၁၃ နှစ်သမီးကို ပေါင်းသင်းမိသဖြင့် အဓမ္မမှုဖြင့် တရားစွဲခံရ

ပို့စ်တင်ချိန် - 8/10/2013 07:12:00 AM


ဇော်ဇော်ထွေး | သောကြာနေ့၊ သြဂုတ်လ ၀၉ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၃၁ မိနစ်

အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို ခိုးယူပေါင်းသင်းမိသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးသည် အဓမ္မကျင့်မှုဖြင့် ရွှေပြည်သာရဲစခန်းတွင် တိုင်ကြားခံထားရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

အဆိုပါ မိန်းကလေးငယ်၏ မိဘများသည် သြဂုတ် ၂ ရက်က ၎င်းတို့သမီး ကျူရှင်သွားရာမှ အိမ်သို့ပြန် မလာသဖြင့် လိုက်လံရှာဖွေနေခဲ့ကြောင်း၊ ထိုသို့ လိုက်လံရှာဖွေနေစဉ် သူတို့သမီးကို တစ်လမ်းတည်းနေ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်သို့ ခေါ်ဆောင်သွားကာ ပေါင်းသင်းနေထိုင်နေကြောင်း သိရှိခဲ့ရသည်ဟု ရဲကိုတိုင်တန်းရာတွင် ထွက်ဆိုထားသည်။

ထို့ကြောင့် မိဘများသည် သမီးဖြစ်သူကို သြဂုတ် ၆ ရက်တွင် သွားရောက်ခေါ်ဆောင်ခဲ့ပြီး သူ့သမီးကို ပေါင်းသင်းခဲ့သည့် အမျိုးသားကိုလည်း အသက်မပြည့်သေးသည့် ကလေးငယ်ကို ခိုးယူပေါင်းသင်းသူအဖြစ်စွပ်စွဲကာ ရွှေပြည်သာရဲစခန်း၌ တိုင်တန်းခဲ့သည်ဟု ရဲမှတ်တမ်းတွင်တွေ့ ရသည်။

ယင်းသို့ တိုင်တန်းမှုကို ရွှေပြည်သာရဲစခန်းက အမှုအမှတ် (ပ) ၅၆၆/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူ အမျိုးသားကိုလည်း ဖမ်းဆီးစစ်ဆေးလျှက်ရှိပြီး သူသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အဓမ္မပြုကျင့်မှုဖြင့် တရားစွဲခံရနိုင်ချေရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
Mizzima - News in Burmese