ဘယ်လာရုစ်နိုင်ငံသို့ မြန်မာကိုယ်စားပြုမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်သူ ခင်ဝင့်ဝါနှင့် တွေ့ဆုံခြင်း

ပို့စ်တင်ချိန် - 8/19/2013 09:01:00 AM



ဘယ်လာရုစ် (Belarus) နိုင်ငံ မင့်စ် (Minsk) မြို့တွင် စက်တင်ဘာလ ၆ ရက်နေ့၌ ကျင်းပမည့် Miss Supranational ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မည့် ခင်ဝင့်ဝါနှင့် တွေ့ဆုံပြီး ပြိုင်ပွဲ ယှဉ်ပြိုင်ဖြစ်ပုံ၊ လေ့ကျင့်ပြင်ဆင်မှုများ အကြောင်းနှင့် Miss တစ်ယောက်၏ အရည်အချင်းများအပေါ် သူ၏အမြင်ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။ ယခုအခါ ယင်းနိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်သည်။

Voice ။ ။ Miss Supranational ပြိုင်ပွဲကို ဘယ်လိုကြောင့် ပြိုင်ဖြစ်သွားတာလဲ။

K.W.W ။ ။ ။ ဒီပွဲလေးကို ပြိုင်ဖြစ်သွားတာကတော့ ပြိုင်ပွဲဝင်ခွင့် ဖောင်မှာပါတဲ့ ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်၊ စည်းကမ်းချက်တွေကိုတွေ့ပြီး သဘောကျတာနဲ့ ပြိုင်ဖြစ်သွားတာပါ။

Voice ။ ။ ပထမတော့ ဒီပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု Miss ကို ပြိုင်ပွဲ ကျင်းပပြီး ရွေးမယ်လို့ ပွဲစီစဉ်သူတွေက ပြောခဲ့ဖူးတယ်။ အခုကျတော့ ပြိုင်ပွဲဝင်ဖို့ လာရောက် လျှောက်ထားတဲ့သူတွေရဲ့ လျှောက်လွှာကိုပဲကြည့်ပြီး ရွေးလိုက်တဲ့အပေါ် Facebook ပေါ်မှာ ဝေဖန်နေကြတာလည်း ရှိတယ်လေ။ ဒီလိုဝေဖန်မှုတွေ အပေါ် ခင်ဝင့်ဝါ ဘာပြောချင်လဲ။

K.W.W ။ ။ ။ ညီမအနေနဲ့ ဒီလိုဝေဖန်မှုတွေအပေါ် ဘာမှတော့ မပြောချင်ပါဘူး။ ပြိုင်ပွဲမလုပ်ဘဲ ညီမကို ရွေးလိုက်တဲ့အပေါ် ဝေဖန်မှုတွေ ထွက်လာတာကိုလည်း ကြားပါတယ်။ ဒါကတော့ သူတို့အမြင်နဲ့သူတို့ ပြောကြတာပေါ့။ ဒီလို အရွေးချယ်ခံရဖို့ ဘယ်လောက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရလဲဆိုတာ ညီမကိုယ်တိုင်ပဲ သိပါတယ်။

Voice ။ ။ အရင်တုန်းက ခင်ဝင့်ဝါက မော်ဒယ်လ်လောကမှာ လှုပ်ရှားခဲ့ဖူးသေးတယ် ထင်တယ်နော်။ အဲဒီအကြောင်းလေး ပြောပြပေးပါဦး။

K.W.W ။ ။ ဟုတ်ကဲ့။ ညီမ မော်ဒယ်လ် လောကမှာ ပြိုင်ပွဲတွေလည်း ပြိုင်ခဲ့ဖူးတယ်။ ဖက်ရှင်ရှိုးတွေလည်း လျှောက်ခဲ့ဖူးပါတယ်။ ဆုတွေကတော့ Miss Cotto မှာ 2nd Runner up ဆုနဲ့ Best Smile ဆုတွေ ရခဲ့ဖူးပါတယ်။

Voice ။ ။ ခင်ဝင့်ဝါရဲ့အသက်နဲ့ ပညာအရည်အချင်းလေး ပြောပြပေးပါဦး။

K.W.W ။ ။ ညီမအသက်က ၁၈ နှစ် ပြည့်ပြီးပါပြီ။ ပညာအရည်အချင်းကတော့ တတိယနှစ်၊ ရုက္ခဗေဒ ဘာသာရပ်နဲ့ အဝေးသင် တက်နေပါတယ်။

