မွတ်ဆလင်နှင့် ခရစ်ယာန်များ အပြန်အလှန် လေးစားကြရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ပို့စ်တင်ချိန် - 8/13/2013 04:37:00 PM


ဗာတီကန်စီးတီး၊ သြဂုတ် ၁၂

အပြန်အလှန် လေးစား မြတ်နိုးခြင်းကို မြှင့်တင်ပေးနိုင်ရန်အတွက် မွတ်ဆလင်များနှင့် ခရစ်ယာန်များ အတူတကွ ပူးပေါင်း လုပ်ဆောင်ကြရန် လိုကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်က တိုက်တွန်းပြောကြား လိုက်သည်ဟု Times of India သတင်းတစ်ရပ်က ဖော်ပြထားသည်။

စိန့်ပီတာ ရင်ပြင်တွင် လာရောက် ဖူးမြော်သူများကို ပုပ်ရဟန်း မင်းကြီးက လေသာဆောင် ဝရန်တာမှ နေ၍ တွေ့ဆုံ တရား ဟောပြောရာမှ အဆိုပါ တိုက်တွန်းချက်ကို ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပေ သည်။

မွတ်ဆလင် ညီအစ်ကိုများအနေနှင့် လမြတ် ရာမာဒန်ကို ပြီးဆုံးခဲ့ပြီ ဖြစ်ကြောင်း၊ ဥပုသ် သီတင်း စောင့်ခြင်း၊ ဝတ်ပြု ကိုးကွယ်ခြင်းနှင့် ပေးကမ်း စွန့်ကြဲခြင်းတို့ကို ပြုခဲ့ကြောင်း ခရစ်ယာန် ကက်သလစ် သာသနာပိုင်ချုပ်က ချီးကျူး ဂုဏ်ပြု ပြောကြားခဲ့သည်။

သောင်းပေါင်းများစွာသော ကမ္ဘာလှည့် ခရီးသွားများနှင့် ရိုမန် ကက်သလစ် ဘာသာဝင်များက ပုပ်ရဟန်း မင်းကြီးကို စိန့်ပီတာ ရင်ပြင်အပြည့် လာရောက် ဖူးမြော်ခဲ့ကြသည်ဟု ယင်းသတင်းက ဖော်ပြထားသည်။

ရှေးယခင် ပုပ်ရဟန်း မင်းကြီးများက နွေရာသီဆိုလျှင် ရာသီဥတုအေးသော အီတလီမြို့ တစ်မြို့တွင် သွားရောက် စံမြန်းလေ့ ရှိသော်လည်း ရဟန်းမင်းကြီး ဖရန်စစ်ကမူ နွေရာသီ အားလပ်ရက်များကို ဗာတီကန် ကျောင်းတော်တွင်သာ သီတင်းသုံးမည်ဖြစ်ကာ အလုပ် ဆက်လုပ်မည်ဟု ပြောဆို ထားသေးသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဗာတီကန်၏ ဗျူရိုကရေစီ စနစ်ကို ပြုပြင် ပြောင်းလဲရန်အတွက် ပြင်ဆင်လျက် ရှိပြီး ယခင်က ဗာတီကန်၌ ဘဏ္ဍာရေးဆိုင်ရာ အရှုပ်အရှင်းများ ဖြစ်ခဲ့ဖူးကာ ကလေးများ အပေါ် ဘာသာရေး ဆရာများ၏ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ ပါ ဖြစ်ပေါ်ခဲ့ဖူး သေးသည်။

မွတ်ဆလင်များ၏ ဘာသာရေး အထွတ်အမြတ် ရာမာဒန်လ ပြီးဆုံးသည့် ဆုမွန်ကောင်း သဝဏ်လွှာ ကို သြဂုတ်လ ၈ ရက်နေ့က ဗာတီကန် ကျောင်းတော်က ထုတ်ပြန်ခဲ့ပြီးနောက် ရဟန်းမင်းကြီးက မွတ်ဆလင်-ခရစ်ယာန် ညီညွတ်ရေးတရား ဟောခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရဟန်းမင်းကြီးများ လက်ထက်တွင် ဘာသာခြား များနှင့် တွေ့ဆုံ ဆွေးနွေးစကား ပြောရေး ကောင်စီက ပုပ်ရဟန်း မင်းကြီး၏ အီးဒ် ပွဲတော်ကာလ သဝဏ်လွှာများကို ရေးပေးလေ့ ရှိပြီး ယခု အသစ် ရွေးကောက် တင်မြှောက်ခံထားရသည့် ရဟန်းမင်းကြီး ဖရန်စစ်က သဝဏ်လွှာကို သူကိုယ်တိုင်ရေးသားခဲ့သည်ဟု Radio Free Europe လွတ်လပ်သော ဥရောပအသံ ရေဒီယိုက ဆိုထားသည်။

“တခြားသူတွေအတွက် ကောင်းရာကောင်းကျိုး လုပ်ဆောင်ပေးလိုတယ် ဆိုတာ ဘုရားသခင်ရဲ့ ချစ်မေတ္တာနဲ့ အတူတူပါပဲ။ ကိုယ်တော့်အတွက် အသက်ရှင်ကြပါစို့” ဟု ပုပ်ရဟန်းမင်းကြီးက ဗာတီကန် နေရောင်အောက် တွင် လာရောက် တရားနာသော ပြည်သူများကို ပြောကြားခဲ့သည်။
The Voice Weekly