သရေခေတ္တရာ မြို့ဟောင်းတွင် တယ်လီနော တာဝါတိုင် ဆောက်လုပ်ခြင်းကို ရှေး/သု တားမြစ်

ပို့စ်တင်ချိန် - 6/15/2014 12:14:00 PM



ပြည်၊ ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့နယ် သရေခေတ္တရာမြို့ဟောင်း ရွှေတံခါးကွက်သစ် အတွင်းရှိ ကုန်းအမှတ် (၁၁) တောင်ဘက် ကိုက် ၁၀၀ ခန့်တွင် နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော ကုမ္ပဏီက ဆက်သွယ်ရေး တာဝါတိုင် ဆောက်လုပ်မှုကို ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက တားမြစ်ခဲ့ကြောင်း သရေခေတ္တရာမြို့ဟောင်း ထိန်းသိမ်းရေးလုပ်ငန်း အဖွဲ့ခေါင်းဆောင် ဦးအောင်အောင်ကျော်က ပြောကြားသည်။

ခွင့်ပြုချက် မရှိဘဲ တာဝါတိုင် ဆောက်ရန်အတွက် မြေကျင်း တူးနေသည့်အတွက် သုံးကြိမ်တိုင် နှုတ်ဖြင့် တားမြစ်ခဲ့သော်လည်း လိုက်နာမှု မရှိသောကြောင့် တရားဝင် စာထုတ်ကာ မြို့နယ်အုပ်ချုပ်ရေးမှူး အမိန့်ဖြင့် ဇွန်လ ၁၁ ရက်နေ့က တားမြစ်ခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

“၁၅ ပေ ပတ်လည်၊ အနက်က ရှစ်ပေလောက် ရှိတယ်။ တယ်လီနောက မြန်မာနိုင်ငံက ကုမ္ပဏီတွေကို ကန်ထရိုက်ပေးပြီး ဆောက်ခိုင်းတာ။ စည်ပင်ကတော့ ခွင့်ပြုချက် ပေးလိုက်တယ်။ ယဉ်ကျေးမှု နယ်မြေထဲမှာ လုပ်မယ်ဆိုရင် ဌာနရဲ့ သဘောထားမှတ်ချက် ရမှလုပ်ရမှာ။ ဖောင်ဒေးရှင်းတင် ရှစ်ပေလောက် ဆိုကတည်းက အပေါ်မှာ အလေးချိန် ဘယ်လောက် ရှိမယ်ဆိုတာ မသိနိုင်ဘူး” ဟု ၎င်းက ကန့်ကွက်ရသည့် အကြောင်းကို ရှင်းပြသည်။

တယ်လီနောမြန်မာသည် တာဝါတိုင် တည်ဆောက်မည့် ကုမ္ပဏီနှစ်ခုဖြင့် မြန်မာနိုင်ငံတွင် စာချုပ်ချုပ်ဆိုထားကာ တားမြစ်ခံရသည့် နေရာမှာ တယ်လီနောမြန်မာနှင့် စာချုပ်ချုပ်ဆိုထားသည့် ကုမ္ပဏီတစ်ခုက တာဝါတိုင် ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ဇွန်လ ၁၁ ရက်နေ့တွင် အသိပေးခဲ့သောကြောင့် ဆောက်လုပ်ရေးများကို ရပ်ဆိုင်းပြီး လုပ်ငန်းခွင်ကို ပိတ်ထားကြောင်း၊ ယင်းကိစ္စအတွက် တာဝန်ရှိသူများက တာဝါတိုင် တည်ဆောက်ရေး ကုမ္ပဏီကို ပြန်လည် ဆန်းစစ်လျက် ရှိပြီး စည်းကမ်း ဖောက်ဖျက်သည်ကို တွေ့ရှိရပါက သင့်လျော်သော တုံပြန်ဆောင်ရွက်မှုများကို ပြုလုပ်မည်ဟု ၎င်းက ပြောဆိုသည်။

ဆယ်သွယ်ရေး တာဝါတိုင် ဆောက်လုပ်မည့် နေရာမှာ သရေခေတ္တရာ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် ထိန်းသိမ်းထားသည့် နယ်မြေ (Protection Zone) တွင် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကလည်း တာဝါတိုင် ဆောက်လုပ်ရန် ၂၀၁၃ ခုနှစ် ဇူလိုင်လက ယင်းနေရာကို ရွေးချယ်ခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ရှေးဟောင်းဇုန် နယ်မြေဖြစ်၍ လက်ခံခဲ့ခြင်း မရှိခဲသဖြင့် တာဝါတိုင် ဆောက်လုပ်ရန် လျာထားမှု ရပ်ဆိုင်းခဲ့ဖူးသည်။

The Voice Weekly