“သတင်းထောက်ရဲ့ အမျိုးသမီးဖြစ်ရတာဂုဏ်ယူတယ်”

ပို့စ်တင်ချိန် - 7/11/2014 01:28:00 PM



ဉဏ်လှိုင်လင်း| သောကြာနေ့၊ ဇူလိုင် ၁၁ ရက်၊ ၂၀၁၄ ခုနှစ်

နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် တရားစွဲဆိုခံထားရသော ယူနတီဂျာနယ်အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးကို ဇူလိုင် ၁၀ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ပြီဖြစ် သည်။ထိုအထဲတွင် သတင်းထောက်လုပ်သက် နှစ်ပတ်သာရှိသေးသော၊ သုံးနှစ်အရွယ်သမီးတစ်ဦး၏ ဖခင် ကိုလူမော်နိုင်လည်းပါဝင်ခဲ့ပါသည်။ ဖြစ်စဉ်များ၊ တရားရုံးဆုံးဖြတ်ချက်နှင့် ဘ၀ရှေ့ရေးများအကြောင်းကို ၎င်း၏ဇနီး မလွင်လွင်မြင့်ကို မဇ္ဈိမက ဆက်သွယ်မေး မြန်းပါသည်။

အံ့သြတယ်၊ မအံ့သြဘူး

အံ့သြမိသလိုမအံ့သြလည်း မအံ့သြပါဘူး။ မတရားမှုလို့ ခံစားရတယ်။ တရားလိုပြသက်သေ ထွက်ဆိုချက် တွေကြည့်ရင် အမှုတင်ထားတဲ့စွပ်စွဲချက်နဲ့မကိုက်ညီဘူးဆိုတာအများသိကြပါတယ်။ တရားသူကြီးလည်း သိမှာပါ။အမိန့်ချလိုက်တဲ့ ပြစ်ဒဏ်၁၀နှစ်ဆိုတာတရားသလား၊ မတရားသလားဆိုတာတရားသူကြီးသိမယ် လို့ယုံကြည်တယ်။ ရုံချိန်းပေါင်း ၁၈ချိန်းမှာ အပြန်ပြန်အလှန်လှန်ထွက်ချက်တွေကိုသူသေချာသိနေတာပဲ။ သူ့ကိုလည်း ဘယ်လိုဖိအားမျိုးတွေ ရှိနေမလဲကျွန်မ မသိဘူး။ ဒါပေမယ့်မျှတတဲ့ တရားစီရင်မှုနဲ့ ဆုံးဖြတ်ခဲ့ တဲ့ ပြစ်ဒဏ်မဟုတ်ဘူးလို့ အဲဒီလိုခံစားရတယ်။ နောက်တစ်ခုကကျွန်မယောက်ျားရော စွပ်စွဲခံရတဲ့သူတွေကို ထည့်မစဉ်းစားဘဲ တရားလိုပြ(အစိုးရနှင့်တပ်)သက်သေတွေရယ်၊ ဥပဒေအရာရှိတင်ပြချက်တွေ ရယ်ပေါ် မှာဘဲဆုံးဖြတ်လိုက်တာလို့ပဲ ပြောချင်တယ်။

အမှုဆင်ခံရတာ

ဒီစက်ရုံနေရာက အများပြည်သူသွားလာလို့ရတဲ့နေရာပါ။ အားလုံးဝင်ထွက်ခွင့် ရှိတယ်။ ဒေသခံတွေက လည်းအဲဒီလိုသိတာပါ။ ဖုန်းတို့ကင်မရာတို့တော့ တားမြစ်ထားတယ်ဆိုလို့ သူတို့လည်း အဲဒီသတင်း လိုက် နေတဲ့အချိန် ဒါတွေယူမသွားဘူးလို့သိပါတယ်။ အဲဒီလို အများပြည်သူသွားလာလို့ရတဲ့နေရာမှာ ဘာလျှို့ဝှက် ပေါက်ကြားစရာရှိနိုင်မလဲ။ ကျွန်မ နားမလည်ဘူး။ ဆိုင်းဘုတ်တွေ၊ ဟိုတားမြစ်နယ်မြေဆိုတဲ့ဆိုင်းဘုတ်တွေ အမှုဖြစ်ပြီးမှ လာစိုက်တာ၊ ဒေသခံတွေကလည်း ဒီလိုပဲပြောတယ်။ အဲဒီတော့ အမှုဆင်ပြီး ချလိုက်တာလို့ မြင်ပါတယ်။

