ဒဏ်ရာကုသမှုအတွက် အစွမ်းထက်ပျားရည် ဗြိတိန်သုတေသီများ တီထွင်

ပို့စ်တင်ချိန် - 8/13/2013 04:38:00 PM


Surgihoneyဟု အမည်ပေးထားသော ပျားရည်သည် ဇီဝအင်ဂျင်နီယာ နည်းပညာ၏ ထုတ်ကုန်သစ် တစ်မျိုးဖြစ်သည်။

ဒဏ်ရာကုသမှုအတွက် အစွမ်းထက်ပျားရည် ဗြိတိန်သုတေသီများ တီထွင်
ဗြိတိန်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ သုတေသီများသည် ဒဏ်ရာကုသမှုအတွက် အစွမ်းထက်သော ပျားရည်တစ်မျိုးကို ဖော်ထုတ် တီထွင်ခဲ့ကြောင်း သိရှိရသည်။ Surgihoneyဟု အမည်ပေးထားသော ပျားရည်သည် ဇီဝအင်ဂျင်နီယာ နည်းပညာ၏ ထုတ်ကုန်သစ် တစ်မျိုးဖြစ်သည်။ ယင်းသည် ထိခိုက်ဒဏ်ရာများ၊ ပြည်တည်နာကဲ့သို့ အနာများအပြင် ကုသရ ခက်ခဲသော ပိုးမွှားကိုက်ခဲမှု ပြဿနာများကိုပါ ဖြေရှင်းနိုင်စွမ်း ရှိနေကြောင်း သိရသည်။ အဆိုပါ ပျားရည်၏ အာနိသင်ကို ကလေးငယ်များ၊ မီးဖွားပြီးစ မိခင်များ၊ ကင်ဆာဝေဒနာရှင်များတွင်ပါ စမ်းသပ်ထားပြီး ဖြစ်သည်။ ဟမ့်ရှိုင်းယား ဒေသရှိ ဆေးရုံများ အတွင်းတွင် အဆိုပါ ပျားရည်ဖြင့် သုတေသနပြု ကုသမှုအရ ရလဒ်များသည် ကောင်းမွန် ထိရောက်မှု ရှိခဲ့ကြောင်း သုတေသီများက ထောက်ခံထားသည်။



ပြတ်ရှဒဏ်ရာများ၊ ပြည်တည်နာများအတွက် Surgihoney ပျားရည်သည် အကောင်းဆုံး ဆေးဝါးတစ်လက်ဟု တစ်နှစ်ကျော် သုတေသန ရလဒ်များ အပြီးတွင် ဆရာဝန်များက ကြေညာခဲ့သည်။ MRSAခေါ် ဆေးဝါးဒဏ်ခံ စူပါပိုးမွှားများကို ယခုပျားရည်က လျင်မြန်စွာ ကုသချေမှုန်းနိုင်သလို ယင်းကုထုံးသစ်အရ ခွဲစိတ်မွေးဖွားပြီး ပိုးမွှားဝင်ရောက်သည့် မိခင်များကိုလည်း အောင်မြင်စွာ ကုသပေးနိုင်ခဲ့ကြောင်း မိုက်ခရိုဇီဝ ဆေးပညာရှင် တစ်ဦးဖြစ်သော ဒေါက်တာ မက်သရူး ဒရိုင်ဒန်က ဆိုသည်။ ၎င်းသည် ဟမ့်ရှိုင်းယား ဒေသရှိ ဆေးရုံအများအပြားတွင် အကြံပေးအဖြစ် လုပ်ဆောင်လျှက်ရှိသည်။



"ဒဏ်ရာတွေကို ကုသဖို့အတွက်တော့ ထိုးထွင်းတော်လှန်တဲ့ နည်းစနစ် တစ်ခုပါပဲ။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ထိထိရောက်ရောက် အသုံးချလာနိုင်ဖို့ မျှော်လင့်တယ်"ဟု မက်သရူးက ဆိုသည်။ အဆိုပါ ပျားရည်ကို စစ်ပွဲများတွင် ဒဏ်ရာရသည့် စစ်သားများအတွက် အရေးပေါ် ဆေးဝါးအနေဖြင့် အသုံးပြုရန်လည်း ရည်ရွယ်ချက် ရှိနေသည်။ ပျားရည်သည် အနာရောဂါ ကုသမှုတွင် သဘာဝအတိုင်း အာနိသင် ထက်မြက်သော်လည်း ဆရာဝန်များက ပိုးသတ်ဆေးဝါးနှင့် ပင်နီဆလင်တို့ကိုသာ နှစ်ပေါင်းများစွာ အားထားခဲ့ကြသည်။ သို့သော်လည်း Surgihoney၏ အာနိသင်ကိုမူ မျက်ကွယ်ပြု၍ မရတော့ချေ။



ယင်းပျားရည် (၁၀)ဂရမ်မျှသည် ဘက်တီးရီးယားများ၊ ကပ်ပါးပိုးများ၊ မှိုစွဲသည့် ပိုးဝင်မှုများ အပါအဝင် ဒဏ်ရာများ၊ အနာများကို လျင်မြန်စွာ ကုသပျောက်ကင်းစေသည်။ ဒေါက်တာ မက်သရူးက "ပိုးမွှား အမျိုးမျိုးကို Surgihoneyက ကုသ ပျောက်ကင်းနိုင်တာကို ကျွန်တော်တို့ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ မနှစ်က တစ်နှစ်လုံး ကျွန်တော်တို့ဟာ လူနာတွေကို ဒီပျားရည်နဲ့ ကုသခဲ့တယ်။ ရလဒ်တွေက အံ့မခန်းပါပဲ။ ဘက်တီးရီးယားတွေကို ဖျက်ဆီးကုသဖို့ ဆေးဝါးတွေ ရှိပေမယ့် တစ်သျှူးထိခိုက်မှုတွေကိုတော့ အနာကျက်အောင် မစွမ်းဆောင်နိုင်ဘူး။ ပျားရည်ကတော့ သိပ်ကောင်းတဲ့ သဘာဝ ဆေးတစ်မျိုးပါ။ Surgihoneyဟာ ဘက်တီးရီးယား ပိုးမွှားတွေကို သတ်ပစ်နိုင်တယ်။ ဒါပေမဲ့ တစ်သျှူးတွေကို လုံးဝ မထိခိုက်ဘူး"ဟု ရှင်းပြသွားသည်။