ရင်သားကြီး၍ အမှုနိုင်သွားသူ မိန်းကလေး


ဘီကီနီ မော်ဒယ်မှ သရုပ်ဆောင်ဖြစ်လာသည့် ဂျပန် လှပျိုဖြူ တစ်ဦးဟာ တံခါးကို ချိုးဖျက်၍ ဖြစ်ပေါ်လာသော အပေါက်မှ တိုးဝင်၍ ပြစ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် အမှုတွင် အဆိုပါ အပေါက်တွင် သူမ၏ ဖွံ့ထွားလှသော ရင်သားများ ဝင်ဆံ့နိုင်ခြင်း မရှိဟု သက်သေပြနိုင်
ခဲ့ခြင်းကြောင့် အမှုမှ တရားသေ လွတ်ခဲ့ကြောင်း သိရှိရပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိ Serena Kozakura လို့ အမည်ရတဲ့ မော်ဒယ် မိန်းကလေးဟာ သူမ ချစ်သူ၏ တိုက်ခန်းတွင် အခြား အမျိုးသမီး တစ်ဦးကို တွေ့ရှိ ခဲ့ရခြင်းကြောင့် စကားများကြရာမှ အဆိုပါ တိုက်ခန်း၏ တံခါးကို ခြေထောက်ဖြင့် ကန်ကျောက်၍ အပေါက်ဖြစ်စေကာ ယင်းအပေါက်မှ အခန်းတွင်းသို့ တိုးဝင်ခဲ့သည်ဟု ဆိုကာ တစ်ပါးသူ၏ ပိုင်ဆိုင်မှုကို ဆန္ဒအလျောက် ဖျက်ဆီးမှုဖြင့် ထောင်ဒဏ် ၁၄ လ ချမှတ် ခံခဲ့ရတဲ့ အတွက် တိုကျို တရားရုံးချုပ်သို့ အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အယူခံကို ကြားနာမှုတွင် သူမရဲ့ ချစ်သူနှင့် အခြား သက်သေ တစ်ဦးတို့က Kozakura ဟာ တံခါးကို ကန်ကျောက်၍ အပေါက် တစ်ပေါက် ဖြစ်စေခဲ့ကာ သူမရဲ့ ကိုယ်ကို ကျုံ့၍ ယင်းအပေါက်မှ တစ်ဆင့် တိုက်ခန်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ထွက်ဆို ခဲ့ကြသည်။

သို့သော်လည်း အဆိုပါ တံခါးပေါ်မှ အပေါက်ကို တိုင်းတာကြည့်သည့်အခါ ၂၈.၃ လက်မ x ၈.၇ လက်မသာ ရှိပြီး Kozakura ရဲ့ နာမည်ကျော် လက်မ ၄၀ ရှိတဲ့ ရင်သားများ ဝင်ဆံ့နိုင်ဖို့အတွက် ကျဉ်းလွန်းနေတာကို တွေ့ရှိခဲ့ရ
ပါတယ်။ ယခုလို တရားစွဲဆို ခံရမှုကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရသော်လည်း နောက်ဆုံးတော့ မျှတတဲ့ တရားစီရင်မှုကို ရရှိ ခဲ့ကြောင်း၊ သူမရဲ့ ပိုလျှံနေတဲ့ ခန္ဓာကိုယ် အချိုးအဆက်ကြောင့် စိုးရိမ်မှု ရှိခဲ့သော်လည်း အခုတော့ ယင်းအတွက် ဂုဏ်ယူမိကြောင်း Kozakura က ဝမ်းမြောက်ဝမ်းသာ ပြောပြခဲ့ပါတယ်။

သူမ ချစ်သူရဲ့ ထွက်ဆိုချက်များတွင် သံသယဖြစ်ဖွယ်များ တွေ့ရှိခဲ့တဲ့
အတွက်လည်း ယခုလို ဆုံးဖြတ်ပေးခဲ့တာ ဖြစ်ကြောင်း စီရင်ချက်ကို ဖတ်ကြားခဲ့သည့် တရားသူကြီး Kunio Harada က ရှင်းပြခဲ့ပါတယ်။ ကိုယ်လုံးကိုယ်ပေါက် သေးသွယ်သူကိုသာ လှပသူအဖြစ် ရှုမြင်လေ့ ရှိတဲ့ ဂျပန်နိုင်ငံမှာ Kozakura ရဲ့ ဖွံ့ထွားတဲ့ ခန္ဓာကိုယ်အချိုးအဆက်ဟာ သူမကို တီဗွီ ဈေးဝယ်အစီအစဉ်များတွင် ပါဝင်နေရာမှ ဘီကီနီ မော်ဒယ်တစ်ယောက်
ဖြစ်လာစေခဲ့တာ ဖြစ်ပါတယ်။ Kozakura ကတော့ သူမရဲ့ ရင်သားတွေ
ကြောင့်သာ အမှုကို အနိုင်ရရှိခဲ့တာ ဖြစ်တယ်လို့ ပြောမဆုံး ဖြစ်နေခဲ့
ပါတော့တယ်။

myanmarnewsupdate

အောက်ပါ ရောဂါရှိသူ မိမိချစ်သူကို ကိုယ်ဝန် တားဆေး မတိုက်ပါနှင့်


ရောဂါရှိသူများ ပဋိသန္ဓေ တားဆေး မစားသင့်ကြောင်း ကျန်းမာရေး သုတေသီများ၏ လေ့လာတွေ့ရှိချက် များအရ သိရှိရသည်။ အောက်တွင် ဖော်ပြရေးသားမည့် ရောဂါရှိသူများ ပဋိသန္ဓေတားဆေး သုံးစွဲရန် မသင့်ပေ။


(၁) သွေးပြန်ကြော ပိတ်ရောဂါ၊ ဦးနှောက် သွေးကြောကျဉ်း ရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊


(၂) သားမြတ်ကင်ဆာ ရောဂါရှိသူ


(၃) ဟိုမုန်း(Esirogen)မတည့်သော အကျိတ်ကင်ဆာရောဂါ၊


(၄) အကြောင်းမဲ့ မကြာခဏ သွေးဆင်းရောဂါ၊


(၅) ကိုယ်ဝန်ရှိသည်ဟု သံသယ ဖြစ်နေသူ၊


(၆) အသည်းရောဂါ အမျိုးမျိုးရှိနေသူ ဖြစ်နေသူများသည် ပဋိသန္ဓေ တားဆေးကို သုံးစွဲရန် မသင့်ကြောင်း သတိပြုစေချင် ပါသည်။


ဆေးအန္တရာယ် အကြောင်း


(၁) ပဋိသန္ဓေ တားဆေးကြောင့် သွေးပြန်ကြော ပိတ်ခြင်း၊ သွေးပြန် ကြောအတွင်း သွေးခဲခြင်းတို့ ဖြစ်တတ် သည်။ ဆေးသုံးစွဲ သူများတွင် ဤကဲ့သို့ ဖြစ်ရန် ၂ ဆမှ ၁၁ ဆအထိ အန္တရာယ် ပိုမိုကြောင်း သိရသည်။ ဦးနှောက်တွင်း သွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းမှာ သုံးစွဲသူများတွင် ၂ ဆပိုမိုဖြစ်တတ်သည် နှလုံးသွေး ကြောကျဉ်း ရောဂါနှင့် နှလုံးသွေးကြော ပိတ်ရောဂါများလည်း ဆေးသုံးစွဲသူများတွင် ပိုမိုဖြစ်တတ်သည်။ အထူးသဖြင့် အသက်(၃၅)နှစ် ကျော်ပြီး ဆေးလိပ် သောက်သူ၊ သွေးတိုးရှိသူ၊ ဝလွန်းသူနှင့် ဆီးချိုရောဂါ ရှိသူများတွင် ပိုမိုအန္တရာယ်များ ပါသည်။ တားဆေးကို အသက် ၃၅ နှစ်ကျော် အထက် အမျိုးသမီးများ တွင် ဆေးကို ၅ နှစ်ဆက် တိုက်စား လာပါက သွေးကြောကျဉ်းရောဂါ များကြောင့် သေဆုံးမှုမှာ ၁၀ ဆကျော် များပြားလာကြောင်း တွေ့ရသည်။


(၂) မျက်စိအတွင်း ခံအာရုံကြောကို ရောင်စေသည်။ ဆေးသောက် နေစဉ် မျက်စိမှုန်လာခြင်း၊ မျက်ခွံ ကျခြင်းတို့ ဖြစ်ပေါ်လာပါက ဆေးကို ရပ်ပြီး မျက်စိစမ်းသပ်ရန် လိုအပ်သည်။


(၃) ပဋိသန္ဓေတားဆေးကို ကြာရှည်စွာ သောက်သုံးက ရင်သား၊သား အိမ်၊သားဥ အိမ်နှင့် သားအိမ်ခေါင်း ကင်ဆာဖြစ်ရန် အလားအလာ ရှိသည်။


(၄) ပဋိသန္ဓေ တားဆေးကြောင့် အသည်း၊ အကျိတ်လုံး ပေါက်ခြင်း၊ အသည်းရောင်ခြင်း၊ အသည်း မာခြင်းနှင့် အသည်းကင်ဆာ ဖြစ်တတ်ခြင်း။


(၅) သည်းခြေအိတ်ရောင်ခြင်းနှင့် သည်းခြေအိတ် ရောဂါအမျိုးမျိုး တို့ဖြစ်တတ်ကြောင်း တွေ့ရသည်။


(၆) ဆေးသုံးစွဲသူများတွင် သွေးတိုးရောဂါ ဖြစ်နှုန်း များပြားလာကြောင်း သိရသည်။ ပဋိသန္ဓေ တားဆေးကို ၅ နှစ်ဆက်တိုက် သုံးစွဲပါက သွေးတိုး ဖြစ်နှုန်းမှာ ၃ ဆပိုမိုများပြား နိုင်ကြောင်း သိရသည်။


(၇) သွေးဆင်းများခြင်း၊ အနည်းငယ် ဆက်တိုင်ဆင်းခြင်း၊ ရာသီသွေး မလာခြင်းစသော ရာသီသွေး မမှန်သည့် ရောဂါလက္ခဏာများ ပေါ်တတ်။


