၉ ဇူလိုင်အတွက်လည်း အမှတ်တရဖြစ်အောင် ရိုက်ဖြစ်ခဲ့တာပါ။

မေး- ဒေါ်အောင်ဆန်းစုကြည်နဲ့ အသွင်တူအောင် ဖန်တီးယူတဲ့အခါ စိတ်ထဲမှာ မ၀ံ့မရဲဖြစ်မိတာမျိုး၊ စိုးရိမ်ပူပန်တာမျိုး ဖြစ်မိလား။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကို အသုံးချတယ်လို့ ဝေဖန်တဲ့သူတွေကိုကော ဘယ်လိုတုံ့ပြန်ချင်သလဲ။

ဖြေ- လူတစ်ယောက်နဲ့တစ်ယောက်က အမေတစ်ယောက်တည်းက မွေးတာတောင် မတူနိုင်ဘူးလေ။ နောက်ပြီး ဓာတ်ပုံရိုက်တဲ့အခါ ညီမပုံတွေကို အများလက်မခံမှာတော့ စိုးရိမ်စိတ်ဖြစ်တယ်။ အဲဒါကြောင့် အန်တီစုရဲ့ ဖက်ရှင်နဲ့တူအောင် အတတ်နိုင်ဆုံးကြိုးစားပြီး ရိုက်ပေးခဲ့တယ်။ ထွက်လာတဲ့အခါမှာ ညီမရဲ့ဖက်ရှင်ကို အန်တီစုနဲ့တူတယ်ဆိုပြီး လက်ခံပေးကြတယ်။ ကြိုက်တဲ့သူတွေလည်းရှိသလို မကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ လက်ခံတဲ့သူ များတဲ့အတွက် ကျေနပ်ပါတယ်။ ဒီဓာတ်ပုံရိုက်ဖြစ်ခဲ့တာက တခြားဘာပုဂ္ဂိုလ်ရေးမှမပါဘူး။ ညီမရဲ့ အနုပညာဖန်တီးမှုတစ်ခုအနေနဲ့ပဲ ရိုက်ပြခဲ့တာပါ။

မေး- ပရိသတ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တူတယ်ဆိုပြီး မှတ်ချက်ပြုတဲ့အပေါ်မှာ ဘယ်လိုခံစားရသလဲ။

ဖြေ- အဲဒီလိုပြောကြတာလည်း အဲဒီဖက်ရှင်တွေချုပ်ပေးတဲ့ ဒီဇိုင်နာ၊ မိတ်ကပ်ဆရာနဲ့ ဓာတ်ပုံရိုက်ပေးတဲ့သူတွေ တော်လို့ပါ။ ဒီလိုရိုက်ရတာက ကိုယ့်အတွက် တာဝန်လည်းကြီးပါတယ်။ ရင်လည်းခုန်ပါတယ်။ ဒါပေမဲ့ ကာဗာထွက်လာတဲ့အချိန်မှာ တော်တော်များများ အားပေးခဲ့တဲ့အတွက် ပျော်ပါတယ်။

မေး- မြန်မာဝတ်စုံတွေ ၀တ်လေ့ရှိပေမယ့် ဒီလိုဖက်ရှင်က ပထမဆုံးအကြိမ်ရိုက်ဖြစ်တာဆိုတော့ ရိုက်ကူးခဲ့ရတဲ့အပေါ်မှာကော ကျေနပ်လား။

ဖြေ- ဒီလိုရိုက်ကူးရတာကိုလည်း သဘောကျပါတယ်။ ကျေနပ်မှုလည်းရှိပါတယ်။

မေး- အနုပညာပျိုးခင်းကနေ နောက်ထပ်သရုပ်ဆောင်အသစ်တွေ ရွေးတော့မှာဆိုတော့ အနုပညာပျိုးခင်းက စင်တင်ပေးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ မျိုးဆက်သစ်တွေအတွက် ဘာတွေပံ့ပိုးပေးဖို့ စဉ်းစားထားလဲ။

ဖြေ- အဲဒါနဲ့ပတ်သက်ပြီး ဘာမှတော့ မသိသေးပါဘူး။ ဒါပေမဲ့ နောက်ထပ်တက်လာမယ့် အသစ်တွေကိုတော့ ညီမတို့က လက်ကမ်းကြိုဆိုနေပါတယ်။

