လိုင်စင်ရ ကန်ထရိုက်များ မဟုတ်ဘဲ မြေပိုင်ရှင်များကိုယ်တိုင် အဆောက်အအုံ ဆောက်ပါကလည်း အာမခံ ငွေကျပ် သိန်း ၅၀၀ တင်ရမည်

ပို့စ်တင်ချိန် - 9/22/2013 12:19:00 PM




ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လိုင်စင်ရ ကန်ထရိုက်တာများ အနေဖြင့် အဆောက်အအုံများ ဆောက်လုပ်ပါက စည်ပင်သို့ အာမခံ စပေါ်ငွေ ကျပ်သိန်း ၅၀၀ တင်ရကြောင်း၊ လိုင်စင်ရ ကန်ထရိုက်များမှ မဟုတ်ဘဲ မြေဂရန်ပိုင်ရှင်ကိုယ်တိုင် ရင်းနှီးငွေဖြင့် ဆောက်လုပ်ပါကလည်း စပေါ်ငွေကျပ် သိန်း ၅၀၀ ပင် တင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၏ ပြောကြားချက်အရ သိရသည်။

စက်တင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ကမာရွတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြငွေ၏ "အထပ်မြင့်များ ဆောက်လုပ်ရာ၌ မြေဂရန်ပိုင်ရှင်က ကိုယ်ပိုင်ငွေရင်းဖြင့် ဆောက်လုပ်မည့် ကိစ္စများတွင် စပေါ်တင်ထားသည့် လိုင်စင်ရ ကန်ထရိုက်တာအား ကျပ်သိန်း ၅၀ ခန့်ပေး၍ လက်မှတ်ရေးထိုးစေပြီး လျှောက်ထားနေရသည်ကို သိပါသလား။ ဖြေလျှော့မှု အနေဖြင့် ပိုင်ရှင်၏ ဂရန်မူရင်းကို စပေါ်တင်စေခြင်းဖြင့် ခွင့်ပြုပေးရန် ရှိမရှိ" မေးမြန်းမှုအပေါ် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ရန်ကုန်မြို့တော်တွင် နေရာအနှံ့မှာ အထပ်မြင့်အိမ်တွေ တော်တော်များများ ဆောက်နေတာကို တွေ့ရပါတယ်။ အဲဒီလို ဆောက်တဲ့အခါမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ကျပ်သိန်း ၅၀၀ တိတိ စပေါ်တင်ထားရတဲ့ လိုင်စင်ရ ကန်ထရိုက်တာ ငွေရှင်ကြေးရှင်ကသာ ဆောက်လုပ်ခွင့် ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ အဲဒီအခါမှာ မြေဂရန်ပိုင်ရှင်တွေ အနေနဲ့ ကိုယ်ပိုင်ငွေနဲ့ ရင်းနှီးပြီးတော့ ဆောက်လုပ်မယ့် ကိစ္စတွေ ပေါ်ပေါက်လာတဲ့အခါ လိုင်စင်ရ ကန်ထရိုက်ကို ကျပ်သိန်း ၅၀ ပေါက်ဈေးပေးပြီး လက်မှတ်ထိုးပြီးတော့ လျှောက်နေကြတယ်လို့ ကြားသိရပါတယ်" ဟု ကမာရွတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြငွေက ပြောကြားသည်။

"အချို့ ဂရန်အမည်ပေါက် ပိုင်ရှင်များ အနေနဲ့လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ချက်များနှင့်အညီ ကိုယ်ပိုင်ငွေရင်းဖြင့် အာမခံငွေကျပ် သိန်း ၅၀၀ သွင်း၍ အဆောက်အအုံ ဆောက်လုပ်ခြင်းများ ဆောင်ရွက်ရန် ကန်ထရိုက်တာ လိုင်စင်ရယူလျက် ရှိပါတယ်။ ဒါကြောင့် မြေဂရန်ပိုင်ရှင်က ကန်ထရိုက် တစ်ဦးအား လက်မှတ်ရေးထိုးစေပြီး ဆောက်လုပ်ခွင့် လျှောက်ထားခြင်း မဆောင်ရွက်လိုပါက မြေပိုင်ရှင်ကိုယ်တိုင် ရန်ကုန်မြို့တော် စည်ပင်သတ်မှတ်ချက်များနှင့်အညီ အမည်ပေါက်ပိုင်ဆိုင်သည့် အထောက်အထားများ တင်ပြပြီး အာမခံကြေး ကျပ်သိန်း ၅၀၀ ပေးသွင်းလျက် ကိုယ်တိုင်ကန်ထရိုက်တာ လိုင်စင် ရယူနိုင်ပါတယ်" ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဆိုသည်။

(ရန်ကုန်မြို့တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ်)
Eleven Media Group