(၈) ကိုယ်လက်ရောင်ခြင်း၊ ဖောခြင်း၊ ဆေးဖြတ်လိုက်သော်လည်း မြုံသွားခြင်း၊ ရာသီလာစဉ်နာကျင် ကိုက်ခဲခြင်း၊ သားမြတ်ရောင်ခြင်း၊ ကိုယ်အလေးချိန် တက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြားယားနာပေါက်ခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်လှုပ်ရှား လွယ်ခြင်း၊ မျက်စိ တိမ်ကွယ်ခြင်း၊ ဖိုမစိတ်ဆန္ဒ အပြောင်းအလဲ ရှိခြင်း၊ အစားအသောက် ပျက်ခြင်း၊ ခြေလက် ထုံကျဉ်ခြင်း၊ ခေါင်းမူးခြင်း၊ နှာမွှန်ခြင်း၊ မောပန်းလွယ် ခြင်း၊ခါးကိုက်ခြင်း၊ နှုတ်ခမ်းမွေးများ ပေါက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ယားယံ ခြင်း၊ အရေပြား အောက်သွေးယိုခြင်း၊ သွေးအားနည်းခြင်း၊ ဝမ်းကိုက်ခြင်း၊ သွားဖုံးရောင်ခြင်းနှင့် အဆစ်အမြစ် ရောင်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။


By ရိုးရာလေး

ရွှေတိဂုံသွား လက်သမား အချုပ်ထဲရောက်



မွေးနေ့ကို ဘုရား သွားရောက် ဖူးမြော်ရာ ဘုရားမရောက်ဘဲ အချုပ်ခန်းထဲ ရောက်ရသည်ဟု ဒလ မြို့နယ် ရဲချောင်းဝ ကျေးရွာနေ ဒေါ်သန်းမြင့်က အောက်ပါ အတိုင်း ပြောကြားသည်။

၎င်းက ““ကျွန်မရဲ့ သားအငယ်ဆုံး မောင်အောင်ကျော်သိန်းက လက်သမား လုပ်လာတာ လေးနှစ်ရှိပါပြီ။ သူ့အစ်ကိုက စီးပွားရေးတက္ကသိုလ် တက်နေပါတယ်။ သူရတဲ့ ငွေနဲ့ သူ့အစ်ကို အတွက် ထောက်ပံ့ နေတာပါ။ ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်မသောက်၊ ဘောလုံးပွဲတော့ ကြိုက်ပါတယ်။ သြဂုတ် ၁၁ ရက်နေ့က သူ့မွေးနေ့ ဖြစ်တယ်။ ရွှေတိဂုံဘုရား လိုက်ပို့ခိုင်းတာ ကျွန်မက ကောက်စိုက်ဖို့ ရှိတာမို့ ငြင်းလိုက်တယ်။ ဒါနဲ့ သူရန်ကုန်ကို အလုပ်သွားတာ။ သူ့သူငယ်ချင်းတွေက ဒီနေ့ အလုပ်ပိတ်တယ် ဆိုတာနဲ့ ရွှေတိဂုံဘုရားကို တောင်ဖက်မုခ်ကနေ တက်ခဲ့တယ်။ ဘုရားခြေရင်းမှာ လုံခြုံရေးက အိတ်မှန်သမျှ အကုန်စစ်တော့ သူကကြို ပြောပါတယ်။ ကျွန်တော် လက်သမားအလုပ် လုပ်တာပါ။ တံစဉ်းကို ထိပ်က ချွန်ထားတယ်။ ကျွန်တော်တို့ လုပ်ငန်းမှာ သုံးဖို့ အတွက် ချွန်ထားတာပါလို့ ပြောတော့ တံစဉ်းရယ်၊ မီးစမ်းတဲ့ တက်စတာရယ် ထားခဲ့။ ကျန်တာကိုတော့ လွယ်အိတ်ယူပြီး တက်သွားလို့ ပြောတာနဲ့ ဘုရားပေါ်ကို တောင်ဘက်မုခ်ကနေ ကုန်း ကြောင်း တက်လာတယ်။ ဘုရားရောက်ဖို့ လှေကား(၄)ထစ် အလို မှာ ဘုရားရဲက နောက်က လိုက်ခေါ်တယ်။ ဒါနဲ့ ပြန်ဆင်းလာတယ်”” ဟု ပြောသည်။

၎င်းက ဆက်၍ ““ဘုရားခြေရင်း ရောက်တော့ သူတို့က ဆီးဟောက်တယ်။ ဒါ ဘာကိစ္စ ယူလာတာလဲ။ ဘာအကြံအစည် နဲ့လဲပေါ့။ ကလေးက ရွာလူကြီးအိမ်တောင် ရောက်ဖူးတာ မဟုတ်ဘူး၊ ကြောက်တာပေါ့။ တကယ်တော့ ဒီပစ္စည်းက သူတို့ ရှာတွေ့တာ မဟုတ်ဘူး။ အပ်ထားခဲ့တာ။

နာမည်ရေးဆိုလို့ ရေးခဲ့ရ သေးတယ်။ လက်သမားဆရာဆိုရင် အထောက်အထားပြ ဆိုတော့ ဒါနဲ့ သူ့အလုပ်ရှင် ကီလီ (၃)လမ်းက ဦးမောင်လေးကို ဖုန်းဆက်ခေါ်တာ ရောက်လာတယ်။

သူ့ဆရာကလည်း လက်သမားဖြစ်ကြောင်း ထောက်ခံ တယ်။ သူ့ ဆရာကို ဘာမှမဖြစ်ပါဘူး။ မေးရုံပါဆိုပြီး သူ့ဆရာကားနဲ့ ဒဂုံရဲစခန်းကို ခေါ်သွားတယ်။ နောက် တော့ ကျွန်မတို့လည်း ရောက်တော့ သူအချုပ်ခန်းထဲ ရောက်နေပြီ။ သားက ဘာကိုမှ လိမ်ညာ မပြောတတ်ဘူး။

ပစ္စည်း (၁၆)မျိုး ထဲက (၂)မျိုးကို သတ်သတ်ထားပြီး ကလေးကို ၁၉(င) ဆိုလား ပုဒ်မ တပ်တယ်။ ဒီလို မှားမှန်း သိသိနဲ့ ဖမ်းတာကို ချက်ချင်းပြန်ပြီး ဖြေရှင်းလို့ရတဲ့ ဥပဒေ ကျွန်မတို့ဆီမှာ မရှိကြတော့ဘူးလား”” ဟု ပြောသည်။

ဒဂုံ ရဲစခန်းမှ (ပ) ၁၇၉/၂၀၁၃ ပုဒ်မ ၁၉(င) ဖြင့် ရမန်ယူထားရာ ၂၃-၈-၂၀၁၃ ရက်နေ့ ချိန်းဆို ထားကြောင်း ထပ်လောင်း ပြောကြားသည်။

“ဒီတံစဉ်းကို သူတို့က စကေဘာလို့ သုံးထားတာ အေးလပ် သုံးမြှောင့်တုံးဆိုတော့ အရိုးက တပ်ထားတော့ ၁၁ လက်မ ရှိတော့ အန္တရာယ် ဖြစ်နိုင်တဲ့ ပစ္စည်းလေ။ ဒါပေမဲ့ သူတို့က တွေ့တာ မဟုတ်ဘူး။ ဟိုကလေးက အပ်ထား ခဲ့တာဆိုတော့ တစ်ခုခုတော့ လွဲနေပြီ။ ကျန်တဲ့ လက်သမားပစ္စည်း တွေတော့ သိမ်းမထားဘူး။

အေးလေ အမှုဖွင့်ပြီးမှတော့ ကိုယ်ဘက်က ရှင်းရမယ့် တာဝန် ရှိလာပြီ ဆိုတော့ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ဆို ပိုကောင်းတာပေါ့” ဟု တရားသူကြီး(ငြိမ်း) ဦးသောင်းမြင့်က ပြောသည်။

စိန်မျက်ခုံး
မြန်မာသံတော်ဆင့်

ကလေးယူမည့်ဖခင်များ ဆေးလိပ်ဖြတ်ရမည်


ကလေးယူရန် ကြိုးစားမည့် မိခင်လောင်းများသာမက ဖခင်လောင်းများသည်လည်း ဆေးလိပ်ဖြတ်ရန်လိုအပ်ကြောင်း ဆရာဝန်များက ရက်နေ့တွင် သတိပေးလိုက် သည်။ ဖခင်လောင်းများ ဆေးလိပ်သောက်သုံးခြင်းကြောင့် မွေးဖွားလာမည့်ကလေးတွင် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေ များပြားသည်ဟုဆိုသည်။ ဆေးရွက်ကြီးတွင် ပါဝင်သော အဆိပ်များသည် သုက်ပိုးတွင် ပါဝင်သော ဒီအန်အေကို ထိခိုက် ပျက်စီးစေသောကြောင့် ကလေးသန္ဒေတည်ချိန် ၌ပျက်စီးနေသော ဖခင်ဘက်မှ ဒီအန်အေကြောင့် ကလေးတွင် ကင်ဆာရောဂွ ဖြစ်ပွားနိုင်ခြေ များပြားသည်ဟုဆိုသည်။ သြစတြေးလျ နိုင်ငံ ပါ့သ်မြို့မှ သုတေတနပညာရှင် များသည် သွေးကင်ဆာ ရောဂါရနေသော ကလေး ၃၈၈ဦး၏ မိဘများကို စစ်ဆေးမေးမြန်းကာ သုတေသနပြုလုပ်ခဲ့သည်။ ယင်းသို့ ပြုလုပ်ခဲ့ရာ ၌ ဖခင်ဖြစ်သူ ဆေးလိပ်သောက်ခြင်းကြောင့် ကလေးတွင် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ ၁၅ရာခိုင်နှိုင်း ပို၍ များပြားကြောင်း တွေ့ရှိခဲ့ရသည်။