မေး- ညီမကို အနုပညာပျိုးခင်းက တင်ခဲ့တာဆိုတော့ ဒီလိုအခြေအနေထိရောက်အောင် အနုပညာပျိုးခင်းဘက်က ဘယ်လောက်ထောက်ပံ့မှုတွေ ပေးနိုင်ခဲ့လဲ။

ဖြေ- အများကြီး အထောက်အပံ့ပေးနိုင်ခဲ့ပါတယ်။ ဒီအချိန်မှာ ညီမတို့ကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်မြင်ခွင့်ရအောင် အနုပညာပျိုးခင်းအစီအစဉ်က ရာနှုန်းပြည့် ထောက်ပံ့ပေးခဲ့တာပါ။

မေး- အနုပညာပျိုးခင်းနဲ့ ချုပ်ထားတဲ့စာချုပ် ပြည့်သွားပေမယ့် အစ်ကိုမင်းသားတွေနဲ့ ဆက်တိုက်ရိုက်နေရတာဆိုတော့ ကိုယ်တိုင် ဈေးကွက်ဝင် မင်းသမီးတစ်ယောက် ဖြစ်ပြီလို့ပြောလို့ရသလား။

ဖြေ- ဒါကတော့ ပရိသတ်တွေပေးတဲ့နေရာပေါ်မှာ မူတည်မယ်လို့ ထင်ပါတယ်။

မေး- ဇာတ်ရုပ်တွေက ရွေးချယ်ခံနေရတဲ့ သရုပ်ဆောင်ရတဲ့ဘ၀ကနေ ဇာတ်ရုပ်တွေကို ရွေးချယ်ခွင့်ရဖို့ ဘာတွေကြိုးစားရဦးမယ်လို့ ထင်သလဲ။

ဖြေ- အဲဒါကိုတော့ ညီမ မပြောတတ်ဘူး။ ဒါပေမဲ့ ညီမအနေနဲ့ကတော့ အခုအချိန်မှာ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ပရိသတ်လက်ခံနိုင်မယ့် ဇာတ်ရုပ်တွေပဲ ရိုက်သွားဖို့ရှိပါတယ်။

မေး- ဇာတ်ကားရိုက်ကူးတဲ့အပိုင်းမှာ အချိန်ပေးပြီးမရိုက်တာက အနုပညာအရည်အသွေး ကျဆင်းတဲ့အချက်တစ်ချက်လို့ ဝေဖန်တာတွေရှိတော့ ဇာတ်ကားတစ်ကားရိုက်ရင် အချိန်ဘယ်လောက်ပေးဖြစ်လဲ။ တစ်လကို ဘယ်နှကားလောက် လက်ခံရိုက်ကူးဖြစ်သလဲ။

ဖြေ- ညီမကတော့ သူတို့သတ်မှတ်ထားတဲ့ ရိုက်ရက်အတိုင်း အပြည့်အ၀ပေးပြီး ရိုက်ဖြစ်တာပဲရှိပါတယ်။

မေး- လက်ရှိအချိန်အထိ ရိုက်ကူးခွင့်ရတဲ့ ဇာတ်ကားတွေမှာ အနုပညာရှင်တစ်ယောက်အနေနဲ့ ပရိသတ်တွေအတွက် ဘယ်လောက်အတိုင်းအတာအထိ ပေးဆပ်ထားနိုင်ပြီလို့ ယုံကြည်ထားလဲ။ ပရိသတ်တွေအတွက် ဇာတ်ရုပ်ထူးထူးခြားခြားနဲ့ ရိုက်ထားတဲ့ ဇာတ်ကားတွေရောရှိလား။

ဖြေ- ညီမရိုက်ထားတဲ့ဇာတ်ကားတိုင်းမှာတော့ အတတ်နိုင်ဆုံးကြိုးစားပြီး သရုပ်ဆောင်ထားပါတယ်။ ရိုက်ထားတဲ့ ဇာတ်ကားတွေတော့ အများကြီးရှိပါတယ်။ တဖြည်းဖြည်းနဲ့တော့ ပရိသတ်လက်ထဲကို ရောက်လာမှာပါ။

မေး- ပြီးခဲ့တဲ့ရက်ကသွားခဲ့တဲ့ တရုတ်ခရီးစဉ်ကကော ဘာအတွက်သွားခဲ့တာလဲ။ အဲဒီခရီးစဉ်အကြောင်းလေး ပြောပြပေးပါလား။