အကြီးအကျယ်ဒုက္ခရောက်နေပြီ

အခုတော့ ပခုက္ကူ ထောင်မှာဘဲထားပါတယ်။ ပေါက်နဲ့ ပခုက္ကူ နဲ့က ၄၈ မိုင်ဝေးတယ်။ ကလေးငယ်လေးနဲ့ သွားရတဲ့ခရီးဆိုတော့ ဘယ်လိုမှအဆင်မပြေပါဘူး။ အမှုရင်ဆိုင်နေရတဲ့ ခြောက်လအတွင်းတောင် စား ၀တ်နေရေးရော၊သူ့ကိုထောင်ဝင်စာတွေ့ဖို့၊တရားရုံးတွေ့ဖို့၊ ရှေ့နေရှေ့ရပ်တွေနဲ့ တရားရုံးကိစ္စတွေ လုပ် ရတာနဲ့ စီးပွားလည်းပျက်နေပါပြီ။ ကျွန်မမိဘတွေ ထောက်ပံ့နေလို့တော်နေသေးတာပါ။ သူ အမှုမဖြစ်ခင် တုန်းကတော့ အိမ်မှာကွန်ပျူ တာနဲ့ အင်္ဂလိပ်စာသင်တန်းရှိတယ်၊ သင်တန်းသား ၂၀၀လောက်ရတယ်။ အခ မဲ့သင်ပေးတဲ့ သင်တန်းသားလည်း ၁၇ ယောက်လောက်ရှိတယ်။ အခု သင်တန်းတွေလည်း ဖျက်ပစ်လိုက် ရပြီ။တခြား ထောင်ပြောင်းခံရမယ်ဆိုရင်တော့ ကျွန်မအကြီးအကျယ် ဒုက္ခရောက်ပါပြီ။ မတွေးရဲဘူး။

မိတ်လည်းပျက်တယ်

ပေါက်မြို့ဆိုတာက ကျဉ်းကျဉ်းလေး၊ အာဏာပိုင်တွေကို ကြောက်နေတုန်းပဲ။ အဲဒီတော့ ကျွန်မတို့ မိသားစု အိမ်ကို ရဲကရှာတာ၊ ယောက်ျားကဖမ်းခံရတာ၊ ရဲလာရင်လည်း အယောက်၂၀လောက်လာတာ ဆိုတော့ ပတ်ဝန်းကျင်ကလည်း ကျွန်မတို့နဲ့မဆက်ဆံတော့ဘူး။ ကျောင်းသားမိဘတွေကလည်း သူတို့သားသမီးတွေ မထားတော့ဘူး။ စီးပွားလည်းပျက်၊ မိတ်လည်းပျက်ပေါ့။

အယူခံတင်မယ်

အမှုအတွက်ကတော့ ထောင်ဝင်စာတွေ့လို့ရပြီဆိုရင် ရှေ့နေနဲ့အတူသွားပြီး သူ့ဆီကပါဝါယူမယ်။ အယူခံ အဆင့်ဆင့် ဆက်တက်မယ်။ အချုပ်သားဘ၀နဲ့ကတော့ ထောင်ထဲမှာသာမန်အကျဉ်းသားတွေလိုပဲ ရိုးရိုးအ ကျဉ်းသားခြောက်ယောက်နဲ့အတူ ထားတယ်။ ထောင်ထဲမှာကသိတဲ့အတိုင်း သန့်ရှင်းမှုအားနည်းတော့ ကျန်းမာရေးကတော့ထိတာပေါ့။ တစ်ခါဆို အပြင်ဆရာဝန်ခေါ်ပြီး ဆေးကုလို့ရအောင်တောင်လုပ် ပေးရ သေးတယ်။ ထောင်ရဲ့ ဆေးကုသစောင့်ရှောက်မှုက ကောင်းမှမကောင်းပဲ။