By ပြည်မြန်မာ 

ပန်းဘဲတန်းမြို့နယ်တွင် ပုပ်ပွနေသော အမျိုးသားအလောင်းတွေ့


ပန်းဘဲတန်းမြို့နယ် အနော်ရထာလမ်း ဟိန္ဒူဘုရားကျောင်းအနီး ရှစ်ထပ်တိုက် တိုက်ခန်းတစ်ခုတွင် ကြိုးဆွဲချသေဆုံးပြီး ပုပ်ပွနေသော အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး၏ အလောင်းကို သြဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်က တွေ့ရှိခဲ့ကြောင်း ပန်းဘဲတန်းမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

သေဆုံးသူမှာ ဂေါ်ရခါးလူမျိုး ကိုကစ္စနား ဖြစ်ပြီး မိုးကုတ်မြို့ဇာတိ ကျောက်အရောင်းအဝယ် လုပ်ကိုင်သူတစ်ဦး ဖြစ်ကြောင်း၊ ရန်ကုန်နှင့် ဇာတိမြေမိုးကုတ်သို့ မကြာခဏ သွားရောက်လေ ရှိကြောင်း၊ အဆိုပါ တိုက်ခန်းတွင် တစ်ဦးတည်း နေထိုင်သည်မှာ လေးနှစ်ခန့် ရှိပြီဖြစ်ပြီး လွန်ခဲ့သော လေးရက်ခန့်မှစ၍ မိုးကုတ်တွင် နေထိုင်သူ မိသားစုဝင်တစ်ဦးက သေဆုံးသူကို ဖုန်းဆက်သွယ်၍ မရတော့ဟု ဆိုကြောင်း အဆိုပါတိုက်၏ မြေညီထပ်တွင် ထောပတ်ဆိုင် ဖွင့်လှစ်ရောင်းချသူထံမှ သိရှိရသည်။

သေဆုံးသူတွင် မောင်နှမသုံးဦးရှိပြီး ၎င်းသည် နိုင်ငံခြားသို့သွားရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း သွားခွင့်မရကြောင်း သိရသည်ဟု မိသားစုဝင်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အမှုစစ် ရဲအရာရှိက ပြောကြားသည်။

သေဆုံးသူမှာ ဧည့်ခန်းမျက်နှာကြက်မှ သံချိတ်ငယ်တွင် ကြိုးချည်ကာ ကြိုးဆွဲချ သေဆုံးခြင်းဖြစ်ပြီး လွန်ခဲ့သော လေးရက်ခန့်က သေဆုံးခြင်း ဖြစ်နိုင်ကြောင်း အဆိုပါအမှုကို စစ်ဆေးသည့် ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

“အချို့နေရာတွေမှာ အသားတွေပဲ့ပြီး တစ်ကိုယ်လုံးမှာ လောက်ကောင်တွေ ရှိနေတယ်။ နံတာလည်း အရမ်းပဲ” ဟု စစ်ဆေးသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

“သုံးလေးရက်လောက်ရှိပြီ။ နံနေတယ်ဆိုပြီး တိုက်မှာနေသူတွေ ပြောတာတော့ ကြားတယ်။ ကြွက်သေပုပ်လို့ပဲ ထင်နေတာ၊ ဖြစ်တဲ့အခန်းက မီးထွန်းထားတယ်ဆိုတော့ လူရှိနေတယ်လို့ပဲ ထင်နေ တာ” ဟု အဆိုပါတိုက်အနီးရှိ ဟိန္ဒူဘုရားကျောင်းမှ လက်ထောက်ရုံးတာဝန်ခံ ဦးဉာဏ်လင်းက ပြောကြားသည်။


The Voice

Faceboook ကြောင့် သင့်ဘဝတိုးတက်နိုင်လား



ဒါကတော့ ဘယ်လိုပြောရမလဲဆိုရင် သုံးတတ်ရင် ပတ္တမြား၊ မသုံးတတ်ရင် အလကား ဆိုတဲ့ အတိုင်းပါပဲ။ Facebook ကြောင့် ဘဝလည်း တိုးတက်သွားစေ နိုင်ပါတယ်။

အလွယ်ဆုံး ဥပမာ ပေးရမယ်ဆိုရင် လူစည်တဲ့ ဈေးထဲမှာ မျက်လှည့်လာပြ တဲ့ မျက်လှည့်သမား တစ်ယောက်လိုပါပဲ။ တစ်ယောက်က ကြည့်ရင်း ကြည့်ရင်းနဲ့ တဖြည်းဖြည်း လူတွေအုံလာတော့ လူသိများ သွားသလိုပေါ့။ Facebook ဆိုတာကလည်း ဒီလိုပါပဲ။ Social Media အဝန်းအဝိုင်း တစ်ခုကြီး ဖြစ်လို့နေပြီး တစ်ယောက်ယောက် က ပြုလုပ်ဖန်တီးတဲ့ ထူးခြားချက်လေးတွေကို စောင့်ကြည့်တဲ့ နေရာတစ်ခုလို ဖြစ်ပါတယ်။ ဒါကြောင့် ထူးခြားတဲ့ အရာတစ်ခုခုကို ချပြနိုင်သူဟာ ဘယ်နယ်ပယ်ကမဆို အသီးသီး အောင်မြင်မှု ရနိုင်ပါတယ်။

နောက်တစ်နည်း ပြောရရင် အခမဲ့ ကြော်ငြာစရာနေရာကြီးတစ်ခု လို ဖြစ်နေပါတယ်။ ဒီတော့ Facebook ကို ကောင်းကောင်း အသုံးချ တတ်ရင် မိမိရဲ့  ဘဝပိုမိုတိုးတက်သွားစေနိုင်ပါတယ်။ ဒါက Pleasure အတွက် ရည်ရွယ်ပြီး သုံးနေတဲ့ Level ကိုကျော်လွန်သွားပါပြီ။ Opportunity ရှာဖွေတဲ့အဆင့်အထိ အသုံးပြုမှုပါ။ အရင်က ပြောနေကျ အတိုင်း ပဲ ပြောရမယ်ဆိုရင် Facebook Page ဖန်တီးမယ်။ စာတွေရေးမယ်၊ ပုံတွေတင်မယ်။ မိမိ ဖန်တီးချက် များ၊ Product များကို နည်းအမျိုးမျိုးနဲ့ လူသိအောင် Share မယ်၊ မျှဝေမယ် အစရှိသဖြင့် အလွယ်ကူဆုံး နည်းလမ်းနဲ့ကို အောင်မြင်လွယ်ပါတယ်။ ဒါကလည်း ကိုယ့်ဆီမှာ Product ကောင်းကောင်းတော့ ရှိဖို့လိုပါတယ်။

ဒီတော့ ယခုလို ရည်ရွယ်ထားသူဟာ Facebook User Level မှာတင် အမှတ်အမြင့်ဆုံး ရသူ ဖြစ်နေရ ပါမယ်။ အမှတ်အမြင့်ဆုံးဆိုလို့ စာမေးပွဲတွေလည်း မရှိပါဘူး။ Password ဘယ်လိုပြောင်းတာလဲ အခြေခံအစ page တစ်ခု ဘယ်လိုတည်ဆောက်တယ်အထိ အသေးစိတ်အချက်အလက်များကို ကိုယ်က သေချာ လေ့လာ ထားမယ်။ ပြန်လည် အသုံးချမယ်။ ပြီးတော့ ကိုယ့်ဆီမှာ ရှိတဲ့ Product ကိုလည်း ချပြနိုင်ရင် Facebook Specialist တစ်ယောက်တောင် ဖြစ်လာနိုင်ပါတယ်။

တကယ်လိုအပ်ပါတယ်။ Facebook Specialist ဆိုတာလည်း အသက်မွေးဝမ်းကျောင်း တစ်ခုလို ဖြစ်လာနေ ပါတယ်။ ဒါက Facebook ကိုပဲမှီပြီး Opportunity ရှာမှီးမှုပါ။ အခြားနည်းလမ်းအနေနဲ့ Facebook ကိုနွယ်ပြီး၊ မှီခိုပြီး စီးပွားရေး လုပ်ချင်သူများအနေနဲ့ Facebook ကောင်းကောင်း အသုံးပြုတတ်သူကို လိုအပ်နေပါတယ်။ ဒါကြောင့်ပဲ Social Media Manager, Web Based Communication Manager အစရှိသဖြင့်တို့ကို လစာ ကောင်းကောင်းနဲ့ ရှာဖွေခန့် ထားနေခြင်း ဖြစ်ပါတယ်။

ဒီတော့ Pleasure အတွက်တင်မဟုတ်တော့ပဲ Opportunity အထိပါ ရည်ရွယ်ထားတဲ့ သူဟာ Facebook ကို သာမန် လူတစ်ယောက် အသုံးပြုတတ်တတ်သလောက် တတ်နေလို့ မရတော့ပါဘူး။ သူ့ကို မှီပြီး Opportunity ရှာဖွေမယ်။ သို့မဟုတ် သူ့ကိုမှီပြီး မိမိရဲ့  Skill, Product တွေကို ချပြမယ် ယင်း အခြေခံ အကျဆုံး နည်းလမ်း ၂ ခုနဲ့ Faceboook မှာ အောင်မြင်မှုတွေ ရှာဖွေနိုင်ပါတယ်။ ဒီတော့ Facebook ကိုအခြေခံပြီး ဘဝတိုးတက် နိုင်ပါကြောင်း တိုက်တွန်း သတင်းပေး လိုက်ရပါတယ်။
.
အောင်ခမ်း (TSJ team)

" ယနေ့ ဆန္ဒထုတ်ဖော်မှုအပေါ် ဦးလူမင်း (မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ) ၏ သဘောထား "