ဖြေ- အဲဒီခရီးစဉ်က ညီမ သံတမန်အဖြစ် တာဝန်ယူထားတဲ့ Golden City ကုမ္ပဏီရဲ့ ကြော်ငြာရိုက်ရင်း သူတို့ဆီက အခန်းဝယ်ထားတဲ့သူတွေအတွက် စီစဉ်ပေးတဲ့ နိုင်ငံခြားခရီးစဉ်မှာ လိုက်သွားဖြစ်တာပါ။ ခရီးက ငါးရက်ကြာခရီးပါ။ တရုတ်နိုင်ငံစီချွန်း(Sichuan)ပြည်နယ် ချန်ဒူး(Chengdu)မြို့နားမှာရှိတဲ့ ဘုရားတွေရောက်ဖြစ်တယ်။ နောက်ပြီး အော်ပရာတွေ သွားကြည့်ဖြစ်တယ်။ ပြည်ပခရီးတွေ သွားဖြစ်ပေမယ့် ဒီတစ်ခေါက်က ကိုယ်မရောက်ဖူးတဲ့ နေရာတွေ ရောက်ခဲ့တာဆိုတော့ အထူးအဆန်းတွေမြင်ရတယ်။ ကိုယ်မဖူးဖူးတဲ့ ဘုရားတွေ ဖူးခွင့်ရခဲ့တဲ့အတွက် ပျော်ပါတယ်။

မေး- အားပေးနေတဲ့ ပရိသတ်ကြီးအတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။

ဖြေ- ညီမရိုက်ထားတဲ့ ဇာတ်ကားလေးတွေ ၂၀၁၄ မှာ ထွက်လာဖို့ရှိပါတယ်။ နောက်ပြီး အသစ်ရိုက်ထားတဲ့ ကြော်ငြာတွေလည်းရှိတဲ့အတွက် ထွက်လာတဲ့ ဗီဒီယိုကားတွေ၊ ကြော်ငြာတွေကို ပရိသတ်ကြီးတွေ အားပေးကြပါဦး။

ကျေးဇူးတင်ပါတယ်။

7day daily

သားက အနုပညာ အလုပ်လုပ်ပြီ ဆိုတော့ ကိုယ်က ရာထူးတိုးပြီ ပေါ့လို့ ပြောလာတဲ့ မေသန်းနု


မေသန်းနုက မင်းသန့်မောင်မောင်ရဲ့ ကြော်ငြာ စတင်ရိုက်ကူးမှုကို အမေ တစ်ယောက် အနေနဲ့ ရိုက်ကွင်းကို လိုက်ပါပြီး စီစဉ်ပေးဖြစ်နေ ပါတယ်။ “သား ကကြော်ငြာ ရိုက်ပြီဆိုတော့ မေမေ လိုက်ရမယ် ဆိုတာနဲ့ သူ လိုအပ်တာတွေ ပံ့ပိုးပေးရအောင် လိုက်ဖြစ်တာ။ သားက အား ငယ်တတ် တော့ အနားရှိတော့ သူအား ရှိတာပေါ့။ သူ့ကို ထွေထွေ ထူးထူးကြီး အိုက်တင်သင် ပေးရတာတော့ မရှိပါဘူး။

အခုခေတ် ကလေးတွေကို သူတို့စတိုင်နဲ့ သူတို့အိုက်တင် နဲ့လေ။ မဆင့်တို့က အန်း တိတ်ဖြစ်နေပြီ။ ငယ်လည်း ငယ်သေးတယ်၊ အတွေ့အကြုံက လည်းနည်းသေးတော့ လိုအပ်တာတွေ အများကြီး ရှိသေးတယ်။ အဲဒီတော့ သူ့ကို ခွင့်လွှတ် နားလည်ပေးစေချင် တယ်။ အခုတော့ ကြော်ငြာကို စပြီး လုပ်ဖြစ်တာပါ။ ဇာတ်ကား ကတော့ မရိုက်သေးဘူး။ ကြော်ငြာ အတွက် လိုအပ်တာတွေ ကို ဒါရိုက်တာ ပြောတဲ့ အတိုင်း လုပ်ပေးထားတယ်။ ကိုယ်တွေ အလှည့်တုန်းက အဝတ်အစားက အစ အကုန် စီစဉ်ရတာ။

