မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အိမ်နီးချင်းနိုင်ငံ အချို့ထက် မြင့်တက်လာသော်လည်း ထိုဂရပ်ဖ်မှာ ရေပေါ်ဆီအသိုင်းအဝိုင်းနှင့်သာသက်ဆိုင်

ပို့စ်တင်ချိန် - 2/18/2014 08:45:00 AM


၂ဝ၁၃ ခုနှစ်အတွင်း နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရာခိုင်နှုန်းများက အိမ်နီးချင်းနိုင်ငံအချို့နှင့် ဖွံ့ဖြိုးပြီး နိုင်ငံများထက် ပိုမြင့်ကြောင်း ထုတ်ဖော် ပြောကြားမှုအပေါ် ထိုကိန်းဂဏန်း အချက်အလက်များသည် နိုင်ငံရှိ အပေါ်ယံ အသိုင်းအဝိုင်းများ အတွက်သာ ဖြစ်နေသည်ဟု လွှတ်တော်ကိုယ်စားလှယ် အချို့နှင့်
စီးပွားရေးလုပ်ငန်းရှင်အချို့က ဝေဖန်သည်။

၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် နေ့ထုတ် နိုင်ငံ ပိုင် မြန်မာ့အလင်းသတင်းစာတွင် ဘဏ္ဍာရေးဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းရေးသားထားသော အစိုးရ၏
ပြုပြင်ပြောင်းလဲရေး အောင်မြင်ဆိုသော သတင်းဆောင်းပါးပါ ကိန်းဂဏန်းအချက်အလက်များကို ကြည့်ကာ ၎င်းတို့က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးခင်မောင်ဦး က ''မြေပြင်မှာ သိပ်အားရစရာက တော်တော်ရှာရဦးမယ်''ဟု လက်ရှိ အခြေအနေကို ပြောသည်။ ဘဏ္ဍာရေး ဒုတိယဝန်ကြီးက နိုင်ငံပိုင် သတင်းစာတွင် လက်ရှိအစိုးရသစ်လက်ထက်၌ စီးပွားရေး
တိုးတက်နေကြောင်းကို အစိုးရ၊ ပူးပေါင်းလုပ်ကိုင်နေသော IMF(နိုင်ငံတကာ ငွေကြေးရန်ပုံ ငွေအဖွဲ့) စသည်တို့ ၏ လေ့လာဆန်းစစ်ချက်များကို ကိုးကား၍ ဖော်ပြထား
သည်။

ယင်း၏ ဖော်ပြမှုတွင် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် မြန်မာ၏ စီးပွား ရေးတိုးတက်မှုက ၇ ဒသမ ၃ ရာခိုင်နှုန်း ရှိနေကြောင်းနှင့် ဗြိတိန်၊ အမေရိကန်၊ ဂျပန်၊ ထိုင်း၊ ဂျာမနီတို့က ၁ ဒသမ ၁ ရာခိုင်နှုန်းမှ ၂ ဒသမ ၇ ရာခိုင်နှုန်း ပတ်လည်တွင်သာ ရှိနေကြောင်း၊ နှိုင်းယှဉ်၍ လည်းကောင်၊ ထို့အပြင် ဘတ်ဂျက်လို ငွေပြမှုတွင်လည်း မြန်မာက ဂျီဒီပီ၏ ၅
ရာခိုင်နှုန်းနီးပါးရှိ၍ ကမ္ဘာနှင့်ယှဉ်ပါက အကောင်းဆုံးထဲတွင် မပါသေးသော် လည်း အညံ့ထဲ မဝင်ကြောင်း ရေးသား ထားသည်။

ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က ''ခုချိန်မှာ အလွတ်ကြီး မပြောကြပါဘူး။ တာဝန်ခံမှုတွေ၊ တာဝန်ယူမှုတွေ၊ ရှိလာ ပါပြီ။ ဒါပေမဲ့ ဒါကို ဘယ်လောက်ထိ အာမခံ တာဝန်ယူပြီးပြောပါသလဲ။ ဒါပဲ ရှိတယ်။ တကယ်ဟုတ်ရင်တော့ မြန်မာ က အိပ်ပျော်နေတာကနေ
နှိုးထလာပြီ လို့ ပြောလို့ရတယ်။ နေရာကွက်ပြီး မိုး ကြီးနေရင်တော့ ပျံ့နှံ့အောင် လုပ်ရဦး မယ်ပေါ့''ဟု ထောက်ပြသည်။

လက်ရှိနိုင်ငံ၏လက်တွေ့ကျသော လူထု၏စီးပွားရေးအခြေအနေမှာမူအား ရစရာသိပ်မကောင်းဘဲ ဒုံရင်းအတိုင်းသာ ရှိနေသည်ဟု မျက်မြင်သက်သေကို ကြည့်၍ ဦးဝင်းမြင့်က ဆက်ပြောသည်။ ဦးခင်မောင်ဦးက ''တကယ့်ကို အဆင်ပြေနေလားဆိုတာကို လူထုကို မေးကြည့်ပေါ့။ ကိန်းဂဏန်းတွေက မမှန်ဘူးလို့ မပြောဘူး။ ဒါက
တကယ့်အဖြေမဟုတ်ဘူး''ဟု ပြောသည်။

သမ္မတ ဦးသိန်းစိန် အစိုးရတက်ပြီး နိုင်ငံတွင်ဆင်းရဲမှုအား ကိန်းဂဏန်းရာခိုင်နှုန်းအချက်အလက်ဖြင့် ၂၆ ရာခိုင်နှုန်း (လူဦးရေ သန်း ၆ဝ ဖြင့် တွက်ပါက လူပေါင်း ၁၅ သန်းကျော်) ရှိကြောင်း ထုတ်ပြောခဲ့သည်။ ကမ္ဘာ့ ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက် အရဆိုပါက တစ်နေ့လျှင် ငွေကျပ် ၁၄၇ဝ ပတ်လည် (အမေရိကန်ဒေါ်လာ ၁ ဒေါ်
လာခွဲ)သာ ပုံမှန်ဝင်ငွေ ရှိသူ များက နိုင်ငံတွင်း ၁၅ သန်းကျော်ရှိ နေ ရာ ယခု တိုးတက်မှုက ၎င်းတို့အပေါ် မည်မျှသက်ရောက်မှု ရှိသွားကြောင်း
ထောက်ပြပြောဆိုသင့်ကြောင်း ကော်မတီ အတွင်းရေးမှူးတို့က ပြောသည်။

ကုန်သည် စက်မှုလက်မှု လုပ်ငန်း အသင်းချုပ် တွဲဖက်အထွေထွေ အတွင်း ရေးမှူး ဦးအေးလွင်က ''တာဝန်ရှိတဲ့ တစ်ဖက်က ပြောတာကို ပြည်သူ့ကိုယ် စားလှယ်တွေက
ထောက်ပြတာ၊ ဒီအပေါ်မှာ ပြောစရာက ရှိပါတယ်။ နိုင်ငံမှာ စာရင်းဇယားတွေ မမှန်ကန်တာ ကြာပါပြီ။ ဒါက မှန်တဲ့အဖြေ ထွက်ဖို့ ဝေးနေပါတယ်။ တကယ့် လက်တွေ့မှာလုပ်ငန်းတွေက ပိုပိုပြီး ခက်ခဲနေကြပါတယ်''ဟု ပြောသည်။

PN-051
Popular Myanmar News Journal