"အခု ဆန္ဒပြတယ်ဆိုတာ နိုင်ငံ သားတိုင်း လုပ်ခွင့်ရှိတဲ့ အခွင့်အရေး တစ်ခုအနေနဲ့လုပ်ကြတော့ ကျွန် တော်တို့အနေနဲ့ သဘောမတူစရာ မရှိ သလို ကန့်ကွက်စရာလည်း မရှိ ဘူး။ ဆန္ဒတကယ်ပြပြီဆိုရင် ကျွန်တော် တို့လည်း မှတ်တမ်းမှတ်ရာ ယူ ထားမယ်။
ပြီးတော့ ဆန္ဒပြတဲ့ရည် ရွယ်ချက်ကဘာလဲ နံပါတ်တစ် စဉ်းစား ပါမယ်။ ဘယ်လိုလူတွေက ပြတာလဲ ဆိုတာကိုလည်း သုံးသပ်ပါမယ်။ ပြီး ရင် ဥက္ကဌတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ် မယ်။ ပြီးရင် ကိုယ်နဲ့ ကိုယ့်အဖွဲ့ အစည်းကို ပြန်ပြီးသုံးသပ်မယ်။
ကျွန် တော်တို့ဘက်က ပြင်သင့်တာတွေ အကုန်ပြင်မယ်။ ဆင်ခြင် သင့်တာ တွေ အကုန်ဆင်ခြင်မယ်။ ဒါပေမဲ့ ရည်ရွယ်ချက်သည် လောကသား များကောင်းဖို့ဆိုတဲ့ ရည်ရွယ်ချက် ဖြစ်ရမယ်။ မှန်မှန်ကန်ကန်ဆန္ဒ ဖော် ထုတ်တယ်ဆိုရင် ဒီဆန္ဒကို ကျွန်တော်တို့အလေးအနက်ထားပါမယ်"
(မနက်ဖြန်တနင်္ဂနွေထုတ်ဝေမည့်ပေါ်ပြူလာဂျာနယ်မှ)

ရွှေသံလွင်မီဒီယာ၊ Forever Group တို့နှင့် ပြန်ကြားရေးတို့ ပူးပေါင်းလုပ်ကိုင်မှုမှာ ဥပဒေမရှိဘဲ အမိန့်၊ ညွှန်ကြားချက်၊ စာချုပ်များဖြင့် လုပ်ကိုင်နေခြင်းဖြစ်ဟု ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ပြောကြား

ရွှေသံလွင်မီဒီယာ၊ Forever Group၊ အက်ဖ်အမ်များအား ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ပူးပေါင်း လုပ်ကိုင်ရာတွင် ယခင်က ဥပဒေမရှိဘဲ အစိုးရအဖွဲ့ အမိန့်ညွှန်ကြားချက်၊ စာချုပ်စာတမ်းများဖြင့် လုပ်ကိုင်နေခြင်းဟု ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့ပါသည်။
သြဂုတ် ၂၃ ရက်က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် ကျင်းပသော ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မီဒီယာများ တွေ့ဆုံပွဲတွင် The Daily Eleven သတင်းစာ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဥပဒေမှာ ယခုမှ ရေးဆွဲနေခြင်းဖြစ်ပြီး ဥပဒေအတည်ပြု ပြဋ္ဌာန်းပြီးမှ စာချုပ်များ ပြန်ပြင်ချုပ်ကာ လုပ်ကိုင်မည်ဟုလည်း ထည့်သွင်း ဖြေကြားခဲ့သည်။
အသံလွှင့် လုပ်ငန်းနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်း လုပ်ငန်းများကို အစိုးရကသာ လုပ်ကိုင်ခွင့်ရှိပြီး ပုဂ္ဂလိကဖြင့် လုပ်ကိုင်မည် ဆိုပါက အမိန့်ညွှန်ကြား ချက်များဖြင့် လုပ်ကိုင်ခွင့်ရှိရာ လက်ရှိတွင် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းလုပ်ကိုင်ရာတွင် မည်သို့ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေခြင်းအပေါ် မေးမြန်းခဲ့ခြင်းဖြစ်သည်။
ဥပဒေပညာရှင်တွေနဲ့ ပေါင်းပြီး ဒါတွေအားလုံး ဆွဲနေတယ်။ လွှတ်တော်မှာ အတည်ပြုပြီးရင် လက်ရှိလုပ်နေတဲ့ ရွှေသံလွင်တို့ Forever တို့နဲ့ စာချုပ်တွေကိုလည်း နောင်ပေါ်လာမယ့် ဥပဒေနဲ့ညီအောင် ပြန်လုပ်ရမယ်။ တစ်ကယ်ဟိုတုန်းက ဥပဒေမရှိဘူး။ အစိုးရအဖွဲ့ရဲ့ အမိန့်ကြေငြာစာနဲ့ စာချုပ်စာတမ်းနဲ့ ကျွန်တော်တို့ လုပ်ခဲ့လို့ပါ  ...

မေးမြန်းချက်အပေါ် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြန်လည်ဖြေကြားရာတွင် ''ရေဒီယိုနဲ့ ရုပ်သံလွှင့် လုပ်ငန်းတွေကို အစိုးရကပဲ လုပ်ပိုင်ခွင့် ရှိပါတယ်။ ရွှေသံလွင်နဲ့ Forever Group နဲ့ ဘယ်လို လုပ်ကြလည်းဆိုရင် ဟိုတုန်းက မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားနဲ့ အကျိုးအမြတ် ခွဲဝေတဲ့ စနစ်နဲ့ လုပ်နေပါတယ်။ လုပ်တဲ့အခါမှာလည်း နှစ်ဖက်ချုပ်ဆိုမယ့် စာချုပ်ကို အရင်လုပ်ရပါတယ်။ အဲဒီစာချုပ်ကို ရှေ့နေချုပ်ရုံးကို တင်ပြတယ်။ ရှေ့နေချုပ်ရုံးကနေ ၀န်ကြီးဌာနကနေ အစိုးရအဖွဲ့ကို တင်ပြပြီး အစိုးရအဖွဲ့ ခွင့်ပြုချက်နဲ့ လုပ်တာပါ။ သူတို့တင် မဟုတ်ဘူး။ လက်ရှိလုပ်နေတဲ့ FM Station တွေအားလုံးကလည်း မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားရယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရယ် ဖြစ်ပါတယ်။ နောင်သွားမယ့် စနစ်က ရေဒီယိုနဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်မှု ဥပဒေကြမ်းကို ကျွန်တော်တို့ဆွဲနေတယ်။ ၂၀၀၈ ၂၀၀၇ ကတည်းက စဆွဲတာ။ ဒါပေမဲ့ အစိုးရသစ် ရောက်လာတော့ သမ္မတကြီးချပေးတဲ့ ဒီမိုကရက်တစ် စံနှုန်းတွေနဲ့ရော၊ နိုင်ငံတကာ စံနှုန်းတွေနဲ့ရော ကိုက်မကိုက်ကို ကျွန်တော်တို့က နိုင်ငံတကာ အဖွဲ့အစည်းတွေကို ခေါ်ပြီးပြတဲ့ အခါမှာ လွဲချော်နေတာတွေ ရှိတယ်။ ရှိတော့ ကျွန်တော်တို့ရယ်၊ ယူနက်စကိုရယ် အမေရိကန် အစိုးရကပေးတဲ့ အင်တာနေရှင်နယ် မီဒီယာ Support ကပေးတဲ့ အဖွဲ့က ဥပဒေပညာရှင်တွေနဲ့ ပေါင်းပြီး ဒါတွေအားလုံး ဆွဲနေတယ်။ လွှတ်တော်မှာ အတည်ပြုပြီးရင် လက်ရှိလုပ်နေတဲ့ ရွှေသံလွင်တို့ Forever တို့နဲ့ စာချုပ်တွေကိုလည်း နောင်ပေါ်လာမယ့် ဥပဒေနဲ့ညီအောင် ပြန်လုပ်ရမယ်။ တစ်ကယ်ဟိုတုန်းက ဥပဒေမရှိဘူး။ အစိုးရအဖွဲ့ရဲ့ အမိန့်ကြေငြာစာနဲ့ စာချုပ်စာတမ်းနဲ့ ကျွန်တော်တို့ လုပ်ခဲ့လို့ပါ'' ဟု ပြောကြားခဲ့သည်။
Eleven

“စီးပွားရေးလောကမှာ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ သိသင့်သောအခြေခံ အသိအမြင်နှင့်စီးပွားရေးနှင့် ပတ်သက်သော ယူဆချက်များ”


လေ့လာသင်ကြားရေးအတွက် တက်ကြွနေသော အဖွဲ.အစည်းဖြစ်ရေး – ပွင့်လင်းမှု ရှိခြင်း ၊ သင်ယူမှတ်သာလိုခြင်း နှင့် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လိုခြင်း တွေဟာအောင်မြင်တဲ့ ဦးစီးခေါင်း
ဆောင်တစ်ယောက်ထင်ရှားပေါ်လွင်စေမယ့် အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်။ တိုးတက်ပြောင်းလဲနေတဲ့ အဖွဲ.အစည်းတွင်းမှာလည်းဒီလို အမှတ်အသားလေးတွေတွေ.နေရတယ်။
မိမိတို.တော်ကြောင်း ၊ ကောင်းကြောင်းတွေကို ပြောဆိုနေတတ်တဲ့ အဖွဲ.အစည်းတွေကိုသတိထားပါ။ သူတို.က အပြောစောသူတွေဖြစ်ပါတယ်။ ဒီလိုပါပဲ စီးပွားရေးလောကမှာပဲဖြစ်ဖြစ် ၊နိုင်ငံရေးလောကမှာပဲဖြစ်ဖြစ် တစ်ယောက်ယောက် ကျွန်တော်၊ကျွန်မကို ယုံကြည်စိတ်ချစမ်းပါ ပြောလာရင် လူတွေကသိပ်ပြီးယုံလေ့မရှိကြပါဘူး။
လေ့လာသင်ကြားတဲ့ အဖွဲ.အစည်းဖြစ်ဖို. တိုးတက်ချင်စိတ်ရှိရုံနှင့် မလုံလောက်ပါဘူး။ ကျယ်ပြန်.တဲ့ အတွေးသစ်၊ အမြင်သစ်တွေရအောင်လည်း လေ့ကျင့်ပျိုးထောင်ပေးရမယ်။
မိမိတို.ဖြစ်ချင်တဲ့ ပန်းတိုင်ကိုရောက်ဖို့အတွက် အရည်အချင်းပိုတိုးလာအောင်ကြိုးစားကြရပါမယ်။