Voice ။ ။ ဒီပြိုင်ပွဲအတွက် ဘာသာစကားပိုင်းကိုရော ခင်ဝင့်ဝါ ဘယ်လိုပြင်ဆင်ထားသလဲ။

K.W.W ။ ။ ပြိုင်ပွဲရဲ့ စည်းကမ်းချက်တွေထဲမှာတော့ အင်္ဂလိပ် ဘာသာစကားကို Fluent ဖြစ်အောင် ပြောတတ်စရာ မလိုဘူးလို့ ရေးထားပါတယ်။ အများနားလည်နိုင်မယ့် Common English လောက်တော့ ညီမပြောတတ်ပါတယ်။

Voice ။ ။ ပြိုင်ပွဲအတွက် ခင်ဝင့်ဝါ Training တွေ ဆင်းခဲ့ရတယ်လို့ သိထားတယ်။ Training ကာလမှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါဦး။

K.W.W ။ ။ ဒီပြိုင်ပွဲအတွက် ညီမမှာ လေ့ကျင့်ပြင်ဆင်ချိန် အရမ်းနည်းပါတယ်။ Training က မနက် ၈ နာရီကနေ ည ၈ နာရီအထိ လုပ်ရတယ်။ တစ်ခါတလေ ၁၀ နာရီ အထိတောင် လုပ်ရပါတယ်။ အရမ်းလည်း ပင်ပန်းပါတယ်။ ဒါပေမဲ့ နိုင်ငံကို ကိုယ်စားပြုပြီး သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ပင်ပန်းမှုတွေ၊ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံပြီး ညီမကြိုးစား ခဲ့ပါတယ်။

Voice ။ ။ Training ကာလမှာရော ဘာတွေ လေ့လာခဲ့ရလဲ။

K.W.W ။ ။ Training ကာလမှာ ညီမ အကတိုက်ရတယ်။ Gym နေ့တိုင်း ကစားရတယ်။ Cat Walk တွေ လေ့ကျင့်ရတယ်။ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အလှအပဆိုင်ရာ ဗဟုသုတတွေကို အချိန်ပေးပြီး လေ့လာရပါတယ်။

Voice ။ ။ ဒီ Miss Supranational ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ရွေးချယ်ပေးတဲ့ အဖွဲ့အစည်းနဲ့ရော စာချုပ်တွေဘာတွေ ရှိပါသလား။

K.W.W ။ ။ ဟုတ်ကဲ့။ ညီမစာချုပ်တစ်နှစ် ချုပ်ထားပါတယ်။ စာချုပ်ဆိုပေမယ့် အရမ်းကြီး ချုပ်ချယ် ကန့်သတ်ထားတာမျိုး မပါပါဘူး။ Family Type ပုံစံ လွတ်လွတ်လပ်လပ်နဲ့ လုပ်ကိုင်ခွင့် ပေးထားပါတယ်။

Voice ။ ။ ဘယ်လာရုစ်နိုင်ငံကိုရော ခင်ဝင့်ဝါနဲ့အတူ ဘယ်သူတွေ လိုက်ပါဦးမလဲ။

K.W.W ။ ။ ညီမတစ်ယောက်တည်း သွားမှာပါရှင်။ ဒီကနေညီမ သြဂုတ်လ ၁၅ ရက်နေ့ထွက်မယ်။ ဟိုကိုရောက်တာနဲ့ သူတို့လာကြိုကြမယ်။ ပြီးရင်ပြိုင်ပွဲအတွက် Camp ဝင်ပြီး လေ့ကျင့်ရမယ်။ နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ စက်တင်ဘာလ ၆ ရက်နေ့မှာ လုပ်မယ်။ ဒီ Final ပြိုင်ပွဲမတိုင်မီ Talent Show ပြရတဲ့ ပြိုင်ပွဲသေးသေးလေးတွေ ရှိသေးတယ်။ မြန်မာနိုင်ငံမှာ ဒီပွဲကို တာဝန်ယူပြီး ကျင်းပပေးတဲ့ Organization က အစ်ကိုတွေက Final ပြိုင်ပွဲမစခင် တစ်ပတ်အလိုမှာ လိုက်လာကြမှာပါ။

Voice ။ ။ Miss Supranational ပြိုင်ပွဲမှာက ပြည်တွင်း ပြိုင်ပွဲတွေနဲ့မတူဘဲ နိုင်ငံတကာက အလှမယ်တွေနဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ ဒီပြိုင်ပွဲအပေါ် ခင်ဝင့်ဝါရဲ့ ခံစားမှုကို သိပါရစေ။

K.W.W ။ ။ ဒီပြိုင်ပွဲမှာက နိုင်ငံအသီးအသီးက အလှမယ်တွေနဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ ညီမပြိုင်နေကျ ပြည်တွင်း ပြိုင်ပွဲတွေနဲ့ မတူဘဲ ပိုပြီးတော့ ခက်ခဲလိမ့်မယ်လို့ ထင်တယ်။ တော်တော်လေးလည်း ကြိုးစားရမယ်။ ပြည်တွင်း ပြိုင်ပွဲတွေက မခက်ခဲဘူးတော့ မဟုတ်ဘူးပေါ့နော်။ ဒီပွဲကတော့ နိုင်ငံတကာအဆင့် ပြိုင်ပွဲ ဖြစ်တဲ့အတွက် ပိုပြီးကြိုးစား ယှဉ်ပြိုင်ရမယ်လို့ ထင်ပါတယ်။

