တည်းခိုခန်းတွင် အချင်းများပြီး ဓားဖြင့်ထိုးကာ အင်းလျားကန်အတွင်း ပစ်ချခဲ့

ပို့စ်တင်ချိန် - 7/29/2014 05:48:00 PM


ကြည့်မြင်တိုင်မြို့နယ်ရှိ စိတ်ကူးသစ်တည်းခိုခန်းမှ ပျောက်ဆုံးသွားပြီး နှစ်ရက်အကြာတွင် အင်းလျားကန်အတွင်း အလောင်းပြန်လည်တွေ့ရှိရသူကို သတ်ခဲ့သူမှာ တည်းခိုခန်း မန်နေဂျာဖြစ်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ လှိုင်မြို့နယ် (၂)ရပ်ကွက်၊ (၈)လမ်းတွင် နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် ကိုကျော်မျိုးထွန်းသည် ဇူလိုင် ၂၀ ရက်၊ ည ၁၀ နာရီအချိန်တွင် အပြင်ခဏသွားမည်ဟုဆိုကာ နေအိမ်မှ ထွက်သွားခဲ့ပြီး ဇူလိုင်လ ၂၂ရက်၊ နံနက် ၁၁ နာရီအချိန်တွင် ကြည့်မြင်တိုင် မြို့မရဲစခန်းက အစ်ကိုဖြစ်သူ ဦးရန်နောင်ကျော်၏ဖုန်းကို ဆက်သွယ်ကာ စိတ်ကူးသစ် တည်းခိုခန်းသို့ လာရန် အကြောင်းကြားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဦးရန်နောင်ကျော် ရောက်ရှိသွားစဉ်တွင် ညီဖြစ်သူ ကိုကျော်မျိုးထွန်းကို မတွေ့ဘဲ ၎င်း၏ဖုန်းကိုသာ တွေ့ရှိခဲ့ပြီး အခန်းအတွင်းရှိ ခေါင်းအုံးနှင့် အခင်းတို့တွင် သွေးများ ပေကျံနေကာ တည်းခိုခန်းမှ တာဝန်ရှိသူများက ကိုကျော်မျိုးထွန်းမှာ ဇူလိုင်လ ၂၀ ရက်တွင် လာရောက်တည်းခိုခဲ့ပြီး ဇူလိုင်လ ၂၁ ရက်၊ ညပိုင်းတွင် အပြင်သွားမည်ဟုဆိုကာ ထွက်သွားခဲ့သည်ဟု ပြောသဖြင့် ပိတောက်ချောင်း နယ်မြေရဲစခန်းတွင် လူပျောက်အမှု ဖွင့်ခဲ့သည်။

ထိုသို့ အမှုဖွင့်ပြီးနောက် ဇူလိုင် ၂၃ ရက်၊ ည ၆ နာရီခွဲ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၁၀) ရပ်ကွက်ရှိ အင်းလျားကန်အတွင်း အမျိုးသားတစ်ဦးမှာ ၀မ်းဗိုက်နှင့် လည်ပင်းတွင် ထိုးသွင်းဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ခဲ့ရသဖြင့် ဆက်စပ်စုံစမ်းရာတွင် ကိုကျော်မျိုးထွန်း၏ အလောင်းဖြစ်နေ၍ အစ်ကိုဖြစ်သူက တရားလိုပြုတိုင်တန်းကာ ကြည့်မြင်တိုင်မြို့မ ရဲစခန်းတွင် (ပ) ၅၀၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့သည်။

ထို့နောက် တည်းခိုခန်းမန်နေဂျာ ဦးမောင်မောင်နှင့် ၀န်ထမ်းအချို့ကို မသင်္ကာသဖြင့် စစ်ဆေးမေးမြန်းရာတွင် ၎င်းတို့၏ ထွက်ဆိုချက်အရ ကိုကျော်မျိုးထွန်းသည် ဇူလိုင်လ ၂၁ ရက်၊ ည ၁၀ နာရီခန့်တွင် အခန်းတံခါးထုကာ အော်ဟစ်ဆူညံနေသဖြင့် မန်နေဂျာမှ ၀င်ရောက်တားဆီးရာမှ ရန်ဖြစ်ခဲ့ပြီး ဦးမောင်မောင်မှ စတီးဓားဖြင့် ကိုကျော်မျိုးထွန်း၏ ၀မ်းဗိုက်နှင့် လည်ပင်းကို ထိုးခဲ့ရာမှ သေဆုံးသွားခဲ့ပြီး အလောင်းကို အင်းလျားကန်အတွင်းသို့ ပစ်ချခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် လူသတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့သည် ဦးမောင်မောင်အပါအ၀င် ငါးဦးကို စစ်ဆေးလျက်ရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

mizzima