အမျိုးသမီး ဘောလုံးပြိုင်ပွဲ အင်ဒိုနီးရှား အသင်း ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုတော့

ပို့စ်တင်ချိန် - 12/09/2013 11:59:00 AM


(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲ များတွင် အင်ဒိုနီးရှား အသင်းမှ ဝင်ရောက် ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သို့ တရားဝင် အကြောင်းကြားစာ ပေးပို့လာကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သိရသည်။

အင်ဒိုနီးရှား အမျိုးသမီး ဘောလုံးအသင်းမှာ အုပ်စု(က)တွင် အိမ်ရှင် မြန်မာအသင်း နှင့်အတူ ကျရောက်နေပြီး အုပ်စုမဲအားလည်း ခွဲထားပြီး ဖြစ်ရာ အင်ဒိုနီးရှား အသင်း ပါဝင်ယှဉ် ပြိုင်နိုင်ခြင်း မရှိတော့သည့်အတွက် အုပ်စုပွဲစဉ် ဇယားအား ပြန်လည် ရေးဆွဲ ခဲ့ရကြောင်း သိရသည်။

ယခင်ရေး ဆွဲထားသည့် ပွဲစဉ် ဇယားမှာ အုပ်စု(က) တွင် အိမ်ရှင် မြန်မာ နှင့်အတူ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား အသင်းများ ပါဝင်ရာ တစ်ရက်လျှင် နှစ်ပွဲနှုန်းဖြင့် ဒီဇင်ဘာ ၁ဝရက်၊ ၁၃ရက်၊ ၁၅ရက်နေ့ များတွင် ပထမပွဲအား ညနေ ၄နာရီတွင် လည်းကောင်း၊ ဒုတိယ ပွဲအား ညနေ ၆နာရီ ၄၅မိနစ်တွင် လည်းကောင်း ကစားရန်ပွဲ စဉ် ရေးဆွဲခဲ့ပြီး ဖြစ်သည်။

ယခုအခါ အင်ဒိုနီးရှား အမျိုးသမီး လက်ရွေးစင် အသင်းမှာ အကြောင်းကြောင်းကြောင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိသဖြင့် တစ်ရက်လျှင် တစ်ပွဲနှုန်းသာ ကစားရမည်ဖြစ်ပြီး ပွဲစဉ်တိုင်းအား ညနေ ၄နာရီတွင်စတင် ကစားရန် အာရှဘောလုံးအဖွဲ့ချုပ်က ပြန်လည်ရေးဆွဲထုတ်ပြန်ခဲ့သည်။

အမျိုးသမီး ပွဲစဉ်များအား ယခုအခါတွင် ဒီဇင်ဘာ ၁ဝရက် ညနေ ၄ နာရီတွင် မြန်မာနှင့် ဖိလစ်ပိုင်၊ ၁၃ ရက် ညနေ ၄ နာရီတွင် ဖိလစ်ပိုင်နှင့် ဗီယက်နမ်၊ ၁၅ ရက် ညနေ ၄ နာရီတွင် ဗီယက်နမ်နှင့် မြန်မာတို့ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

ဆီးဂိမ်း အမျိုးသမီး ဘောလုံးပွဲများ တရားဝင် ရေးဆွဲ သတ်မှတ်ပြီး ရက်ပိုင်း အကြာတွင် အုပ်စု(ခ)တွင် ပါဝင်သော တီမော အမျိုးသမီး အသင်းမှာလည်း ပါဝင် ယှဉ်ပြိုင်ခြင်း မပြုနိုင်တော့၍ အုပ်စု(ခ) ပွဲစဉ် အားလုံး ကိုလည်း ညနေ ၄နာရီတွင် တစ်ရက် တစ်ပွဲနှုန်းသာ ယှဉ်ပြိုင် ကစားစေရန် အာရှဘောလုံး အဖွဲ့ချုပ်က ပြင် ဆင်ရေးဆွဲ သတ်မှတ်ခဲ့ပြီး ဆီးဂိမ်း အမျိုးသမီး ဘောလုံးပွဲ အားလုံးကို မန္တလေးမြို့ရှိ မန္တလာ သီရိအား ကစား ကွင်းသစ်ကြီးတွင် ကျင်းပသွားမည် ဖြစ်သည်။

ကံထူး\
မြ၀တီ