အခု သားကိုလည်း လိုက် လုပ်ပေးရတာပေါ့။ သားက အနုပညာ အလုပ်လုပ်ပြီ ဆိုတော့ ကိုယ်က ရာထူး တိုးပြီပေါ့။ သားကလည်း ကြိုးစားတော့ ကြော်ငြာအနေ နဲ့တော့ မဆိုးပါဘူး” လို့ သားဖြစ်သူနဲ့ ပတ်သက်လို့ မေသန်းနုက ပြောပြပါတယ်။ အနုပညာသမား တစ်ယောက် အနေနဲ့ သားအတွက် ဆုံးမဖြစ်တာ ကိုလည်း မေသန်းနုက “မဆင့်ကတော့ အမေ တစ်ယောက် အနေနဲ့ မဟုတ်ဘဲ အနုပညာ သမား တစ်ယောက် အနေနဲ့ ပြောပြတယ်။ အနုပညာ သမား တစ်ယောက်က ကြိုးစားတိုင်း လည်း မအောင်မြင်ဘူး။

လူတစ်ယောက် ရဲ့စိတ်က အားငယ် သွားမယ်လေ။ အနုပညာ သမား အချင်းချင်းတောင် အောင်မြင်တဲ့ အနုပညာ သမားနဲ့ မအောင်မြင်တဲ့သူ နဲ့နေရာပေးတာ ချင်းလည်း မတူဘူး။ ကိုယ်ကဒီ လောက မှာဖြတ်သန်း လာတာ ကောင်းကောင်း သိတယ်။ ခံစား ရတာမျိုး မဖြစ် စေချင်ဘူး။ လုပ်မယ် ဆိုရင် အဆုံးထိ အကောင်းဆုံး လုပ်လို့ပြော ထားတယ်” လို့ ပြောပြခဲ့ပါ တယ်။

Popular News

အကြမ်းဖက်သမားတွေကို ညှဉ်းပမ်း နှိပ်စက်ခဲ့ကြောင်း သမ္မတအိုဘားမား ၀န်ခံ


အမေရိကန်နိုင်ငံမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နောက်ပိုင်း ဖမ်းဆီးရမိခဲ့တဲ့ အကြမ်းဖက် သမားတွေကို ထောက်လှမ်းရေးအဖွဲ့တွေက အမေရိကန်နိုင်ငံရဲ့ သတ်မှတ်ထားတဲ့ စံချိန် စံညွန်းတွေထက် ကျော်လွန်ပြီး ညှဉ်းပမ်း နှိပ်စက်မှုတွေ ပြုလုပ်ခဲ့ကြောင်း သမ္မတ Barack Obama က ၀န်ခံ ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှုတွေ တကယ် ပြုလုပ် လာမလားဆိုတာကို လုံခြုံရေး အရာရှိတွေ အတိအကျ မသိနိုင်ခဲ့တဲ့အတွက် သူတို့အနေနဲ့ ကြီးမားတဲ့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သမ္မတ အိုဘားမားက သောကြာနေ့ မှာ ပြောပါတယ်။

"9/11 ဖြစ်ပြီးပြီးချင်းမှာပဲ အမေရိကန်အစိုးရအနေနဲ့ မမှန်ကန်တဲ့ လုပ်ရပ် တချို့ကို လုပ်ခဲ့ကြောင်း၊  မှန်ကန်တဲ့လုပ်ရပ် အများအပြားကို လုပ်ခဲ့ကြပေမယ့် လူတချို့ကို ညှဉ်းပမ်း နှိပ်စက်တာမျိုး အမေရိကန်အစိုးရအနေနဲ့ လုပ်ခဲ့" တဲ့အကြောင်း သမ္မတ အိုဘားမားက ပြောသွားတာ ဖြစ်ပါတယ်။

မစ္စတာ အိုဘားမားအနေနဲ့ သူသမ္မတဖြစ်လာတဲ့ ၂၀၀၉ ခုနှစ်ကစလို့ အဲဒီလို လုပ်ဆောင်မှုတွေဟာ တရားမ၀င်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပေမယ့် ညှဉ်းပန်း နှိပ်စက်တယ်ဆိုတဲ့ စကားလုံးကို အသုံးပြုခြင်းက ရှောင်ရှားခဲ့ပါတယ်။

၂၀၀၁ ခုနှစ် တိုက်ခိုက်မှုနောက်ပိုင်း ဖမ်းမိခဲ့တဲ့ အကြမ်းဖက်သမားတွေကို စစ်ဆေးမေးမြန်း မှုတွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတချို့ကို အမေရိကန် အထက်လွှတ်တော်က လျှို့ဝှက် သတ်မှတ်ထားတဲ့အဆင့်က လျော့ချပြီး အစီရင်ခံစာထုတ်ပြန်ဖို့ ပြင်ဆင်နေတဲ့အချိန် သမ္မတ အိုဘားမားက အခုလို ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