Building a Share Vision - ဒီအကြောင်းအရာကတော့ အများနဲ့ပေါင်းပြီး အနာဂတ်ကိုပုံဖော်တာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းရဲ့ရလဒ်ကတော့ စိတ်ဓာတ်တက်ကြွဖွယ် အသစ်အဆန်းတီထွင်မှုကို အားပေး
တတ်တယ်။ အောင်မြင်ရေးအတွက်လိုအပ်တာကတော့မိမိရဲ့အတွေးအမြင်သစ်တွေ ကိုလက်တွေ.အကောင်အထည်ဖော်အသုံးချခြင်းပင်ဖြစ်ပါတယ်။

Team Learning – မိမိ အသင်းအဖွဲ.မှာပါဝင်သူများရဲ့ စိတ်ကူး ၊ ဥာဏ်စွမ်းများကိုအသုံးချပြီး လိုချင်တဲ့ ရလဒ် ရရှိအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ Personal Mastery နဲ့ Shared Vision တို.ကိုအခြေခံထားတာ
ဖြစ်ပါတယ်။ အဖွဲ.အစည်းရဲ့ စွမ်းအားကိုအသုံးပြုပြီး ရလဒ်ကောင်းများရစေရုံမက အဖွဲ.အတွင်းမှ တစ်ဦးတစ်ယောက်ချင်းစီလည်း ကျွမ်းကျင်မှုတွေပိုမို ရရှိလာမှာဖြစ်ပါတယ်။
လက်တွေ.ဆောင်ရွက်ရန်အချက်များ – မိမိရဲ့ လုပ်နေကျထဲ က ဘယ်ဟာတွေကိုဆက်ထိန်းထားမလဲ ။ဘယ်ဟာတွေကိုပြုပြင်လုပ်ဆောင်မလဲဆိုတာဆုံးဖြတ်ပါ။
တစ်နည်းတစ်ဖုံပြောင်းလဲတာဟာ ဈေးကွက်သစ်ရှာချင်တာလား ဒါမှမဟုတ် လက်ရှိဈေးကွက်မှာပဲ ပိုမိုပြီးစိတ်ဝင်စားအောင်လုပ်ချင်တာလားဆိုတာဆုံးဖြတ်ပါ။
တစ်ခုခုအပြောင်းအလဲလုပ်တော့မယ်ဆိုရင် ဘာကြောင့်လုပ်ချင်တာလဲ ၊ ကိုယ်ရည်ရွယ်တဲ့ဈေးကွက်မှာပေါက်ပါ့မလားဆိုတာအသေအချာစဉ်းစားပါ။
ဈေးကွက်သုတေသနလုပ်ပေးရင် တစ်နည်းတစ်ဖုံလုပ်ကိုင်ရေးအတွက်အကြံဥာဏ် တွေရနိုင်တယ်။လက်ရှိဝန်ဆောင်မှုတွေနဲ့ပတ်သက်လို.လူတွေက ဘာတွေကို မကြိုက်ဖြစ်နေကြတာလည်း၊
သူတို.က ဘယ်လိုဖြစ်စေချင် နေကြတာလဲ ၊ စီးပွားရေးလုပ်ငန်းကို ဘယ်လိုထိခိုက်နိုင် ၊ အကျိုးရှိနိုင်တာတွေ ရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါ။
ကျိန်းသေပေါက်အောင်မြင်အောင်ဘာတွေလုပ်ဖို့လိုလဲဆိုတာကိုလည်းရှင်းရှင်းလင်းလင်းနားလည်ဖို့လိုပါတယ်။....

ads.com.mm

ပုသိမ်ခရိုင်တွင် သုံးရက်အတွင်း ဘင်္ဂါလီ ၃၀၀ ကျော် ဖမ်းမိ


ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲနှင့် ဟိုင်းကြီးမြို့နယ်ခွဲတို့တွင် သုံးရက်အတွင်း နိုင်ငံဖြတ်ကျော် ဝင်ရောက်လာသော ဘင်္ဂါလီလူမျိုး ၃၂၇ ဦးကို ဒေသခံများ သတင်းပေးချက်ဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ငရုတ်ကောင်းမြို့နယ်ခွဲ နံ့သာပုကျေးရွာအုပ်စု ဂေါ်ရန်ဂျီကျွန်းနှင့် ကိုက် ၃၀၀ ခန့် အကွာတွင် ပင်လယ်တွင်းမှ ရေကူးကာ ကမ်းခြေသို့ ရောက်ရှိလာသည့် ဘင်္ဂါလီလူမျိုး ၅၃ ဦးကို သြဂုတ်လ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများနှင့် ဒေသခံများက ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်ကလည်း ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ လိပ်ကျွန်းတွင် ဘင်္ဂါလီလူမျိုး ၂၇၄ ဦး ထပ်မံရောက်ရှိလာသဖြင့် သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းဘင်္ဂါလီများမှာ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ စက်လှေဖြင့် ထွက်ခွာလာခြင်းဖြစ်ကာ စက်လှေဝမ်းကွဲ၍ လိပ်ကျွန်း၌ ဆိုက်ကပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

အဆိုပါ ဘင်္ဂါလီလူမျိုး ၃၂၇ ဦး ဖမ်းဆီးရမိခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများထံ အတည်ပြုနိုင်ရေး မေးမြန်းစုံစမ်းသော်လည်း သတင်းထုတ်ပြန်၍ မရသေးကြောင်းသာ ပြန်ကြားသည်။

Myanmarnewsupdate

တရုတ်တွင် လစာမရဘဲအလုပ်လုပ်နေရသော မြန်မာ ၃၈ ဦးကို ကယ်တင်

ရန်ကုန်- တပ်မမှူးတစ်ဦးနှင့် လွှတ်တော်အမတ်နှစ်ဦး အကူအညီဖြင့် တရုတ်နိုင်ငံတွင် လုပ်ခလစာမရရှိဘဲ အလုပ်လုပ်နေရသော မြန်မာနိုင်ငံသား ၃၈ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

“တပ်မ(၁၁) တပ်မမှူး ဗိုလ်မှူးကြီးလှမြင့်စိုး၊ ဟိုပန်ပြည်သူ့လွှတ်တော်အမတ်နဲ့ တာချီလိတ်မြို့နယ်၊ အမျိုးသားလွှတ်တော်အမတ်တို့က အဓိကကူညီတာ။ တပ်မမှူးက နိုင်ငံခြားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက သူ့ သူငယ်ချင်းတွေဆီကိုစာရေးပေးတာ”ဟု တရုတ်နိုင်ငံတွင် လုပ်ခ လစာမရရှိသော မြန်မာနိုင်ငံသားများကို ကယ်ဆယ်ဆောင်ရွက်ပေးခဲ့သည့် လားဟူတိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယောနက ပြောသည်။

ရှမ်းပြည်နယ်၊ သိန်းနီမြို့မှ လားဟူတိုင်းရင်းသား ၁၈ ဦး၊ ရှမ်းတိုင်းရင်းသား သုံးဦး၊ ၀လူမျိုးသုံးဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၄ ဦးတို့မှာ တရုတ်နိုင်ငံ၊ ရှန်တုန်မြို့ နယ်၊ ချင်းတော့မြို့ရှိ ပလတ်စတစ်စက်ရုံတွင် ခြောက်လကျော်ကြာ လခမရဘဲ အလုပ်လုပ်နေကြရပြီး မိဘဆွေမျိုးများနှင့် အဆက်အသွယ်မရ၍ အထက်ပါပုဂ္ဂိုလ်များကိုပြောပြရာမှ ကူညီခဲ့ကြခြင်းဖြစ်သည်။

“ဒီတစ်ခေါက် တရုတ်ကပြန်ပို့တဲ့လုပ်သားတွေက အရင်တုန်းကလူတွေထက်ထူးတယ်။ လုပ်ခ လစာတွေအပြည့်အ၀ပေးတာ တွေ့ရတယ်”ဟု မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ အလုပ်သမားများအတွက် လုပ်ခလစာအဖြစ် တရုတ်ယွမ်ငွေ လေးသိန်းကျော်(မြန်မာကျပ်ငွေသိန်းခြောက်ရာခန့်) ရရှိခဲ့ကြောင်း အဆိုပါအလုပ်သမားများကို ကူညီသူထဲတွင် ပါဝင်ခဲ့သူ မူဆယ်ဒေသခံ ဦးသောင်းထွန်းက ပြောသည်။ အဆိုပါအလုပ်သမားများကို တရုတ်အစိုးရမှတာဝန်ရှိသူများက သြဂုတ်လ ၁၉ရက်က မူ ဆယ်မြို့၊ နန်းတော်ဂိတ်အထိ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

7daynews

ဖေ့စ်ဘွတ်ခ်တင် ဓာတ်ပုံကြောင့် မလေးစုံတွဲကို နိုင်ငံတော် အကြည်ညိုပျက်မှုဖြင့် တရားစွဲ


ရာမာဒန် ပါတီတခုမှာ ၀က်သားစားနေတဲ့ ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ တင်ခဲ့တဲ့ မလေးရှားစုံတွဲကို နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု နဲ့ တရားစွဲဆိုလိုက်ပါတယ်။

အယ်လ်ဗင်းတန် နဲ့ ဗီဗီယန်လီး တို့နှစ်ယောက်ဟာ လိင်ကိစ္စကို ပွင့်ပွင့်လင်းလင်းဖော်ထုတ်တဲ့ ဘလော့ဂ်တခုကို တင်ထားတဲ့အတွက် မလေးရှားမှာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

အစိုးရက အခု သူတို့တွေ သိပ်လွန်လွန်းလာတဲ့အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲရတာလို့ ပြောပါတယ်။
အယ်လ်ဗင်းတန် နဲ့ ဗီဗီယန်လီတို့ဟာ လွန်ခဲ့တဲ့နှစ်က သူတို့ဖန်တီး တည်ဆောက်ထားတဲ့ လိင် အသားပေး ဘလော့ဂ်တခုကို တင်လိုက်တဲ့အချိန်မှာ အများအာရုံစိုက်တာကို ခံခဲ့ကြရတာပါ။

