ဦးအံ့မောင် သမ္မတအကြံပေး မဟုတ်ဟု နိုင်ငံတော်သမ္မတရုံး ရှင်းလင်း

ပို့စ်တင်ချိန် - 6/15/2014 12:13:00 PM



ရန်ကုန်၊ ဇွန် ၁၄

မဟာသန္တိသုခကျောင်းတိုက် ချိတ်ပိတ် အရေးယူသည့် ကိစ္စနှင့် ပတ်သက်၍ သာသနာရေး ဦးစီးဌာနက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပါဝင် ရှင်းလင်းခဲ့သူ ဦးအံ့မောင်သည် နိုင်ငံတော်သမ္မတ၏ အကြံပေး မဟုတ်ကြောင်း သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ရှင်းလင်း ပြောဆိုသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ဦးအံ့မောင် ပါဝင်ခြင်းမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနကိုသာ ကိုယ်စားပြု လုပ်ဆောင်ခြင်း ဖြစ်ပြီး နိုင်ငံတော်သမ္မတကို ကိုယ်စားပြု ရှင်းလင်းခဲ့ခြင်း မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

သန္တိသုခကျောင်းတိုက်အရေးနှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့် အွန်လိုင်းစာမျက်နှာများတွင် ဦးအံ့မောင်ကို နိုင်ငံတော်သမ္မတ အကြံပေးဟု ဖော်ပြ သုံးနှုန်းထားခြင်းနှင့် ပတ်သက်၍ The Voice က အတည်ပြု မေးမြန်းရာတွင် အထက်ပါအတိုင်း ရှင်းလင်းပြောဆိုခြင်း ဖြစ်သည်။

သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း တစ်ဦးဖြစ်သူ ဦးအံ့မောင်သည် ဇွန်လ ၁၁ ရက်နေ့က ပြုလုပ်သော သန္တိသုခကျောင်းတိုက် ချိတ်ပိတ်အရေးယူခြင်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါ အရေးယူမှုကို မတရားဟု ယူဆလျှင် ကြိုက်ရာ တရားရုံး၌ တရားစွဲဆိုနိုင်ကြောင်း၊ ပီနန်ဆရာတော်ကြီး မဟာသန္တိသုခကျောင်းတိုက်၌ အေးအေးချမ်းချမ်း သတင်းသုံးနိုင်ကြောင်း သမ္မတရုံး တာဝန်ရှိသူအချို့က လျှောက်ထားမှုမှာ ၎င်းတို့နှင့် မသက်ဆိုင်ဘဲ ယင်းသို့ လျှောက်ထားသူနှင့်သာ သက်ဆိုင်ကြောင်း ပြောဆိုခဲ့သည်။

ပြည်ပသာသနာပြု ပီနန်ဆရာတော် သီတင်းသုံးရာ မဟာသန္တိသုခ (စင်ကာပူ ပီနန်ကျောင်း) ကျောင်းတိုက်ကို ဇွန်လ ၁၀ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် ရန်ကုန်တိုင်း သံဃနာယကဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ်သံဃာ့နာယက ဆရာတော်များ၊ သာသနာရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့ ဝင်ရောက်စီးနင်းခဲ့ပြီး ကျောင်းတိုက်အတွင်းရှိ သံဃာတော်များနှင့် လူပုဂ္ဂိုလ်အချို့ကို ခေတ္တထိန်းသိမ်းခံခဲ့ရသည်။

ယင်းတို့အထဲမှ လန်ဒန်ဆရာတော် ဦးဥတ္တရ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ကယားဆောင်မှူးတို့ အပါအဝင် သံဃာတော်ငါးပါးကို လူဝတ်လဲစေပြီး တာမွေမြို့နယ် တရားရုံး၌ သာသနာတော် ညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုကာ အင်းစိန်ထောင်သို့ ပို့ဆောင်ထားသည်။

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော ပီနန်ဆရာတော်ကလည်း သန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးနေသော သံဃာများကို ယင်းသို့ လူဝတ်လဲ အကျဉ်းချထားမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ ပြန်လာပြီး ဥပဒေနှင့်အညီ ဖြေရှင်းသွားမည် ဖြစ်ကြောင်း မီဒီယာများသို့ မိန့်ကြားထားသည်။

The Voice Weekly