ပြင်သစ်အသင်း၏ လေ့ကျင့်ရေးကွင်းသို့ မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ်ဖြင့် ထောက်လှမ်းခဲ့သည့် ဖြစ်ရပ်အား ဖီဖာ စုံစမ်းစစ်ဆေးမည်

ပို့စ်တင်ချိန် - 6/15/2014 04:19:00 PM


အောင်ငြိမ်းသွေး
ဘရာဇီး၊ ဇွန် ၁၅
ဟွန်ဒူးရပ်စ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်အတွက် လေ့ကျင့်ပြင်ဆင်နေသည့် ပြင်သစ်အသင်း၏လေ့ကျင့်ရေးကွင်းသို့ မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ်ဖြင့် ထောက်လှမ်းခဲ့မှုကို ဖီဖာမှ စုံစမ်းစစ်ဆေးမည်ဖြစ်သည်။
ဘိုတာဖိုဂိုအသင်းပိုင် ဆန်တာခရုဇ်ကွင်းတွင် ပြင်သစ်အသင်းလေ့ကျင့်ခန်းပြုလုပ်နေစဉ် ကင်မရာ တပ်ဆင်ထားသော မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ်များ ဝေဟင်တွင် တွေ့ရှိခဲ့ရသည့်အတွက် ပြင်သစ်နည်းပြ ဒက်ချမ့်က စုံစမ်းစစ်ဆေးပေး ရန် ဖီဖာသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ထိုလေယာဉ်များကို တွေ့ရှိခဲ့ရသည့်အတွက် ပြင်သစ်အသင်းသည် လေ့ကျင့်ခန်းအစီအစဉ်ကို ပြီးဆုံးသည်အထိ မပြုလုပ်ပဲ ရပ်နားခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် ဒက်ချမ့်သည် ၎င်းတို့အသင်း၏ နည်းစနစ်ပိုင်းဆိုင်ရာအချက်အလက်များ ပွဲမတိုင်မီပေါ်ထွက် လာမည်ကို စိုးရိမ်လျက်ရှိနေသည်။
ဒက်ချမ့်က “မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ်တွေကို ပိုပိုပြီးအသုံးပြုလာကြပါတယ်။ ဒါကို ဖီဖာအနေတဲ့ စုံစမ်းစစ်ဆေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဒီလိုကျူးကျော်ဝင်ရောက်ပြီး စုံစမ်းထောက်လှမ်းတာမျိုး ထပ်ပြီး မမြင်တွေ့ချင်တော့ပါဘူး။ ဒါပေမယ့် ဒီလိုအချိန်မှာ ဒီလိုကိစ္စမျိုးတွေကို တားဆီးဖို့ဆိုတာ အလွန်ခက်ခဲပါတယ်” ဟု ပြောသည်။
ဒက်ချမ့်၏စွပ်စွဲချက်များနှင့် ပတ်သက်၍ ဟွန်းဒူရပ်စ် သတင်းထောက်ကလည်း ၎င်းတို့ နိုင်ငံအသင်းမှာ ရိုးသားမှုအပြည့် ရှိကြောင်းနှင့် ထိုလုပ်ရပ်ကို ၎င်းတို့ ပြုလုပ်ခြင်းမဟုတ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။
ရည်ညွှန်း ဒေးလီးမေးလ်
Ref: dailymail
Mizzima Sport News