ရွှေသံလွင်မီဒီယာ၊ Forever Group တို့နှင့် ပြန်ကြားရေးတို့ ပူးပေါင်းလုပ်ကိုင်မှုမှာ ဥပဒေမရှိဘဲ အမိန့်၊ ညွှန်ကြားချက်၊ စာချုပ်များဖြင့် လုပ်ကိုင်နေခြင်းဖြစ်ဟု ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ပြောကြား
														ပို့စ်တင်ချိန်
														- 8/24/2013 01:19:00 PM
ရွှေသံလွင်မီဒီယာ၊ Forever Group၊ အက်ဖ်အမ်များအား ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ပူးပေါင်း လုပ်ကိုင်ရာတွင် ယခင်က ဥပဒေမရှိဘဲ အစိုးရအဖွဲ့ အမိန့်ညွှန်ကြားချက်၊ စာချုပ်စာတမ်းများဖြင့် လုပ်ကိုင်နေခြင်းဟု ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့ပါသည်။
သြဂုတ် ၂၃ ရက်က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် ကျင်းပသော ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မီဒီယာများ တွေ့ဆုံပွဲတွင် The Daily Eleven သတင်းစာ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဥပဒေမှာ ယခုမှ ရေးဆွဲနေခြင်းဖြစ်ပြီး ဥပဒေအတည်ပြု ပြဋ္ဌာန်းပြီးမှ စာချုပ်များ ပြန်ပြင်ချုပ်ကာ လုပ်ကိုင်မည်ဟုလည်း ထည့်သွင်း ဖြေကြားခဲ့သည်။
အသံလွှင့် လုပ်ငန်းနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်း လုပ်ငန်းများကို အစိုးရကသာ လုပ်ကိုင်ခွင့်ရှိပြီး ပုဂ္ဂလိကဖြင့် လုပ်ကိုင်မည် ဆိုပါက အမိန့်ညွှန်ကြား ချက်များဖြင့် လုပ်ကိုင်ခွင့်ရှိရာ လက်ရှိတွင် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းလုပ်ကိုင်ရာတွင် မည်သို့ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေခြင်းအပေါ် မေးမြန်းခဲ့ခြင်းဖြစ်သည်။
ဥပဒေပညာရှင်တွေနဲ့ ပေါင်းပြီး ဒါတွေအားလုံး ဆွဲနေတယ်။ လွှတ်တော်မှာ အတည်ပြုပြီးရင် လက်ရှိလုပ်နေတဲ့ ရွှေသံလွင်တို့ Forever တို့နဲ့ စာချုပ်တွေကိုလည်း နောင်ပေါ်လာမယ့် ဥပဒေနဲ့ညီအောင် ပြန်လုပ်ရမယ်။ တစ်ကယ်ဟိုတုန်းက ဥပဒေမရှိဘူး။ အစိုးရအဖွဲ့ရဲ့ အမိန့်ကြေငြာစာနဲ့ စာချုပ်စာတမ်းနဲ့ ကျွန်တော်တို့ လုပ်ခဲ့လို့ပါ ...
မေးမြန်းချက်အပေါ် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြန်လည်ဖြေကြားရာတွင် ''ရေဒီယိုနဲ့ ရုပ်သံလွှင့် လုပ်ငန်းတွေကို အစိုးရကပဲ လုပ်ပိုင်ခွင့် ရှိပါတယ်။ ရွှေသံလွင်နဲ့ Forever Group နဲ့ ဘယ်လို လုပ်ကြလည်းဆိုရင် ဟိုတုန်းက မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားနဲ့ အကျိုးအမြတ် ခွဲဝေတဲ့ စနစ်နဲ့ လုပ်နေပါတယ်။ လုပ်တဲ့အခါမှာလည်း နှစ်ဖက်ချုပ်ဆိုမယ့် စာချုပ်ကို အရင်လုပ်ရပါတယ်။ အဲဒီစာချုပ်ကို ရှေ့နေချုပ်ရုံးကို တင်ပြတယ်။ ရှေ့နေချုပ်ရုံးကနေ ၀န်ကြီးဌာနကနေ အစိုးရအဖွဲ့ကို တင်ပြပြီး အစိုးရအဖွဲ့ ခွင့်ပြုချက်နဲ့ လုပ်တာပါ။ သူတို့တင် မဟုတ်ဘူး။ လက်ရှိလုပ်နေတဲ့ FM Station တွေအားလုံးကလည်း မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားရယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရယ် ဖြစ်ပါတယ်။ နောင်သွားမယ့် စနစ်က ရေဒီယိုနဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်မှု ဥပဒေကြမ်းကို ကျွန်တော်တို့ဆွဲနေတယ်။ ၂၀၀၈ ၂၀၀၇ ကတည်းက စဆွဲတာ။ ဒါပေမဲ့ အစိုးရသစ် ရောက်လာတော့ သမ္မတကြီးချပေးတဲ့ ဒီမိုကရက်တစ် စံနှုန်းတွေနဲ့ရော၊ နိုင်ငံတကာ စံနှုန်းတွေနဲ့ရော ကိုက်မကိုက်ကို ကျွန်တော်တို့က နိုင်ငံတကာ အဖွဲ့အစည်းတွေကို ခေါ်ပြီးပြတဲ့ အခါမှာ လွဲချော်နေတာတွေ ရှိတယ်။ ရှိတော့ ကျွန်တော်တို့ရယ်၊ ယူနက်စကိုရယ် အမေရိကန် အစိုးရကပေးတဲ့ အင်တာနေရှင်နယ် မီဒီယာ Support ကပေးတဲ့ အဖွဲ့က ဥပဒေပညာရှင်တွေနဲ့ ပေါင်းပြီး ဒါတွေအားလုံး ဆွဲနေတယ်။ လွှတ်တော်မှာ အတည်ပြုပြီးရင် လက်ရှိလုပ်နေတဲ့ ရွှေသံလွင်တို့ Forever တို့နဲ့ စာချုပ်တွေကိုလည်း နောင်ပေါ်လာမယ့် ဥပဒေနဲ့ညီအောင် ပြန်လုပ်ရမယ်။ တစ်ကယ်ဟိုတုန်းက ဥပဒေမရှိဘူး။ အစိုးရအဖွဲ့ရဲ့ အမိန့်ကြေငြာစာနဲ့ စာချုပ်စာတမ်းနဲ့ ကျွန်တော်တို့ လုပ်ခဲ့လို့ပါ'' ဟု ပြောကြားခဲ့သည်။
Eleven