မွေးကတည်းက အရယ်အပြုံးမရှိတဲ့ ကလေးငယ်ကို ခွဲစိတ်မှု ပြုလုပ်မည်


 အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်မှာ နေထိုင်တဲ့ အသက်ငါးနှစ်အရွယ် ကလေးငယ် မက်ဒေါ့ပီရာလက်စ်ဟာမွေး ကတည်းက အရယ်အပြုံး မရှိခဲ့တာမို့ ခွဲစိတ် ကုသမှုမှု ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ပီရာလက်စ်ဟာ ရောဂါ တစ်မျိုးခံစားနေရတာ ဖြစ်ပြီး အကျိုးဆက် ကတော့ မျက်နှာပြင် အကြောတွေ သေနေခြင်း ဖြစ်ပါတယ်။ မကြာမီမှာ ကျောင်းတက်ရတော့မယ့် ပီရာလက်စ်ဟာ လူပတ်ဝန်းကျင်ကိုဝင်တဲ့ အခါ ခံစားမှုမဲ့နေခြင်း အပေါ် မိဘတွေက စိုးရိမ်ခဲ့ကြပြီး ခွဲစိတ်ပေးဖို့ စီစဉ်နေခြင်း ဖြစ်ပါတယ်။ ဒီလိုရောဂါမျိုးဟာ လူတစ်သန်းလျှင် တစ်ဦးတောင်ဖြစ်ဖို့ အခြေ အနေမှာ မရှိပေမယ့် ပီရာလက်စက် ကတော့ ကံဆိုးတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဒီရောဂါမျိုးဟာ မျိုးရိုးဗီဇ ကြီးထွားမှုကြောင့် လည်းကောင်း၊ ပြင်းထန် စွာ ဒဏ်ရာရမှုကြောင့် လည်းကောင်း ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ ပီရာလက်စ်ဟာ မွေးဖွားတုန်းက ကျန်းမာသန်စွမ်းပေမယ့် ဆရာဝန်လက်ထဲက ပြုတ်ကျခဲ့ဖူးကြောင်း ဖခင်ဖြစ်သူ ချာလီက ဖွင့်ဟခဲ့ပါတယ်။ မျက်နှာပြင် အကြောတွေ ပြန်လည်လှုပ်ရှားလာဖို့ ခွဲစိတ်ကုသမှု ပြုလုပ်ရာမှာ ဒေါ်လာ (၁၀၀ ၀၀၀)နီးပါးကုန်ကျမှာ ဖြစ်လို့ အကူအညီတောင်းခံမှုတွေ ပြုလုပ်ထားပါတယ်။


မိခင်ဖြစ်သူ တမ်လာကတော့ ပီရာလက်စ်ဟာ ကာတွန်းကားကြည့်တဲ့ အခါမှာ ပျော်ရွှင်ချင်တဲ့ အမူအရာတွေ တွေ့ရကြောင်း၊ ကျောင်းတတ် တဲ့အခါ သူငယ်ချင်းတွေရဲ့ အရယ်အပြုံးမရှိ ဆက်ဆံမှုကို အလွန်စိုးရိမ်ကြောင်း ပြောဆိုခဲ့ပြီး မျက်နှာပြင်ကအကြောတွေ ခွဲစိတ်မှုပြုလုပ် မှ ပြန်လည် ကောင်းမွန်မည်ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဆက်လက်ပြီး တမ်လာက အားလုံးဟာ အပြုံးနဲ့ ထိုက်တန်ကြပါတယ်။ ကျွန်မသားလေး ရယ်ပြုံးတာတွေ မြင်တွေ့ချင် ပါတယ် လို့ ပြောကြားခဲ့ပါတယ်။ ဖခင်ဖြစ်သူ ချာလီကလည်း ရယ်ပြုံးခြင်းဟာ ကမ္ဘာလောကကြီး အတွက် တစ်စုံတစ်ခုကို ပေးနိုင်စွမ်း ရှိပါတယ်။ ကျွန်တော့် သားလေးကို ပျော်ရွှင်မှုတွေ ရယူပေးချင်ပါတယ်လို့ ဆိုခဲ့ပါတယ်။

Messenger