Voice ။ ။ နိုင်ငံတကာမှာ ကျင်းပတဲ့ Miss ပြိုင်ပွဲတွေရော ကြည့်ဖူးလား။

K.W.W ။ ။ ညီမ ငယ်ငယ်တုန်းကတော့ မကြည့်ဖူးပါဘူး။ ဒါပေမဲ့ ဒီအလုပ်ကို ကိုယ်က ဝါသနာပါတဲ့ အချိန်မှာ စကြည့်ဖြစ်တာပေါ့နော်။ ကြည့်ပြီးတဲ့ အခါမှာလည်း အရမ်းသဘောကျတယ်။ Miss ဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးသမီးထုကို ကိုယ်စားပြုသလို သူလုပ်သမျှကလည်း အမျိုးသမီး ထုကို ပုံရိပ်ထင်တယ်လေ။ နိုင်ငံတစ်နိုင်ငံက အမျိုးသမီးထုရဲ့ စံပြထားခြင်းခံရတဲ့ Miss တစ်ယောက် ညီမလည်း ဖြစ်ချင်ခဲ့ပါတယ်။

Voice ။ ။ Miss တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေကရော ဘာတွေလို့ ခင်ဝင့်ဝါထင်လဲ။

K.W.W ။ ။ Miss ဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ Public Figure ဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပုံရိပ်ဖြစ်တဲ့အတွက် လူမှုရေးပိုင်း၊ အကျင့်စာရိတ္တ ပိုင်းတွေမှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ နေသင့်ပြီး နိုင်ငံ့အကျိုးကိုလည်း ကိုယ်တတ်နိုင်သမျှ လုပ်ဆောင်ပေးသင့်တယ်လို့ ထင်ပါတယ်။

Voice ။ ။ ကျောင်းတက်နေဆဲဆိုတော့ ကျောင်းနဲ့ရော ဘယ်လိုနားလည်မှု ယူထားလဲ။

K.W.W ။ ။ ဒီပြိုင်ပွဲအတွက် ကျောင်းမှာ ပါမောက္ခကို သွားပြောပြီး ခွင့်ရက်ရှည် ပေးပါဆိုပြီး ခွင့်ယူထားပါတယ်။ ပြန်လာရင်တော့ စာမေးပွဲ ဖြေရမှာပေါ့နော်။

Voice ။ ။ အခုဆို မော်ဒယ်လ်လောကမှာက မော်ဒယ်လ်တွေအတွက် နိုင်ငံတကာ ပြိုင်ပွဲတွေကို သွားပြိုင်ဖို့အထိ အခွင့်အရေးတွေ ရလာပြီလေ။ ဒီလိုပြောင်းလဲလာတဲ့ အခြေအနေတွေ အပေါ်မှာရော ခင်ဝင့်ဝါ ဘယ်လိုမြင်လဲ။

K.W.W ။ ။ ဒီလိုအခွင့်အရေးတွေ ပေါ်လာတာ အရမ်းကောင်းပါတယ်။ ဖြစ်သင့်တာလည်း ကြာပြီပေါ့နော်။ မနန်းခင်ဇေယျာကိုပဲ ကျေးဇူးတင်ရမလား မသိဘူး။ သူကဒီလိုမျိုးတွေ သွားပြိုင်ခဲ့တဲ့အတွက် နောက်ပိုင်း ညီမတို့အတွက်လည်း အခွင့်အရေးတွေ ရလာတာပေါ့နော်။ တကယ်လို့ သူသာ သွားမပြိုင်ခဲ့ဘူးဆိုရင် ညီမတို့ အတွက်လည်း အခွင့်အရေးတွေ ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။

Voice ။ ။ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ခင်ဝင့်ဝါ ပြောချင်တာတွေရှိရင် ပြောပြပေးပါဦး။

K.W.W ။ ။ ညီမပြောချင်တာကတော့ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ ညီမကို အားပေးကြပါလို့။ ညီမ အတတ်နိုင်ဆုံးလည်း ကြိုးစားထားပါတယ်။ ပြိုင်ပွဲမှာလည်း အကောင်းဆုံး ယှဉ်ပြိုင်ခဲ့မှာပါ။ နိုင်ငံကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ပရိသတ်တွေရဲ့ အားပေးမှုက ညီမအတွက် အားဆေးပါပဲလို့ ပြောချင်ပါတယ်။

(သန့်ဇင်ဦး)