၁၀နှစ်ဆိုတာကို မတွေးချင်

၁၀နှစ်ဆိုတာကြီးတွေးမိရင် ဘ၀ဘယ်လိုရှေ့ဆက်မလဲဆိုပြီး တော်တော်ခံစားရပါတယ်။ သမီးရဲ့ပညာရေး၊ ကျန်းမာရေးကလည်း ကျွန်မတစ်ယောက်တည်း တာဝန်ဖြစ်သွားပြီလေ။ စဉ်းစားထားတာကတော့ မိဘတွေ အကူအညီနဲ့ ပေါက်ကနေပခုက္ကူ ကို ပြောင်းပြီးနေမယ်လို့စဉ်းစားတယ်။ ကလေးပညာရေးအတွက်လည်း အဆင်ပြေ နိုင်တယ်။ သူ့ကိုထောင်ဝင်စာသွားတွေ့ရတာလဲ အဆင်ပြေနိုင်တယ်။ စီးပွားရေးဘာ လုပ်မလဲ ဆိုတာကတော့ သင်တန်းပြန်ဖွင့်ဖို့ စဉ်းစားရမယ်ထင်တယ်။ မိဘတွေဆီပြန်နေဖို့ကတော့ သူတို့ကမိထ္ထီ လာမှာဆိုတော့ အဆင်မပြေဘူး။ ထောင်ဝင်စာကလည်း တွေ့ရဦးမယ်လေ။

ဂုဏ်ယူတယ်

တကယ်ဆိုရင်တော့ သူကပြည်တွင်း မှာ သတင်းထောက်လုပ်တာနှစ်ပတ်လောက်ပဲရှိနေတဲ့အချိန်မှာ ကြုံ လိုက်ရတာပါ။ အရင်ကတည်းက စာရေးတာ၊မတရား တာတွေ့ရင်မခံချင်တာ၊ ဖော်ထုတ်ချင်တဲ့ စိတ်တွေ သူ့မှာရှိတယ်။ ပထမတော့ ကျွန်မတားပါသေးတယ်။ တားမရဘူး။ သူကလည်း ထက်သန်နေတော့ ခွင့်ပြု လိုက်ရတာပေါ့။ ဘာပဲဖြစ်ဖြစ် သတင်းထောက်တစ်ယောက်ရဲ့ အမျိုးသမီးဖြစ်ရတာဂုဏ်ယူပါတယ်။ ဒုက္ခတော့ များရပြီပေါ့။

နောင်တမရဘူး

ကျွန်မမြင်တာက မီဒီယာသမားတွေကို စိန်ခေါ်လိုက်တာနဲ့ အတူတူပဲ။ တစ်နေ့ကပဲ မိန့်ခွန်းထဲမှာ သမ္မတ ကထည့်ပြောသွားတယ်လေ။ မီဒီယာတွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ပေးလာ ရင်အရေးယူမယ်ဆိုပြီးတော့လေ။ ပြီးတော့ သူတို့သတင်းက မီဒီယာကျင့်ဝတ်နဲ့ မညီဘူးဆိုတာမျိုးလည်း အ စိုးရက ပြောခဲ့ကြသေးတယ်။ အစိုးရမခံမရပ်နိုင်ဖြစ်တဲ့ ကိစ္စမျိုးရေးရင် မီဒီယာကျင့်ဝတ်နဲ့ မညီဘူးလို့ဘဲ သူ တို့သတ်မှတ်တယ်လို့ ထင်ပါတယ်။စာဖတ်သူတွေရော၊သတင်းထောက်တွေကိုရော ကိုယ့်အလုပ်ကို ဆက် လုပ်ကြပါ။သတင်းအမှန်တွေကို ပြည်သူတွေသိဖို့လုပ်ပေးကြပါလို့ ပြောချင်ပါတယ်။သမီးကသတင်းထောက် လုပ်ချင်တယ် ပြောလာရင်လည်းခွင့်ပြုမှာပါ။ ကျွန်မနောင်တမရပါဘူး။

ဉဏ်လှိုင်လင်း မေးမြန်းသည်။

Mizzima Burmese