ဂျပန်စစ်ဝါဒ ပြန်လည်ခေါင်းထောင်လာသည်ဟု တရုတ်၏ ပြောကြားချက် ဂျပန်ပယ်ချ

ပို့စ်တင်ချိန် - 2/18/2014 09:36:00 PM


ရိုက်တာ|တိုကျို၊ ဖေဖော်ဝါရီ ၁၇

ဂျပန်နိုင်ငံသည် စစ်ဝါဒဆီသို့သွားနေသည်ဟု တရုတ်၏ဝေဖန်မှုကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ လက်ထောက်ဖြစ်သူက ပယ်ချလိုက်ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။

စစ်အတွင်း သမိုင်းဖြစ်ရပ်များနှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုများကြောင့် ဂျပန်နိုင်ငံနှင့် ဆက်ဆံရေး တင်းမာနေခဲ့သော တရုတ်၊ တောင်ကိုရီးယားတို့နှင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည်ဟုလည်း ဂျပန် ၀န်ကြီးချုပ် လက်ထောက်က ပြောကြားသည်။

စစ်အတွင်း ဂျပန်ကျူးကျော်သိမ်းပိုက်မှု၏ ခါးသီးသောအတွေ့အကြုံ ဖြစ်ရပ်များကို မေ့ပျောက်မရနိုင်သေး သော တရုတ်နိုင်ငံနှင့်ဂျပန်တို့၏ ဆက်ဆံရေးသည် အရှေ့တရုတ်ပင်လယ်တွင်း ကျွန်းများပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ်တွင် အငြင်းပွားမှုကြောင့် ပိုမိုဆိုးရွားလာခဲ့သည်။ ကိုရီးယားနိုင်ငံကို ဂျပန်နိုင်ငံက ၁၉၁၀- ၁၉၄၅ ခုနှစ်အထိ သိမ်းပိုက်ကျွန်ပြုထားခဲ့သော သမိုင်းအမွေနှင့် တောင်တရုတ်ပင်လယ်တွင်း ပိုက်နက် အငြင်းပွားမှုကြောင့် ဂျပန်၊ တောင်ကိုးရီးယား ဆက်ဆံရေးမှာလည်း ဆိုးရွားနေခဲ့သည်။

“ဒုတိယကမ္ဘာစစ်ကြီးအပြီး (၆၉) နှစ်ကြာအောင် ဂျပန်နိုင်ငံဟာ လွတ်လပ်ခွင့်၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ အယူအဆ သဘောထားအပေါ် အခြေခံပြီး ယနေ့ ဂျပန်နိုင်ငံကို ကျွန်တော်တို့ တည်ဆောက်ခဲ့ပါ တယ်” ဟု ၀န်ကြီးချုပ်အာဘေး၏ အယုံကြည်ဆုံးပုဂ်္ဂိုလ်၊ ဂျပန်အစိုးရ၏ ထိပ်တန်းပြောခွင့်ရပုဂ်္ဂိုလ်နှင့် အစိုးရအဖွဲ့ အတွင်းဝန်ချုပ် “ယိုရှီဟီဒေဆူးဂါး” က ပြောကြားသည်။

“သူတို့ ဂျပန်ကို စစ်အင်အားကြီးနိုင်ငံ တစ်နိုင်ငံလို့ ပြောတယ်။ ဒါပေမဲ့ ဂျပန်ရဲ့ကာကွယ်ရေး အသုံးစရိတ် က ၀ ဒသမ ၈ ရာခိုင်နှုန်းပဲရှိတယ်။ တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ဘတ်ဂျက်က နှစ်စဉ် ၁၀ ရာနှုန်းကျော်နဲ့ နှစ်စဉ်သုံးလာခဲ့တာ နှစ် ၂၀ ရှိခဲ့ပါပြီ၊၊ ဒီလိုနိုင်ငံတစ်ခုက ဂျပန်ကို “စစ်ဝါဒီ” လို့ အခေါ်ခံရ တာတော့ အမှန်တရားနဲ့ လုံးဝလွဲချော်နေပါတယ်” ဟု မစ္စတာဆူဂါးက ပြောသည်။

တရုတ်နိုင်ငံသည် ယမန်နှစ်က လေကြောင်းကာကွယ်ရေး သတ်မှတ်ချက်ဇုန်အသစ်ကို ကြေညာခဲ့ရာ အငြင်းပွားနေသောကျွန်းများ၏ ဝေဟင်ပိုင်နက်လည်းပါနေသဖြင့် ဆက်ဆံရေးမှာ ပိုမိုတင်းမာလာစဉ်တွင် ဂျပန်ဝန်ကြီးချုပ်အာဘေးသည် ဒီဇင်ဘာလအတွင်းက စစ်အတွင်းကျဆုံးသွားသော ဂျပန်စစ်သူရဲကောင်း များ၏ အငြင်းပွားဖွယ် ဂူဗိမာန်ကို သွားရောက်ဂါရ၀ပြုခဲ့သဖြင့် တင်းမာမှုများ ပိုဆိုးရွားသွားခဲ့သည်။

ထိုဂူဗိမာန်ကို အတိတ်က ဂျပန်၏ စစ်ဝါဒ ပြယုဂ်အဖြစ် ဂျပန်၏အာရှအိမ်နီးချင်းနိုင်ငံများက ယူဆထား ကြသည်။

Mizzima Burmese