အယ်လ်ဗင်းက စင်ကာပူနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တခုက အာဆီယံ ဥပဒေကျောင်းသား တယောက် ဖြစ်ပါတယ်။ ဒါပေမယ့် ခုတော့ သူ့ပညာသင်ဆုကို ပြန်ရုပ်သိမ်းခံလိုက်ရပါပြီ။ သူ့ချစ်သူ ဗီဗီယန်လီကတော့ မလေးရှားတက္ကသိုလ်တခုက ဘွဲ့ရတယောက် ဖြစ်ပါတယ်။ ဘလော့ဂ်ကိုတော့ မိသားစု ဖိအားပေးမှုကြောင့် သူတို့ ပိတ်ပစ်လိုက်ပါပြီ။

နောက်တော့ သူတို့က လိင်အကြောင်း ဆွေးနွေးပြောဆိုတဲ့ ဗွီဒီယိုတခုကို ယူကျု(ပ်)ကနေ တင်လိုက်ပြန်ပါတယ်။တင်လိုက်တဲ့ ပို့စ်တွေအတွက် မကျေနပ်သံတွေ အများကြီး ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့က အခု သူတို့ ဥပဒေကြောင်းအရ အရေးယူခံရဖို့ ဖြစ်လာတဲ့ အငြင်းပွားစရာပုံကို တင်လိုက်တဲ့ အခါမှာမှ ဖြစ်လာခဲ့တာပါ။ ပုံက ဟာလာ လုပ်တဲ့ အမှတ်သင်္ကေတတခုနဲ့ သူတို့ ၀က်သားစားနေတဲ့ပုံပါ။

အစိုးရက အဲဒါကို အမျိုးသားတည်ငြိမ်မှုနဲ့ လူမျိုးအရ ညီညွတ်အဆင်ပြေမှုကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ပြီး သူတို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခဲ့တာပါ။

မလေးရှား ကာကွယ်ရေးဝန်ကြီး ဟစ်ရှာမူဒင် ဟူစိန်က “အဲဒါက လွန်လွန်းပါတယ်ဗျာ။ တကယ်လို့ ကျနော်တို့က ပြင်ဆင်မှုမလုပ်ရင် လူတွေက အဲဒါကို သာမန် ဖြစ်ရိုးဖြစ်စဉ်တခုလို့ စပြီး လက်ခံယူဆသွားနိုင်တာမျိုးပါ။ အထူးသဖြင့် လူငယ်တွေအတွက်ပေါ့ဗျာ။ တကယ်လို့ မလုပ်ခဲ့ရင် ရာမာဒန်ကာလမှာ လူ့အဖွဲ့အစည်းကို သွေးကွဲအောာင် လူမျိုးရေး ကိစ္စမျိုးတွေကို အသုံးချမယ့်သူတွေ ရှိလာနိုင်ပါတယ်” လို့ ပြောပါတယ်။

အပြစ်ရှိကြောင်း တွေ့ရှိမယ်ဆိုရင်တော့ သူတို့နှစ်ယောက်ဟာ ဒဏ်ငွေ နဲ့ ထောင်ဒဏ် ကျခံရပါလိမ့်မယ်။ ဒါပေမယ့် ဗွီဒီယိုတခုထဲမှာတော့ သူတို့က သူတို့ရဲ့ လုပ်ရပ်တွေအတွက် တောင်းပန်ထားပါတယ်။

အယ်လ်ဗင်းတန်က “ဒီ ဗွီဒီယိုကို ရိုက်ကူးရတဲ့အကြောင်းကတော့ ဒီရာမာဒန် ဥပုသ်လမှာ မွတ်စလင်တွေကို စိတ်ဆိုးဒေါသဖြစ်အောင် လုပ်မိတဲ့အတွက် မလေးရှားအားလုံးရဲ့ ခွင့်လွှတ်မှုကို တောင်းချင်လို့ပါပဲ” လို့ ပြောပါတယ်။

သူတို့ဟာ အကျဉ်းထောင်ထဲမှာ တပတ် နေခဲ့ရပြီး အမှုကို စောင့်နေရတဲ့အချိန်မှာ အာမခံနဲ့ လွှတ်ပေးထားပါတယ်။ ဒါပေမယ့် သူတို့ကို လွှတ်ပေးရာမှာ တင်းကျပ်တဲ့ အခြေအနေတွေ ချမှတ်ထားခဲ့ပါတယ်။

အယ်လ်ဗင်း နဲ့ ဗီဗီယန်လီ တို့ရဲ့ ရှေ့နေ ချောင်ဂျူးထျန်က “တချက်ကတော့ သူတို့ရဲ့ ပတ်စ်ပို့တွေကို သိမ်းဆည်းပြီး တရားရုံးမှာ လုံလုံခြုံခြုံ သိမ်းထားပါလိမ့်မယ်။ နောက်တခုက သူတို့ကို အင်တာနက်၊ စမတ်ဖုန်း နဲ့ အင်တာနက် အသုံးပြုလို့ရတဲ့ ပစ္စည်းတွေကို အသုံးပြုခွင့် မပေးပါဘူး။ ဘာသာရေး၊ လူမျိုးရေး အနက်အဓိပ္ပာယ် ရှိတဲ့ သတင်းအချက်အလက်တွေ ဝေဖန်ချက်တွေ၊ ဖော်ပြချက်တွေကို ဖြန့်ဝေတာမျိုးလို အလားတူ ချိုးဖောက်မှုတွေ ထပ်မကျူးလွန်နိုင်အောင်လို့ပါ” လို့ ပြောပါတယ်။

အဲဒီကတည်းက ဗီဗီယန် နဲ့ အယ်လ်ဗင်းတို့နှစ်ယောက်လုံးဟာ လူထုအာရုံ စိုက်မှုတွေကို ရှောင်ရှားနေခဲ့ပါတယ်။ သတင်းမီဒီယာတွေရဲ့ မေးခွန်းတွေကို တိုတိုပဲ တုံ့ပြန် ဖြေကြားခဲ့ပါတယ်။

အဲဒီအမှုက အွန်လိုင်းနဲ့ သတင်းမီဒီယာတွေမှာ ဒေါသတကြီး အပြန်အလှန် ငြင်းခုန်ဆွေးနွေးမှုတွေကို ဖြစ်ပေါ်လာစေခဲ့ပြီး လူအများစုကတော့ အစ္စလာမ်ကို ရည်ရွယ်ချက်ရှိရှိ စော်ကားတဲ့အတွက် အပြစ်ဒဏ်ပေးသင့်တယ်လို့ ပြောကြပါတယ်။ တရားရုံးက နောက်ဆုံးစီရင်ချက် ချဖို့နေ့ကိုတော့ မသတ်မှတ်ရသေးပါဘူး။

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဖိုင်ဇယ်လ် မိုတာက ကွာလာလမ်ပူကနေ  သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

by ဒီဗွီဘီ

အမြန်လမ်းမမှာ တောင်ပေါ်သား အဝေးပြေးကား မြောင်းထဲထိုးကျ


ယနေ့ နေ့ လည် ၂း၁၁ မိနစ်ခန့်က နေပြည်တော် အမြန်လမ်းမ မိုင်တိုင်အမှတ် ၁၅၇/၇ မှာတောင်ပေါ်သား အဝေးပြေးကားက လမ်းပြုပြင်မှုပြုလုပ် နေတဲ့ မော်တော်ယာဉ်ကို ဝင်တိုက်ပြီး ဘေးကမြောင်းထဲကို ထိုးကျခဲ့ ပါတယ်။ တောင်ပေါ်သားကားဟာရန်ကုန်မှနေပြည်တော်သို့ သွားမှာဖြစ်ပြီးခရီးသည် ၂၈ဦးခန့်ပါပါ တယ်။

ယာဉ်တိုက်မှုကြောင့် ခရီးသည် တစ်ဦးတစ်ယောက်မှ ဒဏ်ရာအပြင်းအထန် ရခြင်းမရှိဘဲ ယာဉ်မောင်း နှစ်ဦး အနက် တစ်ဦးမှာ ခြေထောက်နဲ့ လက်များပွန်းပဲ့ဒဏ်ရာရရှိခဲ့တယ်။ "ရှေ့ကကားသေးလေးကို ကျော်တက် ခိုင်းတာအဲဒါကို ကားသေးလေးကမတက်တော့ သူကတက်တော့အရှိန် မထိန်းနိုင်တော့ဘူး လမ်းပြင်နေတဲ့ သူတွေထိမှာစိုးလို့ လမ်းဘေးကို ဆွဲချလိုက်ပြီ ဆိုတာကိုတွေ့ တော့ ခေါင်းငုံ့ချလိုက်တာ၊ ကြောက်တာတော့ တော်တော်ကြောက်သွားတယ်" လို့ ကားပေါ်ပါလာသူ အသက်သုံးဆယ် ဝန်းကျင် အမျိုးသမီး တဦးပြောပါတယ်။ အမြန်လမ်း ရဲဝန်ထမ်းများက စစ်ဆေးလျှက် ရှိပါတယ်။


From:[_ချိုဇင်မာဝင့်/Kumudra _]
(မောင်ကျောက်ခဲ အဖွဲ့)

သမီးရည်းစားစုံတွဲ ထော်လာဂျီတိုက်မိ၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ


ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ လွိုင်မွေ-ကျိုင်းတုံသွား ကားလမ်းရှိ မိုင်တိုင်အမှတ် (၄/၃) အနီးတွင် သြဂုတ်လ ၂၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က ဆယ်ကျော်သက်အရွယ် သမီးရည်းစားစုံတွဲ စီးနင်းလာသည့် မော်တော်ဆိုင်ကယ်ကို ထော်လာဂျီယာဉ် တိုက်မိရာ တစ်ဦးပွဲချင်းပြီး သေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိသွားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

ကျိုင်းတုံ - လွိုင်မွေသွားကားလမ်း မိုင်တိုင်အမှတ် ၄/၃ အနီး ယင်းနေ့ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က ကျိုင်းတုံမြို့တွင်းသို့ ယာဉ်မောင်း စိုင်းဆောင်ခမ်း ၁၈ နှစ်မောင်းပြီး နောက်မှ မနန်းရှဲန်လာ ၁၅ နှစ် လိုက်ပါလာသည့် ယာဉ်အမှတ် ၂၁ယ/၆၇၅၄၈ Honda Dream အနက်ရောင် ဆိုင်ကယ်အား ၉ဌ/၂၄၉၀၇ အပြာရောင် ထော်လာဂျီယာဉ်က ဟွန်းတီးကာ ကျော် တက်ကြောင်းနှင့် ယင်းဆိုင်ကယ်မှ လမ်းဘေးသို့ ကပ်ပေးရန် ပြင်ဆင်နေစဉ် ထော်လာဂျီယာဉ်က ယင်းဆိုင်ကယ်၏ ဝဲဘက်လက်ကိုင်ကို ပွတ်တိုက်မိသဖြင့် ဆိုင်ကယ်တိမ်းမှောက် သွားရာ ထော်လာဂျီ ယာဉ်မှာမောင်းနှင် ထွက်ပြေးသွားကြောင်း ယင်းမြို့နယ် ရဲစခန်းမှုခင်းမှတ်တမ်းများအရ သိရသည်။

ယင်းယာဉ်မောင်းသည် ထွက်ပြေးတိမ်းရှောင် သွားသော်လည်း သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အထက်ပါ မှတ်တမ်းအရ သိရသည်။

“ဆိုင်ကယ်နဲ့ကား တိုက်မိတယ်ဆိုပြီး ကားလမ်းပေါ်မှာ သွေးသံရဲရဲနဲ့ လဲကျနေတဲ့ ကောင်မလေးကို ကောင်လေးကဖက်ပြီး ငိုနေတယ်။ ပြီးတော့ မောင်းပြေးသွားတဲ့ ကားနောက်ကို သွေးအလူးလူးနဲ့ ကောင်လေးက ဆိုင်ကယ်နဲ့ လိုက်ရှာတယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပြသည်။

အမှတ် (၆၄) ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ်စောသန်းဦးက “ကောင်မလေးက မေးရိုးနဲ့နှာခေါင်းရိုးတွေပါ ကျိုးကုန်ပြီး သွားတွေပါ ကျွတ်ထွက်ကုန်တယ်၊ ပါးစပ်တွေ၊ နားတွေ၊ နှာခေါင်းတွေကပါ သွေးတွေ ထွက်လာပြီး ပွဲချင်းပြီး ဆုံးသွားတယ်။ ကောင်လေးကတော့ ဝဲဘက်လက်ပြင်မှာ ပေါက်ပြဲဒဏ်ရာရလို့ ဆေးရုံကြီးမှာ တင်ထားတယ်” ဟု The Voice သို့ ပြောဆိုသည်။

ဆိုင်ကယ်အား ပွတ်တိုက်မိပြီး လူ့အသက်သေဆုံးအောင် မဆင်မခြင် မောင်းနှင်သည်ဟုဆိုကာ ထော်လာဂျီ ယာဉ်မောင်း ပိုင်ဦး ၂၁ နှစ်ကို ယာဉ်(ပ) ၂၉/၂၀၁၃ ပုဒ်မ ၃၀၄ (က) အရ အရေးယူထားကြောင်း ယင်းမြို့နယ်ရဲစခန်းထံမှ သိရသည်။

The Voice 

သူငယ်တန်းကျောင်းသူ အဓမ္မပြုကျင့်ခံရမှု ကျောင်းသားများနှင့် မသက်ဆိုင်ဟုဆို


ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် သူငယ်တန်း ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံမှုနှင့် ပတ်သက်၍ အခြေခံပညာ မူလတန်းကျောင်းရှိ အတန်းဖော် ကျောင်းသားများနှင့် ပတ်သက်မှုမရှိကြောင်း မှုခင်းတပ်ဖွဲ့ (CID) မှ ပြောကြားကြောင်း အဆိုပါ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက The Voice သို့ ပြောကြားသည်။

“ကျောင်းကို အဲဒီနေ့ (သြဂုတ် ၇ ရက်နေ့) ညနေ ၃ နာရီခွဲ ကျောင်းလွှတ်ချိန်လောက်မှာ CID က ဆိုပြီး လူသုံးဦး လာတယ်။ မြေပြင်အနေအထားကို စစ်ဆေးတယ်။ ၈ ရက်နေ့ နံနက်မှာ တစ်ခေါက်လာပြီး သူတို့ စစ်ဆေးသုံးသပ်ချက်အရ ကျောင်းနဲ့ ပတ်သက်မှု မရှိပါဘူး။ ကလေးမိဘတွေကိုလည်း အကြောင်းကြားပေးပါလို့ ပြောသွား တယ်” ဟု ၎င်းက ဆိုသည်။

မုဒိမ်းမှု ကျူးလွန်ခံရသော ကျောင်းသူက အတန်းဖော်တစ်ဦးက ကျောင်း အိမ်သာတွင် ကျူးလွန်ပါသည်ဟု အဓမ္မပြုခံရသည့် ဒုတိယအကြိမ် ထွက်ချက်တွင် ပြောကြားချက်သည် ပထမအကြိမ် ထွက်ဆိုစဉ်က အချက်များနှင့် ကွဲလွဲနေသောကြောင့် သူငယ်တန်းအရွယ် ကျောင်းသားများ အစစ်ခံရမည်ကို ကျောင်းသားမိဘများက စိုးရိမ်ခဲ့ကြောင်း ကျောင်းသားမိဘများက ပြောကြားသည်။

“ကျွန်တော့်ဆီကိုတော့ CID တပ်ဖွဲ့ဝင်တွေ တစ်ရက်ခြား၊ နှစ်ရက်ခြားလောက် ရောက်လာကြတယ်၊ စစ်ဆေးနေဆဲပဲလို့ သိရတယ်။ သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို ကျွန်တော်မသိဘူး” ဟု ရွှေပျောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

စာသင်ကျောင်းဝင်းအတွင်း အဓမ္မပြုကျင့်ခံရမှု ဖြစ်နိုင်ခြေ မရှိကြောင်းကို CID ၏ စစ်ဆေးချက်အရ သိရှိရသဖြင့် ကျောင်းသားမိဘများမှာ စိတ်ချမ်းသာကြောင်း အဆိုပါကျောင်းသူ အဓမ္မပြုကျင့် ခံရသည်နှင့် ပတ်သက်၍ သံသယဖြစ်သည်ဟု စွပ်စွဲခံရသူ အတန်းဖော်ကျောင်းသားများ၏ မိဘတစ်ဦးက The Voice သို့ ပြောကြားသည်။

အခြေခံပညာ မူလတန်းကျောင်းသည် အလျား ပေ ၁၀၀၊ အနံ ပေ ၁၀၀ ဝန်းကျင်သာရှိပြီး ကျောင်းနှင့် အိမ်သာမှာ ပေ ၂၀ ခန့်သာ ဝေးသဖြင့် ကျောင်းဧရိယာ ကျဉ်းကျဉ်းတွင် အဓမ္မမှု မဖြစ်နိုင်ကြောင်းကို ကျောင်းအုပ်ကြီးက ပြောကြားသည်။

အဓမ္မပြုခံရသည့် ကလေးငယ်သည် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မှုခင်းဆိုင်ရာ အထူးကု ဆရာဝန်ကြီးများ၊ မွေးစားမိခင်နှင့် ကျေးဇူးရှင် ဘုန်းတော်ကြီးတို့၏ ရှေ့မှောက်တွင် ကနဦး ထွက်ဆိုခဲ့စဉ်က ၎င်းနေထိုင်ရာ တည်းခိုရိပ်သာအတွင်းရှိ ကောက်ရိုးပုံတွင် လူကြီးတစ်ဦးက ပြုကျင့်ပါ သည်ဟု ထွက်ဆိုခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ် မှုခင်းကျွမ်းကျင် ဆရာဝန်ကြီးများနှင့် ဗဟိုအမျိုးသမီးဆေးရုံမှ သားဖွားမီးယပ် ဆရာဝန်များ၏ ဆေးစစ်ချက်အရ အဓမ္မပြုကျင့်ခံရသည်မှာ သေချာကြောင်း သို့သော် ကလေးချင်း ကျူးလွန်ခြင်း မဖြစ်နိုင်ကြောင်းကို ဆေးပညာအရ သိနိုင် ကြောင်း ကျောက်တန်းမြို့နယ်ဆေးရုံမှ လက်ထောက်ဆရာဝန်တစ်ဦးက The Voice သို့ ပြောဆိုထားသည်။

The Voice

အသက် ၂၃ နှစ် အရွယ် ဓာတ်ပုံ ဆရာမ ကို မွမ်းဘိုင်း မှာ အုပ်စုလိုက် မုဒိမ်းကျင့်


အသက် ၂၃ နှစ် အရွယ် ဓာတ် ပုံ ဆရာ မ တစ်ဦး ကို အိန္ဒိယ နိုင်ငံ မွမ်ဘိုင်း မြို့  မှာ အုပ်စုလိုက် မုဒိမ်း ကျင့် မှု ဖြစ် ပွား ခဲ့ ပါတယ်။ အဖော် အမျိုးသား တစ်ဦး နဲ့  ဓာတ် ပုံ မှတ်တမ်း ရ ယူဖို့  မွမ်ဘိုင်း မြို့  စွန် ကို သွားရောက်ခဲ့တဲ့ ဓာတ် ပုံ ဆရာမ ကို လူ ငါးဦး က ချဉ်းကပ် လာ ပြီး မုဒိမ်းကျင့် ခဲ့ တာ လို့  ဂျက်လော့ ဆေးရုံ မှာ ဆေးဝါး ကုသခံ နေတဲ့ ဓာတ်ပုံ ဆရာ မ က ရဲ ဌာန ကို ပြောပါတယ်။

မုဒိမ်းမှု ကြောင့် မွမ်ဘိုင်း မြို့  သား တွေ ဟာ အထူး တုန် လှုပ် ခဲ့ ပြီး သူတို့  မြို့  ဟာ မြို့ တော် နယူးဒေလီ ထက် မိန်းကလေးတွေ ကို ပို လုံခြုံမှု ပေး နိုင်တယ် လို့  အပြော ကြီး ခဲ့ တာ တွေဟာ သဲထဲ ရေသွန် ဖြစ် ရ ပြီ လို့  ဟိန္ဒူ စတန် တိုင်း သတင်းစာ မှာ ဖော် ပြထား ပါတယ်။

ပြီးခဲ့ တဲ့ နှစ် ဒီဇင် ဘာလ က အသက် ၂၃ နှစ် အရွယ် ဆေးကျောင်းသူ တစ်ဦး ကို မုဒိမ်းကျင့်သတ် ဖြတ် ခဲ့ မှု ကနေ စရေ တွက် မယ် ဆိုရင် တောင် အိန္ဒိယ မှာ မိန်းကလေး တွေ ကို မုဒိမ်းကျင့် မှု ပေါင်း ရာ ကျော် ရှိ နေ ပြီ လို့  မှတ်တမ်းတွေ မှာ ဖော် ပြထား ပါတယ်။

သူနဲ့  အတူ ပါလာတဲ့ အမျိုးသား အဖော် ကို တော့ မုဒိမ်းသမား တွေ က ရိုက် နှက် ခဲ့ ပြီး သူ့  ကို ကျန်တဲ့ လေးယောက် က ၀ိုင်းချုပ် ပြီး တစ်ယောက် ချင်းစီ သားမယား အဖြစ် ပြုကျင့်ခဲ့ တယ် လို့  ပြောပါတယ်။

From: Myanmar Daily News

ဖွေးဖွေး - မိန်းမပိုဆန်လာတာ ဘာကြောင့်လဲ မိန်းကလေးအချင်းချင်းပဲသိမှာပါ



ဖွေးဖွေးပါဝင်သရုပ်ဆောင် ထားတဲ့ Colourful Lesson ဇာတ် ကားက သူရိုက်ခဲ့တာ ရုပ်ရှင်ဆိုပြီး ရိုက်ခဲ့တာ ခုရုပ်ရှင်အဖြစ် ပြသခွင့် ပြန်တင်နေတာနဲ့ပတ်သက်ပြီး သူ နားမလည်ဘူး။ ထုတ်လုပ်သူပဲ သိပါ လိမ့်မယ်လို့ ပြောပါတယ်။ သူက တော့ သူပါဝင်တဲ့ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ဗီဒီယိုပဲဖြစ်ဖြစ် အကောင်းဆုံးကြိုး စားသရုပ်ဆောင်ခဲ့ပြီး ကြီးကြီးမား မားမျှော်မှန်းချက် ဘာမှမရှိဘူးလို့ ဆိုပါတယ်။ သူက ၀ါသနာပါတဲ့ အလုပ်တစ်ခုလို လုပ်ခွင့်ရနေတာနဲ့ တင်ပျော်ရွှင်ပါတယ်။ ၂၅နှစ်ပြည့် မွေးနေ့ပွဲအတွက် မေးထားတဲ့ မေး ခွန်းများကို ဖြေဆိုပေးခဲ့တဲ့ ပရိသတ် များကို ကျေးဇူးတင်ပါတယ်။ ဒီနှစ် မှာ မဆုံဖြစ်ခဲ့ပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဆုံနိုင်ခွင့်ရလိမ့်မယ် လို့ယုံကြည်ပါတယ်တဲ့ ...

Q. ဖွေး ဒီနှစ်ချစ်သူဆီက ဘာ လက်ဆောင်ရလဲ

A. ရှူးတိုးတိုး

Q. ဖွေးဖွေးကို ဘယ်လောက် သိလဲမေးခွန်းတွေက မများလွန်းဘူးလား

A. မေးခွန်းတွေက ဖွေးဖွေးရယ်၊ အမေရယ်၊ ကိုဝိုင်းရယ် တိုင်ပင်ပြီးမေးကြတာ။ ဖွေး ဒီအနုပညာ အလုပ်လုပ်ကတည်းက ပရိသတ်နဲ့ ရင်ဘတ်ချင်းဆက်ပြီး ခံစားတယ်။ ငါသာ ပရိသတ်နေရာမှာဆိုရင် ဒီ လိုမျိုးကြိုက်ပါ့မလားဆိုပြီး ပရိသတ် ဘက်ကအမြဲတွေးတယ်။ အဲဒီအတွက် ပရိသတ်နဲ့ဖွေးနှလုံးသားချင်း ရင်းနှီးနေတယ်လို့ ခံစားရတယ်။ ကတ်သီးကတ်သတ်မေးခွန်းလေးတွေ မေးတာက ပျော်စေချင်လို့မေးတာပါ။ ၂၅ခု မေးတာက ဖွေးအသက် ၂၅နှစ်အတွက် အမှတ်တရလုပ်ပေမယ့်အရမ်းများမှန်းသိတယ်။ အဲဒီ အတွက် အများဆုံးဖြေနိုင်တဲ့သူတွေ ကိုစုပြီး မွေးနေ့ Dinner ကျွေးတဲ့ သဘောမျိုးပါ။ တကယ် အဖြေမှန် တာတစ်ယောက်ပဲရှိတယ်။ သူ့ကို ဖွေး CASIO နာရီလေးလက် ဆောင်ပေးလိုက်တယ်။

Q. လက်ပံတုန်းကလည်း တစ်ကားလုံးက အနီရဲရဲဝတ်တယ် မွေးနေ့ဝတ်စုံက အနီဆိုတော့ အနီရောင်က ဖွေးဖွေးကို ကံကောင်းစေသလား

A. ဟုတ်။ အနီရောင်က ဖွေး အတွက်ကံကောင်းစေတယ်လို့ ပြောလို့ရပါတယ်

Q. အရင်ကဖွေးရဲ့ဝတ်စားဆင် ယင်ပုံက နည်းနည်းလေးယောက်ျား ဆန်ပေမယ့် ခုမိန်းမဆန်ဆန်ဖြစ် လာတာ အချစ်ကြောင့်လား

A. အစကတည်းက ဖွေးဖွေးရဲ့ အပြင်ကာရိုက်တာက ကနွဲ့ကလျမ လုပ်တတ်ဘူး။ ဖွေးက မင်းသမီး တစ်ယောက်ဖြစ်ဖို့ထက် သရုပ် ဆောင်ကောင်း တစ်ယောက်ဖြစ် ချင်ခဲ့တာ။ ကာရိုက်တာအကုန်ဝင် အောင်သရုပ်ဆောင်နိုင်သူ ဖြစ်ချင် တော့ အမာပဲဖြစ်ဖြစ် အပျော့ပဲဖြစ် ဖြစ် ပုံစံဝင်အောင်ပြောင်းဖြစ်ပါ တယ်။

Q. မိန်းမပိုဆန်လာတာ ဘာ ဖြစ်လို့လဲ ချစ်တတ်လို့လား

A. ရှင် ...အဲဒါမိန်းမအချင်း ချင်းပဲသိမှာပေါ့။

Q. ဖွေးဖွေး သီချင်းဆိုဖို့ကရော

A. Single ခွေထုတ်ဖို့က ဖွေးဖွေးရဲ့မဖြစ်သေးတဲ့ အိပ်မက်တစ်ခု။ ခုကအလုပ်တွေ ရှုပ်နေတော့ အဲဒီ အိပ်မက်ကလေးဖြစ်လာပါတော့မလားတောင်ဖြစ်နေတယ်။ သီချင်းကို ဖွေးက ကိုယ်တိုင်ရေးတယ်။ သံစဉ် ကလည်း ကိုယ်ပိုင်သံစဉ်ပဲလုပ်တယ်။ တီးတဲ့လူတွေနဲ့ကျတော့ ကိုယ်နဲ့မိသားစုလိုဖြစ်ပြီး စိတ်တိုင်း ကျတဲ့ လူတွေနဲ့ပဲဆိုတော့ ကြာဦး မယ်ထင်ပါတယ်။

မလေးရှားရောက် တရားမဝင် မြန်မာလုပ်သား တစ်သိန်းခွဲကို နိုင်ငံကူး လက်မှတ်ထုတ်ပေး



မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာအလုပ်သမား တစ်သိန်းခွဲကို နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲရေး အစီအစဉ် (6P) အရ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးထားပြီး ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက သြဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။

ယင်းလက်မှတ်များကို ၂၀၁၁ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး တစ်ခါသုံး မည်သူမည်ဝါ ဖြစ်ကြောင်း အထောက်အထား (Certificate of Idenity) ကို မြန်မာလုပ်သား ၁၀၀၀၀ ခန့်အား ထုတ်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့က ယင်းသို့ ထုတ်ပြန်ခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံတွင် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားပါက မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့ရှိ သံမှူးကြီး ဖုန်း ၆၀၃ ၄၂၅ ၁၄၄၅၅ နှင့် အလုပ်သမားအရာရှိ ဖုန်းနံပါတ် ၆၀၃ ၄၂၅ ၁၅၅၉၅ တို့ကို ဆက်သွယ်အကူအညီ တောင်းနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရသည်။

မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာလုပ်သား နှစ်သိန်းခန့်ရှိနေပြီး ၎င်းတို့ ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရန် အထောက်အထားများ ထုတ်ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ဇွန်လအတွင်းက ပြောဆိုထားသည်။

မေလကုန်နှင့် ဇွန်လဆန်းတို့တွင် ဖြစ်ပွားခဲ့သည့် မလေးရှားရောက် မြန်မာများ အကြမ်းဖက်ခံရသည့် ဖြစ်စဉ်တွင် မလေးရှားနိုင်ငံက အော်ပရာစီဟုခေါ်သည့် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးသည့် စစ်ဆင်ရေးတစ်ရပ်ကို ပြုလုပ်ခဲ့ရာ မြန်မာ ထောင်ဂဏန်းခန့် ဖမ်းဆီးခံခဲ့ရသည်။

မြ၀တီ